News @ M-Media
Blog
  • သီရိလင်္ကာတွင် အစွန်းရောက်ဘုန်းကြီးများက တမီလ်လူနည်းစုများကို နှိပ်ကွပ်ရန် ကြိုးစား
    သီရိလင်္ကာတွင် အစွန်းရောက်ဘုန်းကြီးများက တမီလ်လူနည်းစုများကို နှိပ်ကွပ်ရန် ကြိုးစား
    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media
    အစွန်းရောက်ဘုန်းကြီး Maagalkande Sudaththa
    – လူနည်းစု တမီလ်လူမျိုးများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုပေးရေး အစိုးရ၏ ဆောင်ရွက်မှုကို တားဆီးရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဟု သီရိလင်္ကာရှိ အစွန်းရောက်ဘုန်းကြီးများက ပြောကြားလိုက်သည်။
    သီရိလင်္ကာအစိုးရမှာ တမီလ်လူမျိုးများနှင့် အာဏာမျှဝေရေး သဘောတူညီချက်သစ်တစ်ခု ရယူကာ မူကြမ်းကိုလွှတ်တော်တွင် တင်သွင်းဆွးနွေးနေပြီး နာမည်ကြီး အစွန်းရောက်ဘုန်းကြီး Maagalkande Sudaththa က သီရိလင်္ကာ၏ လူများစု ဆင်ဟာလီလူမျိုးများ၏ အကျိုးစီးပွားအတွက် အဆိုပါဆောင်ရွက်ချက်ကို တားဆီးသွားမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
    “ဒီအဆိုပြုထားတဲ့ မူကြမ်းရဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ဘုန်းကြီးတွေက တစ်နေရာပြီးတစ်နေရာ သွားကာ နောက်လိုက်တွေကို ပညာပေးမှာပါ” ဟု Sudaththa က ကိုလံဘိုတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် လွှတ်တော်တွင် ထိုမူကြမ်းကို တင်သွင်းသည့် ဆင်ဟာလီအမတ်များမှာ အသိဉာဏ်ကင်းမဲ့ပြီး၊ ပညာမတတ်သူများဖြစ်သည်ဟုလည်း အဆိုပါဘုန်းကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
    “အရေးပါတဲ့ကိစ္စတွေကို ဆွေးနွေးတဲ့အချိန်မှာ လွှတ်တော်က အမတ် ၇၀ ရာခိုင်နှုန်းက အိပ်ပျော်နေကြပါတယ်” သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆရီဆီနာက လူနည်းစု တမီလ်များနှင့် အာဏာခွဲဝေရေး သဘောတူညီခဲ့ပြီးနောက် အမတ် ၂၅၅ ဦးပါဝင်သည့် လွှတ်တော်က ဥပဒေမူကြမ်းကို ဆွေးနွေးနေခြင်းဖြစ်သည်။
    ဗုဒ္ဓဘာသာဝင်နှင့် ဆင်ဟာလီတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အာဏာရခဲ့သည့် ဆရီဆီနာမှ တမီလ်လူမျိုးများကို ထောက်ခံသူဖြစ်ပြီး ၎င်း၏ ကတိက၀တ်က သီရိလင်္ကာနိုင်ငံ ရေရှည်ငြိမ်းချမ်းရန်အတွက် နည်းလမ်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ထိုနိုင်ငံရေးစနစ်သစ်က ၁၉၇၂ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ လူပေါင်း ၁ သိန်းခန့်သေဆုံးခဲ့သည့် အစိုးရနှင့် တမီလ်ကျားသူပုန်များအကြား သွေချောင်းစီးစစ်ပွဲမျိုး ထိပ်မဖြစ်စေရေး တားဆီးနိုင်မည်ဟု သမ္မတက ဆိုသည်။
    ဗုဒ္ဓဘာသာဝင် ၇၀ ရာခိုင်နှုန်းရှိသည့် သီရိလင်္ကာနိုင်ငံ တမီလ်လူမျိုးများမှာ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေထိုင်ကြသည်။
    ဗုဒ္ဓဘာသာ အစွန်းရောက်ဘုန်းကြီးများမှာ တမီလ်များနှင့် မွတ်စလင်အများအပါအ၀င် အခြားသော တိုင်းရင်းသား လူနည်းစုများအတွက် အခွင့်အရေးပေးမှုကို တစ်စိုက်မတ်မတ် ဆန့်ကျင်ကန့်ကွက်လာကာ နိုင်ငံ၏ နိုင်ရေးနှင့် လူမှုရေးစနစ်တွင် ၀င်ရောက်စွက်ဖက်ခဲ့ကြသည်။
    Ref: Press TV
  • အမုန်းရာဇ၀တ်မှုကို တွန်းလှန်ဖို့ ကိုယ်လုံပညာသင်လာတဲ့ ကန်မွတ်စလင်အမျိုးသမီးများ
    အမုန်းရာဇ၀တ်မှုကို တွန်းလှန်ဖို့ ကိုယ်လုံပညာသင်လာတဲ့ ကန်မွတ်စလင်အမျိုးသမီးများ
    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media
    – မွတ်စလင်အမျိုးသမီး တော်တော်များများအတွက် ညဘက်မှာ အိမ်ကို လမ်းလျှောက်ပြန်ရတာ၊ ဘတ်စ်ကားစီးရတာ၊ ဗလီဝတ်ကျောင်းတော်မှာ လာရောက်ဝတ်ပြုရတာဟာ နေ့စဉ်ဆောင်ရွက်ရတဲ့ အလုပ်တွေဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အတွက်တော့ ဒီလို ပြုမူဆောင်ရွက်မှုတွေဟာ အန္တရာယ်ရှိလာခဲ့ပြီး အသက်အန္တရာယ် ကြုံရတဲ့အထိ ဖြစ်နိုင်ပါတယ်။
    ဒီအခက်အခဲတွေကို ကျော်လွှားဖို့အတွက် တက္ကဆက် မွတ်စလင်ကျောင်းသားများအသင်း (MSA) ဟာ ဒေသတွင်း ဗလီတွေ၊ အသင်းအဖွဲ့တွေနဲ့ပေါင်းပြီး မွတ်စလင်အမျိုးသမီးတွေအတွက် ခုခံတိုက်ခိုက်ရေးပညာ သင်တန်းကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ဖို့ ရှိနေပါတယ်။ MSA ဥက္ကဌ အလ်တာမာရှာလီ ဟီရာနီက အစီအစဉ်ဟာ နိုင်ငံတစ်ဝှမ်း မြင့်တက်လာတဲ့ အမုန်းဆောင်တိုခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    “ကိုယ်လုံပညာသင်တန်းတွေဟာ လိုအပ်ချက်တစ်ခု ဖြစ်လာပြီလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မွတ်စလင်တွေကို ဦးတည်တဲ့ အမုန်းဆောင်တိုက်ခိုက်မှုတွေ ဖြစ်လာနေလို့ပါ။ အမျိုးသမီးအချို့ဟာ ဘာသာရေးသွန်သင်ချက်အရ ဟီဂျဘ်ကို ၀တ်တာကြောင့် သူတို့ဟာ ပစ်မှတ်ထားခံရမယ့် အလားအလာ ပိုများတယ်လို့ ကျွန်တော် ယူဆပါတယ်” လို့ ဟီရာနီက ပြောကြားခဲ့ပါတယ်။
    ဗာဂျီးနီးယားက ဟိဂျဘ်ဝတ် မွတ်စလင် ဆယ်ကျော်သက်အမျိုးသမီး နာဘရာ ဟာဆာနီ အသတ်ခံရမှုက နိုင်ငံတစ်ဝှမ်း မွတ်စလင်အမျိုးသမီးတွေကို ကြောက်စိတ်ဝင်စေခဲ့ပြီး ဒီလို လှုပ်ရှားမှုမျိုး ပေါ်လာတာလို့ သူက ဆိုပါတယ်။
    “ဒီဟာက အင်မတန်ကို တုန်လှုန်စရာ ကောင်းပါတယ်။ ဒီသတင်းကြောင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ တော်တော်များများက ကြောက်ရွံ့လာကြပါတယ်။ မွတ်စလင်တွေဟာ နှုတ်နဲ့ စော်ကားခံရတာမျိုးကို ကျွန်တော်တို့ ကြားဖူးပေမယ့် ကိုယ်ထိလက်ရောက် တိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေက ကျွန်တော်တို့ရဲ့ သြစတင် လူ့အဖွဲ့အစည်းတွေအကြား ကြောက်ရွံ့မှုတွေကို ပိုမို မြင့်တက်စေပါတယ်”
    တက္ကဆက်တက္ကသိုလ်ကျောင်းသူ ဆစ်ဒ်ရာဟ်ရှားက ကျောင်းဝန်းထဲနဲ့ သြစတင်မှာ လုံခြုံတယ်လို့ ထင်ရပေမယ့် ဟီဂျဘ်ဝတ်ထားတာကြောင့် ဘာသာရေးအရ ထင်သာမြင်သာနေတဲ့အတွက် အကာအကွယ်မဲ့တယ်လို့ ခံရကြောင်း ပြောကြားခဲ့ပါတယ်။
    “သတင်းထဲမှာ မွတ်စလင်အပေါ်၊ အထူးသဖြင့် မွတ်စလင်အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အမုန်းဆောင်ရာဇ၀တ်မှုတွေကိုအကြောင်း မြင်ရမှာပါ။ မွတ်စလင်၊ အမျိုးသမီး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒါက ကြောက်စရာအခြေအနေပါပဲ” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။
    ဒီလိုတိုက်ခိုက်မှုမျိုး ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အလုံးအထည်၊ ကာကွယ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သူမက စိုးရိမ်နေပါတယ်။
    “ခန္ဓာကိုယ်က သိပ်မတောင့်ဘူး။ တစ်ယောက်ယောက်ကို ရင်ဆိုင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးလည်း ကျွန်မမှာ မရှိပါဘူး။ ခန္ဓာကိုယ် အလုံးအထည်က အားကိုးလောက်ရမယ့် အရာမျိုးတော့ မဟုတ်ပါဘူး”
    ဆွေးနွေးပွဲမှာ ပါဝင်တဲ့ တိုက်ခိုက်ရေး သင်တန်းဆရာ မီကဲလ် အဘ်ဒူလာက သူ့အနေနဲ့ သင်တန်းမှာ တိုက်ခိုက်သူတွေကို ကာကွယ်ရေး၊ ရင်ဆိုင်ရေး၊ ကျော်လွှားရေး နည်းစနစ်တွေကို သင်ကြားပေပြီး ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။
    ဒီသင်တန်းကို တက်ရောက်မယ့် တက္ကဆက်တက္ကသိုလ်က ကျောင်းသူ ဆာဒီယာရာရှစ်က ပုံမှန်အားဖြင့် အန္တရာယ်ကင်းတယ်လို့ ခံစားရပေမယ့် အမုန်းဆောင်ရာဇ၀တ်မှုကို ကြုံတွေ့ရဖူးတယ်လို့ ဆိုပါတယ်။
    “ညပိုင်းလမ်းလျှောက်သွားရင် တစ်ချို့တွေက စူးစိုက်ကြည့်တာမျိုးကို ကျွန်မ ခံရဖူးပါတယ်။ (တစ်ကြိမ်မှာ) ကျောင်းအနောက်ဖက်ဝန်းက ထွက်လာတဲ့အချိန် ယောက်ျားလေးအုပ်စုတစ်ခုက အော်တာဆဲတာမျိုးတွေ လုပ်ပါတယ်”
    ဒီလိုအဖြစ်အပျက်မျိုးတွေကို ကြုံတွေ့ပေမယ့် ဒေသတွင်းလူ့အဖွဲ့အစည်းကတော့ ညီရင်းအစ်ကို မောင်ရင်းနှမလို ဆက်ဆံကြောင်း၊ တစ်ချိန် သူနဲ့ အခြားသူတွေ နှုတ်နဲ့ စော်ကားပြောဆိုခံရတဲ့အချိန်မှာ ဒေသခံတွေက ၀ိုင်းဝန်းကာကွယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
    “သြစတင်ပြည်သူတွေက ကျွန်မရှေ့မှာ မားမားမတ်မတ်ရပ်တည်တာ၊ အဲဒီလူတွေကို ပြန်အော်ပေးတာမျိုး မြင်ရတဲ့အတွက် ၀မ်းသာပျော်ရွှင်ရပါတယ်”
    ဒီလိုအဖြစ်အပျက်မျိုးတွေကို ဖြေရှင်းဖို့၊ တားဆီးဖို့အတွက် ဒေသတွင်းအာဏာပိုင်တွေ၊ တက္ကသိုလ်မှာ တာဝန်ကျတဲ့ရဲတွေ၊ စိတ်ကျန်းမာရေး အကြံပေးစင်တာတွေက MSA ကို ဖုန်းခေါ်ပြီး အားပေးတာမျိုး၊ မေးမြန်းတာမျိုးတွေ ရှိတယ်လို့လည်း ဟီရာနီက ပြောကြားခဲ့ပါတယ်။
    “ဒီကိစ္စတွေ ဖြစ်နိုင်တယ်၊ ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ မဖြစ်ပါစေနဲ့လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် လက်ရှိ ကျွန်မတို့လူ့အဖွဲ့အစည်းအနေနဲ့ ဘာမှ ကံသေကံမ မပြောနိုင်ပါဘူး”
    Ref: Daily Texano Online
  • အနာဂတ်မှာ တွင်ကျယ်လာနိုင်တဲ့ ဘတ္တရီမဲ့ဖုန်း
    အနာဂတ်မှာ တွင်ကျယ်လာနိုင်တဲ့ ဘတ္တရီမဲ့ဖုန်း
    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်တက္ကသိုလ်က အဖွဲ့တစ်ခုဟာ ဘတ္ထရီမဲ့ဖုန်းကို အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။
    စွမ်းအင် မိုက်ခရိုဝပ် နည်းနည်းလောက်သာလိုအပ်တဲ့ အဲဒီဖုန်းဟာ အလင်း ဒါမှမဟုတ် ပတ်ဝန်းကျင်မှာရှိနေတဲ့ ရေဒီယိုလှိုင်းတွေကနေ လိုအပ်တဲ့ပါဝါကို ရယူမှာဖြစ်ပြီး ဆက်သွယ်ဖို့အတွက်တော့ သီးခြား အခြေစိုက်စခန်းတစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။
    သုတေသနအဖွဲ့က အဲဒီဖုန်းနဲ့ Skype ခေါ်ဆိုခဲ့ပြီး၊ ပါမောက္ခ ရှေယမ် ဂိုလာကိုတာက သူတို့အနေနဲ့ စွမ်းအင် လုံးဝနီးပါး အသုံးမပြုတဲ့ ဆဲလ်ဖုန်းတစ်ခုကို ဖန်တီးနိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒီဖုန်းဟာ ခေတ်ပေါ် ဆယ်လူလာဖုန်းမှာ analog ဆစ်ဂနယ်ကို ဒစ်ဂျစ်တယ် ဆစ်ဂနယ်အဖြစ် ပြောင်းလဲပြီး ထုတ်လွှင့်တာလို ပါဝါအရမ်းစားတဲ့ အနည်းလမ်းကို မသုံးထားပဲ၊ analog ဆစ်ဂနယ်ကိုပဲ ဖမ်းယူကာ စပီကာကနေတစ်ဆင့် အသံလှိုင်းကို ပြောင်းပေးတာဖြစ်ပါတယ်။
    တစ်ဖက်ကို အသံပြန်ပို့မယ်ဆိုရင် မိုက်ခရိုဖုန်းကနေ ၀င်လာတဲ့အသံကို analog ဆစ်ဂနယ်အဖြစ်အပြောင်းကာ ထုတ်လွှင့်ပေးတာပါ။
    လက်ရှိ ဒီဘတ္တရီမဲ့ဖုန်းရဲ့ ပြဿနာက အသံထုတ်လွှင့်မှုနဲ့ ဖမ်းယူမှုတို့အတွက် ခလုပ်နှိပ်ပြီး အပြောင်းအလဲလုပ်ရတာ ဖြစ်ပါတယ်။
    စွမ်းအပ်ပေးဖို့အတွက်တော့ ဆန်စေ့လောက်ရှိတဲ့ ဆိုလာဆဲလ်နဲ့ အလင်းတွေကို ဖမ်းယူအသုံးပြုတာဖြစ်ပြီး အခြေစိုက်စခန်းနဲ့ ပေ ၅၀ အကွာလောက်အထိ ဆက်သွယ်နိုင်ပါတယ်။
    ဒါပေမယ့် ဒါဟာ နမူနာပုံစံသာရှိသေးပြီး ဖုန်းအ၀င်အထွက်ကိုသာ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။
    Ref: Androidauthority
  • လိင်စွဲချက်များကို ရင်ဆိုင်ရန် ဗာတီကန်မှ တတိယအကြီးဆုံးဘုန်းကြီး သြဇီသို့ ရောက်ရှိ
    လိင်စွဲချက်များကို ရင်ဆိုင်ရန် ဗာတီကန်မှ တတိယအကြီးဆုံးဘုန်းကြီး သြဇီသို့ ရောက်ရှိ
    ဇူလိုင် ၁၀၊ ၂၀၁၇
    M-Media
    – သြစတေးလျအစိုးရက လိင်ပိုင်းဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုထားမှုကို ရင်ဆိုင်ရန်အတွက် ဗာတီကန်မှ ထိပ်တန်းကာဒီနယ် ဂျော့ဂ်ျ ပဲလ်မှာ သြစတေးလျသို့ ယနေ့မနက်ပိုင်းတွင် ရောက်ရှိလာခဲ့သည်ဟု သိရသည်။
    ပုပ်ရဟန်းမင်းကြီး၏ ထိပ်တန်းအကြံပေး အက် ၇၆ နှစ်အရွယ် ကာဒီနယ်ပဲလ်မှာ ဆစ်ဒနီလေဆိပ်သို့ ရောက်ရှိလာပြီးနောက် ဓာတ်ပုံရိုက်ခဲ့သော်လည်း မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။
    ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က ကာဒီနယ်မှာ ယခင်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဆိုသည့် တိုင်ကြားမှုများအပြား ရရှိခဲ့သည်ဟု ပြောကြားထားပြီး၊ ကာဒီနယ်ပဲလ်က ထိုစွဲဆိုချက်များအား ငြင်းဆိုခဲ့သည်။ အမှုရင်ဆိုင်ရန်အတွက် ဗာတီကန်က ကာဒီနယ်ပဲလ်အား ခွင့်ပေးခဲ့သည်။
    ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကာဒီနယ်က မိမိအနေဖြင့် စွပ်စွဲချက်များကို တရားရုံး၌ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ထိုစွပ်စွဲချက်များမှာ အမှားများဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုသည်ကို စက်ဆုပ်ဖွယ်ရာကောင်းသည့်လုပ်ရပ်အဖြစ် မိမိက ယူဆထားကြောင်း ပြောကြားခဲ့သည်။
    ၎င်းမှာ ဗာတီကန်တွင် တတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။
    Ref: BBC
  • ရိုဟင်ဂျာများ မြန်မာနိုင်ငံပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နိုင်ငံတကာကို အကူအညီတောင်း
    ရိုဟင်ဂျာများ မြန်မာနိုင်ငံပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နိုင်ငံတကာကို အကူအညီတောင်း
    ဇူလိုင် ၁၀၊ ၂၀၁
    M-Media
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ တွေ့ဆုံစဉ်
    – ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသသည်တွေကို ပြန်ခေါ်ရေး မြန်မာနိုင်ငံကို ဖြောင်းဖျေပးဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက UNHCR နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုင် ဂရန်ဒီနဲ့ မနေ့ကတွေ့ဆုံစဉ်မှာ ၀န်ကြီးချုပ်က ဒီလိုပြောကြားလိုက်တာပါ။
    ကာလရှည်နေပြီဖြစ်တဲ့ ဒီ ဒုက္ခသည်ပြဿနာကို ဖြေရှင်းဖို့ဆိုရင် မြန်မာနိုင်ငံသားတွေ သူတို့နိုင်ငံကို ပုံမှန်ပြန်လည်လွှဲပြောင်းပေးရေး ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဟာဆီနာက ပြောကြားခဲ့ကြောင်း ၀န်ကြီးချုပ်ရဲ့ ပြန်ကြားရေးဝန်ကြီ အဟ်ဆာနူလ် ကရင်က သတင်းထုတ်ပြန်ပါတယ်။
    မြန်မာနိုင်ငံက ဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူမှုစီးပွားပြဿနာတွေ ကြုံတွေ့နေရကြောင်း၊ မြန်မာဒုက္ခသည်တွေကို ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ ကျွန်းတစ်ချို့ကို့ အစိုးရက သတ်မှတ်ပေးထားပြီး လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ၊ အိမ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ဖန်တီးပေးသွားဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် အရေအတွက်ဟာ ၄ သိန်းကျော်လောက်ရှိပြီး ၄ သောင်းကျော်လောက်သာ မှတ်ပုံတင်ထားတယ်လို့ ဘင်္ဂလားဒေ့ရှက်က ထုတ်ပြန်ထားပါတယ်။
    ရှိခ်ဟာဆီနာက စစ်တကောင်းတောင်တန်းကလူမျိုးတွေရဲ့ သူပုန်ထမှုကိစ္စ အိန္ဒိယနဲ့ ညှိနှိုင်းဆွေးနွေးမှုကနေ ဖြေရှင်းနိုင်ခဲ့တာကို ထောက်ပြခဲ့ပြီး သူတို့နိုင်ငံက ဒုက္ခသည်တွေကို သူတို့ ပြန်ခေါ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်မြေကို သူပုန်တွေအသုံးချနေတာကို ရပ်တန့်ဖို့ ခိုင်ခိုင်မာမာဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ်က ကုလမဟာမင်းကြီးကို ထပ်မံပြောကြားခဲ့ပြီး၊ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်တွေနဲ့ ဆက်ဆံရေးကောင်းရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနဲ့ ဆွေးနွေးမှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံရဲ့ ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေး ကူညီနိုင်သမျှကို ကူညီပေးဖို့ ပြောကြားခဲ့ပြီး၊ မြန်မာဒုက္ခသည်တွေကို လက်ခံကာ ကူညီပေးထားတဲ့အတွက် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ ကျေးဇူးတင်ခဲ့ပါတယ်။
    Ref : bdnews24