News @ M-Media

Blog

  • ခေါင်းဆောင်ကြီးအား လုပ်ကြံရန်ကြံစည်မှုမှာ စစ်ကြေငြာခြင်းဟု မြောက်ကိုရီးယားပြော

    ခေါင်းဆောင်ကြီးအား လုပ်ကြံရန်ကြံစည်မှုမှာ စစ်ကြေငြာခြင်းဟု မြောက်ကိုရီးယားပြော

    မေ ၁၂၊ ၂၀၁၇
    M-Media

    – စီအိုင်အေက ကျောထောက်နောက်ပြုထားပြီး ပြီးခဲ့သည့်လက ဆောင်ရွက်ခဲ့သည့် ခေါင်းဆောင် ကင်ဂျုံအန်အား ဇီဝဓာတုလက်နက်ဖြင့် လုပ်ကြံရန် ကြံစည်မှုတွင် ပါဝင်ခဲ့သူတိုင်းကို လွှဲပြောင်းပေးအပ်ရန် တောင်းဆိုသွားမည်ဟု မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဟန်ဆွန်ရိုလ်က ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က နိုင်ငံရပ်ခြားသံတမန်များနှင့် မြို့တော်ပြုံးယမ်၌ တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး စီအိုင်အေနှင့် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက မြောက်ကိုရီးယား အမျိုးသားတစ်ဦးကို လာဘ်ပေးကာ၊ အကျပ်ကိုင်၍ ကင်ဂျုံအန်အား လုပ်ကြံမှုတွင် ပါဝင်ရန် ဆောရွက်ခဲ့ကာ မြောက်ကိုရီးယား နိုင်ငံတော် လုံခြုံရေးဌာနက ဟန့်တားနိုင်ခဲ့သည်ဟု ရှင်းပြခဲ့သည်။

    ထို့ပြင် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကလည်း ယမန်နေ့နှောင်းပိုင်းတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ကာ ကင်အား လုပ်ကြံရန် ကြိုးပမ်းမှုမှာ ‘စစ်ကြေငြာခြင်း’ ဖြစ်ကြောင်း၊ မြောက်ကို ‘ရီးယားပြည်သူများအားလုံး ယုံကြည်ကိုးစားသည့် စိတ်ခွန်အားကို’ ထိခိုက်စေရန်၊ မြောက်ကိုရီးယား၏ ‘နေမင်းကြီးကို မှေးမှိန်သွားစေရန်’ ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    အဆိုပါ ကြေငြာချက်နှင့်ပတ်သက်၍ စီအိုင်အေနှင့် အိမ်ဖြူတော်တို့က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ တောင်ကိုရီးယား ထောက်လှမ်းရေးကလည်း အဆိုပါစွပ်စွဲမှုမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့သည်။

    ခေါင်းဆောင် ကင်ဂျုံအန်အား အမေရိကန်က ဦးဆောင်ပြီး လုပ်ကြံရန် ကြိုးစားမှုများ ရှိခဲ့သည့် မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ပြီးခဲ့သည့် သတင်းပတ်မှ စတင်ကာ အကြိမ်ကြိမ် ဖော်ပြခဲ့သည်။

    လုံခြုံရေးဝန်ကြီးဌာနကလည်း ထိုကြံစည်မှုတွင် ပါဝင်သူတိုင်းကို ချေမှုန်းသွားမည်ဖြစ်ပြီး ‘နိုင်ငံတော်က စီစဉ်သည့် အကြမ်းဖက်မှု’ ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ၂၀၂၆ ကမ္ဘာ့ဖလားမှစ၍ အာဖရိကတိုက်က အလိုအလျောက်ဝင်ခွင့် ၉ နေရာ ရမည်

    ၂၀၂၆ ကမ္ဘာ့ဖလားမှစ၍ အာဖရိကတိုက်က အလိုအလျောက်ဝင်ခွင့် ၉ နေရာ ရမည်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – ၂၀၂၆ ခုနှစ်မှစ၍ ကမ္ဘာ့ဖလားကို ၄၈ သင်းအထိ တိုးချဲ့မှုတွင် အာဖရိကတိုက်အတွက် အလိုအလျောက်ဝင်ခွင့် နောက်ထပ် ၄ နေရာပေးရန် ဖီဖာကောင်စီက အင်္ဂါနေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် အာဖရိကတိုက်မှာ အလိုအလျောက်ဝင်ခွင့် ၅ နေရာ ရထားသောကြောင့် စုစုပေါင်း ၉ နေရာဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် ခြေစစ်ပွဲအဆင့် ၆ နိုင်ငံ paly-off ကစားမှုတွင် အာဖရိကတစ်နိုင်ငံက ပါဝင်ရမည်ဖြစ်သည်။

    ပြိုင်ပွဲဝင်အသင်းအရေအတွက် ၃၂ နေရာမှ ၄၈ နေရာ တိုးသည့်အခါ မည့်သည့်တိုက်များကို နေရာ မည်မျှခွဲပေးရမည်ဆိုသည်နှင့် ပတ်သက်၍ ဖီဖာကောင်စီဗျူရိုက မတ်လ ၃၀ ရက်နေ့တွင် ကနဦးအဆိုပြုချက် ပြုလုပ်ခဲ့သည်။

    အဆိုပါ ၄၈ နေရာတွင် ယခင် ၁၃ နေရာ ရရှိသည့် ဥရောပတိုက်ကို တိုက်ရိုက်ဝင်ခွင့် ၁၆ နေရာ၊ ယခင် ၃ နေရာခွဲ ရရှိထားသည့် မြောက်အမေရိကနှင့် အလယ်အမေရိကအတွက် ၆ နေရာ၊ ၄ နေရာ ရရှိထားသည့် အာရှအား ၉ နေရာ၊ ၄.၅ နေရာ ရရှိထားသည့် တောင်အမေရိကအား ၆ နေရာ၊ ၀.၅ နေရာ ရရှိထားသည့် သမုဒ္ဒရာပိုင်းဇုန်အတွက် ၁ နေရာပေးထားပြီး နောက်ဆုံး ၂ နေရာကို ၆ သင်း paly-off ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

    ၂၀၂၆ ခုနှစ်တွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၄၈ သင်းအထိ တိုးချဲ့ယှဉ်ပြိုနိုင်ရေးအတွက် ဖီဖာက ဇန်န၀ါရီတွင် မဲပေးအတည်ပြုခဲ့သည်။

    Ref: BBC

  • ဗာတီကန်နှင့် သံတမန်ဆက်ဆံရေး မြန်မာက ဘာအမြတ်ထွက်နိုင်သလဲ

    ဗာတီကန်နှင့် သံတမန်ဆက်ဆံရေး မြန်မာက ဘာအမြတ်ထွက်နိုင်သလဲ

    မေ ၁၁၊ ၂၀၁၇
    M-Media

    – မေလ ၄ ရက်နေ့က မြန်မာနဲ့ ဗာတီကန်တို့အကြား တရားဝင် သံတမန်ဆက်သွယ်ရေး တည်ဆောက်ဖို့အတွက် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ ရောမမှာ တွေ့ဆုံပြီးနောက်ပိုင်း ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ ဒီလို ကြေငြာလိုက်တဲ့ တစ်ခဏဟာ မြန်မာနိုင်ငံက ခန်းမှန်းချေ ၇ သိန်းသော ကက်သလစ်ဘာသာဝင်တွေ (မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်းကျော်) အတွက်သာမက၊ နိုင်ငံအတွင်း လူမျိုးစုတွေအကြား ငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက်ပါ ထူးခြားမှုလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံနဲ့ ဒီလို သင့်မြတ်သွားတာဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လက်ထက် အာရှနဲ့ ဆက်သွယ်မှု ပြန်လည်ဆန်းသစ်ရေး အစီအစဉ်ကို ရောင်ပြန်ဟပ်တာလည်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၄ ခုနှစ်က တောင်ကိုရီးယားကို သွားရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ သီရိလင်္ကာ၊ ဖိလစ်ပိုင်တို့ကို သွားရောက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဗီယက်နမ်သမ္မတ ထရန် ဒိုင် ကွမ်နဲ့ ဗာတီကန်မှာ တွေ့ဆုံခဲ့ပြီး ဒီနှစ်နှောင်းပိုင်းမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကိုလည်း သွားဖို့ ရှိပါတယ်။ လက်ရှိ ပုပ်ရဟန်းမင်းကြီးဟာ ဂိုးဏ်အုပ်ဘုန်းတော်ကြီး ခန့်အပ်ရေး ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ သဘောထားကွဲလွဲမှုကို ဖြေရှင်းဖို့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်နေပါတယ်။ နောက်ထပ်ခြေလှမ်းတစ်ခုက မြန်မာနိုင်ငံအနေနဲ့ ဗာတီကန်မှာ သံတမန်ခန့်အပ်ဖို့ ဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးကလည်း Apostolic Nuncio လို့ခေါ်တဲ့ သံတမန်တစ်ဦးကို မြန်မာနိုင်ငံမှာ ခန့်အပ်မှာဖြစ်ပါတယ်။ အခုအချိန်အထိ ဗာတီကန်ဟာ Apostolic Delegate ကိုယ်စားလှယ်ဖြစ်တဲ့ ဘန်ကောက်အခြေစိုက် သံတမန် ဂိုးဏ်အုပ်ဘုန်းတော်ကြီး Paul Tschang In-Nam နေတစ်ဆင့် မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဂိုးဏ်အုပ်ဘုန်းတော်ကြီး Paul Tschang In-Nam ဟာ ဗာတီကန်နဲ့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားတို့ရဲ့ သံတမန်ဆက်ဆံရေးကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။ Nuncios နဲ့ မတူတာက Apostolic Delegate ဟာ အစိုးရနဲ့ တရားဝင် ဆက်ဆံရေး ရှိတာမျိုးမဟုတ်ဘဲ ကက်သလစ်အသင်းတော်ဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရတာပါ။

    အခုလို ပုံမှန်ဆက်ဆံရေးက ဗာတီကန်၊ ကမ္ဘာ့ ကက်သလစ်အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမှာဖြစ်ပြီး၊ တိုင်းရင်းသားလူနည်းစု အများအပြားပါဝင်တဲ့ မြန်မာနိုင်ငံက ခရစ်ယာန်တွေနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်လာမယ့် အလားအလာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကက်သလစ်ခရစ်ယာန်အသင်းတော်နယ်ပယ် ၁၆ ခုရှိပြီး အဲဒီအထဲက ၁၅ ခုဟာ ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဆွးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအ၀င် တိုင်းရင်းသားလူနည်းစုတွေအတွက် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဗာတီကန်နဲ့ ဆက်ဆံရေးနီးကပ်လာမှုကြောင့် ရခိုင်ပြည်နယ်က လူမျိုးစုတစ်စုဖြစ်ပြီး အစိုးရက တရာမ၀င် ၀င်ရောက်အခြေချသူတွေဖြစ်တယ်လို့ ကြေငြာထားတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးထံကနေ မြန်မာနိုင်ငံက ပိုမိုကြားရဖို့ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ချို့က လူမျိုးကြီးဝါဒသဘောထားကို မီးထိုးပေးမှု တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှုဟာ နိုင်ငံတကာရဲ့ ဝေဖန်ရှုချမှုကို ခံခဲ့ရပါတယ်။ ရိုဟင်ဂျာတွေ စနစ်တကျ ညှင်းပမ်းနှိပ်စက်ခံနေရတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ဝန်ခံတာမျိုး မရှိတာ၊ ရခိုင်ပြည်နယ်ကို ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ ထောက်ခံမှု မရှိတာကလည်း စိတ်ပျက်မှု၊ ဝေဖန်မှုတွေကို ပိုမို ထင်ရှားလာစေပါတယ်။

    ပြောင်းရွှေ့အခြေချသူတွေကို ကာကွယ်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆော်သြသူ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်လို့ ကုလက အစီရင်ခံစာတစ်ခု ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ရိုဟင်ဂျာတွေနဲ့ တစ်သားတည်းရှိကြောင်း စကားလုံးပြင်းပြင်းနဲ့ ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

    “(ရိုဟင်ဂျာတွေဟာ) မြန်မာနိုင်ငံက မောင်းထုတ်ခံရတယ်။ ဘယ်သူကမှ လက်မခံချင်တာကြောင့် တစ်နေရာကနေတစ်နေရာကို သွားနေရတယ်။ သူတို့ဟာ လူကောင်းသူကောင်းတွေ၊ ငြိမ်းချမ်းတဲ့သူတွေ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်ပါတယ်။ သူတို့ ညှင်းပမ်းခံရတယ်။ အသတ်ခံရတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ရဲ့ ရိုးရာဓလေ့ထုံးစံ၊ သူတို့ရဲ့ ဘာသာသာသနာကို လက်ခံကျင့်သုံးကြလို့ပါ” လို့ ပုပ်ရဟန်းမင်းကြီးရဲ့ ဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ရောမမှာ တွေ့ဆုံမှုမှာလည်း ပုပ်ရဟန်းမင်းကြီးက ဇန်န၀ါရီ ၁ ရက်နေ့ ‘ကမ္ဘာ့ငြိမ်းချမ်းရေးနေ့’ အတွက် ထုတ်ပြန်ခဲ့တဲ့ ‘Nonviolence: a Style of Politics for Peace’ (အကြမ်းမဖက်မှု – ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပုံစံတစ်ခု) ဆိုတဲ့ စာလွှာကို ပြသခဲ့ပါတယ်။ ခရစ်တော်ရဲ့ ‘ရန်သူကိုချစ်ပါ’ ဆိုတဲ့ သွန်သင်ချက်နဲ့ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေး ဆက်သွယ်မှုကို ဖော်ပြထားတဲ့ ဒီစာဟာ ကက်သလစ်အသင်းတော်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်နိုင်စွမ်းတွေအတွက် ကြေငြာတစ်ခုလည်း ဖြစ်ပါတယ်။ေ   နာက်ပြီး အသင်းတော်အနေနဲ့ ‘တက်ကြွပြီး ဆန်းသစ်သည့် အကြမ်းမဖက်ရေး နည်းလမ်းမှတစ်ဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းမှုတိုင်းတွင်’ ပါဝင်ကူညီသွားမယ်လို့လည်း ကတိပြုထားကာ ဗာတီကန်ရဲ့ အုပ်ချုပ်ရေး ဌာနခွဲတစ်ခုဖြစ်တဲ့ ‘အဓိကလူ့စွမ်းအားတိုးတက်မှု မြှင့်တင်ရေး ဌာန’ ဟာ လက်ရှိမှာ အလုပ်တွေကို စတင်လုပ်ဆောင်နေတယ် ဆိုတာကိုလည်း ကြေငြာခဲ့ပါတယ်။ ဒီဌာနဟာ (ပြောင်းရွှေ့အခြေချသူတွေနဲ့ သက်ဆိုင်တာ အပါအ၀င်) ကသလစ်အယူဝါဒရဲ့ လူမှုရေးဆိုင်ရာ သင်ကြားမှုတွေကို မြှင့်တင်၊ အကောင်အထည်ဖော်ရေးအတွက် ဗာတီကန်က အုပ်ချုပ်ရေးဌာနတွေ တော်တော်များများ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ကာ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးနေတဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး တည်ဆောက်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုပ်ရဟန်းမင်းကြီး ပေးလိုက်တဲ့ သတင်းစကားက ရှင်းပါတယ် – ကက်သလစ်အသင်းတော်ဟာ အကြမ်းမဖက်တဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံကို ကူညီဖို့ အဆင်သင့်ရှိနေတယ် ဆိုတာပါပဲ။

    မြန်မာနိုင်ငံက ကက်သလစ်ခေါင်းဆောင်ပိုင်းကလည်း အကြမ်းမဖက် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပါဝင်ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာဆိုရင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရန်ကုန်မြို့က ဂိုးဏ်အုပ်ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုကို နိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်အဖြစ် ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင် အသိုင်းအ၀ိုင်း၊ နိုင်ငံရဲ့ တိုင်းရင်းသားလူနည်းစု၊ ဘာသာပေါင်းစုံချစ်ကျည်ရေး လိုအပ်ချက် စတာတွေကို အာရုံစိုက်မှု ရရှိစေခဲ့ပါတယ်။ လူများစု ဗမာတိုင်းရင်းသားထဲကဖြစ်တဲ့ ကာဒီနယ်ဘိုဟာ ဒေသတစ်ချို့က အမျိုးသမီးတွေ ‘သားဆက်ခြား’ ဖို့၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးနဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေ အိမ်ထောင်ပြုမှုအတွက် သီးသန်းစာရင်းသွင်းတာမျိုး လုပ်ဖို့၊ ဘာသာကူးပြောင်းမှု ကန့်သတ်တာတွေလုပ်ဖို့ သတ်မှတ်ထားပြီး နိုင်ငံကအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းကို ရည်ရွယ်တယ်လို့ ယူဆရတဲ့ ၂၀၁၅ ခုနှစ် ‘အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေ’ မှာ ပါဝင်တဲ့ အပိုဒ်တွေ အပါအ၀င် လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာမျိုးကို ရှုတ်ချခဲ့ပါတယ်။ နောက်ပြီး ကာဒီနယ်ဘိုဟာ ‘အားလုံးအတွက် တရားမျှတမယ့် မြန်မာနိုင်ငံသစ်ကိုပြန်လည် စိတ်ကူးပုံဖော်ကြဖို့’ လည်း မြန်မာခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ဧပြီလ ၂၆-၂၇ ရက်နေ့တွင်မှာ ကာဒီနယ်ဘိုဟာ ရန်ကုန်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ညီလာခံကို စီစဉ်ကျင်းပခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်နဲ့ ဟိန္ဒူခေါင်းဆောင်တွေ၊ အစိုးနဲ့ အရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ စုစုပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ တက်ရောက်လာကြသူတွေက ဘာသာတရားဟာ အောက်ခြေ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းတွေကို ဘယ်လို ပျိုးထောင်နိုင်လဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ လွှမ်းမိုးမှုနဲ့ ပြုလုပ်မယ့် ဒီလှုပ်ရှားမှုတွေဟာ အကြမ်းဖက်လိုတဲ့ လူမျိုးကြီးဝါဒ သဘောထားကို ဖြေလျော့မှု၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအတွက် အရှိန်အဟုန်ကို ထိန်းသိမ်းရာမှာ အကူအညီ ဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေ၀င်း ပြည်သူပိုင်သိမ်းခဲ့တဲ့ ကက်သလစ် သာသနာပြုကျောင်းတွေ ပြန်ပေးရေး အစိုးရကို တောင်းဆိုမယ့် အသင်းတော်ရဲ့ အစီအစဉ်ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ကက်သလစ်နဲ့ ကက်သလစ်မဟုတ်သူတွေကိုပါ ပညာသင်ကြားပေးတဲ့ ဒီကျောင်းတွေဟာ ပညာရေးကနေတစ်ဆင့် ဆင်းရဲမွဲတေမှုကို လျော့ချပေးနိုင်ပြီး၊ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ မတူညီကွဲပြားစွာ ညီညွတ်မှု၊ ယဉ်ကျေးမှုတွေအကြား လေးစားမှုတွေ နှလုံးသွင်းနိုင်ဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါပမယ့် ဗာတီကန်ဟာ နိုင်ငံငယ်လေးဖြစ်ပြီး မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင်တွေကလည်း မဆိုစလောက်သာဖြစ်ပေမယ့် နှစ်နိင်ငံအကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးဟာ လူမျိုးစုတွေအကြား ငြိမ်းချမ်းရေးဆီကို လျှောက်လှမ်းနိုင်မယ့် လမ်းကြောင်းသစ်တစ်ခု ဖန်တီးနု
ိင်မှာ ဖြစ်ပါတယ်။

    Ref : The Diplomat

    (The Diplomat တွင် ဖော်ပြထားသည့် A New Chapter in Myanmar-Vatican Relations ဆောင်း
    ပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံကို Space X စမ်းသပ်အောင်မြင်

    ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံကို Space X စမ်းသပ်အောင်မြင်

    မေ ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန် အာကာသဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Space X ဟာ ကမ္ဘာ့ အားအကောင်းဆုံး ဒုံးပျံတစ်ခုရဲ့ အင်ဂျင်ပိုင်းဆိုင်ရာ စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ဖို့အတွက် သူတို့ရဲ့ စီမံကိန်းမှာ ရှေ့တစ်လှမ်း တိုးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။

    Falcon Heavy လို့အမည်ပေးထားတဲ့ အဲဒီဒုံးပျံရဲ့ မြေပြင်မှပျံတက်အားဟာ ဘိုးအင်း ၇၄၇ လေယာဉ် ၁၈ စီးရဲ့ စွမ်းအင်နဲ့ ညီမျှပြီး ဒီနှစ်နွေရာသီနှောင်းပိုင်းမှာ လက်တွေ့ လွှတ်တင်စမ်းသပ်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

    ဒီ ဒုံးပျံဟာ လက်ရှိ နိုင်ငံတကာ အာကာသစခန်းကို ပစ္စည်းတွေပို့ရာမှာ အသုံးပြုနေတဲ့ Falcon 9 ကို အကြီးအကျယ် အဆင့်မြှင့်တင်ထားတာဖြစ်ပြီး မြေပြင်က ထွက်ခွာအားကတော့ ပိုကောင်းလာကာ ကမ္ဘာပတ်လမ်းကြောင်းကို အလေးချိန် ပေါင် ၁ သိန်း ၄ သောင်း၊ အင်္ဂါဂြိုဟ်ကို ပေါင် ၃၇၀၀၀ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    အင်္ဂါနေ့က Space X ဟာ တက္ကဆက်ပြည်နယ်က သူတို့ရဲ့ ကုမ္ပဏီဝင်းမှာ Falcon Heavy ဒုံးပျံရဲ့ အင်ဂျင်စမ်းသပ်မှု ဗီဒီယိုကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ကုမ္ပဏီပိုင်ရှင် အေလွန် မက်စ်က ဒီ ဒုံးပျံကို ၂၀၁၃ ခုနှစ်မှာ ထုတ်ပြမယ်လို့ ပြောကြားထားပေမယ့် အခုမှ ထွက်ပေါ်လာတာပါ။

    အခု ဒုံးပျံအသစ်နဲ့ ၂၀၁၇ ခုနှစ်မှာ လကမ္ဘာကို ခရီးသွား ၂ ဦး ပို့ဆောင်ပေးဖို့ Space X က စီစဉ်ထားပြီး၊ အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ရေး စီမံကိန်းအတွက် ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။

    Ref: RT

  • ရို့စ်ဟင် ခန်း (သို့မဟုတ်) ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး ရေငုပ်နည်းပြ

    ရို့စ်ဟင် ခန်း (သို့မဟုတ်) ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး ရေငုပ်နည်းပြ

    မေ ၁၁၊ ၂၀၁၇
    M-Media

    – ‘ချူရ်နာကျွန်းရဲ့ ရေသူမ’ လို့ တင်စားခြင်းခံရတဲ့ ရို့စ်ဟင် ခန်းဟာ ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော ရေငုပ်နည်းပြ ဖြစ်ပါတယ်။

    scuba-diving လို့ခေါ်ပြီး အသက်ရှုကိရိယာနဲ့ ပင်လယ်ရေအောက်ထဲမှာ ရေငုပ်ကြည့်ရှုတဲ့ ဒီပညာရပ်ကို ခန်းတစ်ယောက် Karachi Scuba Diving Center မှာ အလုပ်လုပ်စဉ် ဆယ်ကျော်သက်အရွယ်ကတည်းက စွဲလန်းခဲ့တာပါ။ ဒီစင်တာမှာ တွေ့ဆုံခဲ့တဲ့ သူ့ရဲ အလုပ်ရှင် ယူဆွဖ်အလီဟာ နောက်ပိုင်းမှာ သူ့ကို
    ရေငုပ်နည်းစနစ်တွေ သင်ပေးခဲ့ပါတယ်။

    ရို့စ်ဟင်ခန်းရဲ့ ဘ၀စွန့်စားခန်းတွေအကြောင်း ရိုက်ကူးပုံဖော်ထားထဲ့ Limitless မှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့တဲ့ စနေနေ့က ကရာချီမှာ ပြသခဲ့ပါတယ်။

    ဒါရိုက်တာ မနီရာ အဟ်မဒ်က ဒီ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရတာဟာ ပါကစ္စတန်မှာ ရှိနေတဲ့ သမရိုးကျ အမြင်တွေကို ပယ်ဖျက်ဖို့နဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး ရှေ့ဆက်နိုင်ရေး အမျိုးသမီးတွေကို အားပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    မှတ်တမ်းရုပ်ရှင် ပြသပွဲအပြီး ပရိတ်သတ်တွေနဲ့ တွေ့ဆုံမှုမှာ ရို့စ်ဟင်ခန်းက ရေငုပ်နယ်ပယ်ထဲကို ၀င်ရောက်လာတဲ့ အကြောင်းကို ပြောကြားခဲ့ပါတယ်။

    “ပထမဆုံး သူ (ယူဆွဖ်အလီ) က ကျွန်မ တကယ်ပဲ စိတ်ဝင်စားလာဆိုတာကို သိချင်တယ်။ အဲဒီတုန်းက ကျွန်မ ရေတောင်မကူးတတ်ပါဘူး။ ဒါပေမယ့် ကျွန်မကို အခြေခံ သင်ကြားမှု ပြုလုပ်ပေးပြီးတဲ့နောက်ပိုင်းမှာ ရေအောက် ပေ ၆၀ အထိ ကျွန်မကို ခေါ်သွားတယ်။ ဒါဟာ ကျွန်မအတွက် တော်တော် အံ့သြစရာကောင်းတဲ့ အတွေ့အကြုံပါ။ အပေါ်ကို ပြန်မတက်ချင်တော့ပါဘူး” လို့ ခန်းက ပြောပါတယ်။

    ဒါပေမယ့် ခန်းရဲ့ အောင်မြင်မှုကို လူတိုင်းက နှစ်မြို့ကြတာတော့ မဟုတ်ပါဘူး။ သူနဲ့အတူတူ ရေငုပ်ဖို့ မ၀ံ့ရဲတဲ့သူတွေ တော်တော်များများနဲ့ တွေ့ကြုံခဲ့ရသလို၊ မိသားစု ကိုယ်တိုင်ကလည်း အမျိုးသားတွေသာကြီးစိုးတဲ့ ဒီနယ်ပယ်မှာ အလုပ်လုပ်ဖို့အတွက် ခွင့်မပြုချက် မပေးခဲ့ပါဘူး။

    အခုအချိန်မှာတော့ ခန်းတစ်ယောက် ရေငုပ်ပညာရပ်ကို နိုင်ငံတကာအဆင့်မှာတောင် သင်ကြားပို့ချပေးနိုင်နေပြီ ဖြစ်ပါတယ်။

    Ref : Alarabiya