News @ M-Media

Blog

  • ရန်ဘက်ဟောင်း အီရန်တွင် ရင်းနှီးမြှုပ်နှံမှု မြန်မြန်ဆန်ဆန် ပြုလုပ်ရန် ဆော်ဒီက စိတ်၀င်စားနေ

    ရန်ဘက်ဟောင်း အီရန်တွင် ရင်းနှီးမြှုပ်နှံမှု မြန်မြန်ဆန်ဆန် ပြုလုပ်ရန် ဆော်ဒီက စိတ်၀င်စားနေ

    မတ် ၁၆၊ ၂၀၂၃

    M-Media  


    -အီရန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆော်ဒီအာရေဗျ ဘဏ္ဏာရေး၀န်ကြီး မိုဟာမက် အလ်-ဂျာဒန်က ပြောကြားလိုက်ပါတယ်။ 

    အရှေ့အလယ်ပိုင်း ရန်ဖက်နှစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့ဟာ ဆယ်စုနှစ်ချီပြတ်တောက်နေတဲ့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ သောကြာနေ့မှာ သဘောတူညီမှု ရခဲ့ပါတယ်။ ဒီကိစ္စအတွက် တရုတ်က ကြား၀င်စေ့စပ်ပေးတာ ဖြစ်ပါတယ်။ 

    လက်ရှိမှာ သံရုံးတွေပြန်ဖွင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး မြန်မြန်ဆန်ဆန် ပြန်လုပ်ဖို့ နှစ်နိုင်ငံစလုံးက စီစဥ်နေကြပါတယ်။ 

    မနေ့က ရီယာ့ဒ်မှာပြုလုပ်တဲ့ အစည်းအ၀ေးတစ်ခုမှာ သတင်းထောက်တွေက ဆော်ဒီအနေနဲ့ အီရန်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ရှိလားလို့ မေးမြန်းခဲ့ပါတယ်။ 

    “မြန်မြန်ဆန်ဆန် လုပ်သွားမယ်လို့ ကျွန်တော် ပြောလိုတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဒေသတွင်းတည်ငြိမ်ရေး၊ ပြည်သူတွေ သာယာ၀ပြောစေရေး ဖြစ်ပါတယ်။ ဒါမျိုး မဖြစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အီရန်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နောက်နှစ်ပေါင်းများစွာ ဒီလိုပဲ ရှိနေမှာပါ” လို့ ဘဏ္ဏာရေး၀န်ကြီး အလ်-ဂျာဒန်က ဖြေကြားခဲ့ပါတယ်။ 

    အီရန်မှာ အခွင့်အလမ်းများစွာရှိပြီး ဆော်ဒီကလည်း နောက်ထပ်အခွင့်အလမ်းတွေ ဖန်တီးပေးမယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    Ref: Arab News

  • 7-Eleven အင်ပါယာထူထောင်ခဲ့သူ ဂျပန်ဘီလီယံနာ ကွယ်လွန်

    7-Eleven အင်ပါယာထူထောင်ခဲ့သူ ဂျပန်ဘီလီယံနာ ကွယ်လွန်

    မတ် ၁၄၊ ၂၀၂၃

    M-Media 

    – 7-Eleven စတိုးဆိုင်ကို ကမ္ဘာတစ်၀ှမ်း ဖြန့်ကျက်အောင်မြင်စေခဲ့တဲ့ ဂျပန်ဘီလီယံနာ မာစာတိုရှီ အီတိုဟာ မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ အီတိုဟာ ဂျပန်က လက်လီရောင်းချမှု စနစ်ကို ပြောင်းလဲနိုင်ခဲ့ပြီး အမေရိကန် အခြေစိုက် 7-Eleven ကို ကမ္ဘာကျော်စေခဲ့သူလည်း ဖြစ်ပါတယ်။ 

    7-Eleven စတိုးဆိုင်ဟာ ၁၉၂၇ ခုနှစ်မှာ စတင်ပါတယ်။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာရှိတဲ့ လုပ်ငန်းစုလေးတွေ ပူးပေါင်းပြီး Southland Ice Company ထူထောင်ကာ စတိုးဆိုင်ငယ်လေးတွေ စတင် ဖွင့်လှစ်ခဲ့တာပါ။ 

    မနက် ၇ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်မှုကို အစွဲပြုပြီး ၁၉၄၆ ခုနှစ် သူတို့စတိုးဆိုင်အားလုံးကို 7-Eleven လို့ အမည်ပေးခဲ့ပါတယ်။ 

    အီတိုရဲ့ စီးပွားရေးသမားဘ၀ဟာ ၁၉၅၈ ခုနှစ်မှာ စတင်ပါတယ်။ တိုကျိုက မိသားစုပိုင် အ၀တ်ဆိုင်ငယ်လေးကို ဆက်ခံခဲ့ပြီးတဲ့နောက် အစားအသောက်နဲ့ နေ့စဥ်လိုအပ်တဲ့ ပစ္စည်းတွေပါရောင်းတဲ့ စတိုးဆိုင်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။  

    ၁၉၇၄ ခုနှစ်မှာ Southland Ice နဲ့ ပူးပေါင်း ဂျပန်ရဲ့ ပထမဆုံး 7-Eleven ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မတ်လမှာ အီတိုဟာ Southland Ice ကို ထိန်းချုပ်နိုင်တဲ့ ရှယ်ယာရှင်တစ်ယောက် ဖြစ်လာပါတယ်။

    နောက်ပိုင်းမှာတော့ ကမ္ဘာတစ်၀ှမ်း ဖြန့်ကျက်ကာ 7-Eleven အင်ပါယာကို အီတိုတစ်ယောက် တည်ထောင်နိုင်ခဲ့ပါတယ်။ 

    “ကျွန်တော်အောင်မြင်တာ အလုပ်ကြိုးစားလို့လား၊ ဒါမှမဟုတ် ကံကြောင့်လားဆိုတာ ခဏခဏ အမေးခံရပါတယ်။ ပြောရရင် နှစ်ခုစလုံး နည်းနည်းစီ ပါပါတယ်” လို့ ၁၉၈၈ ခုနှစ် အင်တာဗျူးတစ်ခုမှာ အီတိုက ဖြေကြားခဲ့ပါတယ်။ 

    လက်ရှိမှာ အီတိုတည်ထောင်ခဲ့တဲ့ Seven & I Holdings ကုမ္ပဏီဟာ ကမ္ဘာတ်၀ှမ်း 7-Eleven နဲ့ Speedway စတိုးဆိုင်ပေါင်း ၈၃၀၀၀ ကျော် ဖွင့်လှစ်ထားပါတယ်။

    Ref: CNN 

  • တစ်ပတ် ၃ ရက်ပိတ်စနစ်ကို ကျင့်သုံးရန် ဆော်ဒီစဥ်းစားနေ

    တစ်ပတ် ၃ ရက်ပိတ်စနစ်ကို ကျင့်သုံးရန် ဆော်ဒီစဥ်းစားနေ

    မတ် ၁၄၊ ၂၀၂၃

    M-Media 


    -တစ်ပတ် ၄ ရက်အလုပ်လုပ်ပြီး ၃ ရက်ပိတ်တဲ့စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် စဥ်းစားသုံးသပ်မှုတွေ လုပ်နေတယ်လို့ ဆော်ဒီအာရေဗျ လူ့စွမ်းအားအရင်းအမြစ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

    ၀န်ကြီးဌာနဟာ အလုပ်အကိုင် ပိုမိုဖန်တီးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို စွဲဆောင်နိုင်ရေးအတွက် နိုင်ငံအတွင်း အလုပ်အကိုင်ဆိုင်ရာ သုံးသပ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

    စဥ်စားချက်တွေထဲမှာ တစ်ပတ် ပိတ်ရက် ၃ ရက်အထိ ထားဖို့လည်း ပါ၀င်ပါတယ်။ ဒီအတွက် စစ်တမ်းကောက်ယူမှုတွေလည်း လုပ်နေတယ်လို့ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ဒီစနစ်ကို အတည်ပြုနိုင်ရင် ဆော်ဒီဟာ ယူအေအီးနောက်ပိုင်း တစ်ပတ်တာ အလုပ်လုပ်ရက် နည်းသွားတဲ့ ဒုတိယမြောက် အာရပ်နိုင်ငံ ဖြစ်လာမှာပါ။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ဟာ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင်ပြီး တစ်ပတ် ၄ ရက်ခွဲသာ အလုပ်ဆင်းရတဲ့စနစ်ကို စတင်ခဲ့ပြီး သောကြာနေ့ နေ့တစ်၀က်နဲ့ စနေ၊ တနင်္ဂနွေ ၂ ရက်ကို ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

    ယူအေအီးရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ရှာဂျာမှာတော့ တစ်ပတ် ၃ ရက်ပိတ်တဲ့စနစ် ကျင့်သုံးနေပါတယ်။ 

    Ref: Al Arabiya 

  • အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် မွတ်စလင်အမျိုးသားတစ်ဦး ရိုက်နှက် သတ်ဖြတ်ခံရ

    အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် မွတ်စလင်အမျိုးသားတစ်ဦး ရိုက်နှက် သတ်ဖြတ်ခံရ

    မတ် ၁၁၊ ၂၀၂၃

    M-Media


    GREATER NOIDA, INDIA – SEPTEMBER 29: Police on alert after violence over murder of a man over allegations of sacrificing a cow at village Bisada on September 29, 2015 in Greater Noida, India. Afzal, 36, a resident of Bisara area under Jarcha police station of Greater Noida, was dragged out of his house and beaten to death after residents alleged that he had sacrificed a cow in his house. The incident triggered violent protests in the area and a police vehicle was burnt. (Photo by Burhaan Kinu/Hindustan Times via Getty Images)

    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာ မွတ်စလင် သက်ကြီးရွယ်အိုတစ်ဦး နွားချစ်သူများအဖွဲ့ရဲ့ ရိုက်နှက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ 

    အသက် ၅၆ နှစ်အရွယ် နာဆင်း ကိုရိုက်ရှီဆိုသူဖြစ်ပြီး အခုတစ်ပတ်အစောပိုင်းက အမဲသားသယ်ဆောင်တယ်လို့ စွပ်စွဲကာ လူ ၂၀ လောက်ပါ၀င်တဲ့ အုပ်စုတစ်စုက ၀ိုင်းရိုက်ခဲ့တာပါ။ 

    ရဲတပ်ဖွဲ့က ၀င်ရောက်တားဆီးခဲ့ပေမယ့် ကိုရိုက်ရှီဟာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံးသွားတဲ့ လမ်းတစ်၀က်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က ကျူးလွန်သူတွေထဲက ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။

    ၂၀၁၄ ခုနှစ် ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း နွားချစ်သူများအဖွဲ့တွေ ပိုမိုအတင့်ရဲလာပြီး ဒါလစ်ဇာနိမ့်တွေ၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို အမဲသားကိစ္စ စွပ်စွဲကာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

    ကိုဗစ်ကာလအတွင်း ဒီလိုအကြမ်းဖက်မှုတွေ လျော့သွားပေမယ့် အခုနောက်ပိုင်းမှာ ပြန်လည်မြင့်တက်လာပါတယ်။

    ဘီဟာရ်ပြည်နယ်မှာပဲ ဖေဖော်၀ါရီလနှောင်းပိုင်းမှာ ဟိန္ဒူအမျိုးသားတစ်ဦးကို အမဲသားစားတယ်လို့ စွပ်စွဲကာ နွားချစ်သူတွေက ရိုက်နှက်သတ်ဖြတ်ပြီး နှိပ်စက်ထားတဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။ 

    Ref : The New Strait Times

  • အရပ်ဖက်နျူစီမံကိန်း လုပ်ခွင့်ပေးလျှင် အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီ ကမ်းလှမ်းထား

    အရပ်ဖက်နျူစီမံကိန်း လုပ်ခွင့်ပေးလျှင် အစ္စရေးနှင့် ဆက်ဆံမည်ဟု ဆော်ဒီ ကမ်းလှမ်းထား

    မတ် ၁၀၊ ၂၀၂၃

    M-Media


    – အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်စေချင်နေတဲ့ အမေရိကန်ကို ဆော်ဒီအာရဗျက ကမ်းလှမ်းမှုတစ်ချို့ လုပ်ဆောင်ထားတယ်လို့ အရှေ့အလယ်ပိုင်းသံတမန်ရပ်၀န်းက ရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန်မီဒီယာတွေက ဖော်ပြလာပါတယ်။ 

    ဒီကမ်းလှမ်းမှုတွေကတော့ အရပ်ဖက် နျူစီမံကိန်း တည်ဆောက်ခွင့်ပေးဖို့၊ ဆော်ဒီရဲ့ လုံခြုံရေးကို အမေရိကန်က အပြည့်အ၀ အာမခံပေးဖို့၊ လက်နက်ရောင်းချရာမှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးဖို့ စတာတွေ ဖြစ်ပါတယ်။ 

    လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံ မပေါ်မချင်း အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်မှာမဟုတ်ဘူးလို့ ဆော်ဒီအာရေဗျက အကြိမ်ကြိမ် ပြောထားတာပါ။ 

    အမေရိကန်ဟာ ဆော်ဒီကို အစ္စရေးနဲ့ သံအဆက်အသွယ် မြန်မြန်ဆန်ဆန် လုပ်ဆောင်ချင်နေပြီး၊ ဆော်ဒီကလည်း ဒီအတွက် အပေးအယူလုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

    ဒီကိစ္စအတွက် ဆော်ဒီဟာ ပြီးခဲ့တဲ့နှစ်ကစတင်ကာ ဘိုင်ဒန်အစိုးရနဲ့ ဆွေးနွေးနေပြီး ဆော်ဒီရဲ့တောင်းဆိုမှုမှာ ပါလက်စတိုင်းကိစ္စက အဓိက ကျတဲ့နေရာကနေ မပါ၀င်တော့ပါဘူး။

    အရပ်ဖက်နျူကလီးယားစီမံကိန်းကို အမေရိကန်ရဲ့ စောင့်ကြည့်မှုအောက်မှာ ဆော်ဒီက အကောင်အထည်ဖော်ချင်နေတာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုဟာ အရှေ့အလယ်ပိုင်းမှာ နျူလက်နက်ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်နိုင်တယ်လို့ ဘိုင်ဒန်အစိုးရက ရှုမြင်နေပါတယ်။

    လတ်တလောမှာ အမေရိကန်က ဒီတောင်းဆိုမှုတွေကို လိုက်လျောမယ့် အနေအထားမျိုး မရှိသေးဘဲ၊ ဆော်ဒီကလည်း ဒီမိုကရက်တစ်ပါတီဦးဆောင်တဲ့ အမေရိကန်အစိုးရထက် ရီပက်ဘလစ်ကန်ပါတီ ဦးဆောင်တဲ့ အမေရိကန်အစိုးရထံကနေ လိုက်လျောမှု ပိုရမယ်လို့ ရှုမြင်နေကြောင်း သံတမန်အသိုင်းအ၀ိုင်း ရင်းမြစ်တွေက ဆိုပါတယ်။ 

    Ref: New York Times 

    https://www.timesofisrael.com/to-normalize-with-israel-saudis-want-us-okay-for-civil-nuclear-program-diplomat/