News @ M-Media

Blog

  • ဆော်ဒီက သမိုင်း၀င် အာကာသခရီး စေလွှတ်မည်

    ဆော်ဒီက သမိုင်း၀င် အာကာသခရီး စေလွှတ်မည်

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဥ်မှုးကို နိုင်ငံတကာအာကာသစခန်း (ISS) ကို စေလွှတ်ဖို့ ဆော်ဒီအာရေဗျက စီစဥ်နေပါတယ်။ 

    ရေယာနား ဘာရ်နာ၀ီဖြစ်ပြီး အခြား ဆော်ဒီအာကာသယာဥ်မှူး အလီ အလ်ကာရ်နီနဲ့အတူ ၂၀၂၃ ခုနှစ် နှစ်လည်လောက်မှာ ISS ကို သွားရမှာ ဖြစ်ပါတယ်။ 

    နိုင်ငံတကာ အာကာသစခန်းကို တစ်နိုင်ငံတည်းက အာကာသယာဥ်မှူးနှစ်ဦး သွားယောက်ခွင့်ရတဲ့ နိုင်ငံအနည်းငယ်စာရင်းမှာ ပါ၀င်ခွင့်ရမှာကြောင့် ဒီခရီးစဥ်ဟာ ဆော်ဒီအာရေဗျအတွက် သမိုင်း၀င်မယ့် ခရီးစဥ်လည်း ဖြစ်ပါတယ်။ 

    ဒီခရီးစဥ်ဟာ နိုင်ငံအတွင်းက လူ့စွမ်းအားအရင်းအမြစ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးကာ အာကာသလုပ်ငန်းက ရရှိမယ့် အခွင့်အလမ်းတွေကနေ လူသားထုကို အလုပ်အကျွေးပြုနိုင်ရေး ဆော်ဒီအာရေဗျရဲ့ စီမံကိန်းခြေလှမ်းတစ်ခုဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာန Saudi Press Agency က ဖော်ပြပါတယ်။ 

    ဆော်ဒီအာကာသကော်မရှင် (SSC) မှာ အာကာသယာဥ်မှူးတွေကို လေ့ကျင့်ပေးတဲ့ Saudi Human Spaceflight စီမံကိန်းရှိပြီး အမေရိကန်အာကာသကုမ္ပဏီ Axiom Space နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ 

    ရေယာနားနဲ့ အလ်ကာရ်နီတို့ဟာ ဒီစီမံကိန်းကနေ မွေးထုတ်ပေးလိုက်တဲ့ သူတွေပါ။ အလီ အလ်ဂမ်ဒီနဲ့ မရ်ယမ် ဖစ်ရ်ဒေါက်စ်ဆိုတဲ့  နောက်ထပ် အာကာသယာဥ်မှူးနှစ်ကိုလည်း လေ့ကျင့်သင်ကြားပေးနေပြီး နောက်ပိုင်းမှာ သူတို့နှစ်ဦးကို အာကာသခရီးစဥ်တွေ စေလွှတ်ဖို့ ရှိနေပါတယ်။ 

    SSC ဟာ ကိုယ်ပိုင် အာကာသ သုတေသနလုပ်ငန်း၊ အလားအလာရှိတဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ပေးတဲ့ စီမံကိန်း စတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။ 

    ဆော်ဒီ တော်၀င်မင်းသားဖြစ်ပြီး SSC ရဲ့ ပထမဆုံး ဥက္ကဌလည်းဖြစ်တဲ့ ဆူလ်တန် ဘင် ဆလ်မာန်ဟာ ၁၉၈၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က STS-51-G Space Shuttle အာကာသယာဥ်ရဲ့ အဖွဲ့၀င်တစ်ဦးအဖြစ် အာကာသကို လိုက်ပါခဲ့ဖူးပါတယ်။ 

    အဲဒီခရီးစဥ်ကြောင့် ဆူလ်တန်ဟာ အာကာသခရီးစဥ် သွားဖူးတဲ့ ပထမဆုံး အာရပ်လူမျိုး၊ ပထမဆုံး အစ္စလာမ်ဘာသာ၀င်၊ ပထမဆုံး တော်၀င်မိသားစု၀င်အဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    Ref: Arab News 

    (ဓာတ်ပုံ – ၀ဲမှ ယာ – မရ်ယမ် ဖစ်ရ်ဒေါက်စ်၊ ရေယာနား ဘာရ်နာ၀ီ၊ အလီ အလ်ကာရ်နီ၊ အလီ အလ်ဂမ်ဒီ)

  • တရုတ်စစ်တပ်က လေဆာနှင့်တိုက်ခိုက်သဖြင့် ဖိလစ်ပိုင် စစ်သားများ အမြင်အာရုံဆုံးရှုံး

    တရုတ်စစ်တပ်က လေဆာနှင့်တိုက်ခိုက်သဖြင့် ဖိလစ်ပိုင် စစ်သားများ အမြင်အာရုံဆုံးရှုံး

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -တောင်တရုတ်ပင်လယ်က အငြင်းပွား ရေပိုင်နက်အနီးမှာ တရုတ်ဖက်က လေဆာနဲ့ပစ်တာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့၀င်အချို့ ခေတ္တ အမြင်အာရုံဆုံးရှုံးသွားတယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင်က ထိန်းချုပ်ထားတဲ့ Second Thomas Shoal ကျွန်းအနီး ရေပြင်မှာ ဖေဖော်၀ါရီ ၆ရက်နေ့က တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စီး ၀င်လာတဲ့အတွက် ဖိလစ်ပိုင်ဖက်က ဟန့်တားဖို့ ကြိုးစားရာမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ 

    တရုတ်သင်္ဘောက အစိမ်းရောင်လေဆာနဲ့ နှစ်ချက်ထိုးခဲ့ပြီး မိမိတို့ စစ်သည်တစ်ချို့ ခေတ္တ အမြင်အာရုံဆုံးရှုံးခဲ့တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကွမ်မိုဒိုရီ အာမန် ဘာလီလိုက ပြောပါတယ်။ 

    တရုတ်ဖက်ကတော့ ဒီကိစ္စအတွက် ထုတ်ပြန်မှု မရှိသေးပါဘူး။ 

    ၂၀၂၂ ခုနှစ်အတွင်း တောင်တရုတ်ပင်လယ် အငြင်းပွားပိုင်နက်တွေမှာ တရုတ်ဖက်က ရန်လိုတဲ့ အပြုအမူကြောင့် သံတမန်သတိထောက်လွှာ အကြိမ် ၂၀၀ နီးပါး ပေးပို့ခဲ့ရတယ်လို့ ဖိလစ်ပိုင်က ဆိုပါတယ်။ တရုတ်ဖက်ကတော့ ဒီလုပ်ရပ်တွေကို ရပ်တန့်ခြင်း မရှိပါဘူး။ 

    တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ တောင်တရုတ်ပင်လယ် ထိပ်တိုက်တွေ့ဆုံမှုအတွင်း တရုတ်ဖက်က ပထမဆုံး အကြိမ် လေဆာနဲ့ တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။ 

    Ref: CNA 

  • မြ၀တီတွင် လူကုန်ကူးခံထားရသည့် မလေးရှားနိုင်ငံသားများကို ထိုင်းစစ်တပ်က ကူညီကယ်တင်

    မြ၀တီတွင် လူကုန်ကူးခံထားရသည့် မလေးရှားနိုင်ငံသားများကို ထိုင်းစစ်တပ်က ကူညီကယ်တင်

    ဖေဖော်၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အဓမ္မခိုင်းစေခြင်းခံရတဲ့ လူ ၅ ဦးကို ဖေဖော်၀ါရီလ အစောပိုင်းမှာ ကယ်တင်နိုင်ခဲ့တယ်လို့ မလေးရှား ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

    မြ၀တီမြို့ KK Gardens မှာ အဓမ္မခိုင်းစေခံနေရတာဖြစ်ပြီး ဖေဖော်၀ါရီ ၃ ရက်နေ့မှာ ထိုင်းစစ်တပ်က  ၀င်ရောက်ကယ်ဆယ်ပေးခဲ့တာ ဖြစ်ပါတယ်။  

    လူကုန်ကူးခံထားရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၂၅ နှစ်အထိ ရှိပြီး မလေးရှားနိုင်ငံသား မလေးလူမျိုး ၄ ဦးနဲ့ တရုတ်လူမျိုး ၁ ဦးတို့ ဖြစ်ပါတယ်။ ဒီအထဲမှာ အမျိုးသမီးတစ်ဦး ပါ၀င်ပါတယ်။

    လက်ရှိမှာ သူတို့ဟာ ဘန်ကောက်မြို့ကို ရောက်နေပြီး ဖေဖော်၀ါရီ ၁၅ ရက်နေ့ မလေးရှားနိုင်ငံကို ပြန်ရောက်မယ်လို့ ဆိုပါတယ်။ 

    ကနဦးက ၆ ဦးကို ကယ်တင်ဖို့ စီစဥ်ထားပေမယ့် အသက် ၃၃ အရွယ်အမျိုးသားတစ်ဦးဟာ ထိုင်းစစ်တပ်စောင့်နေတဲ့နေရာကို မလာနိုင်တာကြောင့် ကျန်ခဲ့တယ်လို့ မလေးရှား ကယ်ဆယ်ရေးအဖွဲ့ တာ၀န်ရှိသူ Sim Chon Siang က ပြောပါတယ်။ 

    အဲဒီအမျိုးသားဟာ လူကုန်ကူးခံရတာ တစ်နှစ်ကျော်ပြီဖြစ်ပြီး နှိပ်စက်ခံထားရတာတွေလည်းရှိတာကြောင့် နေထိုင်မကောင်းဖြစ်ကာ ချိန်းထားတဲ့နေရာကို မလာနိုင်တာဖြစ်မယ်လို့ Sim က ဆိုပါတယ်။ လက်ရှိမှာတော့ ထိုင်းစစ်တပ်က သူ့ကို ပြန်လည်ရှာဖွေနေပါတယ်။

    ထောင်ချီရှိနေ

    မလေးရှားရဲတပ်ဖွဲ့ဟာ ဇန်န၀ါရီ ၂၇ ရက်နေ့အထိ ကမ္ဘောဒီယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ လူကုန်ကူးခံရတဲ့ တိုင်ကြားမှုပေါင်း ၂၆၂ ခု ရရှိခဲ့ပြီး မလေးရှားနိုင်ငံသား ၃၃၆ ဦး ပါ၀င်ပါတယ်။ 

    Sim က မြ၀တီမြို့ KK Garden မှာတင် လူကုန်ကူးခံထားရတဲ့ မလေးရှားနိုင်ငံသား တစ်ထောင်ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ အများစုဟာ မလေးနိုင်ငံသား တရုတ်လူမျိုးတွေဖြစ်ပြီး မလေးနဲ့ အိန္ဒိယလူမျိုးတွေလည်း ပါ၀င်တယ်လို့ သူက ပြောပါတယ်။ 

    လူကုန်ကူးခံရသူအများစုဟာ ပညာအခြေခံအားနည်းကာ၊ ၀င်ငွေနည်းတဲ့ မိသားစုတွေကဖြစ်ပြီး စင်ကာပူ၊ ထိုင်းတို့မှာ လခကောင်းတဲ့ ဟိုတယ်အလုပ်၊ နည်းပညာအလုပ်တွေ ရမယ်လို့ လိမ်လည်သွေးဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

    နောက်ပိုင်းမှာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့က တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ရောင်းစားခံရပြီး ညှင်းပမ်းနှိပ်စက်မှုတွေလည်း ခံရတယ်လို့ Sim က ပြောပါတယ်။ 

    Ref New Straits Times

  • ညီမကိုဖယ်ထုတ်ပြီး သမီးကို ကင်ဂျုံအွန်က အာဏာအမွေ ပေးတော့မှာလား

    ညီမကိုဖယ်ထုတ်ပြီး သမီးကို ကင်ဂျုံအွန်က အာဏာအမွေ ပေးတော့မှာလား

    ဖေဖော်၀ါရီ ၁၀၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မြို့တော်ပြုံယမ်းမှာ ပြုလုပ်တဲ့ ဒုံးကျည်သစ် ပြပွဲအခမ်းအနားမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ဟာ သမီးဖြစ်သူ ထပ်မံ ပွဲထုတ်လာခဲ့ပါတယ်။ 

    အသက် ၁၀ နှစ်အရွယ် ကင်ဂျူအယ်ကို လူမြင်ကွင်းမှာ ပွဲထုတ်လာတာဟာ ၃ လအတွင်း ၅ ကြိမ်မြောက် ရှိလာပြီး ဓားထက်တယ်လို့ နာမည်ကြီးတဲ့ ညီမဖြစ်သူကို ဖယ်ထုတ်ကာ သမီးကို အာဏာအမွေပေးဖို့ ကင်ဂျုံအွန်က စီစဥ်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။ 

    ကင်ဂျုံအွန်မှာ သားသမီး ၃ ယောက်ရှိပြီး အကြီးဆုံးက သားဖြစ်ကာ၊ ကင်ဂျူအယ်က ဒုတိယမြောက်သမီးဖြစ်ပါတယ်။ ဂျူအယ်အောက်မှာ နောက်ထပ် သမီးတစ်ယောက် ရှိပါတယ်။ 

    ဂျူအယ်ကို ပြီးခဲ့တဲ့နှစ် နို၀င်ဘာ တိုက်ချင်းပစ်ဒုံးကျည်သစ် ပြပွဲအခမ်းအနားမှာ ပထမဆုံး ပွဲထုတ်လာတာပါ။ ဖခင်ကောင်းတစ်ယောက်ဖြစ်တယ်၊ မိသားစုဟာ ဒုံးကျည်တွေလိုပဲ အရေးပါတယ်လို ကင်ဂျုံအွန်က ကမ္ဘာကို ချပြလိုတဲ့ ရည်ရွယ်ချက် ရှိနိုင်ပါတယ်။  

    အဲဒီနောက်ပိုင်း နိုင်ငံရဲ့ထိပ်တန်းအခမ်းအနားတွေမှာ ဂျူအယ်ကို ဆက်တိုက် မြင်လာရတဲ့နောက်ပိုင်း ကမ္ဘာ့အလျှို့၀ှက်ဆုံး တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်အဖြစ် ကင်ဂျုံအွန်က လျာထားနေပြီလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။ 

    အခမ်းအနားတိုင်းမှာ ဂျူအယ်ဟာ ဖခင်ဖြစ်သူရဲ့ အနီးဆုံးမှာရှိနေပြီး၊ နိုင်ငံပိုင်မီဒီယာက ဂျူအယ်ကို ခေါ်၀ေါ်တဲ့ အသုံးအနှုန်းတွေကလည်း အနာဂတ်ခေါင်းဆောင်တစ်ဦးအဖြစ် ရည်ညွှန်းသလို ဖြစ်နေပါတယ်။ 

    ပထမဆုံး လူမြင်ကွင်းကို ထွက်လာတဲ့အချိန် နိုင်ငံပိုင်မီဒီယာက ကင်ဂျုံအွန်ရဲ့ ‘ချစ်လှစွာသောသမီး’ လို့ သုံးနှုန်းခဲ့ပြီး၊ အင်္ဂါနေ့ကလုပ်တဲ့ စစ်တပ်ရဲ့ ညစာစားပွဲမှာ ‘လေးစားရသော သမီး’ လို့ သုံးနှုန်းလာပါတယ်။ မြောက်ကိုရီးယားလိုနိုင်ငံမျိုးမှာ ဒီအသုံးအနှုန်းဟာ ကြည်ညိုထိုက်သူလို့ ယူဆရသူတွေကိုသာ ခေါ်ဆိုတာတာပါ။ 

    ကင်ဂျုံအွန်ကို အနာဂတ်ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း နိုင်ငံပိုင်မီဒီယာတွေက ‘လေးစားရသော ရဲဘော်’ လို့ သုံးနှုန်းခဲ့ပြီး ဂျူအယ်ကို ဒီအသုံးအနှုန်းနဲ့ ခေါ်ဆိုရင်တော့ နောက်တက်မယ့် ခေါင်းဆောင်ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်။

    အာဏာရှင် ကင်မိသားစု

    မြောက်ကိုရီးယားကို စတင်တည်ထောင်စဥ်ကစပြီး ကင်မိသားစုဟာ အာဏာဆုပ်ကိုင်အုပ်ချုပ်လာတာ မျိုးဆက် ၃ ဆက် ရှိနေပြီး လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်က စတုတ္ထမြောက် အာဏာရှင်မျိုးဆက် ဆက်လက်ရှင်သန်စေဖို့ ဆန္ဒရှိနေပါတယ်။ 

    ကင်ဂျုံအွန်တုန်းက အသက် ၈ နှစ်အရွယ်မှာ ဖခင် ကင်ဂျုံအီက သူ့ကိုဆက်ခံမယ့်သူအဖြစ် ကြေငြာခဲ့ပေမယ့် စစ်ခေါင်းဆောင်တွေရဲ့ လျို့၀ှက်အစည်းအ၀ေးမှာ ဖြစ်ပါတယ်။

    ကင်ဂျုံအွန်ကတော့ သူ့သမီးကို စောစောစီးစီးပဲ လူထုရှေ့ထုတ်ပြလာပါတယ်။ သူ့အဖေ ကင်ဂျုံအီ ရုတ်တရက် ကွယ်လွန်သွားပြီး အာဏာရပ်၀န်းကို ခက်ခက်ခဲခဲ တည်ဆောက်ရတဲ့ အခြေအနေမျိုး သူ့သမီးမှာမဖြစ်ရအောင် အခုကတည်းက စတင်ပုံသွင်းပေးထားတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးပါတယ်။ 

    မြောက်ကိုရီးယားမှာ ကင်မိသားစုကသာ အာဏာဆုပ်ကိုင်ပြီး အုပ်ချုပ်မင်းလုပ်ပိုင်ခွင့်ရှိတယ်လို့ ပြည်သူတွေကို ဦးနှောင်းကျင်းထားတာ ဖြစ်ပါတယ်။ 

    ဖို၀ါဒကြီးစိုးတဲ့ မြောက်ကိုရီးယားမှာ အမျိုးသမီးတစ်ယောက် တိုင်းပြည်ဦးဆောင်သူ ဖြစ်လာဖို့ မလွယ်ကူဘူးလို့ ယူဆတဲ့အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ထားတာလို့ ယူဆမှုတွေလည်း ရှိပါတယ်။ 

    NK News သတင်းဌာန မြောက်ကိုရီးယားအရေး လေ့လာဆန်းစစ်သူ ဂျိမ်းစ် ဖရတ်၀ဲလ်က အမျိုးသမီးတစ်ယောက်ကို ခေါင်းဆောင်အဖြစ်တင်ဖို့ မြောက်ကိုရီးယားလို အာဏာရှင်တိုင်းပြည်မှာ အခက်အခဲမရှိဘူးလို့ သုံးသပ်ပါတယ်။ 

    “မြောက်ကိုရီးယားဟာ မဟာဖို၀ါဒကြီးစိုးတဲ့ လူ့အဖွဲ့အစည်းဖြစ်သလို၊ ကင်မိသားစုကလည်း လူ့အဖွဲ့အစည်းကို လွှမ်းမိုးမှု ရှိပါတယ်။ ဒီထက်ပိုအရေးပါတာက သွေးပါ။ ကင်ဂျုံအွန်ရဲ့သမီးဖြစ်တယ်ဆိုတာနဲ့ပဲ  ဂျူအယ်ဟာ အနာဂတ်ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါပြီ။ ကင်မိသားစုထဲမဟုတ်တဲ့ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်လာမှသာ အံ့သြစရာ ဖြစ်မှာပါ”

    ဒါပေမယ့် လူထု၊ စစ်တပ်နဲ့ အာဏာရှင်ထိပ်တန်းအသိုင်းအ၀ိုင်းက ဂျူအယ်ကို လက်ခံလာအောင် ကင်ဂျုံအွန်က ကြိုးစားရပါလိမ့်မယ်။ 

    ဂျူအယ်တစ်ယောက် အနာဂတ် မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာမလားဆိုတာ အခုအချိန်မှာ ကံသေကံမ မပြောနိုင်သေးပေမယ့်၊ ကင်ဂျုံအွန်သာ ဆန္ဒရှိရင် ဖြစ်လာနိုင်မယ့် အလားအလာ ရှိနေတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ 

    Ref: BBC 

  • မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးကို အင်ဒိုနီးရှား ခန့်အပ်ဖွယ်ရှိ

    မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးကို အင်ဒိုနီးရှား ခန့်အပ်ဖွယ်ရှိ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၃

    M-Media 


    -၂၀၂၃ ခုနှစ် အာဆီယံဥက္ကဌအဖြစ် တာ၀န်ယူမယ့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးကို ခန့်အပ်ဖို့ စီစဥ်နေတယ်လို့ သတင်းထွက်လာပါတယ်။ 

    အသက် ၇၅ နှစ်အရွယ် လူဟွန် ပန်ဂျိုင်တန်ဆိုသူဖြစ်ပြီး အင်ဒိုနီးရှားအစိုးရမှာ ရေကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ၀န်ကြီးအဖြစ် တာ၀န်ယူထားပါတယ်။  

    ပန်ဂျိုင်တန်ဟာ အရင်က ကြယ် ၄ ပွင့် ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး သမ္မတ ဂျိုကို၀ီဒိုဒိုက သူ့အစိုးရထဲကို ထည့်သွင်းခဲ့တာပါ။ သူဟာ စီးပွားရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ 

    ဒီသတင်းနဲ့ပတ်သက်ပြီး ပန်ဂျိုင်တန်နဲ့ အင်ဒိုနီးရှားအစိုးရတို့ဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

    အာဆီယံဟာ မြန်မာ့အရေးကို ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ချဥ်းကပ်နေတာဖြစ်ပြီး အခုအချိန်အထိ အောင်မြင်မှု မရသေးပါဘူး။ 

    Ref: The Star