News @ M-Media

Blog

  • ပြည်သူကိုစည်းလုံးစေသည့် တရားများသာ ဟောကြားရန် အင်ဒိုနီးရှား လမ်းညွှန်ချက်ထုတ်ပြန်မည်

    ပြည်သူကိုစည်းလုံးစေသည့် တရားများသာ ဟောကြားရန် အင်ဒိုနီးရှား လမ်းညွှန်ချက်ထုတ်ပြန်မည်

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    အင်ဒိုနီးရှား သာသနာရေးဝန်ကြီး လွတ်ကမန်

    – နိုင်ငံအတွင်း မြင့်တက်လာသည့် ဘာသာရေးသည်းမခံနိုင်မှုများကို တိုက်ဖျက်ရန်အတွက် ၀တ်ပြုရာနေရာများတွင် တိုင်းပြည်အတွင်း စည်းလုံးမှု ပြိုကွဲစေမည့် စကားများကို ပြောဆိုခြင်းမပြုရေး လမ်းညွှန်ချက်များ ချမှတ်ပေးသွားရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနက စီစဉ်နေသည်ဟု သိရသည်။

    “၀တ်ပြုရာနေရာအားလုံးမှာ တိုင်းပြည်အတွင်းရှိတဲ့ ဘာသာဝင်တွေအတွက် ကာကွယ်ပေးမယ့်၊ စည်းလုံးစေမယ့်၊ သဟဇာတဖြစ်စေမယ့် တရားမျိုးတွေ ဟောကြားရေး သာသနာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်တွေ စီစဉ်နေပါတယ်” ဟု အင်ဒိုနီးရှား သာသနာရေးဝန်ကြီး လွတ်ကမန်က ဧပြီလ ၃ ရက်နေ့တွင် ပြော
    ကားခဲ့သည်။

    “အဖျက်သဘောဆောင်တာတွေ၊ လှုံ့ဆော်တာတွေ၊ အခြားဘာသာတွေကို အမုန်းတရားနဲ့ တိုက်ခိုက်တာမျိုးတွေပါတဲ့ တရားတွေကို ခွင့်ပြုသွားမှာ မဟုတ်ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်”

    အဆိုပါ လမ်းညွှန်းချက်များကို နိုင်ငံအတွင်း ၀တ်ပြုရာနေရာတိုင်းကို ဝေငှသွားမည်ဖြစ်ပြီး တရားဟောပြောမည့်ပုဂ္ဂိုလ်နှင့် ဟောကြားမည့် တရားများကို အဆိုပါ ၀တ်ပြုရာနေရာ၏ ဂေါပကအဖွဲ့မှ ရွေးချယ်ခွင့်ပြုရမည်ဟု ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    “၀တ်ပြုရာနေရာဆိုတာ အမုန်းတရားနဲ့ ရန်လိုမှုတွေ ပြန့်နှံ့ရမယ့်နေရာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ တူညီတဲ့ ဘာသာရေးတန်ဖိုးတွေကို မျှဝေမှုကနေတစ်ဆင့် ကျွန်တော်တို့ကို စည်းလုံးအောင်ပြုလုပ်ရမယ့်နေရာပါ”

    Ref: coconuts jakarta

  • မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ခဲ့သည့် သတ္တုတွင်းကုမ္ပဏီကို ထိုင်းလူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ

    မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ခဲ့သည့် သတ္တုတွင်းကုမ္ပဏီကို ထိုင်းလူ့အခွင့်အရေးကော်မရှင် စစ်ဆေးနေ

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ခဲ့သည့် ထိုင်း သတ္တုတွင်းလုပ်ငန်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဆိုသည့် စွဲချက်များအတွက် ထိုင်းလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု သိရသည်။

    တနင်္သာရီတိုင်းဒေသကြီး ဟိုင်ဒါ သံဖြူသတ္တုတွင်းလုပ်ငန်းဖြစ်ပြီး ထိုင်းအခြေစိုက် ပုဂ္ဂလိကကုမ္ပဏီ Myanmar Pongpipat က ၁၉၉၉ ခုနှစ်မှစ၍ တူးဖော်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သတ္တုတွင်းမှာ ကိုလိုနီခေတ်ကတည်းက ရှိခဲ့သော်လည်း Myanmar Pongpipat ကုမ္ပဏီ လာရောက်လုပ်ကိုင်ပြီးနောက် လုပ်ငန်း၏အောက်ဖက်တွင်ရှိနေသည့် မြောင်ပြိုရွာ၏ အဓိကအားထားရာ ချောင်းမှရေများ ညစ်ညမ်းတိမ်ကောသွားခြင်း၊ ကျေးရွာတွင် သဘာပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်း ထိခိုက်ခြင်းတို့ ဖြစ်လာခဲ့သည်။

    ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုအတွင်း မိုင်းလုပ်ငန်းမှ နှုန်းမြေများ ကျေးရွာတွင် လွှမ်းမိုးမှုကြောင့် နေအိမ်များစွာ ပျက်ဆီးခဲ့ရသည်။ ကုမ္ပဏီက ထိုအတွက် လျော်ကြေးပေးခဲ့သော်လည်း ရွာသားများက ပျက်ဆီးဆုံးရှုံးခြင်းနှင့် မကာမိဟု ပြောကြားခဲ့သည်။

    မိုင်းလုပ်ငန်းကြောင့် ရွာသားများ ခံစားရသည့် ဒုက္ခသည်များကို မြန်မာနှင့် ထိုင်းတို့မှ အရပ်ဖက်အဖွဲ့အစည်းများက တင်ပြခဲ့ပြီးနောက် ထိုင်းလူ့အခွင့်အရေးကော်မရှင်က ယခုနှစ်အစောပိုင်းတွင် အဆိုပါဒေသသို့ သွားရောက်ကာ သတင်းအချက်အလက်များ စုဆောင်းခဲ့သည်။

    လက်ရှိတွင် Myanmar Pongpipat ကုမ္ပဏီပိုင်ရှင်ကို ခေါ်ယူစစ်ဆေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်က စီစဉ်နေသည်။

    မြန်မာနိုင်ငံက သတ်မှတ်ထားသည့် သတ္တုတွင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေမျာကို ချိုးဖောက်မှုကြောင့် ၂၀၁၆ ခုနှစ်တွင် အဆိုပါလုပ်ငန်းအား လုပ်ကိုင်ခွင့် ရပ်ဆိုင်းခဲ့သော်လည်း လအနည်းငယ်ကြာတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်ခဲ့သည်။

    Ref: CNA

  • ရခိုင်က ဒုက္ခသည် စခန်း ၃ ခု ရက်ပိုင်း အတွင်း ပိတ်မယ်

    ရခိုင်က ဒုက္ခသည် စခန်း ၃ ခု ရက်ပိုင်း အတွင်း ပိတ်မယ်

    ဧပြီ ၅ ၊ ၂၀၁၇

    သက်ကယ်ပြင် ဒုက္ခသည် စခန်းပြ မြေပုံ

    ကျောက်ဖြူ၊ စစ်တွေနဲ့ ရမ်းဗြဲ မှာ ရှိတဲ့ ဒုက္ခသည် စခန်း တစ်ခုစီကို ရက်ပိုင်း အတွင်း အမြန်ဆုံး ပိတ်သိမ်းပြီး ပြန်လည် နေရာ ချထားဖို့ အစိုးရက ဆောင်ရွက်နေပါတယ်။

    ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးကတည်းက အခုချိန်ထိ အဲဒီလူတွေ ဒုက္ခသည် စခန်းတွေမှာ နေခဲ့ကြရတာ ဖြစ်ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်ကို စတင် အကောင် အထည် ဖော်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဦးမင်းအောင်က ဘီဘီစီကို ပြောပါတယ်။

    ကျောက်ဖြူ ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေက ရခိုင်တိုင်းရင်းသားတွေ ဖြစ်ပြီး ရမ်းဗြဲ ဒုက္ခသည် စခန်းမှာ အိမ်ထောင်စု ၄၀ ကျော်ရှိတဲ့ ကမန် လူမျိုးတွေ နေထိုင်ကြတာပါ။

    စစ်တွေ ကြိမ်နီပြင် ဒုက္ခသည် စခန်းမှာတော့ ရိုဟင်ဂျာ မွတ်ဆလင် အများစု နေထိုင်ကြ ပါတယ်။

    ရခိုင် တိုင်းရင်းသားတွေ အတွက် ပြန်လည် နေရာချထားမယ့် နေရာမှာ ရေနဲ့မီး ရဖို့ လုပ်ဆောင် နေပြီး ကမန် လူမျိုးတွေ ကတော့ သူတို့ မူလနေခဲ့တဲ့ နေရာမှာပဲ ပြန်လည် နေထိုင်ချင်တယ်လို့ ပြောကြ ပါတယ်။

    ရမ်းဗြဲမြို့က ရပ်ကွက်တွေမှာ မီးရှို့ တိုက်ခိုက်ခံခဲ့ရတဲ့ ကမန် လူမျိုးတွေရဲ့ အိုးအိမ် တိုက်တာ တွေ ရှိရာ မူလ နေရာတွေမှာ ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးမယ်လို့ အာဏာပိုင်တွေက သဘောတူ ထားပြီး ဖြစ်ကြောင်း ကမန် ဒီမိုကရေစီအဖွဲ့ချူပ် အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောပါတယ်။

    အမြန်ဆုံး လက်တွေ့ အကောင်အထည်ဖော်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

    စစ်တွေမြို့ကြိမ်နီပြင် ဒုက္ခသည် စခန်းတွေက လူတွေအတွက် မူလနေရာနဲ့ တဖက်ကမ်းမှာ နေရာချ ထားဖို့ အစိုးရက စီစဉ်ထားပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

    BBC မှ ကူးယူဖော်ပြပါသည်။

  • ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှု ထပ်ဖြစ်ပြန်

    ဆီးရီးယားတွင် ဓာတုလက်နက်ဖြင့်တိုက်ခိုက်မှု ထပ်ဖြစ်ပြန်

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – ဆီးရီးယားရှိ သူပုန်များ ထိန်းချုပ်ထားသော ဒေသသို့ အစိုးရတပ်က ဓာတုလက်နက်များအသုံးပြုကာ တိုက်ခိုက်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်ဟု သိရသည်။

    ယမန်နေ့က အစ်ဒလစ်ပြည်နယ် ခန် ရှိခ်ခွန်မြို့တွင် လေကြောင်းမှ ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများ၌ အနည်းဆုံး ၇၂ ဦး သေဆုံးခဲ့ပြီး ၅၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် ဆေးရုံများကို စီမံခန့်ခွဲနေသည့် SMAS အဖွဲ့က ပြောကြားခဲ့သည်။ သေဆုံးသူအရေအတွက်မှာ နောက်ပိုင်းတွင် မြင့်တက်လာသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    တိုက်ခိုက်မှုပြီးနောက် ပြည်သူများမှာ ပျို့အန်ခြင်း၊ ပါးစပ်များမှ အမြှုပ်များထွက်လာခြင်း၊ သတိလစ်ခြင်း၊ အကြောဆွဲခြင်း၊ နှလုံးခုန်နှုန်းနှေးလာခြင်းတို့ ဖြစ်လာခဲ့ပြီး SMAS အဖွဲ့က အဆိုပါလက္ခဏာများမှာ ဓာတုလက်နက် ဆာရင်းတွင် ပါဝင်သည့် အဆိပ်ရှိသော ဓာတ်ငွေ့ကြောင့်ဖြစ်သော လက္ခဏာများဖြစ်သည်ဟု
    ဆိုသည်။

    အတိုက်အခံအဖွဲ့ Syrian National Coalition က ဆာရင်းနှင့်တူညီသည့် ဓာတုလက်နက်ကို အစိုးရလေယာဉ်များက အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ ဆီးရီးယားအစိုးရကမူ ထိုစွပ်စွဲချက်ကို ငြင်းပယ်ခဲ့သည်။ အစိုးရတပ်များနှင့် ပူးပေါင်းကာ ဗုံးကြဲမှုများပြုလုပ်နေသည့် ရုရှားကလည်း ထိုတိုက်ခိုက်မှုအတွက် တာဝ
    န်မရှိဟု ငြင်းဆိုခဲ့သည်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူက အတွင်းရေးမှူးမှာ ထိုသတင်းအတွက် လွန်စွာ စိတ်ပျက်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်သွာမည်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စအတွက် ယနေ့တွင် ကုလ လုံခြုံရေးကောင်စီ၌ ဆွေးနွေးမည်ဖြစ်သည်။

    Ref: Aljazeera

  • သက်ရှိ ခဲတံလူသားလေး

    သက်ရှိ ခဲတံလူသားလေး

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံမှာ သက်ရှိခဲတံ လူသားလေးရှိတယ်လို့ ပြောလိုက်ရင် အသင် အံ့သြသွားပါလိမ့်မယ်၊ အကြောင်းကတော့ အဲဒီ ခလေးငယ်လေးမှာ မွေးရာပါ ခြေလက်အင်္ဂါမပါလာခဲ့လို့ပါပဲ။ ဒါပေမဲ့ သူဟာ ကွန်ပြူတာ ဂိမ်းကို သူရဲ့ မေးစေ့နဲ့ ကောင်းကောင်းကစား နိုင်ယုံသာမက၊ အင်မတန်မှ စာတော်တဲ့ ကလေးလေး တစ်ယောက်ဖြစ်နေတာဟာ အံ့သြစရာပါပဲ။

    သူမှာ မွေးရာပါ လက်နှစ်ဖက်လည်း မရှိဘူး၊ ခြေထောက်တစ်စုံ လည်း မရှိပါဘူး။ ဒါပေမဲ့ သူဟာ စိတ်ဓာတ်မကျခဲ့ပါဘူး။ သူ့ရဲ့ ကိုယ်ပိုင် ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာလေးတစ်ခုကို ကိုယ်ပိုင်တည်ဆောက်ရာမှာ သူ့ကို ရပ်တံ့သွားအောင် လုပ်ဖို့ ဘယ်အရာကိုမှ သူက ခွင့်မပြုခဲ့ဘူး။ သူ့ရဲ့ အိပ်မက်တွေကို အမြင့်မားဆုံး မက်ခွင့်ပြုခဲ့တဲ့ နေရာမှာ သူဟာ လွတ်လွတ်လပ် လပ် လုပ်နိုင်ခဲ့ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ထဲက အသက်ဆယ့်တစ်နှစ်အရွယ် ချစ်စရာကောင်းလှတဲ့ တီယို ဆတ်ရီယိုလေးဟာ ကံမကောင်း အကြောင်းမလှစွာနဲ့ မွေးရာပါ လက်ခြေနှစ်ဖက်တွေ မပါလာခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ဖျံ တစ်ကောင်လိုတော့ ပေါ့ပါးလျှင်မြန်စွာ ကောင်းကောင်းကြီး ရွေ့လျားသွားလာနေတတ်ပါတယ်။

    သူက ဗီဒီယို ဂိမ်းတစ်ခုဖြစ်တဲ့ PlayStation ကစားတဲ့နေရာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သူရဲ့ အနှစ် ခြိုက်ဆုံး ၀ါသနာထဲမှာ အရူးအမူး စွဲစွဲလမ်းလမ်း ကစားဖြစ်တဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ထိန်းချုပ်မှု့မှန်သမျှ သူ့ မေး စေ့ကို အသုံးပြုပြီး လှည့်ပတ် လှုပ်ရှားခြင်းက ဂိမ်းကို မကြာခဏလာကစားကြတဲ့ သူ့ပြိုင်ဘက်တွေအတွက် သူဟာ လေးစားထိုက်တဲ့ ယှဉ်ပြိုင်ဘက်ကောင်း တစ်ယောက် ဖြစ်သွားစေခဲ့ပါတယ်။

    PlayStation ဂိမ်းမှာ သူက သူ့အိပ်မက်တွေကို တစ်သက်လုံး အကောင်ထည်ဖေါ်သွားချင်ပေမဲ့ ဘ၀ဟာ သူ့အတွက် မလွယ်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် မစွမ်းမသန်ဖြစ်မှု့ရဲ့ လက်တွေ့ဘ၀က သူ့ကို လွန်လွန်ကဲကဲ ပျော့ကွက်ဟာကွက်တွေ ဖြစ်စေခဲ့ပါတယ်။ ဒီအတွက် သူဟာ နာကျင်ထိခိုက်စွာ ခံစားရပါတယ်။ ကြောက်စိတ်ကြောင့် ဖြစ်လာရတဲ့ စိတ်ဓာတ်ကျမှု့ တွေ၊ ကိုယ့်ကိုကိုယ် မလုံခြုံသလို ခံစားနေရတာတွေနဲ့ ယုံကြည်မှု့တွေပါ ပျောက်ဆုံးသွားခဲ့ရခြင်းက သူ့ကို ကျောင်းမတက် ချင်တဲ့အထိအောင် ဖြစ်သွားစေခဲ့ပါတယ်။ တိုင်ယိုလေးမှာ ကြံခိုင်တဲ့စိတ်ဓာတ်ရှိတာကြောင့်၊ စိတ်ဓာတ်ကျခြင်းရဲ့ အပြင်း အထန် ဖိစီးနှိပ်စက်မှု့ဒဏ်ကို ကြံကြံခိုင် ရပ်တည်တွန်းလှန်နိုင်ခဲ့ပါတယ်။

    အနည်းငယ် လိုအပ်ချက် ရှိသူတွေကို လက်ခံပေးထားတဲ့ကျောင်းမှာ အခုတော့ ပုံမှန် သူတက်ရောက်ပညာသင်ကြား နေပါတယ်လို့ ကျောင်းအုပ်ကြီးက ဆိုပါတယ်။ သူဟာ ဥာဏ်ပညာ ထူးချွန်ထက်မြတ်သူတစ်ယောက်ဖြစ်ပြီး သင်္ချာဘာသာ ရပ်နဲ့ ဘာသာရေးဆိုင်ရာ လေ့လာသင်ကြားမှု့မှာ သူဟာ အတော်လေးကို ထူးချွန်ပါတယ်။ သူ့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး အဆင့်ဟာ သူအခု ရောက်နေတဲ့ နှစ်တန်း grade 2 ထက်ကျော်ပြီး လေးတန်းပညာ grade 4 academics တောင် ကောင်းကောင်းကြီး လိုက်နိုင်ပါတယ်။ ဒေးလီးမေးလ် သတင်းဌာနရဲ့ သတင်းဖေါ်ပြချက်အရ၊ တိုင်ယိုဟာ စိန်ခေါ်မှု့တွေ လုပ်ရတာကို သဘောတွေ့နေပြီး အမြဲတမ်း အနိုင်ရရှိသူတစ်ယောက် ဖြစ်ပါတယ်။ ခဲတံကို ပါးစပ်ဖြင့်ကိုင်ယင်း တိုင်ယို လေးဟာ အမြှောက်အစား တွက်ရတာကို သဘောကျ နှစ်ခြိုက်သူတစ်ယောက် ဖြစ်ပါတယ်။

    အလွယ်ရီတတ်တဲ့ သူ့အကျင့်ကြောင့် ဆရာဆရာမများနဲ့ ကျောင်းသားများအကြား အသဲကျော် ဖြစ်လို့နေပါတယ်။ သူဟာ သူရဲ့ မစွမ်းမသန်ဖြစ်နေတာတွေကို ရင်ဆိုင်ကျော်လွှားဖို့ ကြိုးစားတယ်၊ သူ့မှာ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ထားရှိတယ်လို့ အတန်းပိုင် ဆရာမက ဆိုပါတယ်။ အခုတော့ လိုအပ်ချက်ရှိသူတွေ တက်ရောက်နိုင်တဲ့ကျောင်းမှာ သူဟာ ပုံမှန်တက်ရောက်နေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်လို့ နေပါပြီ။

    တိုင်ယိုရဲ့ မိခင်ကတော့ သူ့သားအတွက် ဂုဏ်ယူကြောင်း အတော်လေးကို ချစ်ခင်ကြောင်း ပြောပါတယ်။ သူမကိုယ်တိုင် သူ့သားကို မနက်ခင်းတိုင်း Playstation ကစားဖို့ ခွင့်ပြုပါတယ်။ သူကျောင်းကို ဆိုင်ကယ်နဲ့ လာတက်တယ်။ ကျောင်း ပြီး ရင် သူ့ကို ထပ်ကစားခွင့်ပြုထားတယ်။ ညအိပ်ရာမ၀င်ခင်မှာလည်း သူ့ကို ပေးကစားထားတယ်လို့ ဆိုပါတယ်။

    မစ္စ ဆတ်ရီယို ရှင်းပြရာမှာတော့ သူမဟာ ကိုယ်ဝန်ရှိစဉ်ကာလမှာ အမှားလုပ်မိတယ်လို့ သတိမထားမိခဲ့ကြောင်း၊ မွေးဖွား စဉ်ကာလမှာလည်း မှားသလားမမှားဖူးလားဆိုတာကို သူမသိတဲ့အကြောင်း ပြောပါတယ်။ ၀မ်းဆွဲသည်ကလည်း ဘာတစ် ခွန်းမှ မပြောပဲ မြိုသိပ်ထားခဲ့ကြောင်းနဲ့ ခလေး ကောင်းမွန်စွာ မွေးဖွားကြောင်းပဲ ပြောခဲ့ပါတယ်။

    သူက သန်းခေါင်ယံအချိန်မှာ မွေးဖွားခဲ့တာကြောင့် နေ့လည်နှောင်းပိုင်းကျမှ သူမကို အမှန်အတိုင်း ကတိုက်ကရိုက်ပြောချ လိုက်တာကြောင့် သူမ တုန်လှုပ်ရတဲ့ အခြေနေ ဖြစ်သွားရကြောင်း ပြောပါတယ်။ အချိန်ကာလ အတိုင်းအတာ တစ်ရပ် က သာလျှင် သူမ ခလေးရဲ့ ကံကြမ္မာကို ကုစားနိုင်မှာ ဖြစ်ကြောင်း၊ ဒါက သူမ လက်ခံတတ်အောင် သင်ယူသွားရဖို့သာ ဖြစ် ပါတယ်။

    မီမီ ဆတ်ရီယိုက ပြောကြားရာမှာတော့ အစာကျွေးခြင်းနဲ့ အ၀တ်လျှော်ခြင်းကဲ့သို့သော သူ့ နေ့စဉ် လိုအပ်ချက်တွေကို ကြည့်ရှု့စောင့်ရှောက်ပေးခြင်းကပင် နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ သူ့ရဲ့ သွားနဲ့ သကြားလုံးဖေါက်တာ လောက်ကဲ့သို့သော အချို့အလုပ်တွေကိုတော့ သူ့ဖာသာသူ လုပ်ကြောင်း မစ္စ ဆတ်ရီယို က ပြောပါတယ်။

    သူတို့ ဇနီးမောင်နှံမှာ တစ်ခြား ခလေးတွေလည်းရှိပေမဲ့ အင်ဒိုနီးရှားနိုင်ငံထဲမှာပဲ တကွဲတပြားစီ နေထိုင်ကြပြီး အဲဒီ နေရာ အထိသွားပြီး အမြဲတမ်း အကူညီပေးလို့လည်း မရပါဘူး။

    တိုင်ယိုလေးက သူတို့ကို လိုအပ်နေတဲ့အတွက်ကြောင့် သူတို့ အပြင်ထွက်ရှာပြီး အလုပ်လုပ်ဖို့လည်း မတတ်နိုင်ကြောင်း မစ္စ ဆတ်ရီယို က ပြောပါတယ်။အစိုးရဘက်က ထောက်ပံ့ကြေးပေးငွေကို အရင်က သူတို့ ရယူခဲ့ကြပေမဲ့ ဒီတစ်နှစ်ထဲမှာ တော့ ဘာသံမှ မကြားရတော့ပါဘူး။ သူတို့ မိသားစုလေးအတွက် အမှန်တကယ်မှ ခက်ခဲနေပါတယ်။

    ဒီလိုဖြစ်နေပေမဲ့လည်း တိုင်ယိုလေးဟာ ဇွဲစိတ်ဓာတ်ကြီးမားစွာနဲ့ သူ့ရဲ့ အတန်းပညာကို ဆက်လက်သင်ယူနေပြီး သူ ခုံမင်စွဲလန်းစွာကစားရတဲ့ PlayStationရဲ့ နှစ်သက်စဖွယ် ကမ္ဘာလေးထဲမှာ သူ့အိမ်မက်တွေကိုလည်း ဆက်မက်နေဆဲ ပါပဲ။

    ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ကိစ္စတွေ အားလုံးကို ကျော်လွှားပြီး ဆန္ဒတွေကို ဘယ်လို ရှင်ကျန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းကို ဒီကလေးရဲ့ ဘ၀ထဲမှာ ထင်ဟပ်ပေါ်လွင်နေတာကတော့ အံ့သြစဖွယ်ပဲ ဖြစ်ပါတယ်။

    (Simone Jonker ရေးသားပြီး ntd.tv တွင်ဖော်ပြထားသည့်  Child born without arms and legs, not only plays excellent computer games with his chin but is an outstanding scholar! ဆောင်းပါးကို ရဲမင်းဒင် ဘာသာပြန်ဆိုသည်။)