News @ M-Media

Blog

  • ကာဘာကျောင်းတော်ပုံစံ ဆော်ဒီ၏ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု ၀ေဖန်ခံနေရ

    ကာဘာကျောင်းတော်ပုံစံ ဆော်ဒီ၏ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု ၀ေဖန်ခံနေရ

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆော်ဒီက ထုတ်ပြခဲ့တဲ့ အနာဂတ်မြို့သစ်စီမံကိန်း အဆောက်အဦးဒီဇိုင်းနဲ့ပတ်သက်ပြီး အာရပ်ကမ္ဘာမှာ ၀ေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

    မြို့တော်ရီယာ့ဒ်ဆင်ခြေဖုံးမှာ ဖန်တီးမယ့် အဲဒီမြို့သစ်မှာ Al Mukaab (ကုဗတုံး) လို့ခေါ်တဲ့ ခေတ်ရှေ့ပြေးအဆောက်အဦးတစ်ခု ပါ၀င်မှာဖြစ်ပါတယ်။ 

    အမေရိကန်က Empire State Building အဆောက်အဦး အခု ၂၀ စာလောက်ကြီးမယ့် Al Mukaab မှာ လူနေအဆောက်အဦး၊ စီးပွားရေး လုငန်းတွေ၊ ရှော့ပင်းမောတွေ၊ ဟိုတယ်၊ ဖျော်ဖြေရေးစင်တာတွေ ပါ၀င်မှာပါ။

    ဒီမြို့သစ်ကို အနာဂတ် သိပ္ပံနဲ့ နည်းပညာမြို့တော်၊ အာကာသမြို့တော်အဖြစ် ရည်ရွယ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၀ေဖန်မှုရှိ

    ——-

    ဒါပေမယ့် Al Mukaab အဆောက်အဦးဟာ အစ္စလာမ်ဘာသာ၀င်တွေ အထွဋ်အမြတ်ထားတဲ့ မက္ကာမြို့က ကာဘာ၀တ်ကျောင်းတော်နဲ့ ပုံစံတူ ဖြစ်နေပါတယ်။ 

    ဒီအတွက် အာရပ်ကမ္ဘာက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ၀ေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

    ကာဘာ၀တ်ကျောင်းတော်ကို သေးသိမ်အောင်လုပ်တယ်၊ တစ်ကမ္ဘာလုံးက အစ္စလာမ်ဘာသာ၀င်တွေနဲ့ သက်ဆိုင်တဲ့ ၀တ်ကျောင်းတော်ကို ဆော်ဒီအာဏာပိုင်တွေက လက်၀ါးကြီးအုပ် အမြတ်ထုတ်သလို ဖြစ်နေတယ်ဆိုပြီး ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။ 

    ဘုရင် ဆလ်မန်၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့ ဦးဆောင်တဲ့ ဆော်ဒီအစိုးရဟာ ၂၀၃၀ ရည်မှန်းချက်ထားကာ ဆော်ဒီကို ဖွံဖြိုးတိုးတက်အောင် စီမံကိန်းချဆောင်ရွက်နေတာ ဖြစ်ပါတယ်။ 

    Ref: Doha News

  • အိန္ဒိယတွင် နွားချစ်သူများ၏ အကြမ်းဖက်သတ်ဖြတ်မှု တစ်ကျော့ပြန်ဖြစ်လာ

    အိန္ဒိယတွင် နွားချစ်သူများ၏ အကြမ်းဖက်သတ်ဖြတ်မှု တစ်ကျော့ပြန်ဖြစ်လာ

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၃

    M-Media 

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ်မှာ မွတ်စလင်အမျိုးသားနှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က နွားချစ်သူများအဖွဲ့ ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးထားပါတယ်။ 

    အသတ်ခံရသူနှစ်ဦးဟာ အိမ်နီးချင်း ရာဂျက်စသန်ပြည်နယ်ကဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ် အစောပိုင်းက ပျောက်သွားတာပါ။ ကားထဲမှာ မီးရှို့သတ်ခံထားရတဲ့ အလောင်းတွေကို ကြာသာပတေးနေ့က ဟာရ်ယာနာပြည်နယ်မှာ တွေ့ရှိခဲ့ရပါတယ်။ 

    ဒီသတ်ဖြတ်မှုအတွက် ဟိန္ဒူလက်ယာစွန်းရောက် နွားချစ်သူများအဖွဲ့ Bajrang Dal က ခေါင်းဆောင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ အခြား အဖွဲ့၀င် ၄ ဦးကိုလည်း ပြန်ပေးဆွဲမှု၊ လူသတ်မှုတို့နဲ့ အမှုဖွင့်ထားပါတယ်။ 

    ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရတဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း နွားချစ်သူအဖွဲ့တွေ ခေါင်းထောင်လာပြီး အမဲသားရောင်းတယ်၊ နွားတွေတင်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတွေကို ပြန်ပေးဆွဲ သတ်ဖြတ်တာတွေ အဖြစ်များလာပါတယ်။ 

    အထူးသဖြင့် ဟိန္ဒူဇာတ်နိမ့်တွေနဲ့ မွတ်စလင်တွေ ပစ်မှတ်ထားခံရတာပါ။

    ရာဂျက်စသန်ပြည်နယ်နဲ့ ဟာရ်ယာနာပြည်နယ်တွေဟာ အမဲသား ပိတ်ပင်ထားတဲ့ ပြည်နယ်တွေဖြစ်ပြီး လိုင်စင်ရှိမှ ရောင်းခွင့်ရှိတာ ဖြစ်ပါတယ်။ 

    ဒီဒေသတွေမှာ နွားချစ်သူတွေဟာ လိုင်စင်နဲ့ အမဲသားရောင်းသူတွေကို မကြာခဏ လိုက်လံနှောက်ယှက် တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ 

    Ref: AFP

  • လူ့အသက်ကယ်ခဲ့သည့် ခွေးလေးကို ကျေးဇူးတင်နေသည့် ဗလီဆရာ

    လူ့အသက်ကယ်ခဲ့သည့် ခွေးလေးကို ကျေးဇူးတင်နေသည့် ဗလီဆရာ

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တူရကီဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ 

    နိုင်ငံတောင်ပိုင်း ဂါဇီယန်တပ်က ငလျင်မှာ အဆောက်အဦး အုတ်ပုံတွေအကြား ပိတ်ပိနေတဲ့ မိသားစု၀င် ၃ ဦးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေးကို ကျေးဇူးတင်တဲ့အနေနဲ့ ထိပ်တန်း ဗလီဆရာတစ်ဦးက လက်ကို အနမ်းပေးနေတာ ဖြစ်ပါတယ်။ 

    ပြီးခဲ့တစ်ပတ်က တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၇၀၀၀ ကျော် ရှိလာပါပြီ။ 

    တူရကီမှာ ၃၁၆၄၃ ဦး သေဆုံးပြီး၊ ဆီးရီးယားမှာ ၅၈၁၄ ဦး သေဆုံးပါတယ်။ တစ်ပတ်ကျော်ရှိလာတဲ့အချိန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မကြာခင် ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • စစ်လက်နက် တင်ပို့ရောင်းချမှု ၃ ဆ မြင့်တက်အောင် အိန္ဒိယ ဆောင်ရွက်မည်

    စစ်လက်နက် တင်ပို့ရောင်းချမှု ၃ ဆ မြင့်တက်အောင် အိန္ဒိယ ဆောင်ရွက်မည်

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    -၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံရဲ့ စစ်လက်နက်တင်ပို့ရောင်းချမှုတန်ဖိုး ကန်ဒေါ်လာ ၅ ဘီလီယံကျော်ထိရှိအောင် ဆောင်ရွက်သွားမယ်လို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။ 

    အိန္ဒိယရဲ့ လက်နက်တင်ပို့မှုတန်ဖိုးဟာ လက်ရှိမှာ ၁.၅ ဘီလီယံရှိပြီး ၃ ဆ ကျော်တက်အောင် မိုဒီက ရည်ရွယ်နေတာဖြစ်ပါတယ်။ 

    မနေ့က Aero India Show လေကြောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ မိုဒီက အိန္ဒိယ စစ်လက်နက်ထုတ်လုပ်မှုလုပ်ငန်းရဲ့ အောင်မြင်မှုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    ၅ ရက်ကြာမြင့်မယ့် ဒီလေကြောင်းပြပွဲမှာ အိန္ဒိယဟာ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ကန်ဒေါ်လာ ၉ ဘီလီယံဖိုး စစ်လက်နက်ရောင်းချရေးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ 

    အရင်က ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ အိန္ဒိယဟာ လက်ရှိအချိန်မှာ တင်ပို့ရောင်းချတဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံလောက်ကို လက်နက်တွေ တင်ပို့နေပါတယ်။ 

    တင်ပို့တဲ့ စစ်လက်နက် ပစ္စည်းတွေထဲမှာ Dhruv ရဟတ်ယာဥ်တွေ၊ BrahMos ဒုံးကျည်တွေ၊ Tejas လို အပေါ့စား တိုက်ပွဲ၀င် တိုက်လေယာဥ်တွေ ပါ၀င်ပါတယ်။ 

    Ref: Arab News 

  • စီးပွားရေးတွင် ရေနံအပေါ်မှီခိုနေရမှုကို အာရပ်နိုင်ငံများ လျှော့ချလာနိုင်

    စီးပွားရေးတွင် ရေနံအပေါ်မှီခိုနေရမှုကို အာရပ်နိုင်ငံများ လျှော့ချလာနိုင်

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    ကုန်ထုတ်လုပ်မှုလုပ်ငန်း အဓိကတည်ရှိရာ ယူအေအီးနိုင်ငံ ရှာဂျာမြို့

    -နိုင်ငံစီးပွားရေး ရေနံအပေါ်မှီခိုနေရမှုကို လျှော့ချနိုင်ရေး ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုမှာ တိုးတက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောပါတယ်။ 

    ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု၊ နည်းပညာကဏ္ဍ ချဲ့ထွင်မှု၊  အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ခရီးသွားလုပ်ငန်းတိုးချဲ့မှုတွေကို ပင်လယ်ကွေ့နိုင်ငံတွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ အဓိကထား လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ 

    “ငွေကြေးတန်ဖိုး ဘယ်လိုမြှင့်တင်ရမလဲ၊ ငွေကြေးကို ဘယ်လို စီမံသုံးစွဲရမလဲဆိုတာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ မရပ်မနား လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်” လို့ IMF အကြီးအကဲ ခရစ္စတီးနား ဂျော်ဂျီဗာက မနေ့က ဒူဘိုင်းမှာပြုလုပ်တဲ့ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့တစ်နှစ်အတွင်း ပင်လယ်ကွေ့ဒေသမှာ ဆော်ဒီက ရေနံမဟုတ်တဲ့ စီးပွားရေး အမြန်ဆုံးတိုးတက်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ ဆော်ဒီဟာ ဒေသတွင်း စီးပွားရေးအကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ 

    ဘက်ပေါင်းစုံ စီးပွားရေးလုပ်ငန်းတွေရှိတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) က အခွန်မူ၀ါဒ၊ နိုင်ငံခြား အလုပ်သမားဆိုင်ရာ မူ၀ါဒတွေကို ပြုပြင်ပြောင်းလဲခဲ့ပြီး ကုန်ထုတ်လုပ်ရေး၊ နည်းပညာနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေး ဖက်မှာ ရင်းနှီးမြှုပ်နှံမှု အမြောက်အများပြုလုပ်လာပါတယ်။ 

    ခရစ္စတီးနားက အာရပ်နိုင်ငံတွေဟာ ရေနံနဲ့ ဓာတ်ငွေ့စျေး တက်ဖို့ပဲ လုပ်တတ်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ မမှန်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Arab News