News @ M-Media

Blog

  • ရော်နယ်ဒိုရောက်ပြီးနောက် အလ်-နဆာရ်အသင်းတွင် အဓိက ပြောင်းလဲမှုနှစ်ခု ဖြစ်ပွားခဲ့

    ရော်နယ်ဒိုရောက်ပြီးနောက် အလ်-နဆာရ်အသင်းတွင် အဓိက ပြောင်းလဲမှုနှစ်ခု ဖြစ်ပွားခဲ့

    မတ် ၁၊ ၂၀၂၃

    M-Media 


    Al-Nassr’s new Portuguese forward Cristiano Ronaldo greets the fans during his unveiling at the Mrsool Park Stadium in the Saudi capital Riyadh on January 3, 2023. (Photo by AFP) (Photo by -/AFP via Getty Images)

    -ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ရောက်လာပြီးနောက်ပိုင်း အသင်းမှာ သိသာတဲ့ ပြောင်းလဲမှု ၂ ခု ဖြစ်ခဲ့တယ်လို့ ဆော်ဒီကလပ် အလ်နဆာရ်အသင်းရဲ့ အဟာရပညာရှင် ဟိုဆေး ဘလီဆာက ပြောပါတယ်။ 

    တစ်ခုက အသင်းသားတွေရဲ့ စားသောက်နေထိုင်မှုဖြစ်ပြီး၊ နောက်တစ်ခုက လေ့ကျင့်မှုပါ။ 

    “ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကျွန်တော့်အတွက် တော်တော်လေး အထောက်အကူဖြစ်ပါတယ်။ ကျွန်တော်တို့က သူ့ကို သင်စရာမလိုဘူး။ သူ့ဆီကပဲ ပြန်သင်ယူရတာပါ။ သူလုပ်တဲ့အရာတွေက စွမ်းဆောင်ရည်ကောင်းမွန်ဖို့ အထောက်အကူဖြစ်တာကြောင့် အခြားကစားသမားတွေကလည်း လိုက်လုပ်ကြပါတယ်” လို့ ဘလီဆာက ဆိုပါတယ်။ 

    ရော်နယ်ဒိုလို ပရော်ဖက်ရှင်နယ် အလွန်ပီသတဲ့ ကစားသမားမျိုး အရင်က မမြင်ဖူးခဲ့ဘဲ၊ သူနဲ့ပြောတဲ့စကားတိုင်းဟာ သင်ယူစရာတွေပဲလို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အသင်းမှာ ရော်နယ်ဒိုရောက်ပြီးနောက်ပိုင်း အဓိက ပြောင်းလဲမှုနှစ်ခု ဖြစ်ခဲ့ကြောင်း အလ်နဆာရ်ဆေးမှူးက ဖွင့်ဟပါတယ်။ 

    “သူဒီကိုရောက်လာပြီးနောက်ပိုင်း အခြားကစားသမားတွေအားလုံး လေ့ကျင့်ရေးကို ပိုမို ကြိုးကြိုးစားစားလုပ်လာကြပြီး၊ စားသောက်နေထိုင်မှုကိုလည်း ပိုကောင်းအောင် ဆောင်ရွက်လာပါတယ်။ တစ်နေ့ထက်တစ်နေ့ ခန္ဓာကိုယ်အနေအထား ပျမ်းမျှ ၉၀ ရာခိုင်နှုန်းလောက် ပိုကောင်းအောင် လုပ်နိုင်တာမျိုး ဒီအသင်းမှာ အရင်က ကျွန်တော် မတွေ့ဖူးပါဘူး။ အဆီတွေနည်းသွားတယ်။ ကြွက်သားတွေ ပိုတောင့်တင်းလာတယ်။ လုပ်နိုင်သမျှလေ့ကျင်ခန်းတွေကိုလည်း အသင်းသားတွေက လုပ်လာကြပါတယ်။ ဒီမှာအလုပ်လုပ်ရတာ တော်တော်ကို အဆင်ပြေပါတယ်”

    Ref: The Mirror 

  • တရုတ်အစိုးရရန်ကြောင့် ဥရောပ လွှတ်တော်နှင့် ကနေဒါအစိုးရရုံးများတွင် TikTok ကို ပိတ်ပင်

    တရုတ်အစိုးရရန်ကြောင့် ဥရောပ လွှတ်တော်နှင့် ကနေဒါအစိုးရရုံးများတွင် TikTok ကို ပိတ်ပင်

    မတ် ၁၊ ၂၀၂၃

    M-Media 


    -TikTok ကို အနောက်နိုင်ငံက အစိုးရ၀န်ထမ်းတွေ၊ အစိုးရနဲ့ပတ်သက်တဲ့ ကိရိယာတွေမှာ အသုံးပြုခွင့် ပိတ်ပင်တာ တိုးလာနေပြီး ဥရောပနဲ့ ကနေဒါအစိုးရတို့ကလည်း ပိတ်ပင်တာတွေ လုပ်လာပါတယ်။ 

    လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖုန်းတွေ၊ အဖွဲ့အစည်းအီးမေးလ်နဲ့ Network ကွန်ယက်တွေကို အသုံးပြုတဲ့ ကိုယ်ပိုင် ပစ္စည်းတွေမှာ TikTok အက်ပလီကေးရှင်းကို ဖျက်ထားရမယ်လို့ ဥရောပလွှတ်တော်က တနင်္လာနေ့မှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။  

    TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ တရုတ်နိုင်ငံအခြေစိုက် ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ပြည်တွင်းက ကုမ္ပဏီတိုင်းကို ထိန်းချုပ်ထားပြီး TikTok ကို အသုံးပြုကာ စောင့်ကြည့်တာတွေ၊ သူလျှိုလုပ်တာတွေ ရှိနိုင်တဲ့အတွက် လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိတယ်လို့ အနောက်နိုင်ငံတွေက သတိပေးထားတာဖြစ်ပါတယ်။ 

    ဥရောပကောင်စီနဲ့၊ ဥရောပကော်မရှင်တို့ကလည်း သူတို့အဖွဲ့အစည်းက ၀န်ထမ်းတွေရဲ့ ဖုန်း၊ လက်တော့တွေထဲမှာ TikTiok ကို အင်စတောမလုပ်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ အမိန့်ထုတ်ထားပါတယ်။ 

    ကနေဒါ

    ကနေဒါကလည်း အစိုးရအဖွဲ့အစည်းတွေ အသုံးပြုတဲ့ အီလက်ထရောနစ်ကိရိယာတွေမှာ ဖေဖော်၀ါရီ ၂၈ ရက်နေ့ကစပြီး TikTok ကို ဖယ်ရှားဖို့ အမိန့်ထုတ်လိုက်ပါတယ်။ 

    ဒီအက်ပလီကေးရှင်းဟာ ကိုယ်ရေးအချက်အလက် ပေါက်ထွက်မှု၊ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ ကြီးကြီးမားမားရှိတယ်လို့ ကနေဒါ ဆက်သွယ်ရေး၀န်ကြီးက ပြောကြားခဲ့ပါတယ်။ 

    အမေရိကန်မှာ ပြည်ထောင်စုအဆင့် အစိုးရ၀န်ထမ်းတွေ TikTok မသုံးရလို့ ပြီးခဲ့တဲ့နှစ်မှာ တားမြစ်ခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ နောက်ထပ် ရက် ၃၀ အတွင်း အက်ပလီကေးရှင်းကို အပြီးဖျက်ထားဖို့ ဖေဖော်၀ါရီ ၂၇ ရက်နေ့မှာ အိမ်ဖြူတော်က ထပ်မံအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ 

    အမေရိကန်တက္ကသိုလ်တွေကလည်း သူတို့ရဲ့ Network ကွန်ယက်တွေကိုသုံးရင် TikTok ကို အင်စတောမလုပ်ဖို့ တားမြစ်ထားပါတယ်။ 

    TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီဆုံးဖြတ်ချက်တွေ၊ အမိန့်တွေအတွက် စိတ်ပျက်ရတယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    Ref: BBC

  • မြန်မာ့အနာဂတ် မကောင်းလာနိုင်သေးဟု စင်ကာပူပြော

    မြန်မာ့အနာဂတ် မကောင်းလာနိုင်သေးဟု စင်ကာပူပြော

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ညီညွတ်တဲ့ အမှတ်သညာတစ်ခု မတည်ဆောက်နိုင်ခဲ့ဘဲ လက်ရှိအနေအထားအရလည်း ပိုကောင်းလာနိုင်ဖို့ မရှိဘူးလို့ စင်ကာပူ နိုင်ငံခြားရေး၀န်ကြီး ဗီဗီယံက ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။ 

    မနေ့က နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ဘက်ဂျက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုအတွင်း ဒီလိုမှတ်ချက်မျိုး ထွက်ပေါ်လာတာပါ။ 

    ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့အာဏာသိမ်းမှုကို အာဆီယံနိုင်ငံတွေက ကန့်ကွက်ခဲ့ကြပေမယ့်လည်း ဒီအချက်က မြန်မာ့ပြည်တွင်းရေးကို အဖွဲ့၀င်နိုင်ငံတွေက ၀င်စွက်ဖို့ ခွင့်ပြုချက်ပေးတာမျိုးမဟုတ်ဘူးလို့လည်း စင်ကာပူ နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ 

    ဒုတိယကမ္ဘာစစ်ပြီးကတည်းက မြန်မာနိုင်ငံမှာ လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်တဲ့ အမှတ်သညာတစ်ခု မတည်ဆောက်နိုင်ခဲ့သလို၊ စစ်အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထွက်ပေါက်မရှိတဲ့ အနေအထားဆီ ဦးတည်သွားပြီလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “အာဏာသိမ်းမှုဟာ ၂ နှစ်ကြာလာပြီး ဘာအကျိုးမှလည်း မရှိပါဘူး။ ကျွန်တော့်သဘောထားကိုပြောရရင် နောက်ပြန်လှည့်မရတဲ့လမ်းကို ရောက်နေပြီ။ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုမှလုပ်လို့မရတဲ့ လမ်းမျိုးပါ”

    အခြား အာဆီယံနိုင်ငံတွေလိုပဲ စင်ကာပူကလည်း အဖွဲ့၀င်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ဘဲ ပြည်တွင်းကသက်ဆိုင်သူတွေဟာ ပြည်သူတွေရဲ့အနာဂတ်ကိုရှေ့ရှုပြီး ရိုးရိုးသားသားနဲ့ ဆွေးနွေးဖြေရှင်းမှသာ ပြေလည်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗီဗီယံက မှတ်ချက်ပေးခဲ့ပါတယ်။ 

    Ref: South China Morning Post 

  • ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို ပိုလန် မသန်စွမ်းကစားသမား ရရှိ

    ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို ပိုလန် မသန်စွမ်းကစားသမား ရရှိ

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    – မသန်စွမ်းဘောလုံးသမား မာစင် အိုလက်စီသွင်းယူခဲ့တဲဂိုးဟာ ၂၀၂၂ ခုနှစ် ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးဆု Puskas Award ကို ရရှိသွားပါတယ်။ 

    ပိုလန်ကစားသမား အိုလက်စီဟာ Warta Poznan အသင်းအတွက် နောက်ပြန်ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ Puskas ဆု သမိုင်းမှာ ပထမဆုံး ဇကာတင်စာရင်း၀င်ပြီး၊ ဆုရရှိတဲ့ မသန်စွမ်းကစားသမားအဖြစ် အိုလက်စီက မှတ်တမ်း၀င်ခဲ့ပါတယ်။

    ဘရာဇီးလ်က ရစ်ချာလီဆန်၊ မာဆေးလ်က ဒီမီထရီပါယက်တို့ကို ကျော်လွန်ပြီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

    Ref: Goal 

  • ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media


    -ရုရှားကျူးကျော်စစ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေအတွက် ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်ပေးမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာပါတယ်။ 

    ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာရ်ဟန် တနင်္ဂနွေနေ့က သွားရောက်စဥ်အတွင်း အကူအညီကိစ္စ ပြောကြားခဲ့တာပါ။ 

    မင်းသား ဖိုင်ဆယ်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီး၊ ယူကရိန်းထိပ်တန်း တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီးနဲ့ ဖုန်းပြောဆိုမှုအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်မံပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပြီး အဲဒီကတိက၀တ်ကို အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။ 

    Ref: Arab News