News @ M-Media

Blog

  • ဂျူးများကို စိတ်ထိခိုက်စေသည့်စကားအတွက် အိမ်ဖြူတော်အရာရှိ ပြန်လည်တောင်းပန်

    ဂျူးများကို စိတ်ထိခိုက်စေသည့်စကားအတွက် အိမ်ဖြူတော်အရာရှိ ပြန်လည်တောင်းပန်

    ဧပြီ ၁၂၊ ၂၀၁၇
    M-Media

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာ

    – ဆီးရီးယားအစိုးရက ဓာတုလက်နက်အသုံးပြုမှုကို ပမာပေးရာတွင် ဟစ်တလာက ဂျူးလူမျိုးများအား သတ်ဖြတ်မှုထက် ပိုမိုဆိုးရွားသည့်ပုံစံ ပြောဆိုခဲ့သည့် အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ရှိသူ ရှောင် စပိုက်ဆာက ဂျူးလူမျိုးများကို ပြန်လည်တောင်းပန်လိုက်သည်။

    ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် စပိုက်စာက ဟစ်တလာမှာ ‘ဓာတုလက်နက်ကို အသုံပြုရန် မဆောင်ရွက်ခဲ့’ ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုစကားမှာ ဟစ်တလာက ဂျူးများအား ဓာတ်ငွေ့ခန်းများ၌ သတ်ဖြတ်မှုကို လစ်လျူရှုကာ ဂျူးများ၏ ခံစားရမှုကို ပေါ့သွားအောင် ပြုလုပ်ခြင်းမျိုး ဖြစ်သည်ဟု နိုင်ငံတကာက ဝေဖန်ခဲ့ကြသည်။

    “Holocaust (ဂျူးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု) ရဲ့ ကြောက်မက်ဖွယ်ရာ သဘာဝကို ပေါ့ပျက်ပျက်ဖြစ်အောင် လုပ်တာမျိုး မဟုတ်ပါဘူး။ လူနေထူထပ်တဲ့နေရာတွေမှာ လေယာဉ်နဲ့ ဓာတုဗုံးချတဲ့ လုပ်ရပ်မျိုးကို ကွဲကွဲပြားပြားဖြစ်သွားအောင် ပြောကြားခဲ့တာပါ။ အပြစ်မဲ့တဲ့သူတွေကိုအပေါ် ဘယ်လို တိုက်ခိုက်မှုမှ လက်ခံနိုင်စရာမဟုတ်သလို၊ ဆင်ခြေပေးလို့လည်း မရပါဘူး” ဟု စပိုက်ဆာက အင်္ဂါနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    အိမ်ဖြူတော်မှာ ယခုနှစ်အစပိုင်းကလည်း နိုင်ငံတကာ Holocaust အောက်မေ့ဖွယ်နေ့အတွက် ကြေငြာချက် ထုတ်ပြန်ရာတွင် ဂျူးလူမျိုးများကို ရည်ညွှန်းဖော်ပြထားခြင်း မရှိသည့်အတွက် ဝေဖန်ခံခဲ့ရသည်။

    Ref: Aljazeera

  • ဗိုလ်မှူးချုပ် နဂ်ဝါ အလ်-ဟဂ်ဂါ (သို့) ခရစ်ယာန်တွေကိုကာကွယ်ရင်း ကျဆုံးခဲ့သူ မွတ်စလင်အမျိုးသမီး

    ဗိုလ်မှူးချုပ် နဂ်ဝါ အလ်-ဟဂ်ဂါ (သို့) ခရစ်ယာန်တွေကိုကာကွယ်ရင်း ကျဆုံးခဲ့သူ မွတ်စလင်အမျိုးသမီး

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ အင်္ဂါနေ့က အီဂျစ်နိုင်ငံ တန်တာလ်နဲ့ အလက်ဇန်းဒရီးယားမြို့တွေက ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်း ၂ ခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း အနည်းဆုံး ၄၄ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ခရစ်ယာန်တွေရဲ့ Palm ပွဲတော် ၀တ်ပြုဆုတောင်းနေစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ IS က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    တန်တာလ်မြို့က စိန့်ဂျော့ဂ်ျဘုရားကျောင်းမှာ ပေါက်ကွဲမှုဟာ ဘုရားကျောင်းအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် အလန်ဇန်းဒရီးယားက စိန့်မာ့က်ဘုရားကျောင်းမှာတော့ ဂိတ်ပေါက်မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အသေခံဗုံးခွဲသမားကို တားဆီးခဲ့တာကြောင့် ဘုရားကျောင်းအပြင်မှာပဲ ဗုံးပေါက်ခဲ့ကာ အသေပျောက် နည်းခဲ့ပါတယ်။

    အသေခံဗုံးခွဲသမားကို တားဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၇ ဦးစလုံး ဒီပေါက်ကွဲမှုမှာ ကျဆုံးခဲ့ပါတယ်။

    အဲဒီအထဲမှာ မွတ်စလင်အမျိုးသမီး ရဲမေ ၃ ဦး ပါဝင်ခဲ့ပြီ အဲဒီအထဲက ရဲဗိုလ်မှူးချုပ် နဂ်ဝါ အလ်-ဟဂ်ဂါရဲ့ ဓာတ်ပုံလည်း ပေါ်ထွက်လာခဲ့ပါတယ်။

    ဗုံးပေါက်ကွဲမှု မဖြစ်ခင်မှာ အလ်-ဟဂ်ဂါဟာ ဘုရားကျောင်းကိုလာတဲ့ ခရစ်ယာန်ဘာသာဝင်တစ်ဦးနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး သူမရဲ့ ဆိုရှယ်မီဒီယာမှာတောင် လွှင့်တင်ခဲ့ပါသေးတယ်။

    နောက်ပိုင်းမှာတော့ အသေခံဗုံးခွဲသမားကို အမျိုးသားရဲတပ်ဖွဲ့ဝင်တွေက ဘုရားကျောင်းထဲ မ၀င်အောင် တားဆီးနေတာကို မြင်ရတာကြောင့် သူမကလည်း သွးရောက်ကူညီခဲ့ပြီး အကြမ်းဖက်သမားဟာ စနက်တံဖြုတ်လိုက်တဲ့အခါမှာတော့ အလ်-ဟဂ်ဂါလည်း သေဆုံးခဲ့ပါတယ်။

    အလ်-ဟဂ်ဂါနဲ့အတူ ကျဆုံးခဲ့တဲ့ အခြား ရဲမေ ၂ ဦးကတော့ တပ်ကြပ်တွေဖြစ်တဲ့ အက်စ်မာ ဟူစိန်နဲ့ အိုမီယာ ရိုရှ်ဒီတို့ဖြစ်ပါတယ်။ ဒီအမျိုးသမီတွေဟာ တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ပေးလိုက်ရတဲ့ အီဂျစ်ရဲ့ ပထမဆုံး အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

    ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ဈာပန အခမ်းအနားတွင် အလ်-ဟဂ်ဂါ၏ ခေါင်းတလားကို သယ်ဆောင်နေစဉ်

    အလ်-ဟဂ်ဂါရဲ့ တူဖြစ်တဲ့ အစ္စလာမ် ဖာသီက အဒေါ်ဖြစ်သူအတွက် ဂုဏ်ယူတယ်လို့ ပြောကြးခဲ့ပါတယ်။

    “ကော့ပတစ် ခရစ်ယာန် ညီအစ်ကို မောင်နှမတွေကို ပြောချင်တာက ၀မ်းမနည်းပါနဲ့ ဆိုတာပါ။ မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပါတယ်။ ဒါဟာ မွတ်စလင်တွေက ခရစ်ယာန်တွေကို တိုက်ခိုက်တာမဟုတ်ပါဘူး။ ကျွန်တော့်အဒေါ်က မွတ်စလင်၊ သူမဟာ ယုံကြည်သူတစ်ယောက်၊ ဘုရားကျောင်းထဲမှာ ၀တ်ပြုဆုတောင်းနေတဲ့ ခရစ်ယာန်တွေကို ကာကွယ်ခဲ့တာပါ” လို့ ဖာသီက ဆိုပါတယ်။

    Ref: Huffingtonpost

  • ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲကြိုးပမ်းမည်

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲကြိုးပမ်းမည်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ရေးအတွက် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် အမည်စာရင်းတင်သွင်းသွားမည်ဟု သိရသည်။

    အဆိုပါ နိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ် ၃ ခုက တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ကြေငြာလိုက်ခြင်းဖြစ်ပြီး၊ သမ္မတထရမ့် တက်လာပြီးနောက်ပိုင်း မက္ကဆီကိုနှင့် အမေရိကန်တို့အကြား တင်းမာမှုများ မြင့်တက်လာသည့်အချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

    အမေရိကန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဆူနီလ် ဂူလာတီက ယခုစီမံကိန်းအတွက် အမေရိကန်သမ္မတနှင့် အစိုးရတို့၏ ထောက်ခံမှု အပြည့်အ၀ ရရှိထားသည်ဟု ပြောကြားခဲ့သည်။

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကမူ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားကျင်းခွင့်ရမည့် နိုင်ငံစာရင်းကို ၂၀၂၀ ခုနှစ် မေလတွင် ကြေငြာမည်ဖြစ်သည်။

    လက်ရှိတွင် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲများကို ရုရှားနှင့် ကာတာတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပြီး ထိုနိုင်ငံများကို ရွေးချယ်မှုအတွက် ဖီဖာမှာ အလွန်ဝေဖန်ခံခဲ့ရပြီး ထိုကိစ္စတွင် လာဘ်စားမှုများ ရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များလည်း ပေါ်ထွက်ခဲ့သည်။

    မြောက်အမေရိကတွင် အမျိုးသား ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့သည့် အကြိမ်မှာ ၁၉၉၄ ခုနှစ် အမေရိကန် ကမ္ဘာ့ဖလားဖြစ်ပြီး၊ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၉ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်များတွင် အမေရိကန်က လက်ခံကျင်းပခဲ့သည်။

    မက္ကဆီကိုက ၁၉၈၆ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ် အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ကနေဒါကမူ ၂၀၁၆ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့သည်။

    Ref: CNN

  • မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နည်းမည့် တရုတ် ရေနံပိုက်လိုင်း စတင်လည်ပတ်

    မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နည်းမည့် တရုတ် ရေနံပိုက်လိုင်း စတင်လည်ပတ်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ ဒုတိယ ရေနံသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်၍ သွယ်တန်းထားသည့် ရေနံစိမ်းပိုက်လိုင်းမှာ ယမန်နေ့က စတင်လည်ပတ်ခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို လျင်လျင်မြန်မြန်နှင့် တရုတ်က ရရှိနိုင်တော့မည်ဖြစ်သည်။

    အဆိုပါ ပိုက်လိုင်းမှာ ၂၀၁၄ ခုနှစ်က ပြီးဆုံးခဲ့ပြီး ထိုနှစ်တွင်ပင် အသုံးပြုရန် စီစဉ်ထားခဲ့သော်လည်း နှောင့်နှေး ခဲ့ကာ ယခုမှ စတင် လည်ပတ်နိုင်ခြင်းဖြစ်သည်။ တနင်္လာနေ့တွင် ရေနံစည်ပေါင်း ၁ သန်းကို စတင် ပေးပို့ခဲ့သည်။

    တစ်နှစ်တွင် ရေနံစည် ၂၂ သန်းကို ပေးပို့နိုင်မည့် ထိုလမ်းကြောင်း စမ်းသပ်လည်ပတ်မှုကို ၂၀၁၅ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံက ပိုက်လိုင်းမှ ရေနံစည် ၂ သန်း ရရှိမည်ဖြစ်သည်။

    ပိုက်လိုင်းကြောင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ တင်သွင်းသည့် ရေနံစိမ်းများကို မာလကာ ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့ကို မဖြတ်ဘဲ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည်ဖြစ်ပြီး၊ သမ္မတ ရှီကျင့်ဖျင်၏ One Belt, One Road စီမံကိန်း အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

    မြန်မာနိုင်ငံအနေဖြင့် ထိုပိုက်လိုင်းမှ ကနဦးရရှိမည့် အကျိုးအမြတ်မှာ အလွန်နည်းပါးသည်ဟု Wood Mackenzie ကုမ္ပဏီမှ အာရှရေးရာ အကြီတန်း ရေနံ သုတေသနပညာရှင် ဆူရက်ရှ် ဆီဝမ်ဒမ်က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံမှာ ရေနံအနည်းငယ်၊ ပိုက်လိုင်းအတွက်အခွန်၊ ရေနံသိုလှောင်ထားမှုမှ အကျိုးအမြတ်အနည်းငယ်သာ ရရှိမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦး ဆောက်လုပ်မှု အတွေ့အကြုံများကြောင့် နောက်ပိုင်းတွင် အကျိုးဖြစ်ထွန်းမည်ဟု ၎င်းက ဆိုသည်။

    Ref: Bloomberg

  • ဆီးရီးယားဒုက္ခသည် တစ်ထောင်ကို အာဂျင်တီးနားက ပညာသင်ဆု ပေးမည်

    ဆီးရီးယားဒုက္ခသည် တစ်ထောင်ကို အာဂျင်တီးနားက ပညာသင်ဆု ပေးမည်

    ဧပြီ ၁၁၊ ၂၀၁၇
    M-Media

    – ဆီးရီးယားဒုက္ခသည်များကို လာမည့် ၅ နှစ်အတွင်း တက္ကသိုလ် ပညာသင်ဆု ၁၀၀၀ ပေးအပ်မည့် အစီအစဉ်ကို အာဂျင်တီးနားက သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။

    အာဂျင်တီးနားမှာ ပြီးခဲ့သည့်နှစ်အတွင်း ဆီးရီးယားဒုက္ခသည် ၃၀၀၀ ကို လက်ခံရန် ကတိပြုခဲ့သော်လည်း ရာဂဏန်းသာ ရောက်ရှိခဲ့သောကြောင့် လူ့အခွင့်အရေး အဖွဲ့များ၏ ဝေဖန်မှုများ ခံခဲ့ရပြီးနောက် ယခု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

    မြို့တော် ဗျူနိုအေရီးစ်တွင် သောကြာနေ့က ပြုလုပ်သည် လက်တင်အမေရိကဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် အာဂျင်တီးနား ပညာရေးဝန်ကြီး အက်စ်တီဘန် ဘူလ်ရစ်ခ်ျက အစိုးရအနေဖြင့် လက်ရှိတွင် ဆီးရီးယားဒုက္ခသည်များနှင့် အာဂျင်တီးနားနိုင်ငံတို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်အတွက် ဒုက္ခသည် ကျောင်းသား ၁၀၀၀ ကို တံခါးဖွင့်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဒုက္ခသည်များကို အမြဲတမ်းနေထိုင်ခွင့်ပေးရန်း လမ်းကြောင်းနှင့်အတူ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ဗီဇာကို မိတ်ဆက်ပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

    ယခု ပညာတော်သင်ဆုများမှာ အာဂျင်တီးနား အစိုးရနှင့် အမေိရကန် NGO Blue Rose Compass တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုက္ခသည်များအတွက် ပညာသင်ကြားရေးနှင့် အလုပ်အကိုင်တို့အတွက်ပါ အာမခံပေးမည်ဖြစ်သည်။

    ၆ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူ ၅ သန်းခန့်မှာန် တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီရန်နှင့် ဥရောပနိုင်ငံများတွင် ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်။

    Ref: Global citizen