News @ M-Media

Blog

  • မြန်မာ့အနာဂတ် မကောင်းလာနိုင်သေးဟု စင်ကာပူပြော

    မြန်မာ့အနာဂတ် မကောင်းလာနိုင်သေးဟု စင်ကာပူပြော

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ညီညွတ်တဲ့ အမှတ်သညာတစ်ခု မတည်ဆောက်နိုင်ခဲ့ဘဲ လက်ရှိအနေအထားအရလည်း ပိုကောင်းလာနိုင်ဖို့ မရှိဘူးလို့ စင်ကာပူ နိုင်ငံခြားရေး၀န်ကြီး ဗီဗီယံက ဘာလာကရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။ 

    မနေ့က နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ဘက်ဂျက်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုအတွင်း ဒီလိုမှတ်ချက်မျိုး ထွက်ပေါ်လာတာပါ။ 

    ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့အာဏာသိမ်းမှုကို အာဆီယံနိုင်ငံတွေက ကန့်ကွက်ခဲ့ကြပေမယ့်လည်း ဒီအချက်က မြန်မာ့ပြည်တွင်းရေးကို အဖွဲ့၀င်နိုင်ငံတွေက ၀င်စွက်ဖို့ ခွင့်ပြုချက်ပေးတာမျိုးမဟုတ်ဘူးလို့လည်း စင်ကာပူ နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ 

    ဒုတိယကမ္ဘာစစ်ပြီးကတည်းက မြန်မာနိုင်ငံမှာ လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်တဲ့ အမှတ်သညာတစ်ခု မတည်ဆောက်နိုင်ခဲ့သလို၊ စစ်အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထွက်ပေါက်မရှိတဲ့ အနေအထားဆီ ဦးတည်သွားပြီလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “အာဏာသိမ်းမှုဟာ ၂ နှစ်ကြာလာပြီး ဘာအကျိုးမှလည်း မရှိပါဘူး။ ကျွန်တော့်သဘောထားကိုပြောရရင် နောက်ပြန်လှည့်မရတဲ့လမ်းကို ရောက်နေပြီ။ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လိုမှလုပ်လို့မရတဲ့ လမ်းမျိုးပါ”

    အခြား အာဆီယံနိုင်ငံတွေလိုပဲ စင်ကာပူကလည်း အဖွဲ့၀င်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာမျိုး လုပ်မှာမဟုတ်ဘဲ ပြည်တွင်းကသက်ဆိုင်သူတွေဟာ ပြည်သူတွေရဲ့အနာဂတ်ကိုရှေ့ရှုပြီး ရိုးရိုးသားသားနဲ့ ဆွေးနွေးဖြေရှင်းမှသာ ပြေလည်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗီဗီယံက မှတ်ချက်ပေးခဲ့ပါတယ်။ 

    Ref: South China Morning Post 

  • ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို ပိုလန် မသန်စွမ်းကစားသမား ရရှိ

    ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို ပိုလန် မသန်စွမ်းကစားသမား ရရှိ

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    – မသန်စွမ်းဘောလုံးသမား မာစင် အိုလက်စီသွင်းယူခဲ့တဲဂိုးဟာ ၂၀၂၂ ခုနှစ် ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးဆု Puskas Award ကို ရရှိသွားပါတယ်။ 

    ပိုလန်ကစားသမား အိုလက်စီဟာ Warta Poznan အသင်းအတွက် နောက်ပြန်ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ Puskas ဆု သမိုင်းမှာ ပထမဆုံး ဇကာတင်စာရင်း၀င်ပြီး၊ ဆုရရှိတဲ့ မသန်စွမ်းကစားသမားအဖြစ် အိုလက်စီက မှတ်တမ်း၀င်ခဲ့ပါတယ်။

    ဘရာဇီးလ်က ရစ်ချာလီဆန်၊ မာဆေးလ်က ဒီမီထရီပါယက်တို့ကို ကျော်လွန်ပြီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

    Ref: Goal 

  • ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိမည့် အကူအညီများ ယူကရိန်းထံ ဆော်ဒီက ထပ်ပို့မည်

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media


    -ရုရှားကျူးကျော်စစ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ယူကရိန်းပြည်သူတွေအတွက် ကန်ဒေါ်လာ သန်း ၄၀၀ ဖိုး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်ပေးမယ်လို့ ဆော်ဒီအာရေဗျက ကြေငြာပါတယ်။ 

    ဆော်ဒီနိုင်ငံခြားရေး၀န်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာရ်ဟန် တနင်္ဂနွေနေ့က သွားရောက်စဥ်အတွင်း အကူအညီကိစ္စ ပြောကြားခဲ့တာပါ။ 

    မင်းသား ဖိုင်ဆယ်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီး၊ ယူကရိန်းထိပ်တန်း တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ယူကရိန်းသမ္မတ ဇယ်လင်စကီးနဲ့ ဖုန်းပြောဆိုမှုအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထပ်မံပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပြီး အဲဒီကတိက၀တ်ကို အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။ 

    Ref: Arab News 

  • နှစ်နိုင်ငံသား ခံယူခွင့်စာရင်းတွင် ဘင်္ဂလားဒေ့ရှ်က ၄၄ နိုင်ငံထပ်တိုး

    နှစ်နိုင်ငံသား ခံယူခွင့်စာရင်းတွင် ဘင်္ဂလားဒေ့ရှ်က ၄၄ နိုင်ငံထပ်တိုး

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တစ်ခြားနိုင်ငံသားခံယူခွင့်ရမယ့် နိုင်ငံတွေစာရင်းမှာ အစိုးရက နောက်ထပ် ၄၄ နိုင်ငံ ထပ်တိုးလိုက်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ မိခင်နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုကို စွန့်လွှတ်စရာမလိုဘဲ နောက်ထပ်နိုင်ငံတစ်ခုရဲ့ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိမှာဖြစ်ပြီး ဒီစာရင်းမှာ စုစုပေါင်း ၁၀၁ နိုင်ငံ ရှိလာပြီ ဖြစ်ပါတယ်။ 

    အခုထပ်ပေါင်းလိုက်တဲ့ ၄၄ နိုင်ငံစာရင်းမှာ အာဖရိက ၁၉ နိုင်ငံ၊ တောင်အမေရိက ၁၂ နိုင်ငံ၊ ကာရစ်ဘီယံကျွန်းနဲ့ သမုဒ္ဒရာပိုင်းဒေသက စုစုပေါင်း ၁၂ နိုင်ငံ ပါ၀င်ပါတယ်။ 

    အီဂျစ်၊ တောင်အာဖရိက၊ ကင်ညာ၊ အလ်ဂျီးရီးယား၊ ဆူဒန်၊ ဘရာဇီလ်း၊ ဘိုလစ်ဗီးယား၊ အာဂျင်တီးနား၊ ပီရူး၊ ချီလီ၊ ကျူးဘား၊ ထရီနီဒတ်နှင့် တိုဘေဂို၊ ဘာဘေဒိုးစ်နဲ့ ဖီဂျီနိုငံတွေ စာရင်းထဲမှာ ပါ၀င်လာပါတယ်။ 

    ထပ်တိုးစာရင်းကို ပြည်ထဲရေး၀န်ကြီးဌာနရဲ့ လုံခြုံရေးဌာနခွဲက အဆိုပြုတာဖြစ်ပြီး အစိုးရက တနင်္လာနေ့မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ 

    ဘင်္ဂလားဒေ့ရှ်နွယ်ဖွားဖြစ်ပြီး တစ်ခြားနိုင်ငံသား ခံယူထားသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားမှုကိုလည်း အခြေအနေတစ်ခုချင်းစီအပေါ်လိုက်ကာ လက်ခံပေးတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Newsonair

  • မြန်မာနိုင်ငံတစ်၀ှမ်းမှပြည်သူများ မြေမြှုပ်မိုင်းရန်မှ မလွတ်ကင်းတော့

    မြန်မာနိုင်ငံတစ်၀ှမ်းမှပြည်သူများ မြေမြှုပ်မိုင်းရန်မှ မလွတ်ကင်းတော့

    ဖေဖော်၀ါရီ ၂၀၊ ၂၀၂၃

    M-Media 


    မြေမြှုပ်မိုင်းကြောင့် ခြေထောက်ဆုံးရှုံးသွားသည့် ကင်ရင်ပြည်နယ်မှ ကလေးငယ်တစ်ဦး

    -အသက် ၃ နှစ်အရွယ် သားငယ်လေး မိခင်ရဲ့ ပေါင်ပေါ်ကနေ အောက်ဆင်းပြီး ခြေနှစ်လှမ်း လှမ်းလိုက်တာနဲ့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပါတယ်။ 

    ပေါက်ကွဲမှုကြောင့် မိခင်ရဲ့မျက်နှာ ထိခိုက်သွားပြီး မျက်လုံးလည်း ကောင်းကောင်း မမြင်ရတော့ပါဘူး။ 

    ကရင်ပြည်နယ် ရွာငယ်လေးတစ်ရွာက ဆိပ်ကမ်းမှာ သားအမိနှစ်ဦး သင်္ဘောစောင့်နေစဥ် ဒီကြမ္မာဆိုးကို ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။

    မိခင်ဟာ မျက်လုံးကို ကြိုးစားဖွင့်ကာ သားငယ်လေးကို လိုက်ရှာရပါတော့တယ်။ ခြေထောက်က အသားတွေ၊ အရေပြားတွေ ပြုတ်ထွက်ပြီး အရိုးငေါငေါသာကျန်ကာ မြေပြင်ပေါ်လဲနေတဲ့ သားငယ်လေးကို မီးခိုးတွေကြားထဲမှာ သူမ မြင်တွေ့လိုက်ရပါတယ်။ 

    “မေမေ အရမ်းနာတယ်လို့ သူက ငိုပြီး အော်နေတယ်။ ဘာဖြစ်သွားလဲဆိုတာ သူမသိပါဘူး” လို့ မိခင်ဖြစ်သူက ပြောပါတယ်။ 

    သူမကတော့ သားလေးဟာ မြေမြှုပ်မိုင်းကို နင်းမိသွားတယ်ဆိုတာ သိလိုက်ပါတယ်။  

    ၁၉၉၇ ခုနှစ် ကုလမှာ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် ချပြီးကတည်းက ကမ္ဘာ့နိုင်ငံတော်တော်များများမှာ မြေမြှုပ်မိုင်းတွေကို မသုံးတော့တာ ဆယ်စုနှစ်ချီ ကြာမြင့်နေပါပြီ။

    အဲဒီဆုံးဖြတ်ချက်မှာ လက်မှတ်မထိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလွန်အမင်း မြင့်တက်လာပါတယ်။ 

    မြန်မာနိုင်ငံက ပဋိပက္ခမှာ ပါ၀င်ပတ်သက်နေတဲ့ အဖွဲ့တိုင်းက မြေမြှုပ်မိုင်းတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒီမိုင်းတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုပမာဏ မြင့်တက်လာပြီး ကလေးငယ်တွေ ထိခိုက်မှုကလည်း ကြောက်စရာကောင်းလောက်အောင် များပြားလာပါတယ်။

    ၂၀၂၂ ခုနှစ် ကုလရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ ဒုံးကျည်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ၄၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာတာကို တွေ့ရပါတယ်။

    ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ စောင့်ကြည့်မှုနဲ့ အချက်အလက်ကောက်ယူမှု ခက်ခဲတာကြောင့် မြေပြင်က တစ်ကယ့်အရေအတွက်က ပိုများလိမ့်မယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ 

    လက်ရှိကာလ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ဟာ သမိုင်းတစ်လျှောက် အများဆုံးဖြစ်ပါတယ်။ 

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်း နေပြည်တော်ကလွဲရင် အခြား တိုင်းနဲ့ပြည်နယ်အားလုံးမှာ မြေမြှုပ်မိုင်းထောင်မှု မြင့်တက်လာပြီး တစ်နိုင်ငံလုံးကပြည်သူတွေ မိုင်းအန္တရာယ်နဲ့ မလွတ်ကင်းနိုင်ဘူးလို့ ယေဘူယျ ယူဆလို့ရကြောင်း ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine Monitor က ပြောပါတယ်။ 

    မြန်မာစစ်တပ်က အရပ်သားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုတဲ့ အလေ့အထဟာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့ပြီး၊ ဒီလုပ်ရပ်ကြောင့် အရပ်သားတွေ မိုင်းထိတဲ့အရေအတွက်ကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာပါတယ်။ 

    AP သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုမှာ မြန်မာစစ်တပ်ဟာ သူတို့ချီတက်မယ့် လမ်းကြောင်းမှာ မိုင်းရှိနေရင် ရှင်းလင်းသွားဖို့အတွက် အရပ်သားတွေကို စစ်ကြောင်းရဲ့အရှေ့မှာထားကာ သွားလေ့ရှိတာကို တွေ့ခဲ့ရပါတယ်။ 

    တိုက်ပွဲတွေပြီးသွားပေမယ့် မြေမြှုပ်မိုင်းတွေက ကျန်ရစ်ခဲ့ပြီး နောက်ပိုင်းမှာ အရပ်သားတွေကို ဒုက္ခပေးပါတော့တယ်။ ဒီပြဿနာဟာ အနာဂတ်မှာလည်း ဆက်လက်ဖြစ်ပွားနေအုံးမှာပါ။

    မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ ကျည်တွေရဲ့ နောက်ဆက်တွဲပြဿနာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတာ နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်၀ှမ်း မိုင်းအသုံးပြုမှု မြင့်တက်လာပြီး ဒီပြဿနာကလည်း ပိုကြီးလာပါတယ်။ 

    ၂၀၂၂ ခုနှစ်အတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ ကျည်တွေကြောင့် သေဆုံးသူ ၁၀၂ ဦး၊ ဒဏ်ရာရသူ ၂၈၈ ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်ထက်စာရင် ၃၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ UNICEF ရဲ့ စစ်တမ်းကောက်ယူမှုမှာ တွေ့ရပါတယ်။

    ထိခိုက်သေဆုံးမှုမှာ ကလေးငယ်အရေအတွက်ဟာ ၃၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်ကထက်စာရင် ၂၆ ရာခိုင်နှုန်း မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ 

    Ref: The Star 

    https://www.thestar.com.my/aseanplus/aseanplus-news/2023/02/20/landmines-claiming-more-victims-in-myanmar