News @ M-Media

Blog

  • နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို နှင်ထုတ်ရန် ရခိုင်တွင် ဆန္ဒပြ

    နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို နှင်ထုတ်ရန် ရခိုင်တွင် ဆန္ဒပြ

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    – ရိုဟင်ဂျာစစ်သွေးကြွတွေကို ထောက်ပံ့ကူညီပေးနေတယ်လို့ စွပ်စွဲကာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ဆန့်ကျင်တဲ့ ရခိုင်ပြည်နယ်က မနေ့ကဆန္ဒပြမှုမှာ ဗုဒ္ဓဘာသာဝင် ရာနဲ့ချီ ပါဝင်ခဲ့ပါတယ်။

    ပြည်နယ်မြို့တော် စစ်တွေအပါအ၀င် ရခိုင်ပြည်နယ်တစ်ဝှမ်းက မြို့ပေါင်း ၁၅ မြို့လောက်မှာ ဘုန်းကြီးတွေနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဆန္ဒပြခဲ့ကြပြီး လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ ချက်ခြင်းထွက်သွားဖို့ တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြသူတွေကို ဦးဆောင်သူလို့ သူ့ကိုယ်သူဆိုတဲ့ ဦးဌေးအောင်က ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေ ရတဲ့အထိ ဆန္ဒပြပွဲတွေ ထပ်ပြီး ပြုလုပ်သွားမှာပါ။ အစိုးရက မလုပ်ပေးရင်တော့ ဒါဟာ သူတို့တာဝန်ပါပဲ”

    ဇူလိုင်လအတွင်း ပြည်နယ်မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် ၇ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာ ပြည်နယ်အတွင်း တင်းမာမှုတွေ မြင့်တက်လာပါတယ်။

    မြန်မာအစိုးရကတော့ ဒီသတ်ဖြတ်မှုကို မွတ်စလင်အစွန်းရောက်တွေက လုပ်တယ်ဆိုတာကို သက်သေပြနေတဲ့ တောတွင်းစခန်းတွေ တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး၊ စစ်တပ်တွေကိုလည်း အဲဒီဒေသမှာ အခုရက်ပိုင်းအတွင်း တိုးမြှင့်ချထားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လမှာ တွေ့ရှိခဲ့တဲ့ တောတွင်းစခန်းတစ်ခုမှာ ကုလရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဝေငှတဲ့ ဘီစကစ်တွေကို တွေ့ခဲ့ရပါတယ်။ ရခိုင်တိုင်းရင်းသားတွေကတော့ ကုလနဲ့ အခြား အကူအညီပေးရေးအဖွဲ့တွေဟာ ရိုဟင်ဂျာတွေကိုသာ အကူအညီပေးနေတယ်လို့ အရင်ကတည်းက စွပ်စွဲထားတာပါ။

    မနေ့က ဆန္ဒပြသူတွေ ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ “အကြမ်းဖက်တွေကိုထောက်ပံ့နေတဲ့အဖွဲကို အလိုမရှိ” ဆိုတာလည်း ပါဝင်ခဲ့ပြီး ကုလနဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ ထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

    ဦးဌေးအောင်ကတော့ ဆန္ဒပြသူတွေဟာ မွတ်စလင်စစ်သွေးကြွတွေကို အစိုးရက နှိမ်နင်းဖို့၊ နိုင်ငံသားစီစစ်ရေး အလျင်အမြန်ဆောင်ရွက်ဖို့၊ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့တာဝန်ရှိသူ ဦးချိုလွင်က စစ်တွေ ဆန္ဒပြမှုမှာ လူပေါင်း ၆၀၀ လောက် ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

    “ဒီနေ့ ဆန္ဒပြမှုဟာ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်” လို့ သူကဆိုပြီး ရဲတပ်ဖွဲ့ဟာ လုံခြုံရေးကို တိုးမြှင့်ချထားကာ အကူအညီပေးရေးရုံးခန်းတွေကို ဦးတည်တဲ့ လမ်းတွေကိုလည်း ပိတ်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    အကူအညီပေးရေးအဖွဲ့တွေဟာ ရိုဟင်ဂျာတွေကိုသာ တစ်ဖတ်သက်ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တွေမြို့က ကုလရုံးခန်းတွေ၊ ဂိုထောင်တွေဟာ ၂၀၁၄ ခုနှစ်မှာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက်လုယက်ခြင်းကို ခံခဲ့ရပါတယ်။

    ကုလကတော့ ရခိုင်ပြည်နယ်အတွင်းက သူတို့ရဲ့ ၀န်ထမ်း ၃၀၀ လောက်ကို ဗုဒ္ဓဟူးနေ့က သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ပြည်နယ်အတွင်း ရန်လိုမှု မြင့်တက်လာတဲ့အတွက် သတိဝိရိယရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။

     

    Ref: Reuters

  • အီရန်နှင့် ဆက်ဆံရေးပြန်ကောင်းရန် ဆော်ဒီက အီရတ်ကို အကူအညီတောင်း

    အီရန်နှင့် ဆက်ဆံရေးပြန်ကောင်းရန် ဆော်ဒီက အီရတ်ကို အကူအညီတောင်း

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    အီရတ် ပြည်ထဲရေးဝန်ကြီး ကာစင် အလ်-အေရာဂျီ အီရန်သို့ရောက်ရှိစဉ်က

    – အီရန်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် ဆော်ဒီမှာ အီရတ်ဝန်ကြီးချုပ်ကို အကူအညီတောင်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    အီရတ် ပြည်ထဲရေးဝန်ကြီး ကာစင် အလ်-အေရာဂျီ၏ ပြောကြားမှုကို ကိုးကား၍ အီရတ် ဂြိုဟ်တုသတင်းဌာန Alghadeer က ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်က အီရန်နှင့် ဖြန်ဖြေရေးအဖွဲ့ကို ဦးဆောင်ရန်အတွက် အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

    “ဆော်ဒီအာရေဗျကိုသွားတဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်မှာ သူတို့က အဲဒီလိုလုပ်ဖို့ ပြောပါတယ်။ ကျွန်တော်တို့က အီရန်ဘက်ကို ပြောလိုက်တယ်။ အီရန်ကလည်း ဒီတောင်းဆိုမှုကို အပြုသဘောဆောင်တယ်လို့ မြင်ပါတယ်။ အီရတ်က အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက်ပိုင်းမှာ ဆော်ဒီကလည်း အီရတ်အပေါ် အမြင်တည့်လာပါတယ်။ အီရန်နဲ့ ဆော်ဒီကြား တည်ငြိမ်မှု၊ ဆက်ဆံရေး ပြန်လည်ရရှိမှုဟာ ဒေသတစ်ခုလုံးအပေါ် အပြုသဘောဆောင်တဲ့ တန်ပြန်သက်ရောက်မှု ရှိမှာဖြစ်ပါတယ်” ဟု Alghadeer သတင်ဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အေရာဂျီမှာ အီရန်မြို့တော် တီဟီရန်သို့ စနေနေ့တွင် သွားရောက်ခဲ့ပြီး အီရန် ထိပ်တန်းတာဝန်ရှိသူများနှင့် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့သည်။ ၎င်းမှာ ဇူလိုင်လကလည်း ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့သည်။

    အီရန်သတင်းဌာနဖြစ်သော ISNA က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ အီရန်နှင့် တင်းမာမှုများကို လျော့ကျစေချင်နေသည်ဟု ဖော်ပြခဲ့သည်။

    သီးခြားအနေဖြင့် အီရတ်နိုင်ငံ၏ ထင်ရှားသော ရှီအာပညာရှင် မွတ်က်တာဒါ အလ်-ဆဒါရ်မှာ ယူအေအီးနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟု စနေနေ့တွင် ကြေငြာခဲ့သည်။ ၎င်းမှာ ဇူလိုင်လကလည်း ဆော်ဒီသို့ မသွားစဖူး သွားရောက်ခဲ့ပြီး အိမ်ရှေ့မင်းသား၊ အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    Ref: Aljazeera

  • စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း

    စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း

    M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
    M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှုအဖြစ် တယ်လီဖုန်း ငွေဖြည့်ကဒ်များ လက်ဆောင်ပေးအပ်မည့် အစီအစဉ်တရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်ကြေညာခဲ့ပါတယ်။
     
    အစီစဉ်မှာပါဝင်သည့်အတိုင်း စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ပြီး ၄င်းတို့ အနက်မှာ ကံထူးသူ (၂၀)ဦးအား Computer Program ဖြင့် Random ရွေးချယ်ခဲ့ပါတယ်။
     
    ဆုရရှိသူ (၂၀)ဦး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    1 Md Abdullah
    2 လူဆိုး လူဆိုး
    3 Mingalar House
    4 Naing Wynn
    5 Shahidar Su Mon
    6 Ko Bobo
    7 နေ ရထား
    8 Shine Khant Zin
    9 Khinmaung Gyi
    10 Zaw Ko Tun
    11 Kyawmyinttun Tun
    12 Mariah Aktar
    13 တွတ် တွတ်
    14 Myat Myat Htwe
    15 Linkhit Deno
    16 Maung Maung
    17 Aleaxandar Sain
    18 Royal Tin Myint
    19 Najmul Husaini
    20 Nyein Chan Aung
     
    စာရင်းမှာ ပါဝင်သူများ အသုံးပြုသည့် ဆင်းကဒ်အမျိုးအစားကို ဆက်သွယ်မေးမြန်းပြီး ငွေဖြည့်ကဒ် (၅၀၀၀) တန်ကို M-Media မှ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ပါတယ်။
     
    (နာမည်စာရင်းမှာ ပါဝင်သူများ အနေဖြင့်လည်း Message box မှ တဆင့် မိမိတို့ အသုံးပြုတဲ့ ဆင်းကဒ်အမျိုးအစားကို ပြောကြားပေးနိုင်ပါတယ်။)
     
    ယခု အစီအစဉ်မှာ ပါဝင်ခဲ့ပေးခဲ့ကြသူများနှင့် စာဖတ်ပရိတ်သတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
  • အမေရိကန်၏ ပိတ်ဆို့မှုကို ဆန့်ကျင်သော မူကြမ်းတစ်ခုကို အီရန်လွှတ်တော် အတည်ပြု

    အမေရိကန်၏ ပိတ်ဆို့မှုကို ဆန့်ကျင်သော မူကြမ်းတစ်ခုကို အီရန်လွှတ်တော် အတည်ပြု

    သြဂုတ် ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်က လတ်တလောပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို တုန့်ပြန်သည့်အနေဖြင့် နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လုပ်ငန်းစဉ်များတွင် ငွေကြေးပိုမို သုံးစွဲနိုင်မည့် ဥပဒေမူကြမ်းတစ်ခုကို အီရန်လွှတ်တော်က ယနေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။

    အီရန်၏ ဒုံးကျည်အစီအစဉ်နှင့်ပတ်သက်၍ သြဂုတ်လအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ဆို့မှုအသစ်ချမှတ်သော ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အီရန်၏ ယခုတုန့်ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    ဒေသတွင်း အမေရိကန်၏ အကြမ်းဖက်မှုနှင့် အန္တရာယ်များသောလုပ်ရပ်များကို တန်ပြန်သည်ဟုဆိုသည့် ထိုဥဒေမူကြမ်းကို လွှတ်တော်အမတ် ၂၄၀ က ထောက်ခံမဲပေးခဲ့ပြီး ကြားနေမဲတစ်မဲသာ ရှိခဲ့သည်။

    အမေရိကန်၏ ပိတ်ဆို့မှုအသစ်များမှာ ၂၀၁၅ ခုနှစ်က ရရှိထားသည့် နျူသဘောတူညီချက်ကို ဖောက်ဖျက်ခြင်းဖြစ်ပြီး မိမိတို့၏ ဒုံးကျည်အစီအစဉ်မှာ အဆိုပါ သဘောတူညီချက်ကို အတည်ပြုထားသည့် ကုလ၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ခြင်းမရှိဟု အီရန်က ပြောကြားထားသည်။

    လွှတ်တော်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးပေါ်လစီ ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဟိုစိန် နာကာဗီ ဟိုစိန်နီက လွှတ်တော်မှာ နျူကလီးယားသဘောတူညီချက်ကို မချိုးဖောက်စေရန်နှင့် ဆန့်ကျင်သူများက စောဒကတက်ခွင့် မရစေရန် အဆိုပါမူကြမ်းကို ဂရုတစ်စိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မူကြမ်းအရ နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် အစ္စလာမ့်မစ်တော်လှန်ရေး အစောင့်တပ် IRGC လက်အောက်မှ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Quds Force ကို ကန်ဒေါ်လာ သန်း ၂၆၀ စီ ခွဲဝေပေးမည်ဖြစ်သည်။

    Ref: Press TV

     

  • အမေရိကန်ရှိ လူဖြူအစွန်းရောက်များ၏ ဆန္ဒပြပွဲ သွေးထွက်သံယိုမှုနှင့် ပြီးဆုံး

    အမေရိကန်ရှိ လူဖြူအစွန်းရောက်များ၏ ဆန္ဒပြပွဲ သွေးထွက်သံယိုမှုနှင့် ပြီးဆုံး

    သြဂုတ် ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် လက်ယာအစွန်းရောက်များ၏ ချီတက်ဆန္ဒပြမှုတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူတစ်ဦးသေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    လက်ယာစွန်းရောက်အဖွဲ့မှာ ဖက်စစ်ဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး တန်ပြန်ဆန္ဒပြလူအုပ်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ယမန်နေ့တစ်နေ့လုံးတွင် နှစ်ဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

    ကားတစ်စီးမှာ တန်ပြန်ဆန္ဒပြသည့် လူအုပ်အတွင်းသို ၀င်တိုက်မှုတစ်ခုလည်း ဖြစ်ခဲ့ပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာအပါအ၀င် ထိခိုက်ဒဏ်ရာသူ အများအပြားရှိခဲ့သည်။

    ထိုကားတိုက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ FBI ကလည်း နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ရဲတပ်ဖွဲ့ကမူ ဆန္ဒပြသူများအား ငရုပ်ကောင်းစပရေးများ၊ နံပါတ်တုတ်များနှင့် နှိမ်နင်းခဲ့သည်။ ဆန္ဒပြမှုကို စောင့်ကြည့်နေသည့် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစ်စီးမှာ မြို့ပြင်ဘက်တွင် ပျက်ကျခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။

    ချားလော့စ်ဗီလီတွင် ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး၏ ရုပ်တု ဖယ်ရှားမှုကို ဆန့်ကျင့်သောအားဖြင့် လူဖြူအစွန်းရောက်များမှာ ပြီးခဲ့သည့်လအနည်းငယ်အတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    ၄ လအတွင်း ၃ကြိမ်မြောက်ဖြစ်သော ယမန်နေ့ဆန္ဒပြမှုတွင် လူပါင်း ၄၆၀၀၀ ခန့် ပါဝင်ခဲ့ပြီး အမေရိကန်သမိုင်းတွင် လူဖြူအစွန်းရောက်များ၏ အကြီးမားဆုံး ဆန္ဒပြမှုများမှ တစ်ခုဖြစ်သည်ဟု မှတ်ယူကြသည်။

    ကားဖြင့်ဝင်တိုက်မှုကြောင့် သေဆုံးသွားသည့် အမျိုးသမီးမှာ ဟီသာ ဟီယာဖြစ်ပြီး ကျန်ရစ်သူမိသားစုအတွက် အမေရိကန်ပြည်သူများက အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေရှာဖွေပေးနေကာ လက်ရှိ ကန်ဒေါ်လာ ၂ သောင်းခန့် ရရှိနေပြီဖြစ်သည်။

    Ref: Aljazeera