News @ M-Media

Blog

  • ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ရူနီ၏ ဂိုးသွင်းစံချိန်သစ်အတွက် Nike က အထူးဖိနပ်ထုတ်လုပ်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    – မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ၀ိန်းရူနီ၏ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာမှုကို ဂုဏ်ပြုသည့်အနေဖြင့် Nike ကုမ္ပဏီက အထူး ဘောလုံးကန်ဖိနပ်တစ်ရံကို ထုတ်လုပ်လိုက်သည်ဟု သိရသည်။

    Hypervenom WR250 အမည်ပေးထားပြီး ကလပ်နှင့် နိုင်ငံအသင်းများတွင် ရူနီဝတ်ဆင်သော ဂျာစီအရောင် အနီနှင့်အဖြူကို ပေါင်းစပ်ထားသည်။ ရွန်နီ၏ စံချိန်တင်ဂိုးအရေအတွက် ၂၅၀ ကို ဖော်ပြရန်အတွက် ထိုနံပါတ်နှင့် သရဖူတစ်ခုကို ပေါင်းစပ်၍ အထူးလိုဂိုတစ်ခု ပြုလုပကာ ဖိနပ်၏လျှာတွင် ရိုက်နှိပ်ထားသည်။

    ရူနီဝတ်ဆင်သည့် ကျောနံပတ်ကို WR10 အဖြစ် ဖိနပ်၏ ဘေးဖက်တွင် ရိုက်နှိပ်ထားပြီး၊ ဖိနပ်ကြိုးထိပ် အကွပ်ကိုလည်း အဖြူရောင်၊ အနီရောင်များဖြင့် ဖန်တီးထားသည်။ ဖိနပ်နှစ်ဖက်ကို ဘေးတိုက်ယှဉ်ထားပါက စိန့်ဂျော့ဂ်ျ လက်ဝါးကပ်တိုင်ပုံ ပေါ်လာမည်ဖြစ်သည်။

    ယမန်နေ့က စတုတ်စီးတီးအသင်းနှင့်ပွဲတွင် ရူနီမှာ နောက်ဆုံးမိနစ်တွင် အသင်းအတွက် အရေးပါသည့် ချေပဂိုး ၁ ဂိုးကို သွင်းယူပေးခဲ့ပြီး ထိုဂိုးမှာ မန်ယူအတွက် ရူနီ၏ ၂၅၀ မြောက်ဂိုးလည်း ဖြစ်သည်။ ထို့ကြောင့် ဆာ ဘော့ဘီချာလ်တန်၏ စံချိန်ကိုချိုးကာ ရူနီမှာ မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ ကစားသမား ဖြစ်လာခဲ့သည်။

    ရူနီကမူ မိမိအနေဖြင့် ထိုကဲ့သို့စံချိန်မျိုး ရလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ခဲ့ကြောင်း၊ ရှေ့ဆက်၍ ဂိုးများများ သွင်းချင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် ကုရ်အာန်ကျမ်းစာ နားထောင်

    အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် ကုရ်အာန်ကျမ်းစာ နားထောင်

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    ကုရ်အာန်ကျမ်းစာ နားထောင်နေသည့် ဒေါ်နယ်ထရမ့်

    – အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက်သမ္မတအဖြစ် သောကြာနေ့မှာ ဒေါ်နယ်ထရမ့်က ကျမ်းကျိန်ခဲ့ပြီးတဲ့နောက် စနေနေ့က ၀ါရှန်တန် အမျိုသား ကက်သလစ်ဘုရားကျောင်းမှာ သမ္မသစ်တက်ခြင်း အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

    အဲဒီအခမ်းအနားမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဘာသာအသီးသီးက ဘာသာရေးခေါင်းဆောင်ပေါင်း ၂၆ ဦး တက်ရောက်ခဲ့ပြီး အစ္စလာမ်ဘာသာကိုယ်စားပြုအဖြစ် ဗာဂျီးနီးယားပြည်နယ် စတာလင်မြို့ All Dulles Area Muslim Society စင်တာက ရှေ့ဆောင်အီမာမ် မိုဟာမက် မာဂျစ်လည်း ပါဝင်ခဲ့ပါတယ်။

    အီမာမ် မိုဟာမက် မာဂျစ်က ဒီအခမ်အနားမှာ မွတ်စလင်တွေ နေ့စဉ်ဟစ်ကြွေးနေတဲ့ အာဇန် (၀တ်ပြုရန်နှိုးဆော်မှု) ဆိုဖို့ ကနဦးမှာ စီစဉ်ထားခဲ့ပေမယ့် ကုရ်အာန်ကျမ်းတော်မြတ်က ‘အတွင်းဆောင်များကဏ္ဍ’ နဲ့ ‘ရောမနိုင်ငံကဏ္ဍ’ တို့က ပါဒတော် ၂ ပါးကိုသာ ရွတ်ဖတ်ခဲ့ပါတယ်။ အခြားသော ဘာသာရေးခေါင်းဆောင်တွေကလည်း သူတို့ရဲ့ ကျမ်းစားအသီးသီးက ကျမ်းချက်တွေကို ဖတ်ရွတ်ခဲ့ပါတယ်။

    ရှေ့ဆောင်အီမာမ် မိုဟာမက် မာဂျစ် ရွတ်ဖတ်ခဲ့တဲ့ ပါဒတော် ၂ ပါးရဲ့ အလိုသဘောက အောက်ပါအတိုင်းဖြစ်ပါတယ်။

    “အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (ဘုရားခသင်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များအား အရှောင်ကျဉ်ဆုံးသောသူသည်သာလျှင် ဘုရားသခင်၏ အထံတော်၌ အမြင့်မြတ်ဆုံးသောသူ ဖြစ်၏။ စင်စစ်မူကား ဘုရားသခင်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။” (၄၉၊ ၁၃)

    “ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် မိုးကောင်းကင်များနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ အသင်တို့၏ ဘာသာစကားနှင့်အသွေးအရောင်တို့ ကွဲပြားခြားနားခြင်းသည်လည်းကောင်း၊စင်စစ် ဤသည် ပညာရှိ သုခမိန်တို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိချေသည်။” (၃၀၊ ၂၂)

    အောက်ပါ ဗီဒီယိုကတော့ အခမ်းအနားမှာ သမ္မတသစ် ဒေါ်နယ်ထရမ့် ကုရ်အာန်ကျမ်းစာ နားထောင်နေတဲ့ ဗီဒီယို ဖြစ်ပါတယ်။

    https://www.youtube.com/watch?v=8v6PV1qnKk8

  • ပြန်ပေးဆွဲမှုဖြစ်ပြီးနောက် မြန်မာဘက်သို့မသွားရန် ထိုင်းက နိုင်ငံသားများကို သတိပေးထား

    ပြန်ပေးဆွဲမှုဖြစ်ပြီးနောက် မြန်မာဘက်သို့မသွားရန် ထိုင်းက နိုင်ငံသားများကို သတိပေးထား

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    ပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်ပြီးနောက် တွေ့ရသည့် ထိုင်းခရီးသွားများ

    – ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ခရီးသွား ၃၇ ဦးကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံသားများအနေဖြင့် မြန်မာနယ်စပ်သို့ သွားရောက်ခြင်းမပြုရန် ထိုင်းက သတိပေးထားသည်ဟု သိရသည်။

    ခရီးသွားများမှာ ကရင်ပြည်နယ်ရှိ ဘုရားသုံးဆူဒေသသို့ ၀င်ရောက်လာစဉ် ယမန်နေ့အစောပိုင်းက ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်ထားသော ဒေသတွင် သက်ငယ် လိင်လုပ်သားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမှုအား လက်တုန့်ပြန်ခြင်းဖြစ်မည်ဟု ယူဆရသည်။

    နောက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့၊ စစ်တပ်၊ ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ကမ္ဘာလှည့်ခရီးသွားများကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း နောက်ထပ် ပြန်ပေးဆွဲခံရနိုင်သည့် အလားအလာ ရှိသဖြင့် ထိုင်းခရီးသွားများအနေဖြင့် ဘုရားသုံးဆူဒေသသို့ သွားရောက်ခြင်းမပြုရန် သတိပေးထားသည်။

    ထိုင်းစစ်တပ်မှ တာဝန်ရှိသူ ကာနယ် Banyong Thongnuem က လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် အခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး ခရီးသွားများမှာလည်း အန္တရာယ်ကင်းကြောင်း၊ နယ်စပ်ကိုလည်း ပြန်လည်ဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

    “ကရင်လက်နက်ကိုင်အုပ်စုက သူတို့လူတွေ ဖမ်းခံထားရတယ်ဆိုတာ ထိုင်းအာဏာပိုင်တွေ သိစေချင်တာကြောင့် ဒီလိုဖြစ်သွားတာပါ။ ဒါပေမယ့် အဲဒီအုပ်စုနဲ့ စကားပြောပြီးနောက်ပိုင်းမှာတော့ နှစ်ဖက်စလုံး နားလည်မှုကောင်းတစ်ခု ရရှိခဲ့ပါတယ်။ ထိုင်းခရီးသွားအားလုံးကို လွှတ်ပေးဖို့ သဘောတူခဲ့ပြီး နယ်စပ်ကနေ ဘေးအန္တရာယ်ကင်းစွာ ပြန်ခွင့်ပေးခဲ့ပါတယ်”

    Ref: nationmultimedia

  • လေယာဉ်ပျက်ကျခဲ့သည့် ဘရာဇီးလ်ကလပ် ပထမဆုံး ဘောလုံးပြန်ကစား

    လေယာဉ်ပျက်ကျခဲ့သည့် ဘရာဇီးလ်ကလပ် ပထမဆုံး ဘောလုံးပြန်ကစား

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    Neto (left), Jackson Follmann (second right) and Alan Ruschel (right) arrive at the Arena Conda stadium in Chapeco အသက်ရှင်ကျန်ရစ်ခဲ့သည့် ကစားသမားများဖြစ်သော နီတို (၀ဲ)၊ ဂျက်ဆန် ဖော်လ်မန်း (ယာ-ဒု) နှင့် အလန်ရက်ရှဲလ် (ညာစွန်)

    – နိုဝင်ဘာလက လေယာဉ်ပျက်ကျ၍ တစ်သင်းလုံးနီးပါး ဆုံးရှုံးခဲ့ရသည့် ဘရာဇီးကလပ် Chapecoense အသင်းမှာ ယမန်နေ့က ၎င်းတို့၏ ပထမဆုံး ဘောလုံးပွဲကို ပြန်ကစားခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သည့် ကစာသမားများလည်း တက်ရာက်ခဲ့သည်။

    ထိုစင်းလုံးငှားလေယာဉ်မှာ တောင်အမေရိက ကလပ်အသင်းလောကတွင် ဒုတိယအမြင့်ဆုံးဖြစ်သော Copa Sudamericana ဖလား ဖိုင်နယ်ကစားရန် ကိုလံဘီယာသို့ သွားရောက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၇၁ ဦး သေဆုံးခဲ့သည်။ ထိုအထဲတွင် Chapecoense အသင်းမှ ကစားသမားနှင့် ၀န်ထမ်းပေါင်း ၁၉ ဦး ပါဝင်ခဲ့သည်။

    ထိုကြေကွဲဖွယ်အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ၎င်းတို့နှင့် ဗိုလ်လုပွဲကစားမည့် ကိုလံဘီယာကလပ် Atletico Nacional အသင်းက Chapecoense အသင်းကို Copa Sudamericana ဆုဖလားချီးမြှင့်ရန် တောင်းဆိုခဲ့ပြီး ယမန်နေ့က ဘရာဇီးလ်လိဂ်ချိန်ပီယံ Palmeiras အသင်းနှင့် ချစ်ကျည်ရေးပွဲမကစားခင် လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ခဲ့သူ ကစားသမား ၃ ဦးက ဆုဖလားအား လက်ခံရယူခဲ့သည်။

    သေဆုံးသွားသူများအတွက် ဆုတံဆိပ်ကို မိသားစုများက လက်ခံရယူခဲ့သည်။

    ပွဲကစားချိန် ၇၁ မိနစ်တွင် ပွဲကိုရပ်နားကာ နှစ်ဖက်ကစားသမားများနှင့် ပရိတ်သတ်များက မတ်တတ်ရပ်၍ ကွယ်လွန်သွားသူများအတွက် လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြသည်။

    Chapecoense အသင်းမှာ ကစားသမား ၂၂ ဦးကို ပြန်လည်စုဆောင်းခဲ့ပြီး အများစုမှာ အငှားဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။ ယမန်နေ့ပွဲတွင် တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့သည်။

    ထိုပွဲမှရရှိသည့် ၀င်ငွေများ၏ ထက်ဝက်ကို သေဆုံးသွားသည့် ကစားသမားများ၏ မိသားစုများအား ထောက်ပံ့သွားမည်ဖြစ်ပြီး အခြားတစ်ဝက်ကို အသင်း ပြန်လည်တည်ဆောက်ရေးတွင် အသုံးပြုမည်ဖြစ်သည်။

    Ref: BBC

  • ဂမ်ဘီယာအာဏာရှင် ရာထူးစွန့်၍ တိုင်းပြည်မှထွက်ခွာ

    ဂမ်ဘီယာအာဏာရှင် ရာထူးစွန့်၍ တိုင်းပြည်မှထွက်ခွာ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    လေဆိပ်တွင်တွေ့ရသည့် ယဟ်ယာ ဂျာမေဟ်

    – ၁၉၉၄ ခုနှစ်က အာဏာသိမ်းပြီးနောက် ဂမ်ဘီယာနိုင်ငံဟား ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် အာဏာရှင် ယဟ်ယာ ဂျာမေဟ်မှာ ယမန်နေ့ ရာထူးမှဆင်းပေးကာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ပြီဟု သိရသည်။

    မြို့တော်ဘန်ဂျူလ်ရှိ လေဆိပ်သို့ ဆွေးနွေးညှိနှိုင်းပေးသူ အလ်ဖာ ကွန်ဒီနှင့်အတူ ရောက်ရှိလာသည့် ဂျာမေဟ်ကို ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ စစ်သားများက နှုတ်ဆက်ခဲ့ကြပြီး အမည်မဖော်ပြထားသည့် လေယာဉ်ဖြင့်၊ အမည်မသိနေရာသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဂျာမေဟ်မှာ ပြိုင်ဘက် အဒါမာဘာရိုးအား ရှုံးနိမ့်ခဲ့သော်လည်း ရာထူးမှဆင်းပေးရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် အနောက်အာဖရိကနိုင်ငံများ အဖွဲ့ဖြစ်သော ECOWAS က စစ်ရေးဖြင့် ကြားဝင်ရန် ပြင်ဆင်ခဲ့ပြီး၊ ၎င်းတို့၏ နောက်ဆုံး ရာဇသံပေးမှုကို ဂျာမေဟ်က လက်ခံခဲ့သည်။ ဂျာမေဟ်မှာ ဂီနီနိုင်ငံတွင် ခိုလှုံဖွယ်ရှိနေသည်။

    ကြာသာပတေးနေ့က ဆီနီဂေါနိုင်ငံရှိ ဂမ်ဘီယာသံရုံးတွင် သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့သည့် ဘာရိုးက မိမိအနေဖြင့် ဂျာမေ၏ ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် အမှန်တရားနှင့် ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်ကို ဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဂျာမေဟ်အား ဖမ်းဆီးရန်နှင့် ခိုလှုံခွင့်မပေးရန် အွန်လိုင်းမှ စာရေးသားတောင်းဆိုမှုများကိုမူ သတိပြုရန် တိုက်တွန်းခဲ့သည်။

    လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အတိုက်အခံများအား နှိပ်စက်ညှင်းပမ်းခြင်းနှင့် ထိန်းသိမ်းခြင်းတို့အပါဝင် ဂျာမေဟ်ကျူးလွန်ခဲ့သည်ဆိုသည့် ရာဇ၀တ်မှုများအတွက် ၎င်းအား တာဝန်ယူစေရန် တောင်းဆိုခဲ့သည်။

    ဘာရိုးကမူ ဂျာမေဟ်ထွက်သွားပြီးနောက် လုံခြုံရေးအရ ဆောင်ရွက်မှုများ ပြီးစီးသွားသည့်အချိန်တွင် ဂမ်ဘီယာသို့ ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera