News @ M-Media

Blog

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၉)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၉)

    (ဓာတ်ပုံ – ဂါဇာမှ စစ်ရှောင်ပြည်သူများ)

    M-Media

    ဟစ်ဇ်ဘိုလာ၏ လက်တုန့်ပြန်တိုက်ခိုက်မှု ၂ ဦးသေဆုံး
    ————
    ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးမြောက်ပိုင်းကို ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာက သူတို့ဟာ လက်ဘနွန်ထဲ၀င်လာတဲ့ အစ္စရေးတပ်တွေကို ခုခံတိုက်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    လက်ဘနွန်ကိစ္စ ကျူးကျော်မှုဟု စပိန်၀န်ကြီးချုပ်ပြော
    ———–
    လက်ဘနွန်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်တိုက်ခိုက်မှုဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက တားဆီးဖို့ ဆောင်ရွက်ရမယ်လို့ စပိန်၀န်ကြီးချုပ် ပက်ဒရိုဆန်းချက်က ပြောပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်မှု၊ ဂါဇာကို အစ္စရေးက ကျူးကျော်မှုတွေကို မိမိတို့က ရှုတ်ချခဲ့သလို လက်ဘနွန်ကိစ္စကိုလည်း ရှုတ်ချတယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

    ဂျာဘာလီယာ ဒုက္ခသည်စခန်းတွင် လူ ၄၀ ကျော် အသတ်ခံရ
    ———-
    ဂါဇာကမ်းမြှောင် မြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်းမှာ ၅ ရက်ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးရဲ့ တိုက်ခိုက် သတ်ဖြတ်မှုမှာ သေဆုံးသူအရေအတွက်ဟာ ၄၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ဒီ ဒုက္ခသည်စခန်းဟာ အစ္စရေးရဲ့ အကြိမ်ကြိမ် စီးနင်းတိုက်ခိုက်မှုကို ခံနေရတဲ့စခန်း ဖြစ်ပါတယ်။ ဂါဇာမှာ တစ်နှစ်အတွင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူ ၄၂၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ဇီယွန်အကြမ်းဖက်အဖွဲ့အစည်းဟု အစ္စရေးကို တူရကီသမ္မတ ၀ေဖန်

    ဇီယွန်အကြမ်းဖက်အဖွဲ့အစည်းဟု အစ္စရေးကို တူရကီသမ္မတ ၀ေဖန်

    အောက်တိုဘာ ၉၊ ၂၀၂၄
    M-Media


    -ဂါဇာနဲ့ လက်ဘနွန်မှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အစ္စရေးဟာ ဇီယွန်အကြမ်းဖက်အဖွဲ့အစည်း အဖြစ် တူရကီသမ္မတ အာဒိုဂန်က ၀ေဖန်ရှုတ်ချလိုက်ပါတယ်။
    “ပါလက်စတိုင်းကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ အရပ်သား ထောင်သောင်းချီ သွေးမြေကျမှုမှာ တာ၀န်ရှိတဲ့ မကောင်းဆိုး၀ါးကို အားပေးနေတဲ့ ဘယ်သူ့ကိုမဆို သမိုင်းက ခွင့်လွှတ်မှာ မဟုတ်ပါဘူး” လို့ အောက်တိုဘာ ၉ ရက်နေ့ လွှတ်တော် မိန့်ခွန်းမှာ အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ဂါဇာမှာ တစ်နှစ်အတွင်း လူပေါင်း ၄၂၀၀၀ ကျော်၊ လက်ဘနွန်မှာ ၂ ပတ်အတွင်း လူ ၂၀၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ အစ္စရေးကို အာဒိုဂန်က အရင်ကတည်းက ၀ေဖန်ရှုတ်ချခဲ့တာဖြစ်ပါတယ်။
    ဒေသတွင်း အခြေအနေတွေဟာ စားပွဲ၀ိုင်းမှာ စကားပြောဖို့၊ ရင်ကြားစေ့ဖို့ ပိုမိုလိုအပ်တယ်ဆို ပြသနေကြောင်း ယုံကြည်တယ်လို့လည်း အာဒိုဂန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: Aljazeera

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၇)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၇)

    M-Media

    ဘေရွတ်မြို့ မြင်ကွင်းတစ်ခု

    အစ္စရေးအတွင်းပိုင်းကို ဟစ်ဇ်ဘိုလာက တိုက်ခိုက်
    —————-
    ဟိုင်ဖာမြို့နဲ့ တိုက်ဘေးရီးယက်မြို့မှာရှိတဲ့ အစ္စရေးရဲ့ စစ်စခန်းတွေကို ဟစ်ဇ်ဘိုလာက Fadi 1 ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံအတွင်းပိုင်းအထိ ကျလာတဲ့ ဒုံးကျည်တွေကို အစ္စရေးရဲ့ နာမည်ကျော် ဒုံးခွင်းစနစ်တွေက ဘာ့ကြောင့် မဖျက်ချခဲ့သလဲဆိုတာ တိတိကျကျ မသိရပါဘူး။

    ဂျာဘာလီယာက လူသတ်ပွဲ
    ———
    ဂါဇာကမ်းမြှောင် ဂျာဘာလီယာဒုက္ခသည်စခန်းကို အစ္စရေးက မနေ့ကစတင်ကာ စီးနင်းသတ်ဖြတ်မှုတွေ လုပ်ဆောင်နေပြီး အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံထားရသူ အသက် ၁၉ နှစ်အရွယ် ဂျာနယ်လစ် ဟာဆန်ဟာမဒ်လည်း အသတ်ခံခဲ့ရပါတယ်။

    ဘေရွတ်မှာ အကြမ်းဖက်မှုတွေ ရှိနေဆဲ
    ————-
    လက်ဘနွန်မြို့တော် ဘေရွတ်တောင်ပိုင်းက မြို့တွေကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်မှု လုပ်ဆောင်ရာမှာ မနေ့က အနည်းဆုံး ၁၂ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ အဲဒီအထဲက ၇ ဦးဟာ ကလေးငယ်တွေ ဖြစ်ပြီး ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိပါတယ်။ လက်ဘနွန်မှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူ အရေအတွက်က ၂ ထောင်ကျော် ရှိနေပါပြီ။

    Ref: Aljazeera

  • ဂါဇာတွင် စစ်ရှောင်များနေထိုင်သည့် ဗလီတစ်လုံးကို အစ္စရေးက တိုက်ခိုက်

    ဂါဇာတွင် စစ်ရှောင်များနေထိုင်သည့် ဗလီတစ်လုံးကို အစ္စရေးက တိုက်ခိုက်

    အောက်တိုဘာ ၇၊ ၂၀၂၄
    M-Media

    တိုက်ခိုက်ခံခဲ့ရသည့် ဗလီပုံ

    -ဂါဇာကမ်းမြှောင် အလယ်ပိုင်းက စစ်ရှောင်တွေ ခိုလှုံနေတဲ့ Al-Aqsa Martyrs ဗလီကို အစ္စရေးက အောက်တိုဘာ ၆ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၇ ဦး သေဆုံးခဲ့ပါတယ်။

    ဗလီနဲ့ တစ်ဆက်တည်းရှိနေတဲ့ စာသင်ကျောင်းပါ တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေ၊ ပျောက်ဆုံးနေသူတွေ ရှိတာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အစ္စရေးက အဲဒီနေရာဟာ ဟားမက်စ်ရဲ့ ဌာနချုပ်ဖြစ်တဲ့အတွက် တိုက်ခိုက်တာလို့ ပြောဆိုပြီး ခိုင်လုံတိကျတဲ့ အထောက်အထားမျိုး မပေးပါဘူး။ ဒီလိုခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်က စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံ အများအပြားကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ရာထောင်ချီ သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄၂၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၅ ရက်)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၅ ရက်)

    M-Media

    (ဓာတ်ပုံ – အိုဒိုက်ဆာမြို့ကို အစ္စရေးက တိုက်ခိုက်မှု)


    ကျူးကျော်အစ္စရေးတပ်များကို တိုက်ထုတ်ခဲ့ဟု ဟစ်ဇ်ဘိုလာ ထုတ်ပြန်
    —————
    လက်ဘနွန်နိုင်ငံတောင်ပိုင်းက ဗျူဟာကျတဲ့ အိုဒိုက်ဆာမြို့မှာ ကျူးကျော်၀င်ရောက်လာတဲ့ အစ္စရေးတပ်တွေကို တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ထုတ်ပြန်ပါတယ်။ ကျူးကျော်တပ်တွေကို အနည်းငယ် ၀င်ခွင့်ပေးပြီး ကြားဖြတ် ချုံခိုတိုက်တဲ့နည်းကို ဟစ်ဇ်ဘိုလာက သုံးတာဖြစ်ပြီး အစ္စရေးဟာ ယခင်ကလိုပဲ မြေပြင်က၀င်ရင် ထိခိုက်သေဆုံးမှုတွေ များပြားမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ အစ္စရေးဟာ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အဆက်မပြတ် ပြုလုပ်နေပါတယ်။
    ပါလက်စတိုင်းများကို လူသားတံတိုင်းအဖြစ်အသုံးပြုနေတဲ့ အစ္စရေး
    —————
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း အလ်အင် ဒုက္ခသည်စခန်းနဲ့ ဘုရ်ကာမြို့တွေကို ၀င်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း အရပ်သားတွေကို လူသားတံတိုင်းအဖြစ် အစ္စရေးတပ်တွေက အသုံးပြုနေပါတယ်။ အဲဒီမြို့တွေမှာ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့တွေကလည်း အစ္စရေးစစ်တပ်ကို တုန့်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
    ဂါဇာဒုက္ခသည်စခန်း တိုက်ခိုက်ခံရ
    ————–
    အစ္စရေးဟာ ဂါဇာကမ်းမြှောင် အလယ်ပိုင်းမှာ တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်နေပြီး နူဆီရတ် ဒုက္ခသည်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။ နူဆီရတ် ဒုက္ခသည်စခန်းဟာ အစ္စရေးရဲ့ အကြိမ်ကြိမ် တိုက်ခိုက်သတ်ဖြတ်မှုကို ခံရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
    Ref: Aljazeera