News @ M-Media

Blog

  • ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးက ဒုံးကျည်ဖြင့်ပစ်

    ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးက ဒုံးကျည်ဖြင့်ပစ်

    ဖေဖော်၀ါရီ ၄၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းက ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးတပ်ဖွဲ့တွေ ၀င်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    ဂျာရီချိုမြို့က အက္ကဘတ်ဂျဘာရ် ဒုက္ခသည်စခန်းဖြစ်ပြီး အစ္စရေးက တင့်ဖျက် ပဲ့ထိန်းဒုံးကျည်တွေပါ အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

    ဒဏ်ရာရသူတွေထဲမှာ နှစ်ဦးက စိုးရိမ်ရတဲ့ အနေအထားမှာရှိပြီး၊ အခင်းဖြစ်တဲ့နေရာမှာ လူနာတင်ယာဥ်၀င်ရောက်ခွင့်ကိုလည်း အစ္စရေးက ပိတ်ပင်ထားတယ်လို့ ပါလက်စတိုင်းလခြမ်းနီအဖွဲ့က ပြောပါတယ်။ 

    ဂျာရီချို့မြို့မှာ လူပေါင်း ၃၇၀၀၀ လောက်နေထိုင်ပြီး အစ္စရေးစစ်တပ်က ပိတ်ဆို့ထားတာ တစ်ပတ်လောက်ရှိပါပြီ။ တရားမ၀င် ဂျူးအခြေချအိမ်ယာမှာ ပစ်ခတ်မှု ပြုလုပ်သူတွေကို ဖမ်းဆီးဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်ကလည်း အနောက်ဖက်ကမ်းက ဂျီနင် ဒုက္ခသည်စခန်းမှာ အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၉ ဦး သေဆုံးခဲ့ပါတယ်။ 

    အခုနှစ်အတွင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ် ၆ ဦးနဲ့ အဖွားအိုတစ်ဦး ပါ၀င်ပါတယ်။ 

    Ref: Aljazeera

  • အားလုံးပါ၀င်မည့် နိုင်ငံတော်အဆင့်ဆွေးနွေးပွဲ ပေါ်ပေါက်ရန် အာဆီယံက လုပ်ဆောင်မည်

    အားလုံးပါ၀င်မည့် နိုင်ငံတော်အဆင့်ဆွေးနွေးပွဲ ပေါ်ပေါက်ရန် အာဆီယံက လုပ်ဆောင်မည်

    ဖေဖော်၀ါရီ ၃၊ ၂၀၂၃

    M-Media 

    -မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရာမှာ ပြည်တွင်းက အဖွဲ့စုံပါ၀င်တဲ့ ဆွေးနွေးညှိနှိုင်းရေးက အရေးပါတယ်ဆိုတာ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေ သဘောတူခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ပြောကြားလိုက်ပါတယ်။  

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေဟာ ဒီကနေ့ ဂျကာတာမှာ ၃၂ ကြိမ်မြောက် ညှိနှိုင်းအစည်းအ၀ေး ပြုလုပ်ခဲ့ကြတာပါ။ 

    မာဆူဒီက အစည်းအ၀ေးအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ကာ အားလုံးပါ၀င်နိုင်မယ့် ဆွေးနွေးပွဲတစ်ခု မြန်မာနိုင်ငံမှာ ပေါ်လာရေး ဆောင်ရွက်ဖို့ ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    “အားလုံးပါ၀င်တဲ့ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံက ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် သော့ချက်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်မှုလျှော့ချတာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လျင်လျင်မြန်မြန် အဟန့်အတားမရှိပေးနိုင်အောင် ကြိုးပမ်းတာတွေကနေလည်း ဒီလိုဆွေးနွေးပွဲဖြစ်လာနိုင်မယ့် ၀န်းကျင်မျိုး ဖန်တီးပေးရပါမယ်”

    အခုနှစ်အာဆီယံအလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာပြဿနာ ဖြေရှင်းရေးမှာ အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက် ၅ ချက်ကို စွဲကိုင်ထားတာ ဖြစ်ပါတယ်။ 

    မာဆူဒီက အင်ဒိုနီးရှားဟာ မြန်မာပြဿနာဖြေရှင်းရေး နည်းလမ်း ၃ ခုနဲ့ ချဥ်းကပ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

    “အားလုံးပါ၀င်မယ့် နိုင်ငံတော်အဆင့် ဆွေးနွေးပွဲ ဖြစ်လာဖို့ သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးရမှာက ပထမအဆင့် ဖြစ်ပါတယ်။ ကနဦး စေ့စပ်ဆွေးနွေးရမယ့် ကိစ္စကို သက်ဆိုသူတွေအားလုံးထံ မျှ၀ေထားပြီ ဖြစ်ပါတယ်”

    ဒုတိယအဆင့်က နိုင်ငံတော်အဆင့် ဆွေးနွေးမှုလုပ်ဆောင်ရေး လမ်းဖွင့်ပေးဖို့ဖြစ်ပြီး၊ တတိယအဆင့်က အာဆီယံအိမ်နီးချင်းနိုင်ငံတွေ၊ ကုလ၊ နိုင်ငံတာအသိုင်းတို့နဲ့ ပူးပေါင်းကာ ပြဿနာဖြေရှင်းရေး ဖြစ်တယ်လို့လည်း မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: CNA 

  • အမေရိကန်၏ ယူကရိန်းအကူအညီသစ်တွင် ရုရှားကို အထိနာစေမည့် လက်နက်များ ပါ၀င်

    အမေရိကန်၏ ယူကရိန်းအကူအညီသစ်တွင် ရုရှားကို အထိနာစေမည့် လက်နက်များ ပါ၀င်

    ဖေဖော်၀ါရီ ၁၊ ၂၀၂၃

    M-Media 


    -အမေရိကန်ဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၂ ထောင်ကျော်ဖိုးရှိမယ့် စစ်ရေးအကူအညီ ထပ်ပေးဖို့ ရှိနေပြီး အရင်က မပေးခဲ့ဖူးတဲ့ တာ၀ေးပစ်ဒုံးကျည်နစ်တွေ ပါ၀င်မှာ ဖြစ်ပါတယ်။ 

    ဒီအကူအညီကို အခုတစ်ပတ်အတွင်း သမ္မတက လူသိရှင်ကြားထုတ်ပြန်သွားမယ်လို့ အမေရိကန်အစိုးရ တာ၀န်ရှိသူတွေက ပြောပါတယ်။ 

    ပေးပို့မယ့် လက်နက်တွေမှာ နာမည်ကျော် ပက်ထရီယော့ ဒုံးခွင်းစနစ် အစိတ်အပိုင်းတွေ၊ ပဲ့ထိန်းဒုံးကျည်တွေ၊ ရုရှားတင့်ကားတွေကို အထိနာစေခဲ့တဲ့ ဂျာဗလင်တင့်ဖျက်ဒုံးတွေ ပါ၀င်မှာပါ။ 

    ကီလိုမီတာ ၁၅၀ (၉၄ မိုင်) အထိ ပစ်ခတ်နိုင်မယ့် GLSDB ဒုံးကျည်စနစ် အခုတစ်ခေါက်ပေးပို့မှုမှာ ပါ၀င်လာမှာဖြစ်ပြီး ရုရှားရဲ့ နောက်တန်းအထိ ပစ်ခတ်နိုင်မယ့် လက်နက်မျိုး ဖြစ်ပါတယ်။ အရင်က ဒီလိုလက်နက်မျိုး အမေရိကန်က မထောက်ပံ့ဖူးပါဘူး။ 

    အခုကူညီမှုကို အမေရိကန်အစိုးရက ဖွဲ့စည်းထားတဲ့ ယူကရိန်းကူညီရေးအဖွဲ့ (USAI) က ဦးဆောင်ပြုလုပ်တာပါ။ ဒီအဖွဲ့ဟာ အမေရိကန်စစ်တပ်မှာ ရှိနေတဲ့ လက်နက်တွေထက် ပြင်ပက လက်နက်တွေကို ၀ယ်ပေးတာဖြစ်ပါတယ်။

    အခုတစ်ခေါက်ကူညီမှုမှာ စစ်မြေပြင်ဆေးရုံ ၃ ရုံ တည်ဆောက်နိုင်မယ့် ဆေး၀ါးပစ္စည်းအစုံအလင်လည်း ပါ၀င်မှာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်၀ါရီ ၂၄ ရက်နေ့ ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အမေရိကန်က ရုရှားထံ ပေးပို့ခဲ့တဲ့ စစ်ရေးအကူအညီဟာ ကန်ဒေါ်လာ ၂၇.၂ ဘီလီယံဖိုး ရှိပြီဖြစ်ပါတယ်။ 

    Ref: Reuters 

  • မြန်မာစစ်တပ်၏ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား၍ အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူမှုလုပ်

    မြန်မာစစ်တပ်၏ လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထား၍ အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူမှုလုပ်

    ဖေဖော်၀ါရီ ၁၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်တပ် လက်နက်ရရှိအောင်၊ လေယာဥ်ဆီရရှိအောင်၊ ငွေကြေးအကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်လိုက်ပါတယ်။ 

    စစ်ခေါင်းဆောင်တွေ အုပ်စီးထားတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းနှစ်ခုနဲ့ လေတပ်က တာ၀န်ရှိသူတွေ ပိတ်ဆို့အရေးယူခံရတဲ့ စာရင်းထဲမှာ ပါ၀င်ပါတယ်။ 

    မြန်မာနိုင်ငံက လေယာဥ်စက်သုံးဆီလုပ်ငန်းကို လွှမ်းမိုးထားတဲ့ Asia Sun Group ကုမ္ပဏီကို ယူကေက ပစ်မှတ်ထား ပိတ်ဆို့ခဲ့ပြီး၊ ကနေဒါကလည်း မြန်မာစစ်တပ်က လေယာဥ်ဆီကို တိုက်ရိုက် ဒါမှမဟုတ် သွယ်၀ိုက်ရရှိနိုင်မယ့် လမ်းကြောင်းတွေကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    အာဏာသိမ်း မြန်မာစစ်တပ်ဟာ အခုနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်မှု တိုးမြှင့်ပြုလုပ်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာပါတယ်။ 

    မြန်မာစစ်တပ်အပေါ် အခုထပ်လုပ်တဲ့ ပိတ်ဆို့မှုအသစ်တွေမှာ သြစတေးလျနိုင်ငံလည်း ပါ၀င်ပါတယ်။ 

    လူ့အခွင့်အရေးအဖွဲ့ Amnesty International က စီးပွားရေးနဲ့ လူ့အခွင့်အရးဆိုင်ရာ သုတေသနပညာရှင် မွန့်ဆီ ဖာရီက လေယာဥ်ဆီရရှိမှုကို ပစ်မှတ်ထားတဲ့ အခုပိတ်ဆို့မှုအသစ်ကို ကြိုဆိုပြီး အခြားနိုင်ငံတွေလည်း ဒီလိုခြေလှမ်းမျိုး လှမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံတည်ရှိရေးကိုသာ အမေရိကန်က လက်ခံမည်

    အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံတည်ရှိရေးကိုသာ အမေရိကန်က လက်ခံမည်

    ဇန်န၀ါရီ ၃၁၊ ၂၀၂၃

    M-Media 


    -အစ္စရေးနဲ့ ပါလက်စတိုင်း ပြဿနာမှာ အရင်ကတည်းက ရှိခဲ့တဲ့ မူ၀ါဒအတိုင်း နှစ်နိုင်ငံယှဥ်တွဲတည်ရှိရေး အဖြေကိုသာ အမေရိကန်က လက်ခံမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။  

    အစ္စရေးမှာ ပါလက်စတိုင်းတည်ရှိရေးကို မလိုလားတဲ့ လက်ယာစွန်းရောက်တွေ ပိုမိုခေါင်းထောင်လာပြီး၊ အစ္စရေးအစိုးရကလည်း ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးအခြေချအိမ်ယာတွေ ပိုမိုဆောက်လုပ်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ 

    အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် အခုနှစ်ဇန်န၀ါရီအတွင်းမှာ အနည်းဆုံး ပါလက်စတိုင်း ၃၅ ဦး သေဆုံးခဲ့ပြီး ပါလက်စတိုင်းတွေဖက်ကလည်း လက်တုန့်ပြန်မှုတွေ ပြုလုပ်လာပါတယ်။ 

    သောကြာနေ့ အရှေ့ဂျေရုစလင်က တရားမ၀င်အခြေချအိမ်ယာမှာ နေထိုင်သူတွေကို ပါလက်စတိုင်းသေနတ်သမားတစ်ယောက်က ပစ်ခတ်မှုအတွင်း ၇ ဦး သေဆုံးခဲ့ပါတယ်။ 

    အစ္စရေးကိုရောက်နေတဲ့ ဘလင်ကန်က တင်းမာမှုတွေရပ်တန့်ဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပြီး၊ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ယှဥ်တွဲတည်ရှိရေး အဖြေကိုသာ အမေရိကန်က လက်ခံမယ်လို့ မနေ့က အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    ဘလင်ကန်ဟာ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ 

    Ref: Arab News