News @ M-Media
Blog
  • စာချုပ်သက်တမ်းတိုးခဲ့သည့်မက်ဆီ ၂၀၂၁ အထိ ဘာကာတွင် ဆက်ရှိမည်
    စာချုပ်သက်တမ်းတိုးခဲ့သည့်မက်ဆီ ၂၀၂၁ အထိ ဘာကာတွင် ဆက်ရှိမည်
    ဇူလိုင် ၅၊ ၂၀၁၇
    M-Media
    – ဘာစီလိုနာအသင်း၏ နာမည်ကျော်တိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာ အသင်းနှင့် ၃ နှစ်သက်တမ်းရှိသည့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီး အသင်းတွင် ၂၀၂၁ အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။
    အသက် ၃၀ အရွယ် မက်ဆီမှာ ဘာစီလိုနာသို့ အသက် ၁၃ နှစ်ကတည်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိသက်တမ်းမှာ ၂၀၁၈ ခုနှစ် ဘောလုံးရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
    ဘာစီလိုနာမှာ မေလက မက်ဆီကို သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း မက်ဆီက ပယ်ချခဲ့ပြီးနောက် ယခုကမ်းလှမ်းမှုအသစ်ကို လက်ခံခဲ့သည်။
    “သက်တမ်းတိုးတဲ့အတွက်၊ အသင်းသမိုင်းမှာ အကောင်းဆုံးဖြစ်တဲ့ မက်ဆီရဲ့ အသင်းအပေါ်နှစ်မြှုပ်ထားမှုအတွက် အသင်းက ၀မ်းသာပီတိ ဖြစ်ရပါတယ်” ဟု ဘာစီလိုနာမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    မက်ဆီမှာ လက်ရှိတွင် ငယ်ချစ် အန်တိုနီယဲလာ ရိုကူဇိုနှင့် လက်ထပ်ပြီးနောက် ဟန်းနီးမွန်းထွက်နေသည်။
    ဘာစီလိုနာတွင် ၂၀၀၄ ခုနှစ်က စတင်ပွဲထွက်ခဲ့ပြီးနောက် မက်ဆီမှာ အသင်းအတွက် ၅၈၃ ပွဲကစားကာ ၅၀၇ ဂိုး သွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး ကစားသမားဖြစ်သလို၊ လာလီဂါတွင် ၃၄၉ ဂိုးဖြင့် စံချိန်တင် ဂိုးသွင်းရှင်လည်း ဖြစ်သည်။
    Ref: BBC
  • ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို ထပ်မံတိုက်တွန်း
    ရိုဟင်ဂျာဒုက္ခသည်များကို ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာကို ထပ်မံတိုက်တွန်း
    ဇူလိုင် ၅၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့ တွေ့ဆုံဆွေးနွေးစဉ်
    – နိုင်ငံထဲကို တရားမ၀င်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက မြန်မာအာဏာပိုင်တွေကို ထပ်မံ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
    မနေ့က မြို့တော်ဒါကာ ၀န်ကြီးချုပ်နေအိမ်မှာ မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနဲ့ တွေ့ဆုံစဉ်အတွင်းမှာ ဒီလိုပြောကြားလိုက်တာပါ။
    “ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ၃ သောင်းကိုပဲ မှတ်ပုံတင်ထားပေမယ့် ဒီမှာလာခိုလှုံနေတဲ့ မြန်မာနိုင်ငံသားအရေအတွက်က ၄ သိန်းကျော်လောက် ရှိတယ်” လို့ ရှိခ်ဟာဆီနာက ပြောကြားခဲ့ကြောင်း ၀န်ကြီးချုပ်ရဲ့ ပြန်ကြားရေး အစ်ဟ်ဆာနူလ် ကရင်က ဆိုပါတယ်။
    ‘အိမ်နီးချင်းနိင်ငံတွေမှာ ဒီလိုပြဿနာရှိတာဟာ သဘာဝဖြစ်ကြောင်း၊ ဒါပေမယ့် ဒါတွေကို နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုနဲ့သာ ဖြေရှင်းနိုင်မှာဖြစ်ကြောင်း’ ၀န်ကြီးချုပ်က ပြောခဲ့တယ်လို့လည်း တွေ့ဆုံပြီးအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
    တရားဝင်မဟုတ်တဲ့ တွက်ချက်မှုတွေအရတော့ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည် ၅ သိန်းကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။
    အောက်တိုဘာလက နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၅ သောင်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားထားပါတယ်။
    ရှိခ်ဟာဆီနာက စစ်တကောင်းတောင်တန်းလူမျိုးတွေနဲ့ ပဋိပက္ခအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒုက္ခသည်ပြဿနာကို ဘင်္ဂလာဒေ့ရှ်က အိန္ဒိယနဲ့ ဖြေရှင်းနိုင်ခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံက ယာဘစိတ်ကြွဆေးပြားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ၀င်ရောက်နေတာကိုလည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပြီး မူးယစ်မှောင်ခိုရပ်တန့်ရေး မြန်မာရဲ့အကူအညီကို တောင်းခံခဲ့ပါတယ်။
    ဦးသောင်းထွန်းကတော့ ဒုက္ခသည်ကိစ္စကိုဖြေရှင်းရေး တစ်စိတ်အပိုင်းအဖြစ် နိုင်ငံသားစီစစ်ရေး စနစ်တစ်ခု စတင်ဖို့ စီစဉ်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေ၊ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားရေး ရည်ရွယ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    နှစ်နိုင်ငံစစ်တပ်ခြင်း ဆက်သွယ်ပြီး လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ ဖလှယ်ဖို့လည်း ဦးသောင်းထွန်းနဲ့ ရှိခ်ဟာဆီနာတို့ ဆွေးနွေးခဲ့ကြပါတယ်။
    Ref: bdnews24
  • သြဇီဌာနေတိုင်းရင်းသားများကို ဥရောပသားများက အပြုံလိုက်သတ်ခဲ့သည့် မြေပုံတစ်ခု ထွက်ပေါ်
    သြဇီဌာနေတိုင်းရင်းသားများကို ဥရောပသားများက အပြုံလိုက်သတ်ခဲ့သည့် မြေပုံတစ်ခု ထွက်ပေါ်
    ဇူလိုင် ၅၊ ၂၀၁၇
    M-Media
    – သြစတေးလျရှိ ဌာနေတိုင်းရင်းသားများကို ဥရောပမှ လာရောက်အခြေချသူများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် နေရာများကို အပြည့်စုံဆုံး ဖော်ပြထားသည့် မြေပုံတစ်ခုကို သုတေသနပညာရှင်များက ဖန်တီးထုတ်ပြန်လိုက်သည်။
    အွန်လိုင်းအခြေပြုဖြစ်သည့် အဆိုပါမြေပုံမှာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသများကို အထူးပြုထားပြီး ဌာနေတိုင်းရင်းသားများ အစုလိုက်အပြုံလိုက် အသတ်ခံရသည့် နေရာပေါင်း ၁၅၀ ကျော်ကို ဖော်ပြထားသည်။
    ၁၇၈၈ ခုနှစ် ဗြိတိသျှက သြစတေးလျတိုက်တွင် အခြေချခဲ့ပြီးနောက် သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ဌာနေတိုင်းရင်းသားအရေအတွက်နှင့်ပတ်သက်၍ ငြင်းခုံမှုများရှိပြီး သမိုင်းပညာရှင်အများစုက သိန်းနှင့်ချီ၍ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။
    သုတေသနပညာရှင်များကမူ အဆိုပါမြေပုံမှာ အသိပညာပေးရေးနှင့် အထိမ်းအမှတ်ကျောက်တိုင်များ တည်ဆောက်ရေးအတွက် အကူအညီဖြစ်မည်ဟု မျှော်လင့်နေသည်။
    အဆိုပါ မြေပုံဖန်တီးရေး စီမံကိန်း၌ နေရာတစ်ခုတွင် ဌာနေတိုင်းရင်းသား အရေအတွက် မည်မျှ အသတ်ခံရသည်၊ မည်သည့်လက်နက်ကို အသုံးပြုခဲ့သည်၊ မည်သူက တာဝန်ရှိသည်ဆိုသည့် အသေးစိတ်အချက်အလက် မှတ်တမ်းတင်မှုလည်း ပါဝင်သည်။
    အချက်အလက်များကို ၄ နှစ်တွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး၊ ကိုးကားသည့် ရင်းမြစ်များတွင် အခြေချနေထိုင်ကြသူများ၏ ကိုယ်ရေးမှတ်တမ်းများ၊ သတင်းစာများ၊ တရားရုံးမှတ်တမ်းများနှင့် ပေးစာများ ပါဝင်သည်။
    “သြစတေးလျပြည်သူ တော်တော်များများအတွက် ဒီလိုအချက်အလက်မျိုးဟာ တုန်လှုပ်စရာ ကောင်းမှာပါ။ ကျွန်မတိုရဲ့ဘိုးဘေးတွေဟာ တော်တော်လေးဆိုးဆိုးရွားရွား အပြုအမူမျိုးမှာ ပါဝင်ခဲ့ကြပါတယ်” ဟု စီမံကိန်းကို ဦးစီးဆောင်ရွက်သူ ပရော်ဖက်ဆာ လင်ဒဲလ် ရိုင်ယန်က ပြောကြားခဲ့သည်။
    ၁၇၈၈ ခုနှစ်မှ ၁၈၇၂ ခုနှစ်အတွင်း သြစတေးလျရှိ ဌာနေတိုင်းရင်းသားတိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ ကိုလိုနီများက ထိုကာလအတွင်း သတ်ဖြတ်မှု ၆ ခုသာ ဖြစ်ခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။
    အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဆိုသည်မှာ ခုခံကာကွယ်နိုင်စွမ်းမရှိသည့် သူများကို ၆ ဦးထက်ပို၍ တမင် ရည်ရွယ်သတ်ဖြတ်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
    သြစတေးလျရှိ နယူးကာဆယ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ရိုင်ယန်က သတ်ဖြတ်မှုတော်တော်များများတွင် လူ ၆၀ ကျော်စီ ရှိကြပြီး၊ ဗစ်တိုးရီးယားပြည်နယ် ဂစ်ပ်လန်းဒေသ၌ သတ်ဖြတ်မှုတစ်ခုတွင် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
    နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ထိုကဲ့သို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို လာမည့် ၂ နှစ်အတွင်း မှတ်တမ်းတင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ထိုအဖြစ်အပျက်များကို သြစတေးလျတစ်ဝှမ်း အသိအမှတ်ပြု အလေးထားရန် မျှော်လင့်ကြောင်းလည်း သူမက ထည့်သွင်းပြောဆိုခဲ့သည်။
    နိုင်ငံအရှေ့ဘက်ကမ်းရိုးတမ်းတွင် သြဇီဌာနေတိုင်းရင်းသားများကို ဥရောပသားများက သတ်ဖြတ်သည့်နေရာပြ မြေပုံ
    Ref : BBC
  • လက်ရှိ ပယ်လယ်ကွေ့ သံတမန်ပြဿနာကို ဆွေးနွေးမှုဖြင့် ဖြေရှင်းရန် ကာတာလိုရှိနေ
    လက်ရှိ ပယ်လယ်ကွေ့ သံတမန်ပြဿနာကို ဆွေးနွေးမှုဖြင့် ဖြေရှင်းရန် ကာတာလိုရှိနေ
    ဇူလိုင် ၅၊ ၂၀၁၇
    M-Media
    ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီ
    – ပင်လယ်ကွေ့နိုင်ငံများ၏ ပိတ်ဆို့မှုမှာ မိမိတို့နိုင်ငံ၏ အချုပ်အခြာကို ထိခိုက်ပျက်ဆီးစေရန်ဖြစ်ပြီး ပြည်သူများကို ကာကွယ်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်သွားမည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ် သာနီက ပြောကြားလိုက်သည်။
    အခုလအစောပိုင်းက ဆော်ဒီဦးဆောင်သည့် အုပ်စုမှာ ကာတာအပေါ် သံတမန်အပါအ၀င် ဆက်ဆံမှုအားလုံး ဖြတ်တောက်ခဲ့ပြီး အချက် ၁၃ ချက်ပါဝင်သည့် တောင်းဆိုမှုကို ပြုလုပ်ခဲ့သည်။ အဆိုပါတောင်းဆိုချက်များအတွက် ကာတာက ယနေ့တွင် တရားဝင်တုန့်ပြန်စာ ပေးပို့ခဲ့ပြီး ထိုကိစ္စအတွက် ဆော်ဒီနှင့်အဖွဲ့က အီဂျစ်တွင် ဆွေးနွေးမှုများ ပြုလုပ်နေသည်။
    လန်ဒန်ရှိ Chatham House တတ်သိပညာရှင်များအဖွဲ့သို့ ယနေ့ပြောကြားမှုတွင် ၀န်ကြီးက ယခုပြဿနာကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ကာတာက ဆက်လက်တိုက်တွန်းသည်ဟု ပြောကြားခဲ့သည်။
    “အိမ်နီးချင်းနိုင်ငံတွေနဲ့ အမြင်မတူမှုတွေကို ထိထိရောက်ရောက်ဖြေရှင်းမယ့် ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့အချင်းချင်းကိစ္စကို ကြားဝင်စွက်ဖက်တာမျိုး လက်မခံပါဘူး”
    ထို့ပြင် ဆော်ဒီဦးဆောင်သည့်အုပ်စု၏ တောင်းဆိုမှုမှာ “ပိတ်ဆို့မှုများကို မိမိတို့၏ အချုပ်အခြာအာဏာဖြင့် ပေးချေအဆုံးသတ်ရန်” တောင်းဆိုသကဲ့သို့ ဖြစ်နေသည်ဟုလည်း အလ်-သာနီက ပြောကြားခဲ့သည်။
    ၎င်းတို့၏ တောင်းဆိုချက် ၁၃ ခုအတွက် ကာတာ၏ တုန့်ပြန်မှုကို လက်ရှိတွင် သုံးသပ်နေပြီး အချိန်မီ အကြောင်းပြန်သွားမည်ဟု ဆော်ဒီက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    Ref: Aljazeera
  • ကမ္ဘာပေါ်တွင် ၀င်ငွေခွန်မပေးရသည့် နိုင်ငံ ၁၁ နိုင်ငံ
    ကမ္ဘာပေါ်တွင် ၀င်ငွေခွန်မပေးရသည့် နိုင်ငံ ၁၁ နိုင်ငံ
    ဇူလိုင် ၅၊ ၂၀၁၇
    M-Media
    ၁။ ကာတာ
    GDP အရတွက်ရင် ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်ဖြစ်တဲ့ ကာတာဟာ ရေနံနဲ့ နိုင်ငံရပ်ခြား ဘဏ္ဍာရေးလုပ်ငန်းတွေကနေ ငွေတွေ ရေလိုဝင်နေပြီး တစ်ဦးချင်း ချမ်းသာမှုမှာလည်း ကမ္ဘာ့အမြင့်ဆုံး တိုင်းပြည်ဖြစ်ပါတယ်။ ကာတာမှာ ရှာဖွေရရှိတဲ့ ၀င်ငွေအတွက် ၀င်ငွေခွန် မကောက်ပါဘူး။
    ၂။ အိုမန်
    နောက်ထပ် ၀င်ငွေခွန်မပေးရတဲ့ နိုင်ငံတစ်ခုကတော့ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ အိုမန်ပါ။ ၀င်ငွေခွန် မပေးရသလို capital gain tax လို့ခေါ်တဲ့ စတော့၊ ရွှေတွေလိုအရာမျိုး ၀ယ်ယူမှုအတွက်လည်း အခွန်မပေးရပါဘူး။ ဒါပေမယ့် နိုင်ငံသားတိုင်းဟာ လူမှုဖူလှုံရေးရန်ပုံငွေအတွက်တော့ ထည့်ဝင်ပေးရပါတယ်။
    ၃။ ယူအေအီး
    အာရပ်စော်ဘွားများပြည်ထောင်စုလို့ အမည်ရတဲ့ ယူအေအီးမှာလည်း ၀င်ငွေခွန်မပေးရပါဘူး။ တစ်ဦးချင်းဝင်ငွေအမြင့်ဆုံး နိုင်ငံတွေထဲမှာ ယူအေအီးနိုင်လည်းပါဝင်ပြီး ၀င်ငွေခွန်ရော၊ capital gain tax အခွန်ပါ မဆောင်ရပါဘူး။
    ၄။ ဆော်ဒီအာရေဗျ
    ကမ္ဘာ့နံပါတ် ၁ ရေနံထုတ်လုပ်တင်ပို့တဲ့ ဆော်ဒီမှာ ၀င်ငွေခွန်မရှိပါဘူ။ ဒါပေမယ့် လူမှုဖူလှုံရေး ထည့်ဝင်ငွေရှိပြီးရှယ်ယာ၊ ရွှေတို့လို ကုန်စည်တွေကို ၀ယ်ယူမယ်ဆိုရင်တော့ အခွန်ပေးရပါတယ်။
    ၅။ ဘာရိန်း
    ဘာရိန်းမှာ ၀င်ငွေခွန်မရှိပေမယ့် လူမှုဖူလှုံရေးအတွက် နိုင်ငံသားတိုင်းဟာ သူတို့ရဲ့ဝင်ငွေကနေ ၇ ရာခိုင်နှုန်း ထမ်းဆောင်ရပါတယ်။ နိုင်ငံခြားသားတွေကတော့ ၁ ရာခိုင်နှုန်းပါ။ အိမ်ငှားမှု၊ အိမ်ယာပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ ကိစ္စရပ်တွေအတွက် အခွန်ပေးရပြီး တံဆိပ်ခေါင်းခွန်လည်း ရှိပါတယ်။
    ၆။ ကူဝိတ်
    ပယ်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကူဝိတ်မှာ ၀င်ငွေအတွက် အခွန်ဆောင်စရာ မလိုပေမယ့် လူမှုဖူလှုံရေးအတွက်တော့ ထည့်ဝင်ရပါတယ်။
    ၇။ ဘာမူဒါ
    ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲမှာ ပါဝင်တဲ့ ဘာမူဒါ ကျွန်းနိုင်ငံလေးဟာ ဘဏ္ဍာရေးလုပ်ငန်း အချက်အခြာဒေသဖြစ်ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ နာမည်ကျော်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဗြိတိန် အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဒီကျွန်းလေးမှာ ၀င်ငွေခွန်မရှိပေမယ့် ကမ္ဘာ့ဈေးအကြီးဆုံးနေရာတွေထဲက တစ်ခုပါ။ အဲဒီမှာနေထိုင်သူတွေဟာ payroll အခွန်၊ လူမှုဖူလှုံရေးအခွန်၊ အိမ်ယာပိုင်ဆိုင်မှုအတွက် အခွန်နဲ့ အကောက်ခွန်တွေကို ၂၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရပါတယ်။
    ၈။ ကေမန်ကျွန်း
    နောက်ထပ် ဗြိတိန်အုပ်ချုပ်တဲ့ ကျွန်းလေးတစ်ခုပါ။ ဘဏ္ဍာရေးလုပ်ငန်း အချက်အခြာဒေသတစ်ခုဖြစ်ပြီး ၀င်ငွေခွန်နဲ့ capital gain tax မရှိတာကြောင့် ကမ္ဘာ့လူချမ်းသာတွေရဲ့ မျက်စိကျရာ နေရာလည်း ဖြစ်ပါတယ်။ လူမှုဖူလှုံရေးအတွက်လည်း ထည့်ဝင်ဖို့ မလိုပါဘူး။ ဒါပေမယ့် သွင်းကုန်အတွက်တော့ အခွန် ၂၅ ရာခိုင်နှုန်း ကောက်ပါတယ်။
    ၉။ ဘဟားမားစ်
    ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေနဲ့ ကျော်ကြားတဲ့ ဘဟားမားစ်မှာလည်း အခွန်မပေးရပါဘူး။ ဒါပေမယ့် သွင်းကုန်အတွက်အခွန်၊ အာမခံကြေးနဲ့ ပိုင်ဆိုင်မှုအတွက် အခွန်တွေတော့ ပေးရပါတယ်။
    ၁၀။ မိုနာကို
    ပြင်သစ်နိုင်ငံသားတွေကလွဲလို့ အခြား ဘယ်သူကမှ အခွန်ပေးရပါဘူး။ ဒါ့ကြောင့် ကမ္ဘာ့ မီလျံနာတွေ စုဝေးရာ ဒေသဖြစ်ပါတယ်။
    ၁၁။ ဟောင်ကောင်
    Ref: Telegraph