News @ M-Media
Blog
  • တီဗီအစီအစဉ်တင်ဆက်သူကို အမုန်းစကားပြောမှုဖြင့် ပါကစ္စတန် ပိတ်ပင်
    တီဗီအစီအစဉ်တင်ဆက်သူကို အမုန်းစကားပြောမှုဖြင့် ပါကစ္စတန် ပိတ်ပင်
    ဇန်ဝါရီ ၂၇၊ ၂၀၁၇
    M-Media
    အမုန်းစကားပြောမှုဖြင့် ပိတ်ပင်ခံလိုက်ရသည့် အာမီရ် လီယာကွတ်
    – ပါကစ္စတန် မီဒီယာဆိုင်ရာ အာဏာပိုင်အဖွဲ့ဖြစ်သော PEMRA က နိုင်ငံ၏ ထိပ်တန်း တီဗီအစီအစဉ် တင်ဆက်သူတစ်ဦးကို အမုန်းတရား ဖြန့်ဖြူးမှု၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုတို့ဖြင့် အစီအစဉ်တင်ဆက်ခွင့် ပိတ်ပင်လိုက်သည်ဟု သိရသည်။
    ပိတ်ပင်ခံရသူမှာ Bol TV လိုင်းမှ အာမီရ် လီယာကွတ်ဖြစ်ပြီး PEMRA က နောက်ဆုံး ဆုံးဖြတ်ချက် မချမီအချိန်အထိ ၎င်း၏ လုပ်ငန်းကို ရပ်နားထားရမည်ဖြစ်သည်။
    ပါကစ္စတန်၏ ထိပ်တန်း အစီအစဉ်တင်ဆက်သူဖြစ်ပြီး ဘာသာရေးဆိုင်ရာ အစီအစဉ်နှင့် ဂိမ်းအစီအစဉ်များကို တင်ဆက်ဖူးသည့် လီယာကွတ်မှာ ယခုလအစောပိုင်းက ရှေ့ဆင့်နောက်ဆင့် ပြန်ပေးဆွဲခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ၅ ဦးနှင့်ပတ်သက်၍ ၎င်းတို့မှာ အစ္စလာမ်သာသနာနှင့် တမန်တော်တို့ကို စော်ကားပြောဆိုခြင်း၊ စစ်တပ်ဆန့်ကျင်ရေး Facebook စာမျက်နှာများကို စီမံနေခြင်းတို့ ရှိသည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။
    ထို့ပြင် အဆိုပါ တက်ကြွလှုပ်ရှားသူများအား ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အဖွဲ့များမှာ သာသနာညှိုးနွမ်းစေသော လုပ်ရပ်အား အားပေးထောက်ခံနေသည်ဟု လီယာကွတ်က ပြောကြားကာ အချို့သော တက်ကြွလှုပ်ရှားသူများ၏ ရုပ်ပုံများကို တီဗီဖန်သားပြင်ပေါ်တွင် ပြသခဲ့သည်။
    “အာမီရ် လီယာကွတ်ဟာ အမုန်းစကားမြောက်တဲ့ ဖော်ပြချက်၊ စွပ်စွဲပြောဆိုချက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အထပ်ထပ်အခါခါ ပြုလုပ်ခဲ့ပါတယ်” ဟု PEMRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ပြည်သူများကို ‘နိုင်ငံတော် ပုန်ကန်သူ၊ အစ္စလာမ်ဆန့်ကျင်သူဟု စွပ်စွဲပြောဆိုခြင်းမှာ’ ‘နိုင်ငံသားများအပေါ် အကြမ်းဖက်ရန် လှုံ့ဆော်မှု’ မြောက်သည်ဟု ဆိုသည်။
    ထို့ပြင် Bol TV လိုင်းတွင် အစီအစဉ်တင်ဆက်ခြင်း၊ အခြားသော ရုပ်သံလိုင်းများတွင် ထိုကဲ့သို့ ‘ဘာသာတရားစော်ကားသူ’ ‘တိုင်းပြည်သစ္စာဖောက်သူ’ ဟု ပြောကြားခြင်းတို့ လုံးဝ မပြုလုပ်ရန် PEMRA က ပိတ်ပင်ခဲ့သည်။
    PEMRA ၏ ထိုလုပ်ရပ်ကို နိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူများကလည်း ကြိုဆိုခဲ့သည်။
    ပါကစ္စတန်အစိုးရနှင့် ဆက်နွယ်နေသည့် မီဒီယာအာဏာပိုင်အဖွဲ့ PEMRA မှာ ပြီးခဲ့သည့် လများအတွင်း မီဒီယာနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို ပိုမို အသေးစိတ်အောင် စီစဉ်လာခဲ့သည်။
    Ref: Aljazeera
  • အစ္စရေး သူလျှို ၅ ဦးကို လက်ဘနွန်ဖမ်းဆီး
    အစ္စရေး သူလျှို ၅ ဦးကို လက်ဘနွန်ဖမ်းဆီး
    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media
    လက်ဘနွန် လုံခြုံရေးဆိုင်ရာ အတွင်းဝန်ရုံး၏ တံဆိပ်
    – အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဖြစ်သော မော့ဆက်အတွက် အလုပ်လုပ်ပေးနေသူ သူလျှို ၅ ဦးကို မိမိတို့က ဖမ်းဆီးလိုက်သည်ဟု လက်ဘနွန် လုံခြုံရေးဆိုင်ရာ အတွင်းဝန်ရုံး မီဒီယာဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
    လက်ဘနွန်နိုင်ငံသား ၂ ဦး၊ လက်ဘနွန်တွင် မွေးဖွားသည့် ပါလက်စတိုင်း ဒုက္ခသည်တစ်ဦး၊ နီပေါနိုင်ငံသား ၂ ဦးတို့ ဖြစ်ကြပြီး တူရကီ၊ ဂျော်ဒန်၊ ဗြိတိန်နှင့် နီပေါနိုင်ငံများရှိ အစ္စရေးသံရုံးများမှတစ်ဆင့် သတင်းအချက်အလက်များကို ပေးပို့ခဲ့သည်ဟု ၎င်းတို့က ၀န်ခံခဲ့ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
    သူလျှိုကွန်ယက်များကို ဖြိုခွဲရေး ဆောင်ရွက်မှုအဖြစ် လက်ဘနွန်နိုင်ငံအတွင်း မော့ဆက်အဖွဲ့၏ ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းများကို အသေအချာ စောင့်ကြည့်လေ့လာပြီးနောက်ပိုင်း အဆိုပါစပိုင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ နီပေါမှ သူလျှိုနှစ်ဦးမှာ လက်ဘနွန်ရှိ အခြားသော နီပေါအလုပ်သမားများကို လူသစ်စုဆောင်းနေသည်ဟု ဆိုသည်။
    “စစ်ကြောမှုပြီးတဲ့နောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေကို အစ္စရေးစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် တရားရုံးကို လွှဲပြောင်းပေးခဲ့ပြီး အခြားပါဝင်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    Ref: Press TV
  • နိုင်ငံတကာ ကုရ်အာန်ပြိုင်ပွဲတွင် ဆုရခဲ့သူ ထိုင်းမွတ်စလင်ကို ၀န်ကြီးချုပ် ဂုဏ်ပြု
    နိုင်ငံတကာ ကုရ်အာန်ပြိုင်ပွဲတွင် ဆုရခဲ့သူ ထိုင်းမွတ်စလင်ကို ၀န်ကြီးချုပ် ဂုဏ်ပြု
    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media
    – ဆူဒန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင် ရွတ်ဖတ်မှုပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ထိုင်းမွတ်စလင် လူငယ်တစ်ဦးကို ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက တွေ့ဆုံကာ ချီးကျူး ဂုဏ်ပြုခဲ့သည်ဟု သိရသည်။
    International Holy Quran Award အမည်ဖြင့် ဇန်န၀ါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ပြိုင်ပွဲတွင် ပတ္တာနီဒေသမှ အသက် ၁၈ နှစ်အရွယ် ထိုင်းမွတ်စလင်လူငယ် ဟာဆန် ဆာမိုဟ်မှာ အနိုင်ရရှိခဲ့ပြီး ဘတ်ငွေ ၁.၄ သန်း တန်ဖိုးရှိ ဆုကြေးငွေကို ရရှိခဲ့သည်။
    နယ်စပ်ဒေသအုပ်ချုပ်ရေးင်တာ (SBPAC) မှ အထွေထွေအတွင်းရေးမှူး ဆူပါနတ် ဆီရန်တာဝီနီတီက ဦးဆောင်သည့် ဟာဆန် ဆာမိုဟ်နှင့်အဖွဲ့မှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့သည်။
    Ref : Thaivisa
  • မြောက်ပိုင်းပဋိပက္ခများကို ရပ်တန့်ရန် မြန်မာအစိုးရကို NGO အဖွဲ့များ တိုက်တွန်း
    မြောက်ပိုင်းပဋိပက္ခများကို ရပ်တန့်ရန် မြန်မာအစိုးရကို NGO အဖွဲ့များ တိုက်တွန်း
    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media
    KIA မှ စစ်သမီးငယ်တစ်ဦး
    – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် အရပ်သားများအား ကာကွယ်မှုပေးရန် နိုင်ငံတကာ NGO အဖွဲ့များ စုပေါင်းထားသည့် International Rescue Committee က မြန်မာအစိုးရကို တိုက်တွန်း ပြောကြားလိုက်သည်။
    Oxfam၊ Kachin Baptist Convention နှင့် Save the Children တို့အပါအ၀င် NGO ပေါင်း ၂၂ ခုပါဝင်သည့် အဆိုပါအဖွဲ့က ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ‘လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေခြင်းနှင့် အရပ်သား ပြည်သူလူထု၏ လုံခြုံရေးဆိုင်ရာ အခြေအနေ အလွန်အမင်း ဆိုးရွားလာခြင်း’ တို့အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
    “စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်တာတွေ၊ အိုးအိမ်စွန်ခွာထွက်ပြေးရသူတွေ နေထိုင်ထဲ့ စခန်းတွေနဲ့ လူနေထူထပ်တဲ့ ဧရိယာတွေအနီးမှာ လက်နက်ကြီး အသုံးပြုနေတာတွေကြောင့် အရပ်သားတွေ သေဆုံးနေတာ၊ ဒဏ်ရာရနေတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာတွေလို အဖြစ်အပျက်တွေအတွက် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်” ဟု ကြေငြာချက်တွင် ဖ်ာပြထားသည်။
    ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကာ ဒုက္ခသည်စခန်း ၃ ခုတွင် နေထိုင်နေရသူ ၆၀၀၀ ခန့်၏ ဒုက္ခသုက္ခများ၊ ရှမ်းပြည်နယ်ရှိ ပဋိပက္ခများကြောင့် မကြာသေးမီက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူ ၅၆၀၀ ၏ ဒုက္ခသုက္ခများအကြောင်းကို ကြေငြာချက်တွက် အလေးထားဖော်ပြခဲ့သည်။
    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအတွက် အန္တရာယ်ကင်းသောနေရာများ မရှိခြင်း၊ အရပ်သားများအပေါ် ခြိမ်းခြောက်မှုများရှိနေခြင်းနှင့် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်အပေါ် ကန့်သတ်မှုများ မြင့်တက်လာခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မပေးအပ်နိုင်ခြင်းတို့မှာ ဒေသတွင်းနှင့် နိုင်ငံတကာ ပရဟိတအဖွဲ့များ အထူးစိုးရိမ်စရာကိစ္စ ဖြစ်နေသည်။
    “မြန်မာအစိုးရနဲ့ ပဋိပက္ခမှာပါဝင်နေသူအားလုံး အရပ်သားတွေအတွက် ကာကွယ်ပေးမှုကို လေးစားကာ တိုးမြှင့်လုပ်ဆောင်ဖို့၊ လိုအပ်နေသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်ပြုဖို့အတွက် တိုက်တွန်းပါတယ်” ဟု International Rescue Committee ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထိုကြေငြာချက်မှာ မြန်မာနိုင်ငံအတွင်း ညှင်းပမ်းနှိပ်စက်ခံနေရသူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရေး၊ အဆက်မပြတ်တိုးတက်လာနေသော အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ လိုအပ်ချက်များ ပြည့်မီစေရန် ရန်ပုံငွေများ တိုးမြှင့်ပေးရေး နိုင်ငံတာ အသိုင်းအ၀ိုင်းကို တွန်းအားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း ထိုအဖွဲ့က ဖော်ပြခဲ့သည်။
    Ref: Asian Correspondent
  • အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် တာလီဘန်က ထရမ့်ကို တောင်းဆို
    အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် တာလီဘန်က ထရမ့်ကို တောင်းဆို
    ဇန်န၀ါရီ ၂၆၊ ၂၀၁၇
    M-Media
    – အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ ထွက်သွားရန် တာလီဘန်တို့က သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုလိုက်ပြီး ၁၅ နှစ်အတွင်း သွေးမြေကျမှု၊ ထိုခိုက်ပျက်ဆီးမှုတို့မှလွဲ၍ အမေရိကန်မှာ မည်သည့်အောင်မြင်မှုမှ ရရှိခြင်း မရှိဟု ပြောကြားလိုက်သည်။
    တာလီဘန်၏ ၀ဘ်ဆိုက်များတွင် လွှင့်တင်ထားသည့် ဒေါ်နယ်ထရမ့်သို့ အိတ်ဖွင့်ပေးစာတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှာ ဆုပ်လည်းဆူး၊ စားလည်းရူးဖြစ်နေသည့် အခြေအနေတွင် ဒေါ်လာ ထရီလီယံပေါင်းများစွာ သုံးစွဲခဲ့ပြီးနောက် ယုံကြည်မှုလည်း ဆုံးရှုံးသွားခဲ့ပြီဟု ဆိုသည်။
    “ဒါ့ကြောင့် ဒီစစ်ပွဲကို အဆုံးသတ်ဖို့တာဝန်ဟာ ခင်ဗျားရဲ့ ပခုံးပေါ်မှာပါ” ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။
    အမေရိကန်မှာ ၂၀၀၁ ခုနှစ်က အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲပြီးနောက် အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲ ဖြစ်လာခဲ့သည်။ ထို့ပြင် ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်သုံးစွဲခဲ့ရကာ အကုန်အကျအများဆုံး စစ်ပွဲလည်းဖြစ်သည်။
    တာလီဘန်ကမူ ၎င်းတို့၏ သူပုန်ထမှုများမှာ ဘာသာရေးအရ၊ အသိပညာအရ၊ အမျိုသားရေးအရ တရားဝင်ပြီး ဥပဒေဘောင်အတွင်းရှိ စံချိန်စံညွှန်းများအားလုံးနှင့် ညီညွတ်သည်ဟုလည်း ဖော်ပြခဲ့သည်။
    အာဖဂန်၌ လက်ရှိတွင် နေတိုးအဖွဲ့ဦးဆာင်ပြီး အာဖဂန် လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ သီးခြား အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ရှိနေပြီး အမေရိကန်တပ်ဖွဲ့ဝင်များမှာ ၈၄၀၀ ၀န်းကျင် ရှိသည်။
    ထရမ့်ကမူ လက်ရှိတွင် အာဖဂန်နစ္စတန်နှင့်ပတ်သက်၍ မည်သည့် မှတ်ချက်မှမပေးသေးပေ။
    တာလီဘန်၏ ယခု အိတ်ဖွင့်ပေးစာတွင် ဗိုလ်ချုပ်များက တင်ပြသော အခြေအမြစ်မရှိသည့် သတင်းများကို မှီခိုအားထားခြင်းမပြုရန် ထရမ့်ကို သတိပေးခဲ့ပြီး၊ စစ်ပွဲရှိမှ အမေရိကန်မှာ အမြတ်ထွက်ကာ အခြေအနေကောင်းမည်ဖြစ်သောကြောင့် အာဖဂန်တွင် ဆက်လက်တိုက်ခိုက်ရေး၊ ဆက်လက်သိမ်းပိုက်ရေးတို့ကို ဗိုလ်ချုပ်များက အဓိကထား တင်ပြသွားမည်ဖြစ်ကြောင်း၊ ၃၈ နှစ်ကြာ စစ်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည့် အာဖဂန်ပြည်သူများမှာ စစ်ပွဲများကို လုံးဝ အဆုံးသတ်ချင်နေပြီဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
    အာဖဂန်တွင် တာလီဘန်နှင့် အစိုးရတပ်များ အသီးသီး ထိန်းချုပ်ထားသည့် နယ်မြေပြ မြေပုံ
    Ref: Aljazeera