News @ M-Media

Blog

  • ဖိလစ်ပိုင်တောင်ပိုင်း ရွာတစ်ရွာကို IS လိုလားသူများ ၀င်ရောက်စီးနင်းပြန်

    ဖိလစ်ပိုင်တောင်ပိုင်း ရွာတစ်ရွာကို IS လိုလားသူများ ၀င်ရောက်စီးနင်းပြန်

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ရွာတစ်ရွာကို IS လိုလားသည့် သေနတ်သမားများက ၀င်ရောက်စီးနင်းပြီးနောက် စာသင်ကျောင်းတစ်ခုကို သိမ်းပိုက်လိုက်သည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    Bangsamoro Islamic Freedom Fighters (BIFF) အဖွဲ့မှ ဖြစ်သည်ဟု ယူဆရသည့် အဆိုပါ သေနတ်သမားများမှာ ပစ်ကာဝါယန်မြို့ရှိ ရွာတစ်ရွာတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ မူလတန်း စာသင်ကျောင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ကျောင်းသားများကို ဓားစာခံလုပ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မည်သည့် ထိခိုက်မှုမှ မလုပ်ဘဲ အဆိုပါ မူလတန်းကျောင်းမှ ထွက်ခွာသွားခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

    “ပြဿနာကို ဖြေရှင်းပြီးပါပြီ။ သူတို့ ပြန်ဆုတ်သွားကြပြီး အဲဒီမှာ မရှိတေ့ပါဘူး။ ကျောင်းဟာ ပြန်ပြီး လုံခြုံသွားပါပြီ” ဟု ဗိုလ်မှူးချုပ် ရက်စ်တီတူတို ပါဒီလာက ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါစစ်သွေးကြွများက အရပ်သား ၅ ဦကို ဖမ်းခေါ်သွားသည်လားဆိုသည်ကို စစ်တပ်က စုံစမ်းနေကြောင်း၊ စာသင်ကျောင်းရှိ မည်သည့်ကလေးမှ ဓာစားခံမဖြစ်ခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ပစ်ကာဝါယန်မြို့မှာ BIFF နှင့် အခြေားသာ အုပ်စုများ ပူးပေါင်းကာ တိုက်ခိုက်မှုပြုလုပ်နေသည့် မာရာဝီမြို့တောင်ဘက် ကီလိုမီတာ ၁၉၀ အကွာတွင် ရှိသည့် မြို့ဖြစ်သည်။ ပစ်ကာဝါယန်မြို့တော်ဝန် အီလီဆီယို ဂါရ်စီဆာက ထိခိုက်ဒဏ်ရာရသူများ ရှိလားဆိုသည်ကို စုံစမ်းနေသည်ဟု ပြောကြားခဲ့သည်။

    Ref: CNA

     

  • အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုမှာ အစ္စရေး၏ စီမံကိန်းဖြစ်သည်ဟု အီရန်သမ္မတပြော

    အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုမှာ အစ္စရေး၏ စီမံကိန်းဖြစ်သည်ဟု အီရန်သမ္မတပြော

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုနှင့် အကြမ်းဖက်လုပ်ငန်းများမှာ အစ္စရေး၏ စီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းကြောင့် ပါလက်စတိုင်းပြဿနာကို အာရုံမလျော့သင့်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ တီဟီရန်သို့ ရောက်ရှိနေသည့် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီနှင့် ယမန်နေ့က တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “အကြမ်းဖက်ဝါဒကို တိုက်ဖျက်မှုက အလ်-ကွဒ်စ်ပြဿနာ၊ ဒေသတွင်း ဇီယွန်အစိုးရရဲ့ ခြိမ်းခြောက်မှုကို ဖုံးပစ်လိုက်လို့ မရပါဘူး” ဟု ရူဟာနီက ပြောကြားလိုက်သည်

    မူဆိုးလ်မြို့ကို IS အကြမ်းဖက်အဖွဲ့၏လက်မှ လွတ်မြောက်ရေး ကြိုးပမ်းမှုအတွက် အီရတ်အစိုးရနှင့် အီရတ်နိုင်ငံကို ရူဟာနီက ချီးကျူးခဲ့ပြီး၊ ထိုဆောင်ရွက်မှုက အကြမ်းဖက်ဝါဒ အဆုံးသတ်ရေး အမှတ်သညာဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံ၏ ပိုက်နက်လုံခြုံမှု အရေးကြီးပုံကိုလည်း အီရန်သမ္မတက ထောက်ပြခဲ့ပြီး စည်းလုံးမှုနှင့် အချုပ်အခြာကို ထိခိုက်စေရန် ရည်ရွယ်သည့် မည်သည့်ဆောင်ရွက်မှုကိုမဆို ရှုတ်ချသည်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    နှစ်နိုင်ငံခေါင်းဆောင်များမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

    အီရတ်ဝန်ကြီးချုပ် အလ်-အာဘာဒီက တီဟီရန်-ဘဂ္ဂဒတ်ဆက်ဆံရေးကို မြှင့်တင်ရန် တိုက်တွန်းခဲ့ပြီး IS အကြမ်းဖက်အဖွဲ့မှာ နယ်စည်းသတ်မှတ်ချက်မရှိဘဲ ၎င်းတို့အား နိုင်ငံအားလုံးက ပူးပေါင်းတိုက်ဖျက်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Press TV

  • ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ပေါက်ကွဲမှုဖြစ်

    ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ပေါက်ကွဲမှုဖြစ်

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်ရှိ ဘူတာကြီးတွင် အမျိုးသားတစ်ဦးက အသေးစားဖောက်ခွဲမှုတစ်ခု ဆောင်ရွက်ခဲ့ပြီး မိမိတို့၏ ပစ်ခတ်မှုအတွင်း သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယမန်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံသယရှိသူမှာ ကျောပိုးအိတ်တစ်လုံးနှင့် ဗုံးခွဲခါးပတ်တို့ကို သယ်ဆောင်လာပြီး ပတ္တရောင်လှည့်နေသည့် စစ်သားများထဲမှ တစ်ဦးက သေနတ်ဖြင့် ပစ်ခဲ့သည်။

    ထို့နောက် ဗုံးရှင်းအဖွဲက ဗုံးများကို ရှင်းလင်းခဲ့ပြီး အဆိုပါ သံသယရှိသူမှာ သေဆုံးသွားပြီဟု အတည်ပြုခဲ့သည်။ အစိုးရရှေ့နေ အဲရစ် ဗန်ဒါ ဆစ်ပ်က မိမိတို့အနေဖြင့် ထိုလုပ်ရပ်ကို အကြမ်းဖက်မှုအဖြစ် မှတ်ယူသည်ဟု ပြောကြားခဲ့သည်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကမ္ဘာလှည့်ခရီးသွားများဖြင့် ပြည့်နေသော ဘရပ်ဆဲလ်မြို့၏ အထင်ကရ Renaissance ရင်ပြင်တစ်ဝိုက်ရှိ လမ်းများကို ရှင်းလင်းခဲ့သည်။

    ၂၀၁၆ ခုနှစ် မတ်လက အသေခံဗုံးခွဲသများမှာ ဘရပ်ဆဲလ်ရှိ ရထားဘူတာနှင့် လေဆိပ်များတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံမှာ လုံခြုံရေးကို ထူထပ်စွာချထားခဲ့သည်။ လူ ၃၂ ဦး သေဆုံးခဲ့သည့် အဆိုပါလုပ်ရပ်မှာ မိမိတို့လက်ချက်ဖြစ်သည်ဟု IS က ကြေငြာခဲ့သည်။

    Ref : Aljazeera

  • ကမ္ဘာ့ခေါင်းဆောင်တွေ ဒုက္ခသည်ဖြစ်ရင် ဘယ်လိုနေမလဲ

    ကမ္ဘာ့ခေါင်းဆောင်တွေ ဒုက္ခသည်ဖြစ်ရင် ဘယ်လိုနေမလဲ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ၂၀၁၆ ခုနှစ်ကုန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဒုက္ခသည်ပေါင်း ၆၅ သန်းကျော်လောက် ရှိပါတယ်။

    အဲဒီအထဲမှာ ဆီးရီးယားနိုင်ငံက ဒုက္ခသည် ၁၂ သန်းနဲ့ ဒုက္ခသည်အများဆုံးတိုင်းပြည် ဖြစ်နေပါတယ်။

    ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ အာဏာရှင်အာဆတ်ကို ဖြုတ်ချရေး လှုပ်ရှားမှုဟာ သူပုန်အားပေးတဲ့ အမေရိကန်နဲ့ မဟာမိတ်အုပ်စု၊ အာဆတ်ကိုထောက်ခံတဲ့ ရုရှားနဲ့ အီရန်လို နိုင်ငံတွေ မီးထိုးပေးမှုကြောင့် ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်လာတာ ဒီနေ့အထိပါပဲ။

    ဆီးရီးယားက ဒုက္ခသည်အရေးဟာလည်း ကမ္ဘာ့အရေးဖြစ်လာခဲ့ပြီး လူသားချင်းစာနာစိတ်နဲ့ ဖေးမကူညီသူတွေရှိသလို၊ ၀န်ထုတ်ဝန်ဖိုးအဖြစ် မှတ်ယူသူ ကမ္ဘာ့ခေါင်းဆောင်တွေလည်း ရှိပါတယ်။

    ဆီးရီးယားက ပန်းချီပညာရှင် အဘ်ဒဲလာ အလ်-အိုမာရီကတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ဒုက္ခသည်ဘ၀ရောက်ရင် ဖြစ်လာနိုင်တဲ့ ပုံစံတွေကို ပုံဖော်ကွန်မြူးခဲ့ပြီး သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ထင်ဟပ်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    အလ်-အိုမာရီရဲ့ ဖန်တီးမှု၊ သူ့ရဲ့ ရင်ဖွင့်သံတွေကို ဒီဗီယိုအတိုလေးမှာ မြင်ရ၊ ကြားရမှာပါ။

    Aljazeera က ဗီဒီယိုက M-Media က ဘာသာပြန်ဆို တင်ဆက်တာ ဖြစ်ပါတယ်။

  • ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – တိုက်စစ်မှူး ခရစ္စတီယာနို၏ အနာဂတ်အတွက် ကာယကံရှင်နှင့် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားလိုက်ပြီး ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲအပြီးတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အခွန်ရှောင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာရန် ပြင်ဆင်နေကာ မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလား သွားရောက်ယှဉ်ပြိုင်နေသည့် ရော်နယ်ဒိုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာကမှ ရီးယဲလ်နှင့် ၅ နှစ်သက်တမ်းတိုးထားခြင်း ဖြစ်သည်။

    “ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ရော်နယ်ဒိုဟာ ရီးယဲလ်ကစားသမားအဖြစ် ရှိနေဆဲပါ။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိသာတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးပေါ့။ သူကျွန်တော်တို့ကို ထုတ်ပြောမှာပါ။ ကျွန်တော်တို့လည်း ကြည့်ရမှာပေါ့လေ” ဟု တနင်္လာနေ့တွင် ရီးယဲလ်ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်ခံရသည့် ပီရက်ဇ်က ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ အခွန်ငွေအဖြစ် ယူရိုသန်းနှင့်ချီ လိမ်လည်ရှောင်ရှားခဲ့သည်ဟု စပိန်အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး ရော်နယ်ဒိုက ငြင်းဆန်ခဲ့သည်။

    ပီရက်ဇ်ကမူ ရော်နယ်ဒိုမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ သတင်းများထွက်လာသည်မှာ ထူးဆန်းကြောင်း၊ ရော်နယ်ဒိုနှင့် မကြာခင် ဆွေးနွေးကာ ၎င်းအား အပြည့်အ၀ ကာကွယ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC