News @ M-Media

Blog

  • ဆိုးရွားသည့် နယ်စပ်ဒုက္ခသည်စခန်းများမှ အနာဂတ်ပျောက် ကရင်ဒုက္ခသည်များ

    ဆိုးရွားသည့် နယ်စပ်ဒုက္ခသည်စခန်းများမှ အနာဂတ်ပျောက် ကရင်ဒုက္ခသည်များ

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    မလအွန် ဒုက္ခသည်စခန်းမှ ကရင်အမျိုးသမီး တစ်ဦး

    – ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားရာ မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ်က မိမိကိုယ်ကို သတ်သေနှုန်း မြင့်မားနေတဲ့ စခန်းတွေမှာ အနာဂတ်မဲ့စွာ နေထိုင်နေရပါတယ်။ တတိယနိုင်ငံတွေမှာ နေရာချထားပေးရေး မျှော်လင့်ချက်တွေ ကျဉ်းမြောင်းလာခဲ့တာကြောင့် တစ်ချို့တွေက မြန်မာနိုင်ငံကို ပြန်သွားနေကြပြီး လူ့အဖွဲ့အစည်းထဲ ပြန်လည်ပေါင်းစည်းရေးမှာ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။

    ဒုက္ခသည် တစ်သောင်းလောက်ရှိတဲ့ မယ်လအွန်ဒုက္ခသည်စခန်းမှာ မီးစက်နဲ့ တစ်ညကို တစ်နာရီလောက်သာ ဓာတ်အားလွှတ်ပေးပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွန်ပျူတာဆရာ နေကောထူးတစ်ယောက် မီးရတဲ့အချိန်အများစုကို ဖုန်းအာသွင်းတာ၊ သူနှစ်သက်တဲ့အဆိုတော် ဘရူနိုမားစ်ရဲ့သီချင်း နားထောင်တာတွေ လုပ်လေ့ရှိပါတယ်။ ဒုက္ခသည်စခန်းကနေ လွတ်မြောက်ရင် ကွန်ပျူတာပညာရှင်တစ်ယောက်၊ ဒါမှမဟုတ် ပရိုဂရမ်မာတစ်ယောက် ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ အိပ်မက်တွေလည်း သူ့မှာ ရှိနေပါတယ်။

    ကရင်ပြည်နယ်မှာ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြေင့် မြန်မာနိုင်ငံအရှေ့ပိုင်းက ဒုက္ခသည် တစ်သိန်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ သူတို့ထဲကအများစုဟာ ထိုင်းမြန်မာနယ်စပ်က စခန်း ၉ ခုမှာ နေထိုင်နေရတာပါ။

    နေကောထူးဟာ တတိယနိုင်ငံတစ်ခုမှာ ခိုလှုံ့ခွင့်ရဖို့ စောင့်နေတာ ၃ နှစ်လောက်ရှိပါပြီ။ ဒါပမယ့် သူ့မှာ ရွေးချယ်စရာ သိပ်မရှိပါဘူး။ ကုလဒုက္ခသည်များအေဂျင်စီ UNHCR က ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချနိုင်ဖို့ စာရင်းသွင်းမှုကို ၂၀၁၄ ခုနှစ်မှာ ရပ်နားလိုက်ပြီးနောက်ပိုင်း သူဟာ ထိုင်းနိုင်ငံကို ရောက်လာတာဖြစ်ပါတယ်။

    အမေရိကန်မှာ အခြေချရေးဆိုတဲ့ အိပ်မက်နဲ့ နေကောထူးတစ်ယောက် ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပေမယ့် စခန်းထဲက တစ်ချို့ကတော့ မျှော်လင့်ချက်မဲ့မှုတွေသာ ပိုမိုတိုးလာခဲ့ပါတယ်။ နယ်စပ်မှာ အကြီးဆုံးဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဒုက္ခသည် ၂၈ ဦးဟာ မိမိကိုယ်ကို သတ်သေသွားခဲ့ပြီး ၆၈ ဦးကလည်း အဲဒီလို သတ်သေဖို့ ကြံစည်ခဲ့တယ်လို့ နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများအဖွဲ့ (IOM) ရဲ့ လေ့လာမှုက ပြသနေပါတယ်။

    ထိုင်းနိုင်ငံက IOM အဖွဲ့အကြီးအကဲ ဒါနာ ဂရာဘာရ် လာဒက်က ဒီနှုန်းဟာ ကမ္ဘာ့ပျမ်းမျှ မိမိကိုယ်ကို သတ်သေမှုနှုန်းထက် ၃ ဆလောက်ရှိတယ်လို့ ဆိုပါတယ်။

    ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ နှစ်ဖက်မိသားစုက တော်တော်လေး ချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ပိုးသတ်ဆေးတွေသောက်ပြီး အဆုံးစီရင်ခဲ့ပါတယ်။

    “တကယ့်ကို စိတ်မချမ်းမြေ့စရာပါပဲ” လို့ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ ဂရာစီယာ ဖဲလ်မက်သ်က ပြောပါတယ်။

    သူမဟာ အဲဒီဇနီးမောင်နှံက အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်ကို အခင်းမဖြစ်ပွားခင် ၂ ရက်အလိုမှာ တွေ့ခဲ့သူပါ။

    အောက်စဖို့ဒ်တက္ကသိုလ်က ပီအိခ်ျဒီကျောင်းသူ ဖဲလ်မက်သ်တစ်ယောက် ဒုက္ခသည်စခန်းအတွင်း ၂ နှစ်ကြာ သုတေသနတွေအရ အမျိုးသမီးတွေ မီးမဖွားခင်နဲ့ မီးဖွားပြီးနောက်ပိုင်း ဖြစ်ပွားတတ်တဲ့ စိတ်ကျရောဂါလိုမျိုး စိတ်ကစဥ့်ကလျား ဖြစ်စဉ်တွေဟာ ဒုက္ခသည်အမျိုးသမီးတွေကြားမှာ တိုးလာနေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ သူမကတော့ ဒီလို စိတ်ရောဂါတွေ ဖြစ်နေကြောင်း စောစောစီးစီးသိတာဟာ မိမိကိုယ်ကိုသတ်သေမှုကို တားဆီးဖို့အတွက် သော့ချက်တစ်ခုဖြစ်ပြီး အသက်ရွယ်၊ လိင်အလိုက် ထောက်ပံ့ကူညီရေးအဖွဲ့တွေကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

    မယ်လစခန်းက အမည်မဖော်လိုတဲ့ အခြား အကြံပေးတစ်ဦးကလည်း ဒုက္ခသည်စခန်းတွေအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆိုးဆိုးဝါးဝါး အားနည်းနေပြီး အထူးသဖြင့် လေ့ကျင့်ပေးထားတဲ့ ကျွမ်းကျင်သူမျိုးမရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

    အမျိုးသမီး တော်တော်များများက သူတို့ဟာ အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြနေကြောင်း၊ တစ်ချို့ကတော့ ကရင်ပြည်နယ်ကို အတင်းပြန်ပို့ခံရမှာ ကြောက်နေကြောင်း ဖဲလ်မက်သ်ကို ပြေကြားခဲ့ပါတယ်။ စစ်ပွဲအနိဌာရုံတွေကြောင့် တွယ်တာစရာမိသားစု၊ ပိုင်ဆိုင်ရာမြေယာတွေ မရှိတော့အတွက်အကြောင့် မပြန်ချင်သူတွေလည်း ရှိနေပါတယ်။

    နယ်စပ်မှ မသေချာမှုများ

    မယ်လအွန်ဒုက္ခသည်စခန်းရဲ့ အစိတ်အပိုင်းတွေက ရွာတွေလိုဖြစ်နေပြီး အိမ်တွေကို ၀ါးဓနိတွေနဲ့ ဆောက်လုပ်ထားတာပါ။ လူငယ်အချို့ဟာ မြေပြောင်ပြောင်မှာ နှစ်ဖက်ခွဲကာ ပိုက်တားပြီး ကြိမ်လုံးတစ်လုံးကို ခတ်နေကာ ဘေးမှာလည်း လူတွေက ၀ိုင်းကြည့်နေကြပါတယ်။ ဒီကစားနည်းကို ‘ခြင်းလုံးခတ်တယ်’ လို့ခေါ်ပြီး အနု
    ပညာပုံစံတစ်ခုအဖြစ်လည်း မှတ်ယူကြပါတယ်။

    ထိုင်းမှာ ဒုက္ခသည်တွေဟာ အလုပ်လုပ်ခွင့်မရှိပါဘူး။ တစ်ချို့ဆိုရင် သီးခြားဖြစ်နေတဲ့ ဒုက္ခသည်စခန်းကနေ ထွက်ခဲပါတယ်။

    “တရားမ၀င်အလုပ်လုပ်ရင် ထိုင်းအာဏာပိုင်တွေက ကျွန်မကိုဖမ်းပြီး ထောင်ထဲ ထည့်လို့ရပါတယ်” လို့ ထမင်းချက်ဖို့ ဆန်ဆေးနေတဲ့ ကော်ကေပေါက ပြောပါတယ်။ မယ်လအွန် ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ သူမဟာ အသက် ၂၀ အရွယ်ရောက်နေပေမယ့် ပြင်ပကမ္ဘာနဲ့ ထိတွ့ဆက်ဆံဖူးခြင်း မရှိသေးပါဘူး။

    အသက် ၂၄ နှစ်အရွယ် စောကူဒဟ်ကတော့ လူငယ်တွေကို စိတ်ပျက်စေတာက နေ့စဉ်နေ့တိုင်း တစ်ပုံစံတည်း ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေက ဦးစီးဖွင့်လှစ်ထားတဲ့ ပညာဒါန ကျောင်းလေးတွေမှာ စာသင်ပြီးသွားရင် ဘာလုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး လူငယ်တွေမှာ မရှိပါဘူး။

    ပြန်လည်နေရာချထားရး အစီအစဉ် ရပ်တန့်သွားတာကြောင့် တစ်ချို့ဒုက္ခသည်တွေက မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ UNHCR အကူအညီနဲ့ ပထမဆုံး နေရပ်ပြန်ပို့မှုအတွင်း ဒုက္ခသည် ၇၁ ဦးဟာ သူတို့ဆန္ဒအလျောက် အိမ်ပြန်ခဲ့ကြပါတယ်။

    လက်နက်ကိုင်အုပ်စုတွေက ၂၀၀၅ ခုနှစ်မှာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ ငြိမ်းချမ်းတယ်လို့ ပြောနိုင်ပေမယ့် ပြန်ရောက်လာတဲ့အရေအတွက်က သိပ်ပြီး များများစားစား မရှိပါဘူး။ ကရင် လူ့အခွင့်အရေးအဖွဲ့က စောဝေလေးကတော့ ငြိမ်းချမ်းရေးဟာ အာမခံချက်မရှိဘူးလို့ ဆိုပါတယ်။

    “ဒုက္ခသည်တွေပြန်လာဖို့ဆိုတာဟာ စစ်မက်ဇုန်မဖြစ်တော့တာနဲ့ ဆက်စပ်နေပါတယ်။ အစိုးရတပ်ဖွဲ့တွေ၊ စခန်းတွေဟာ ကရင်ဒေသမှာ ဆက်ရှိနေတုန်းပါပဲ”

    တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်းမှာ စစ်တပ်ကရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကရော မြေမြှုပ်မိုင်းတွေကို ထင်သလို ချထားမှုကြောင့် ကရင်ပြည်နယ်မှာ မိုင်းတွေကလည်း ပြန့်ကျဲနေပါတယ်။

    ဒုက္ခသည်စခန်းကနေ ပြန်ရောက်လာသူတွေ ကြုံတွေ့ရမှုကို စောင့်ကြည့်နေတဲ့ KHRG က လူတစ်ချို့ဟာ လူ့အဖွဲ့အစည်းထဲ ပြန်လည်ဝင်ရောက်ဖို့အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    “ပြန်လာလိုက်တာကောင်ပါတယ်” လို့ စောဘီလို့သာ အမည်ပြောတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ယောက်က သူ့ရဲ့ဇနီးနဲ့အတူ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ပြန်ရောက်လာမှုအကြောင်း KHRG ကို ပြောပါတယ်။ နိုဟ်ပိုး ဒုက္ခသည်စခန်းမှာ အထောက်အထားမဲ့ နေထိုင်ခဲ့ရပြီးတဲ့နောက် သူတို့ဟာ နိုင်ငံသားစီစစ်ရေးကဒ်ပြားကို ရရှိခဲ့ပါတယ်။

    “လူတစ်ယောက်ဟာ နိုင်ငံသားဖြစ်ခွင့် ရှိပါတယ်” လို့ စောဘီက ဇွန်န၀ါရီမှာ KHRG ကို ပြောပါတယ်။

    ဒါပေမယ့် အလုပ်ရှာလို့မရတာကြောင့် UNHCR က ပေးတဲ့ အကူအညီနဲ့ပဲ သူတို့ဟာ ရပ်တည်နေကြပါတယ်။

    “ဒီမှာ အရင်ကတည်းက နေလာကြတဲ့ ရွာသားတွေက ကျွန်တော်တို့ကို ခွဲခြားဆက်ဆံချင်တဲ့ပုံပဲဗျ။ အလုပ်ရှိတယ်ုဆိုရင် ကျွန်တော်တို့ကို မပြောချင်တာမျိုး၊ မရစေချင်တာမျိုး ရှိနေတယ်”

    မြေနဲ့ အခြားအကူအညီတွေ ရရှိပေမယ့် ဒုက္ခသည်စခန်းကနေ ပြန်လာသူတွေက ရေ၊ ကျောင်းတက်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလို အခြားအရာတွေ မရဘူးလို့ KHRG ကို ပြောပါတယ်။ အလုပ်နဲ့ အခြားဝန်ဆောင်မှုတွေလို အခွင့်အလမ်းမျိုးတွေ မရဘဲနဲ့ ဒုက္ခသည်တော်တော်များများဟာ ပြန်လာနိုင်မှာမဟုတ်ဘူးလို့ စောဝေလေးက ပြောကြားခဲ့ပါတယ်။ တွေ့ကြုံခံစားခဲ့ရတာတွေက စိတ်ထဲစွဲထင်နေတာကြောင့် ဘယ်တော့မှ ပြန်မလာဘူးလို့ တစ်ချို့ဒုက္ခသည်တွေက ပြောခဲ့ကြပါတယ်။

    ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုကွန်ယက်က ရှာမူးက လူတွေ အစုလိုက်ပြန်လာဖို့အတွက် ကရင်ရွာတွေရဲ့အခြေအနေဟာ မလုံလောက်သေးဘဲ လက်ရှိ စခန်းအတွင်း အကူအညီတွေ ဖြတ်တာက်ထားမှုဟာ ဒုက္ခသည်တွေ အဆင်သင့်မဖြစ်သေးခင် ကရင်ပြည်နယ်ကို ပြန်ဖို့အတွက် ဖိအားဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Newsdeeply

    (Refugees Deeply တွင် ဖော်ပြထားသည့် Karen Refugees Wary of Return to Myanmar as Despair Rises in Camps ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရသည့် မွတ်စလင်အမျိုးသမီးကို အစိုးရက နစ်နာကြေးပေးရန် ကန်တရားရုံးဆုံးဖြတ်

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – ခေါင်းဆောင်းပုဝါကို အဓမ္မဆွဲချွတ်မှုအတွက် ရဲတပ်ဖွဲ့အား တရားစွဲဆိုထားသည့် ကယ်လီဖိုးနီးယားမှ မွတ်စလင်အမျိုးသမီးတစ်ဦးကို တရားရုံးက အနိုင်ပေးလိုက်ပြီး အစိုးရက နစ်နာကြေး ဒေါ်လာ ၈၅၀၀၀ ပေးဆောင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။

    ကီရ်စတီ ပါဝဲလ်ဆိုသည့် မွတ်စလင်အမျိုးသမီးမှာ ပြီးခဲ့သည့်နှစ်က သူမ၏ ခင်ပွန်းနှင့်အတူ ခရီးသွားနေစဉ် ခွင့်မပြုသည့် ကားကို စီးနင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ပါဝဲလ်မှာ ခရီးသည်သာဖြစ်သော်လည်း သူမ၏နာမည်ပါ ဖမ်းဝရမ်းတစ်ခုကြောင့် ဖမ်းဆီးခံခဲ့ရသည်။

    ဇနီးအတွက် ရဲမေက ကိုင်တွယ်ဆောင်ရွက်ရန် ပါဝဲလ်၏ခင်ပွန်းက တောင်းဆိုခဲ့သော်လည်း ရဲများက လက်မခံခဲ့ဘဲ ခေါင်းဆောင်းပုဝါကို အတင်းအဓမ္မ ဆွဲချွတ်ခဲ့သည်။ ရဲစခန်းတွင် တစ်ညတာ နေထိုင်နေရသည့် ပါဝဲလ်မှာ ရဲတပ်ဖွဲ့အနေဖြင့် သူမ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟုဆိုကာ နောက်ပိုင်းတွင် တရားရုံး၌ တရားစွဲဆိုခဲ့သည်။

    ရဲတပ်ဖွဲ့က ခေါင်းဆောင်းပုဝါမပါသည့် ဓာတ်ပုံကို လိုချင်သည့်အတွက် ပုဝါကို ဆွဲချွတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ တရားရုံးဖိုင်တွင် ထိုကဲ့သို့ ဆောင်ရွက်ခြင်က ဘာသာရေးကို လွတ်လပ်စွာ ကျင့်သုံးခွင့်ကို ပိတ်ပင်ရာရောက်ပြီး ကီရ်စတီ ပါဝဲလ်မှာ အရှက်ရမှု၊ စိတ်မသက်မသာဖြစ်မှု၊ စိတ်ဓာတ်ကျဆင်းမှုကို ခံစားခဲ့ရသည်ဟု ဖော်ပြထားသည်။

    တရားရုံးက ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အင်္ဂါနေ့တွင် ပါဝဲလ်အား အနိုင်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာ ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘီခ်ျမြို့အနေဖြင့် ပါဝဲလ်ကို နစ်နာကြေး ကန်ဒ်ါလာ ၈၅၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

    အမေရိကန်တွင် အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့က ထိုဆုံးဖြတ်ချက်အတွက် စိတ်သက်သာရသည်ဟု ပြောကြားခဲ့ပြီး၊ အခြေခံဥပဒေက အပ်နှင်းထားသည့် ရပိုင်ခွင့်ကို ကာကွယ်ခဲ့သည့်အတွက်လည်း ပါဝဲလ်ကို ချီးကျူးခဲ့သည်။

    Ref: CNN

  • ရိုဟင်ဂျာများကို ပြန်ပို့ရန် အိန္ဒိယက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးနေ

    ရိုဟင်ဂျာများကို ပြန်ပို့ရန် အိန္ဒိယက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးနေ

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    အိန္ဒိယဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ

    – နိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသည့် ရိုဟင်ဂျာ ၄၀၀၀၀ ခန့်ကို ပြန့်ပိုရန်အတွက် အိန္ဒိယမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံတွင် ညှင်းပမ်းနှိပ်စက်ခံရသည့် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး၊ တစ်ချို့ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ၀င်ရောက်ခဲ့သည်။

    အိန္ဒိယကမူ UNHCR တွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာအရေအတွက်မှာ ၁၄၀၀၀ ၀န်းကျင်ရှိနေပြီး အခြားသူများမှာ အထောက်အထားမဲ့ဖြစ်နေဟုဆိုသည်။ ဒုက္ခသည်များနှင့် ပတ်သက်၍ အိန္ဒိယမှာ ကုလသဘောတူညီချက်များတွင် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ၊ ပြည်တွင်းတွင်လည်း ထိုအတွက် မည်သည့်ဥပဒေမှ ပြဌာန်းထားခြင်း မရှိချေ။

    “ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နဲ့ သံတမန်လမ်းကြောင်းအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ သင့်လျော်တဲ့အချိန်ကျရင် ပိုမိုရှင်းလင်းပြတ်သားတဲ့ အခြေအနေမျိုး ပေါ်ထွက်လာမှာပါ” ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကေအက်စ် ဒက်ဝါလီယာက ပြောကြားခဲ့သည်။

    တရားမ၀င်နေထိုင်နေသည့် နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ခရိုင်အဆင့်များတွင် လုပ်ငန်းအဖွဲ့များ ဖွဲ့ထားရန် အိန္ဒိယ ဖက်ဒရယ်အစိုးရက ပြည်နယ်အစိုးရများကို အမိန့်ပေးထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အခြားတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကီရန် ရီဂျီဂျူက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။

    ရီဂျီဂျူမှာ မကြာသေးမီက မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုကို သွားရောက်ခဲ့သူဖြစ်ပြီး ရိုဟင်ဂျာကိစ္စအကြောင်း ပြောကြားခဲ့လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ရိုဟင်ဂျာများကို ပြန်ပို့ခြင်းမှာ ယုတ္တိမတန်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုပြီး၊ အိန္ဒိယရှိ UNHCR ကလည်း အစိုးရ၏ ထိုအစီအစဉ်အတွက် အချက်အလက်များ ရယူသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Hindustantimes

  • အနာဂတ်ရဲ့ Biodegradable စမတ်ကား

    အနာဂတ်ရဲ့ Biodegradable စမတ်ကား

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ကာ ကာဘွန်ထုတ်လုပ်မှုကို လျှော့ချပေးနိုင်မယ့် Biodegradable ကားတစ်စီးကို နယ်သာလန်နိုင်ငံက ပညာရှင်တွေက ဖန်တီးထုတ်လုပ်လိုက်ပါတယ်။

    နောက်ဆုံးပေါ်နည်းပညာတွေ ထည့်သွင်းထားတဲ့ ဒီကားဟာ လျှပ်စစ်ဓာတ်အားသုံးအားဖြစ်ပြီး တစ်ခါအားသွင်းထားရင် ကီလိုမီတာ ၁၀၀ လောက်ကို မောင်းနှင်နိုင်မှာပါ။ ဘယ်သူက ၀င်ရောက်မောင်းနှင်လဲဆိုတာကို ကားက သိရှိမှာဖြစ်ပြီး အနာဂတ် နည်းပညာတွေနဲ့လည်း အံဝင်စေမှာ ဖြစ်ပါတယ်။

    အခုနှစ်နှောင်းပိုင်းမှာ လမ်းမတွေပေါ်မှာ စမ်းသပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ စီးပွားဖြစ်ထုတ်လုပ်ဖို့ ရှိနေပါတယ်။

  • ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် မော်ရိုကို လျှောက်ထားမည်

    ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် မော်ရိုကို လျှောက်ထားမည်

    သြဂုတ် ၁၁၊ ၂၀၁၇
    M-Media

    – ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ခွင့်ရရေး အမည်စာရင်း တင်သွင်းသွားမည်ဟု အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် မော်ရိုက ယနေ့တွင် ကြေငြာလိုက်သည်။

    သြဂုတ် ၁၁ ရက်နေ့ (ယနေ့) တွင် နောက်ဆုံးထား၍ ဖီဖာသို့ အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ၎င်းတို့အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပူးတွဲအိမ်ရှင်အဖြစ် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဧပြီလတွင် ကြေငြာခဲ့သည်။

    အာဖရိကတိုက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကြိမ်သာ ကျင်းပခွင့်ရထားပြီး ၂၀၁၀ ခုနှစ် တောင်အာဖရိကတွင် ဖြစ်သည်။ ယခုကြိုးပမ်းမှုမှာ မော်ရိုကို၏ ၅ ကြိမ်မြောက် လျှောက်ထားမှု ဖြစ်သည်။

    အာဖရိကဘောလုံးအဖွဲ့ချုပ်က မော်ရိုကို၏ လျှောက်ထားမှုကို ထောက်ခံသည်ဟု ဇူလိုင်လတွင် ပြောကြားထားသည်။

    ၂၀၂၆ ခုနှစ်မှစတင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်းမှ ၄၈ သင်းအဖြစ် တိုးမြှင့်ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံများကိုလည်း တစ်နိုင်ငံတည်းထက် ပူးတွဲအိမ်ရှင်များ ရွေးချယ်ရန် ရှိသည်ဟု ဖီဖာက ယခုနှစ်အစောပိုင်းတွင် ကြေငြာခဲ့သည်။

    ၂၀၂၆ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုကို ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်မည်ဖြစ်သည်။ ဖီဖာ၏ အလှည်ပေးစနစ်အရ ၂၀၂၆ ခုနှစ်အတွက် အိမ်ရှင်အလှည့်ပေးရမည့် ဒေသ ၄ ခုတွင် အာဖရိကတိုက်လည်း ပါဝင်သည်။

    Ref: BBC