News @ M-Media

Blog

  • ထိုင်းတီဗီအစီအစဉ်တွင် ဘောလုံးအစွမ်းပြခဲ့သည့် မွန်ကလေးငယ်ကို လက်စတာ ပျိုးထောင်ပေးမည်

    ထိုင်းတီဗီအစီအစဉ်တွင် ဘောလုံးအစွမ်းပြခဲ့သည့် မွန်ကလေးငယ်ကို လက်စတာ ပျိုးထောင်ပေးမည်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    ဆူဗင်အားလက်ရှိ လေ့ကျင့်ပေးနေသည့် Inter Thailand Academy ကို ကြီးကြပ်နေသည့် Sombat Leekumnerdthai၊ မစ္စတာ Aiyawatt၊ ထိုင်းနည်းပြ ကိုင်တီဆတ် တို့နှင့်အတူ တွေ့ရသည့် ဆူဗင်

    – ထိုင်းနိုင်ငံ တီဗီအစီအစဉ်တစ်ခုမှာ ဘောလုံးစွမ်းရည်ပြခဲ့တဲ့ ၇ နှစ်သား မွန်ကလေးငယ်ကို ပရီးမိးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းက ပြုစုပျိုးထောင်ပေးသွားမယ်လို့ သိရပါတယ်။

    ဆူဗင် ဒါမှမဟုတ် နွန်ပီးလို့ခေါ်တဲ့ အဲဒီကလေးငယ်လေးဟာ ဇန်န၀ါရီ ၇ ရက်နေ့က တီဗွီအစီအစဉ်မှာ ဂိုးဘားတန်းကို ၃ ကြိမ်ဆက်တိုက် ထိအောင်ကန်ပြခဲ့ပြီးတဲ့နောက်ပိုင်း နာမည်ကျော်လာတာဖြစ်ပါတယ်။ ဒီဗီဒီယိုကို Workpoint Entertainment စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီး ကြည့်ရှုသူ အနည်းဆုံး ၉.၁ သန်းရှိခဲ့ပြီး ဘောလုံးအသင်း တော်တော်များများကလည်း ဒီကလေးငယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

    ဒီကလေးငယ် ပရော်ဖက်ရှင်နယ်လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် ထိုင်းဘီလီယံနာ Vichai Srivaddhanaprabha ပိုင်တဲ့ လက်စတာအသင်းက ကူညီသွားမယ်လို့ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ ဒုတိယဥက္ကဌ Aiyawatt Srivaddhanaprabha က ပြောကြားခဲ့ပါတယ်။

    ဆူဗင်လေးကို ထိုင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် သင့်လျော်တဲ့ကျောင်းမှာ ပညာသင်ကြားနိုင်ရေး ထောက်ပံ့ပေးသွားမယ်လို့လည်း မစ္စတာ Aiyawatt က ဆိုပါတယ်။ ထိုင်းမှာ ပညာသင်မယ်ဆိုရင်တော့ လက်စတာက နည်းပြတစ်ဦး လွှတ်ပေးသွားဖို့ ရှိနေပါတယ်။

    “၇ နှစ်သာ ရှိသေးတာကြောင့် ဘယ်လိုပုံဖော်ဖော် ဖော်လို့ရမယ့် ရွှံ့ရုပ်ကလေးတစ်ခုပါ။ အဆင်အပြေဆုံးနည်းလမ်းနဲ့ လမ်းကြောင်းမှန်ပေါ်မှာ ကျွန်တော်တို့ သူ့ကို ကြီးပြင်းစေချင်ပါတယ်”

    နောက်ပြီး ဆူဗင်လေးဟာ နောက်ထပ်တစ်နှစ် ဒါမှမဟုတ် ၂ နှစ်လောက်နေပြီးမှ အင်္ဂလန်ကိုသွားရမယ်လို့ ထင်ကြောင်း၊ ဒီကလေးငယ် ပြုစုပျိုးထောင်ဖို့အတွက် ဘတ်ငွေ သန်း ၃၀ ကနေ ၄၀ ကြား ကျသင့်မှာဖြစ်ကြောင်း မစ္စတာ Aiyawatt က ပြောကြားခဲ့ပါတယ်။

    ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီကိုအားကျတဲ့ ဆူဗင်ဟာ ထိုင်းနိုင်ငံအတွက် ကစားပေးဖို့ ဆန္ဒရှိနေပေမယ့် အခုအချိန်အထိ ထိုင်းနိုင်ငံသား မဖြစ်သေးပါဘူး။ သူဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြောင်းရွှေ့ အခြေချခဲ့ကြတဲ့ မွန်မျိုးနွယ်ကနေ မွေးဖွားလာတာ ဖြစ်ပါတယ်။

    မစ္စတာ Aiyawatt က ဆူဗင်လေးဟာ ထိုင်းနိုင်ငံအတွက် ကစားပေးချင်တယ်လို့ အသေအချာ ပြောထားပေမယ့် အသက် ၁၈ နှစ်ကျော်မှသာ ရွေးချယ်ခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “လေ့ကျင့်ခန်းမှာ အာရုံစူးစိုက်မယ်လို့ သားကတိပေးပါတယ်။ ထိုင်းလက်ရွေးစင်အသင်းအတွက် သား ကစားပေးချင်ပါတယ်” လို့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆူဗင်က ပြောကြားခဲ့ပါတယ်။

    မိမိတို့အနေနဲ့ ထိုင်းက အစွမ်းအစရှိတဲ့ လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ မစ္စတာ Aiyawatt က ပြောကြားခဲ့ပြီး ထိုင်းလက်ရွေးစင်နည်းပြ ကိုင်တီဆတ်ကလည်း ဒီလို ပြုစုပျိုးထောင်ပေးမှုအတွက် လက်စတာအသင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : Bnagkokpost

     

  • ပြည်မြို့ရှိ တမန်တော်နေ့ပွဲ ကန့်ကွက်ခဲ့သူများကို ဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲမည်

    ပြည်မြို့ရှိ တမန်တော်နေ့ပွဲ ကန့်ကွက်ခဲ့သူများကို ဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲမည်

    ဇန်နဝါရီ ၁၇ ၊ ၂၀၁၇
    ကောင်းမြတ်မင်း / ဧရာဝတီ

    ပြည်မြို့ ရွာဘဲနယ်မြေ စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီတွင် ၁၄၉၁ နှစ်မြောက် တမန်တော်မွေးနေ့ကျင်းပမည့်ကိစ္စကို ကန့်ကွက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် အမျိုးသား ညွှန့်ပေါင်း အဖွဲ့မှ ဦးဆောင်သူ ဦးလှသိန်းမောင် အပါအဝင် ၁၂ ဦး ကို ဝတ္တရား နှောက်ယှက်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။

    ထို့အပြင် သံဃာ ၃ ပါးကို ရန်ကုန်တိုင်း သံဃမဟာ နာယကမှ ခေါ်ယူဆုံးမကာ သြဝါဒပေးမည်ဖြစ်ကြောင်း သိရသည်။

    ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် အမျိုးသားရေးညွန်ပေါင်း အဖွဲ့မှ ပွဲမကျင်းပနိုင်ရန် ကန့်ကွက်စောင့်ကြည့်မှုများပြုလုပ်ခဲ့ရာ ပွဲဖျက်သိမ်းလိုက်ရသည့် အတွက် ကန့်ကွက်သူများအား အရေးယူဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ညွန်ကြားခဲ့ပြီး စောင့်ကြည့်ကန့်ကွက်ရာတွင် ပါဝင် ပတ်သက်ခဲ့သူများကို စိစစ် နေကာ အခြား ပုဒ်များဖြင့်ပါ အရေးယူနိုင်ရန် ဥပဒေ အကြံပေးများဖြင့် တိုင်ပင်နေကြောင်း သိရသည်။

    “ ၁၅ ရက်နေ့က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံဃာကိစ္စကို မြို့နယ်သံဃ နာယကအဖွဲ့က ဆောင်ရွက်ပါလိမ့်မယ်။ ပါဝင်ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေကိုတော့ အုပ်ချုပ်ရေးမှူးတွေက ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်သွား လိမ့်မယ်ဆိုတဲ့ အကြောင်း အစည်းအဝေး လုပ်ခဲ့တာပါ” ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်က ပြောသည်။

    တမန်တော်မွေးနေ့အား ကန့်ကွက်ခဲ့သည့် အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့အား ဘာသာရေး အဓိကရုဏ်းဖြစ်ရန် သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ရာ အရေးယူဆောင်ရွက်ပေးရန်၊ အလားတူပြဿနာမျိုး ထပ်မံ မဖြစ်ပွားစေရေး တာဝန်ရှိသူများမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ပြည်မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်း ၂၇ ဖွဲ့ ပူးပေါင်းကာ ယနေ့နေ့လည်ပိုင်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

    “အထူးသဖြင့် အရေးယူတဲ့အပိုင်းကို ကျနော်တို့ ပိုမိုလုပ်ဆောင်စေချင်လို့ပါ။ ပြည်သူလူထုကလည်း အမြဲတမ်း နိုးနိုးကြားကြားရှိနေစေဖို့ ဒါမျိုးဖြစ်လာရင် နားမယောင်ဖို့ပါ” ဟု ပြည်မြို့ အခြေစိုက် မိုးမေတ္တာပရဟိတအသင်း အထွေထွေအတွင်းရေးမှူး ကိုညီညီအောင်က ပြောသည်။

    ပြည်မြို့တွင် ကျင်းပပြုလုပ်မည့် တမန်တော်မွေးနေ့အား ကန့်ကွက်ခဲ့သည့် အမျိုးသားရေးညွန်ပေါင်းအဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အဖွဲ့အစည်း ၁၇ ဖွဲ့ပါရှိကာ ယင်းအဖွဲ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြည်မြို့စည်တော်မင်္ဂလာရပ်ကွက် ဗလီရှေ့တွင် ကား ၈ စီးခန့် တန်းစီးရပ်ထားပြီး တမန်တော်နေ့အခမ်းအနား ထပ်မံမကျင်းပနိုင်ရန် စောင့်ကြည့်မှုများပြုလုပ်ကာ ကန့်ကွက်ကြောင်းကြေညာချက် စာရွက်များ လိုက်လံ ဝေပေးခဲ့ခြင်းကြောင့် ပွဲဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

  • အီရန်နိုင်ငံမှ ကမ္ဘာကျော် စစ်တုရင်အားကစားမယ်နှင့် တွေ့ဆုံခြင်း (အင်တာဗျူး)

    အီရန်နိုင်ငံမှ ကမ္ဘာကျော် စစ်တုရင်အားကစားမယ်နှင့် တွေ့ဆုံခြင်း (အင်တာဗျူး)

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    International Master နဲ့ Woman Grandmaster ဆုရှင် ဆာရာဒတ် ခါဒီမာလ်ရှာရီယာ

    – ဆာရာဒတ် ခါဒီမာလ်ရှာရီယာလို့ ခေါ်ဆိုပြီး ဆာရာ ခါဒင်မ်လို့သိကြတဲ့ အီရန်က အသက် ၁၉ နှစ်အရွယ် စစ်တုရင်မယ်လေးဟာ စစ်တုရင်အားကစားလောကမှာ အမြင့်ဆုံး ဆုတံဆိပ်တွေဖြစ်တဲ့ International Master နဲ့ Woman Grandmaster ဘွဲ့တွေကို ပိုင်ဆိုင်ထားသူပါ။

    စစ်တုရင်ချန်ပီယံအများစုလိုပဲ ခါဒင်မ်ဟာ အသက် ၈ နှစ်အရွယ်ကနေစပြီး ကစားခဲ့တာ ဖြစ်ပါတယ်။ နောက်ထက် ၄ နှစ်အကြာမှာတော့ အသက် ၁၂ နှစ်အောက် ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

    အီရန်ရဲ့ ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးတွေဟာ အားကစားပွဲ တော်တော်များများကို သွားရောက်ခွင့်မရကြပါဘူး။ အပြင်ထွက်ရင် ပုဝါဆောင်းရသလို၊ အားကစားပြိုင်ပွဲတွေမှာလည်း ပုဝါဆောင်းပြီး ယှဉ်ပြိုင်ရပါတယ်။

    အခုအချိန်မှာ ကာဒင်မ်ရဲ့ အောင်မြင်မှုဟာ အားကစားလောကကို ၀င်ရောက်ဖို့တာဆူနေတဲ့ အီရန်လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီငယ်လေးတွေအတွက် တွန်းအားဖြစ်စေခဲ့ပါတယ်။

    အလ်ဂျာဇီးရား သတင်းဌာနဲ့ ဆာရာ ခါဒင်မ်တို့ရဲ့ တွေ့ဆုံမေးမြန်းမှုကို M-Media ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

    မေး – အသက် ၈ နှစ်အရွယ် စစ်တုရင်နဲ့စပြီး ထိတွေ့တယ်။ နောက် ၄ နှစ်ကြာတဲ့အခါမှာ ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တယ်။ အဲဒီအကြောင်းလေး ပြောပြပါအုံး။

    ဖြေ – ကျွန်မ ၂ တန်းတုန်းက သူငယ်ချင်းတစ်ယောက်က စစ်တုရင်ကစားမယ်လို့ပြောတယ်။ အရင်က စစ်တုရင်ခုံကိုတောင် မမြင်ဖူးပါဘူး။ မိသားစုထဲမှာလည်း ကစားတဲ့လူ တစ်ယောက်မှ မရှိဘူး။ ဟိုဒီ လျှောက်ရွှေ့ပြီး နောက်ပိုင်း ကျွန်မ ကြိုက်လာတယ်။ ဒါ့ကြောင့် အပတ်တကုတ် ကြိုးစားအားထုတ်ပါတယ်။ ကလေးဘ၀ကတည်းက တစ်နေ့ကို ၆ နာရီ ၇ နာရီလောက် လေ့ကျင့်တယ်။ အဲဒီလို လေ့ကျင့်မှုရဲ့အကျိုးကို နောက်ထပ် ၄ နှစ်အကြာမှာ ခံစားရတယ်လို့ ထင်ပါတယ်။

    မေး – အဲဒီတုန်းက စစ်တုရင်ဆိုတာ အီရန်မှာ လူကြိုက်မများသေးဘူး။ မိသားစုက ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို အားပေးရဲ့လား။ ပညာရေးမှာရော ထိခိုက်မှုရှိခဲ့လား။

    ဖြေ – စစ်တုရင်ကစားတာက စိတ်ကိုတည်ငြိမ်စေတယ်၊ ပညာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ သိထားတာကြောင့် မိသားစုက သဘောကျပါတယ်။ ဒါပေမယ့် ဒါက ကျွန်မအတွက် ဘာမှမထူးပါဘူး။ (ရယ်လျက်) စစ်တုရင်စကစားကတည်းက ကျောင်းကို မမှန်တော့ဘူး။

    စာမေးပွဲဖြေတဲ့အချိန်လောက်မှ ကျောင်းသွားတယ်။ စာကိုလည်း မဖြေခင် ၂ ရက်လောက်မှ ကျက်ဖြစ်ပါတယ်။

    မေး – ဒါဆိုရင် အထက်တန်းဘယ်လိုအောင်ခဲ့သလဲ။

    ဖြေ – ဖေဖေက ရူပနဲ့ သင်္ချာကို ကူလုပ်ပေးတယ်။ သူက သင်္ချာတော်တယ်လေ။ အခြား ဘာသာရပ်တွေကိုတော့ ကျွန်မကိုယ်တိုင် လုပ်ရတာပေါ့။ အဆင့်မကောင်းပေမယ့်။ စာမေးပွဲတိုင်းတော့ အောင်ခဲ့ပါတယ်။

    မေး – စစ်တုရင်ကိုပဲ ဦးစားပေးတော့မယ်လို့ ဘယ်အချိန်မှာ ဆုံးဖြတ်ခဲ့တာလဲ။

    ဖြေ – အသက် ၁၂ နှစ်အရွယ် ကမ္ဘာ့ချန်ပီယံ ဖြစ်ပြီးတဲ့ အချိန်မှာပါ။ ကျွန်မဟာ ဒီချန်ပီယံဘွဲ့ကိုရရှိတဲ့ တတိယမြောက် အီရန်နိုင်ငံသားပါ။ အဲဒီနောက်ပိုင်းမှာ စစ်တုရင်က ကျွန်မအတွက် ဖရော်ဖက်ရှင်နယ်ဖြစ်လာပါတယ်။ စာဆက်မသင်ချင်တော့ဘူး။ တက္ကသိုလ်မှာ ဂရပ်ဖစ်ဒီဇိုင်းဘာသာရပ် သင်ယူဖို့ အစီအစဉ်ရှိတယ်။ လျှောက်တော့လျှောက်ထားတာပဲ ရမလားတော့ မပြောတတ်ဘူး။

    မေး – စစ်တုရင်အားကစားမှာ ပရော်ဖက်ရှင်နယ်အဆင့်ကို သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တော့ ခင်ဗျားအသိုင်းအ၀ိုင်းကလူတွေရဲ့ တုန့်ပြန်မှုက အပြုသဘောဆောင်ရဲ့လား။

    ဖြေ – အင်း …. အစုံပေါ့ရှင်။ တစ်ချို့သူငယ်ချင်းတွေက အားပေးတယ်။ တစ်ချို့ကျတော့ အားမပေးကြဘူး။ တစ်ချို့က ဒါဟာ အားကစားကောင်းတစ်ခုဖြစ်တယ်။ ဉာဏ်ထက်တဲ့သူတွေနဲ့ သင်တော်တဲ့ အားကစားနည်းဖြစ်တယ်လို့ ပြောကြတယ်။ ကျွန်မကတော့ ဒီလိုမထင်ပါဘူး။ တစ်ချို့တွေက စစ်တုရင်ကစားနည်းကို ဒီလိုထင်တာ ရှိသလို၊ တစ်ချို့ကြတော့ ပြင်းစရာကာင်းတဲ့ ကစားနည်းလို့ ထင်ကြတယ်။

    ဟိုဖက်ဒီဖက် ဒီလိုပဲ ပြောကြတာပေါ့။

    မေး – ဒီကစားနည်းက ဘ၀အတွက်ရော အထောက်အကူဖြစ်ရဲ့လား။

    ဖြေ – စစ်တုရင်ကစားနည်းက အာရုံစူးစိုက်မှုနဲ့ တွေးခေါ်မြော်မြင်မှုကို ကောင်းစေတယ်။ အထူးသဖြင့် အသက် ၈ နှစ်ဆိုတဲ့ ကလေးငယ်တစ်ယောက်ရဲ့ တွေးခေါ်ပုံကိုပေါ့။ အဲဒီအရွယ်မှာ တစ်နေ့ကို ၅ နာရီလောက် တွေးရတဲ့ စစ်တုရင်ကစားနည်းဟာ ဘ၀နဲ့ တွေးခေါ်မြော်မြင်မှုတို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။

    မေး – စစ်တုရင်အားကစားမယ်တစ်ယောက်အဖြစ် အီရန်မှာ အခက်အခဲတွေဘာတွေများ ရှိလား။

    ဖြေ – ကျွန်မ ဒီလို မကြာခဏ အမေးခံရတယ်ရှင့်။ အမျိုးသားစစ်တုရင်ကစားသမားတစ်ယောက်နဲ့ ဘာမှမကွာပါဘူး။ နည်းပြတွေလည်းတူတယ်၊ ပြိုင်ပွဲတွေလည်း တူတယ်။ ဘာခြားနားချက်မှ မရှိပါဘူး။

    စစ်တုရင်ကစားနည်းဟာ အီရန်မှာ ဖွံ့ဖြိုးလာတယ်။ စစ်တုရင်မကစားတဲ့ သူတွေဆီကတောင်မှ ချီးကျူးတာမျိုးတွေ ကျွန်မကြားရတယ်။ သူတို့တွေက စစ်တုရင်မကစားပေမယ့် ကျွန်မပွဲတွေကို အားပေးတယ်။ ကျွန်မရဲ့ တိုးတက်မှုကိုလည်း ချီးကျူးကြပါတယ်။

    အမျိုးသားလက်ရွေးစင်အသင်းမှာဆို ကစားသမားလေးတွေက အသက် ၁၂ နှစ်၊ ၁၃ နှစ်၊ ၁၅ နှစ်နဲ့ ၁၆ နှစ်လောက်ပဲ ရှိပါသေးတယ်။ အနာဂတ်က သိပ်ပြီးတောက်ပနေပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အီရန်မှာ စစ်တုရင်ဟာ ဘောလုံးပြီးတဲ့နောက် ဒုတိယလူကြိုက်အများဆုံး အားကစားဖြစ်တယ်လို့ သတင်းတွေက ဖော်ပြတာကို ကျွန်မတွေ့ရတယ်။ ဒါ ထူးခြားပါတယ်။

    နောက်တစ်ခု ပိုကောင်းလာတာက အမျိုးသမီးငယ် တော်တော်များများ စိတ်ဝင်စားလာကြပြီး ယောက်ျားလေးတွေထက်တောင် ပိုကောင်းကြတာပါ။

    မေး – နိုင်ငံတကာအဆင့်မှာတော့ ဒါမျိုး (အမျိုးသမီးတွေတက်လာတာမျိုး) မရှိဘူးဖြစ်နေတယ်။ ဘာ့ကြောင့်လဲ။ အမျိုးသမီးတွေ grandmaster ရတာ ဘာ့ကြောင့် နည်းနေတာလဲ။

    ဖြေ – မပြောတတ်ဘူးရှင့်။ အီရန်မှာ စစ်တုရင်အားကစားမယ်တွေဟာ အမျိုးသားတွေထက် ပိုနည်းတယ်။ ဒါပေမယ့် ဒါက ဒီကွာဟချက်အတွက် အကြောင်းပြချက်လို့ မထင်ပါဘူး။

    မိန်းကလေးငယ်တွေက အခြားသော အားကစားနည်းတွေကို ပိုစိတ်ဝင်စားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့အဆင့်မှာ အမျိုးသမီးတွေအတွက် စစ်တုရင်ပြိုင်ပွဲတွေ များများစားစားလိုအပ်တယ်။ ဒါမှသာ ကျွန်မတို့ ပိုပြီး ၀င်ပြိုင်နိုင်မှာပါ။

    Ref: Aljazeera

  • သိက္ခာကျသည်ဟုဆိုကာ သမီးကို မီးရှို့သတ်သည့် မိခင်အား ပါကစ္စတန် သေဒဏ်ပေး

    သိက္ခာကျသည်ဟုဆိုကာ သမီးကို မီးရှို့သတ်သည့် မိခင်အား ပါကစ္စတန် သေဒဏ်ပေး

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – ‘ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်း’ ဟု လူသိများသည့် ရိုးရာဓလေ့တစ်ခုအတွက် မိမိ၏ သမီးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ပါကစ္စတန်တရားရုံးက သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    ပါရ်ဝမ် ဘီဘီဆိုသူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူ ဇီနသ် ရာဖစ်က ၎င်းတို့ သဘောမတူသူနှင့် ခိုးရာလိုက်ပြေးသည့်အတွက် ‘မိသားစုကို အရှက်ရစေသည်’ ဟု ဆိုကာ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ရှိ တရားရုံးကမူ ပါရ်ဝမ်အား ယနေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး သတ်ဖြတ်မှုတွင် ပါဝင်သူ ပါရ်ဝမ်၏သား အဟ်မာရ် ရာဖစ်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

    ဇီနသ်ရာဖစ်မှာ ခင်ပွန်းဖြစ်သူနှင့် ခိုးရာလိုက်ပြေးပြီး တစ်လအကြာ မိခင်အိမ်သို့ပြန်လာစဉ် ပါရ်ဝမ်နှင့် အဟ်မာရ်တို့က သူမအား ကုတင်ပေါ်တွင် ကြိုးဖြင့်တုတ်ကာ ဓာတ်ဆီလောင်း၍ မီးရှိုခဲ့ခြင်းဖြစ်သည်။

    ‘ဂုဏ်သိက္ခာအတွက်သတ်ဖြတ်ခြင်း’ ဟူသည့် အဆိုပါ ရိုးရာဓလေ့ကို အိန္ဒိယနှင့် ပါကစ္စတန်တို့ရှိ အချို့ဒေသများတွင် ကျင့်သုံးလေ့ရှိသည်။

    သို့သော်လည်း အဆိုပါဓလေ့ ကျင့်သုံးသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန်နှင့် လွတ်မြောက်မှုမရှိစေရန်အတွက် ဥပဒေသစ်တစ်ရပ်ကို ပါကစ္စတန်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အတည်ပြုခဲ့သည်။

    Ref: CNN

  • စပိန်တွင် အခွန်ရှောင်မှုစွဲချက်ကို ဆန်းချက်ဇ် ၀န်ခံ

    စပိန်တွင် အခွန်ရှောင်မှုစွဲချက်ကို ဆန်းချက်ဇ် ၀န်ခံ

    ဇန်န၀ါရီ ၁၇၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာကစားသမားအဖြစ် စပိန်တွင် ရှိနေစဉ်အတွင်း ယူရို တစ်သန်းနီးပါး အခွန်ရှောင်ခဲ့သည်ဆိုသော စွဲချက်အတွက် အာဆင်နယ်တိုက်စစ်မှူး အလက်ဇစ်ဆန်းချက်က ယမန်နေ့ ဘာစီလိုနာတရားရုံးတွင် ၀န်ခံခဲ့သည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ် ၂၀၁၃ ခုနှစ်များတွင် အခွန်ရှောင်ခဲ့မှုအတွက် ကြားနာမှုအတွင်း ဗီဒီယိုမှတစ်ဆင့် ၀န်ခံခဲ့ခြင်ဖြစ်ပြီး စပိန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်နှစ်ခုကိုလည်း လက်ခံခဲ့သည်ဟု Europa Press က ဖော်ပြခဲ့သည်။

    သို့သော်လည်း ဆန်းချက်မှာ အဆိုပါ အခွန်ရှောင်ထားမှုအတွက် ကျသင့်ပမာဏကို ပြန်လည်ပေးချေခဲ့သောကြောင့် တရားစွဲဆိုခံရမှုမှ ကင်းလွတ်ဖွယ် ရှိနေသည်။ ဆန်းချက်ဇ်၏ ရှေ့နေအဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှာ အခွန်ဆောင်ရန် နှောင့်နှေးကြန့်ကြာမှုအတွက် ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်ကိစ္စတို့ကို ဆွေးနွေးရမည်ဖြစ်သည်။

    ထိုအမှုအတွက် ထောင်ဒဏ်မှာ ကာလအနည်းငယ်သာဖြစ်ပြီး ဆိုင်းငံ့ထောင်ဒဏ်လည်း ဖြစ်နိုင်သည်။

    Tax Agency က ရုံးတော်သို့ လျှောက်ထားမှုတွင် အသက် ၂၈ နှစ်အရွယ် ဆန်းချက်ဇ်မှာ မောလ်တာအခြေစိုက် ကုမ္ပဏီတစ်ခု၏ ပုံရိပ်အသုံးပြုမှုနှင့်ပတ်သက်၍ အခွန်ရှောင်ခဲ့သည်ဟု ဖော်ပြထားသည်။

    Ref: Sport-english