News @ M-Media

Blog

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၀)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၀)

    M-Media

    ၂၄ နာရီအတွင်း အနည်းဆုံး လူ ၃၀ နီးပါး အသတ်ခံရ
    ————-
    ဂါဇာကမ်းမြှောင်က နူစီရတ်ဒုက္ခသည်စခန်းအပါအ၀င် စစ်ရှောင်စခန်းတွေကို အစ္စရေးက လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာကြောင့် ၂၄ နာရီအတွင်း ကလေးငယ်တွေအပါအ၀င် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပါတယ်။ တစ်နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း အသတ်ခံရသူရေအတွက်ဟာ ၄၂၀၀၀ နီးပါး ရှိလာပါပြီ။

    အနောက်ဖက်ကမ်းတွင်လည်း သတ်ဖြတ်မှုများ ဆက်ဖြစ်
    —————-
    အနောက်ဖက်ကမ်း ကွာဘာတီယာမြို့မှာ စက်တင်ဘာ ၁၉ ရက်နေ့ တစ်နေ့လုံး အစ္စရေးတပ်ဖွဲ့တွေက တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အစ္စရေးစစ်သားတွေဟာ သူတို့ သတ်ဖြတ်ထားတဲ့ ပါလက်စတိုင်းတွေရဲ့ အလောင်းကို နေအိမ်ခေါင်မိုးတွေပေါ် တင်ဆောင်ကာ ပြသခဲ့ကြပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေက ရှုတ်ချခဲ့ပြီး အစ္စရေးစစ်သားတွေ လူမဆန်ဘူးဆိုတာ ဒီလုပ်ရပ် ပြသနေတယ်လို့ ၀ေဖန် ပြောကြားခဲ့ပါတဘ်။

    အမေရိကန် လွှတ်တော်မှတ်ထမ်းထဲ ရောက်လာတဲ့ သေဆုံးသူစာရင်း
    ———-
    အစ္စရေးရဲ့ လက်ရှိ ဂါဇာလူသတ်ပွဲမှာ အသတ်ခံရတဲ့ ပါလက်စတိုင်းကလေးငယ်တွေရဲ့ အမည်စာရင်းကို အမေရိကန်အောက်လွှတ်တော်အမတ် ရာရှီဒါ တာလစ်ဘ်က အမေရိကန် အောက်လွှတ်တော်ရဲ့ မှတ်တမ်းထဲ ထည့်သွင်းလိုက်ပါတယ်။ ၆၄၉ မျက်နှာပါ၀င်တဲ့ အဲဒီစာရင်းမှာ ပထမ ၁၄ မျက်နှာက အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ တစ်နှစ်အောက်ကလေးငယ် ၇၁၀ ဦးရဲ့ စာရင်းဖြစ်ပါတယ်။ ဂါဇာမှာ တစ်နှစ်အတွင်း ကလေးငယ် အနည်းဆုံး ၁၅၀၀၀ ကျော် အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – ပါလက်စတိုင်းအလောင်းများကို နေအိမ်ခေါင်မိုးပေါ်တင် ပြသနေကြသည့် အစ္စရေးစစ်သားများ)

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ  (စက်တင်ဘာ ၁၇)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၁၇)

    M-Media

    (ဓာတ်ပုံ – အစားအသောက်အတွက် တန်းစီနေရသည့် ဂါဇာပြည်သူများ)

    ဂါဇာပြည်သူများ ထမင်းတစ်နပ်သာ စားနေရ
    ————–
    ဂါဇာမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေရဲ့ ၈၃ ရာခိုင်နှုန်းကို အစ္စရေးက ၀င်ရောက်ခွင့်မပေးတာကြောင့် ဂါဇာပြည်သူတွေဟာ တစ်နေ့ ထမင်းတစ်နပ်သာ စားရတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်း ၁၅ ခုက ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ၁ နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၄၂၀၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

    ပါလက်စတိုင်းကျောင်းသား တစ်သောင်းကျော် အသတ်ခံထားရ
    —————–
    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဖက်ကမ်းတို့မှာ အစ္စရေးက သတ်ဖြတ်ထားတဲ့ ကျောင်းသားအရေတွက်ဟာ ၁၁၀၀ ဦးရှိတယ်လို့ ပါလက်စတိုင်း ပညာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူအရေအတွက်က ၁၇၇၇၂ ဦး ရှိပါတယ်။ ဂါဇာမှာ အသတ်ခံရသူ ကျောင်းသား ၁၀၈၈၈ ဦးရှိပြီး၊ ဒဏ်ရာရသူ ၁၇၂၂၄ ဦး၊ အနောက်ဖက်ကမ်းမှာ အသတ်ခံရသူ ၁၁၃ ဦးနဲ့ ဒဏ်ရာရသူ ၅၄၈ ဦး ဖြစ်ပါတယ်။

    အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု ရပ်တန့်ရေး ကုလတွင် ဆွေးနွေးမည်
    —————–
    ၁၉၄၈ ခုနှစ်က ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားမှု အဆုံးသတ်ရေး၊ အစ္စရေးတပ်တွေ အဲဒီပိုင်နက်ကနေ ထွက်ခွာရေး ကုလအထွေထွေညီလာခံမှာ မကြာခင် ဆွေးနွေးဖို့ ရှိနေပါတယ်။ အစ္စရေးရဲ့ ဒီကျူးကျော်မှုကို အမေရိကန်အပါအ၀င် ကမ္ဘာတစ်၀ှမ်းက တစ်စိုက်မတ်မတ် ရှုတ်ချခဲ့ပေမယ့် တပ်တွေဆုတ်ခွာပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ထိထိရောက်ရောက် ကြိုးပမ်းအားထုတ်ခြင်း မရှိပါဘူး။

    Ref: Aljazeera


  • ပါလက်စတိုင်း နိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၁၄)

    ပါလက်စတိုင်း နိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၁၄)

    M-Media

    (ဓာတ်ပုံ – ပါလက်စတိုင်းကို အသိအမှတ်ပြုထားသည့် နိုင်ငံများ (အစိမ်းရောင်))

    ပိုလီယို ကာကွယ်ဆေးထိုးနှံရေး အပစ်ရပ်ရန် ကုလတောင်းဆို
    ————–
    ဂါဇာကမ်းမြှောင်မှာ နောက်ထပ်တစ်ကြိမ် ပိုလီယိုကာကွယ်ဆေး ထိုးနှံနိုင်ရေး ခဏဝာာအပစ်ရပ်ဖို့အတွက် ကုလအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က ၁၂ ရက်နေ့အထိ ပထမအကျော့မှာ အသက် ၁၀ နှစ်အောက် ကလေးငယ်ပေါင်း ၅၅၈၉၆၃ ဦးကို ပိုလီယိုကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး နောက်ထပ် ၄ ပတ်အတွင်း ဒုတိယအကြိမ် ထိုးနှံပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    ၂ နှစ်နိုင်ငံတည်ရှိရေးကို ထောက်ခံကြောင်း ဥရောပထုတ်ပြန်
    ————–
    ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးနဲ့ နှစ်နိုင်ငံတည်ရှိရေးအဖြေကိုသာ ထောက်ခံကြောင်း ဥရောပနဲ့ အာရပ် နိုင်ငံခြားရေး၀န်ကြီးတွေက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။ ဂါဇာမှာ ချက်ခြင်း အပစ်ရပ်ပြီး အစ္စရေးတပ်တွေ ဆုတ်ခွာဖို့၊ ပါလက်စတိုင်းတွေ အိုးမဲ့အိမ်မဲ့ထပ်ဖြစ်တာမျိုး မလုပ်ဆောင်ဖို့ကိုလည်း ၀န်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။

    ဂါဇာတွင် အသတ်ခံရသူ ၄၁၀၀၀ ကျော်လာပြီ
    ————
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲအတွင်း အသတ်ခံရသူအရေအတွက်ဟာ ၄၁၁၁၈ ဦး ရှိလာပါပြီ။ အဲဒီအထဲက ၁၆၅၀၀ ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူက တစ်သောင်းကျော် ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အစ္စရေးဟာ ကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ စစ်ရှောင်ဇုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။


  • စက်တင်ဘာ ၇ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၇ ရက်နေ့ သတင်းတို

    M-Media

    နိုင်ငံတော်လုံခြုံရေးကြောင့် ကန်တက္ကသိုလ်တစ်ခု တရုတ်နှင့် အဆက်အသွယ်ဖြတ်
    ———————–
    တရုတ်စစ်တပ်နဲ့ ပတ်သက်မှုရှိနိုင်တဲ့ Tianjin၊ Shenzhen တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန် နည်းပညာတက္ကသိုလ် Georgia Tech က ကြေငြာပါတယ်။ Georgia Tech ဟာ တရုတ်တက္ကသိုလ်တွေနဲ့ ကွန်ပျူတာချပ်စ် သုတေသနမှာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်တယ်လို့ အောက်လွှတ်တော်ကော်မတီက ဆုံးဖြတ်ကာ ဆက်ဆံရေး ရပ်ဆိုင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

    ဗီယက်နမ်တိုင်ဖုန်း အပျက်အဆီးများမည်
    ————-
    တရုတ်တောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖုန်း Yagi ဟာ ဒီကနေ့မှာတော့ ဗီယက်နမ်ဖက်ကို ၀င်ရောက်လာပါတယ်။ တစ်နာရီကို လေတိုက်နှုန်း ၁၄၉ ကီလိုမီတာရှိပြီး သစ်ပင်တွေ အမြစ်ကနေ ပြုတ်လဲတဲ့အထိ ပြင်းထန်ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီလို့ ဗီယက်နမ်က ထုတ်ပြန်ပါတယ်။ တရုတ်နဲ့ ဖိလစ်ပိုင်မှာ Yagi ကြောင့် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    အမှိုက်ဗူဖောင်းများဖြင့် တောင်ကိုရီးယား တိုက်ခိုက်ခံနေရ
    —————-
    ပြီးခဲ့တဲ့ ၃ ရက်အတွင်း မြောက်ကိုရီးယားဟာ မြစ်ကြောင်းကနေတစ်ဆင့် အမှိုက်ဗူဖောင်း ၉၀၀ လောက် မျှောချခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ အမှိုက်တွေဟာ အများအားဖြင့် စက္ကူနဲ့ ပလက်စတစ်ပစ္စည်းတွေဖြစ်ပြီး လူထုအတွက် အန္တရာယ်မရှိပါဘူး။ မြောက်ကိုရီးယားကတော့ နယ်စပ်မှာ တောင်ကိုရီးယားဖက်က အသံချဲ့စက်နဲ့ ၀ါဒဖြန့်နေမှုကို လက်တုန့်ပြန်တာလို့ ထုတ်ပြန်ပါတယ်။

    Ref: CNA

  • ဒုက္ခသည်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွင် ပါ၀င်သူ လက်ယာစွန်းရောက်တစ်ဦးကို ယူကေက ထောင် ၉ နှစ်ချ

    ဒုက္ခသည်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွင် ပါ၀င်သူ လက်ယာစွန်းရောက်တစ်ဦးကို ယူကေက ထောင် ၉ နှစ်ချ

    စက်တင်ဘာ ၇၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – တိုက်ခိုက်မှု မြင်ကွင်းတစ်ခု)

    -ဒုက္ခသည်တွေနေထိုင်တဲ့ ဟိုတယ်တစ်ခုရှေ့ မီးရှို့မှုမှာ ပါ၀င်တဲ့ လက်ယာစွန်းရောက် လူဖြူအမျိုးသား သောမတ်စ်ဘာလေကို ဗြိတိန်က ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်ပါတယ်။

    သြဂုတ်လအတွင်း အင်္ဂလန်မှာ လက်ယာစွန်းရောက်တွေရဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေ၊ ဒုက္ခသည်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပါတယ်။ ဇူလိုင်လ ၂၉ ရက်နေ့ အင်္ဂလန်မြောက်ပိုင်းမှာ မိန်းကလေးငယ် ၃ ဦး အသတ်ခံခဲ့ရပြီး ဒီအမှုကို လူမျိုးခြား၊ ဘာသာခြားတွေက ကျူးလွန်တယ်ဆိုတဲ့ သတင်းမှား ထွက်လာပြီးနောက်ပိုင်း လူဖြူအစွန်းရောက်တွေ ထကြွလာတာ ဖြစ်ပါတယ်။

    မြောက်ပိုင်း ရိုတာဟန်မြို့က ဒုက္ခသည် ၂၀၀ လောက် ခိုလှုံနေတဲ့ Holiday Inn Express ဟိုတယ်ကို သြဂုတ်လ ၄ ရက်နေ့မှာ လူ ၄၀၀ လောက်ပါ၀င်တဲ့ အုပ်စုက ၀င်ရောက်တိုက်ခိုက်ဖို့ ကြိုးစားမှုဟာ ထင်ရှားပါတယ်။

    ဒီအဖြစ်အပျက်အတွက် သောမတ်စ်ဘာလေက ပထမဆုံး အရေးယူခံရသူ ဖြစ်လာပါတယ်။ လူအုပ်ကြီးဟာ ဟိုတယ်ကို တိုက်ခိုက်မီးရှို့ဖို့ ကြိုးစားခဲ့သလို၊ လူမျိုးရေးခွဲခြားစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ အော်ဟစ်ဆဲဆိုခဲ့ပါတယ်။

    ဒုက္ခသည်တွေ ထွက်မရအောင် ဟိုတယ်ရှေ့၀င်ပေါက်မှာ မီးပုံရှို့ထားခဲ့ကြပြီး၊ ၁၂ နာရီကြာတဲ့ ဒီအကြမ်းဖက်မှုကို ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ ထိန်းသိမ်း လူစုခွဲခဲ့ရပါတယ်။ အဖြစ်အပျက်အတွင်း ရဲတပ်ဖွဲ့၀င် ၆၄ ဦး၊ မြင်း ၃ ကောင်နဲ့၊ ရဲခွေးတစ်ကောင် ဒဏ်ရာရခဲ့ပါတယ်။

    သောမတ်စ်ဘာလေဟာ မီးရှို့မှုအပါအ၀င် တိုက်ခိုက်မှုအားလုံးမှာ ပါ၀င်ပတ်သက်ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

    Ref: Reuters