News @ M-Media
Blog
  • တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ
    တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ
    ဇန်နဝါရီ ၁၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    .
    (၁၄၉၁)နှစ်မြောက် တမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲ တရပ်ကို ဇန်နဝါရီ ၁၂ နေ့တွင်  ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
    .
    ပြင်ဦးလွင်မြို့နယ်လုံးဆိုင်ရာ မဟာ တမန်တော်နေ့ကျင်းပရေး ဗဟိုကော်မတီမှ ဦးစီး၍ ပြင်ဦးလွင်မြို့နယ် ဗိုလ်ချုပ်လမ်း”Royal Diamond ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၃၀ ကျော် ပါဝင်၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ယခုကဲ့သို့ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းသိရှိရသည်။
    ဓါတ်ပုံများကို Khin Mg Aye ၏ FB စာမျက်နှာမှ ရယူဖော်ပြပါသည်။
  • ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို ပါကစ္စတန်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး
    ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို ပါကစ္စတန်ဝန်ကြီးချုပ် ဖွင့်လှစ်ပေး
    ဇန်န၀ါရီ ၁၂၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်မှာ ယမန်နေ့က ပန်ဂျပ်ပြည်နယ်ရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းတစ်ခုကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းပြည်ရှိ လူနည်းစုများအပေါ် စာနာသည့် သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။
    တောင်အာရှတွင် ဟိန္ဒူများအတွက် အမြင့်မြတ်ဆုံး ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ Katas Raj ဘုရားကျောင်းဖြစ်ကာ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၀န်ကြီးချုပ်က လာရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
    “ကျွန်တော့်ရဲ့အမြင်အရ ကျွန်တော်တို့အားလုံးဟာ အတူတူပါပဲ။ မွတ်စလင်၊ ဟိန္ဒူ၊ ဆစ်ခ်၊ ခရစ်ယာန်နဲ့ အခြားသော ဘာသာဝင်တွေပေါ့။ ကျွန်တော်တို့အားလုံးဟာ လူသားတွေပါပဲ” ဟု ၀န်ကြီးချုပ်က ဟိန္ဒူဘာသာရေးဆိုင်ရာ အခမ်းအနားပြီးနောက် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
    အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ခရစ်ယာန်၊ ဆစ်ခ်နှင့် ဟိန္ဒူခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ၀န်ကြီးချုပ် ရှရစ်ဖ်က အစ္စလာမ်သာသနာအား အလွဲသုံးစားလုပ်၍ အမုန်းတရား ဖြန့်ဖြူးနေသူများကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။
    “ဒါမျိုးပြောဆိုတာက ဥပဒေနဲ့မညီဘူးဗျ။ ဒါမျိုး သင်ယူ၊ သင်ကြားတာတွေ မပြုလုပ်ရဘူး။ ပါကစ္စတန်ရဲ့ပုံရိပ်၊ စီးပွားရေး၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပှ်နှံမှု၊ လုံခြုံရေး စတာတွေနဲ့ ဆက်စပ်နေတယ်” ဟု ၀န်ကြီး၏ အကြံပေးတစ်ဦက ပြောကြားခဲ့သည်။
    ပါကစ္စတန်နိုင်ငံ၏ သန်း ၁၉၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်မဟုတ်သူ ၃ ရာခိုင်နှုန်း ရှိနေသည်။
    Ref : Brecorder
  • အဟ်မဒ် ဟူဆန် (သို့မဟုတ်) ဒုက္ခသည်ဘ၀မှ ကနေဒါ လ၀က၀န်ကြီး ဖြစ်လာသူ
    အဟ်မဒ် ဟူဆန် (သို့မဟုတ်) ဒုက္ခသည်ဘ၀မှ ကနေဒါ လ၀က၀န်ကြီး ဖြစ်လာသူ
    ဇန်ဝါရီ ၁၂၊ ၂၀၁၇
    M-Media
    ကနေဒါဝန်ကြီးချုပ် (ယာအစွန်နှင့်) အတူတွေ့ရသည့် လ၀က၀န်ကြီး အဟ်မဒ် ဟူဆန် (လယ်)
    – ဆိုမာလီနိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိလာသူတစ်ဦးကို ကနေဒါနိုင်ငံက ကတ်ဘိနတ်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နဲ့ နိုင်ငံသားဆိုင်ရာ ၀န်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
    အဟ်မဒ် ဟူဆန်ဆိုသူဖြစ်ပြီး အသ် ၁၆ နှစ်အရွယ်ကတည်းက ကနေဒါနိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိလာခဲ့သူပါ။
    ဟူဆန်ဟာ အွန်တာရီယိုပြည်နယ် ယော့ခ် ဆောက်သ် ၀က်စ်တန်ခရိုင် ကိုယ်စားပြု လွှတ်တော်အမတ်လည်းဖြစ်ပြီး ဆိုမာလီလွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး ဆိုမာလီ-ကနေဒီယန်တစ်ယောက်လည်း ဖြစ်ပါတယ်။
    ၁၉၉၃ ခုနှစ်က ကနေဒါကို ရောက်ရှိခဲ့ပြီးနောက် ဟူဆန်ဟာ တိုရွန်တိုမှာ အခြေချနေထိုင်ခဲ့ပြီး အခုဆိုရင် အသက် ၄၀ ရှိနေပါပြီ။ ဟူဆန်ကတော့ ဆိုမာလီတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူနေပြီး၊ လွှတ်တော်မှာ ဆိုမာလီတစ်ဦးထက်ပိုပြီး ရှုမြင်ခံရဖို့လည်း မျှော်လင့်နေပါတယ်။
    “လွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ ကတ်ဘိနတ် ၀န်ကြီးပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်ယောက်ချင်းစီဟာ လူ့အဖွဲ့အစည်းက အတွေ့အကြုံအမျိုးမျိုးကို စားပွဲပေါ် ယူလာကြတာပါ။ ကျွန်တော်လည်း အဲဒီလိုမျိုးပါပဲ။ ကနေဒါကို ရောက်လာတဲ့ ပြောင်းရွှေ့အခြေချသူတစ်ယောက်ရဲ့ အတွေ့အကြုံ၊ လူဝင်မှုကြီးကြပ်ရေး ရှေ့နေတစ်ဦးအဖြစ် ကျင်လည်ခဲ့တဲ့အတွေ့အကြုံ၊ ရာထူးမယူခင် လူမှုတက်ကြွလှုပ်ရှားသူ၊ လူမှုသဟဇာတဖြစ်ရေး စီစဉ်ဆောင်ရွက်သူ၊ လူမှုအသိပညာပေးသူအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်လာတဲ့ အတွေ့အကြုံတွေကို အသုံးချသွားမှာပါ” လို့ ဟူဆန်က ပါလီမန်မှာ ပြောကြားခဲ့ပါတယ်။
    ဟူဆန်ဟာ ကနေဒါမှာ အထက်တန်းကျောင်းပြီးကတည်းက Hamilton-Wentworth ရဲ့ လူမှုဝန်ဆောင်မှုဌာနမှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ တိုရွန်တိုကိုပြန်ကာ York တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။
    မစ္စတာ ဟူဆန်ဟာ ၂၀၀၂ ခုနှစ်မှာ Regent Park Community ကောင်စီကို တည်ထောင်ခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၀၀ ကုန်ကျတဲ့ ဒေသ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်ပေါ်လာရေး ကူညီပေးခဲ့ပါတယ်။
    နိုင်ငံရေးလောကကိုတော့ အတိုက်အခံခေါင်းဆောင် ဒါလ်တန် မက်ဂွင်တီရဲ့ လက်ထောက်အဖြစ် ပြည်နယ်အဆင့်ကနေ စတင်ဝင်ရောက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်မှာ လစ်ဘရယ်တွေအနိုင်ရပြီး မစ္စတာ မက်ဂွင်တီ ၀န်ကြီးချုပ်ရုံး ရောက်လာတဲ့အခါမှာ ဟူဆန်လည်း ပါလာခဲ့ပါတယ်။ မက်ဂွင်တီကတော့ ဟူဆန်ဟာ ‘ရိုးဖြောင့်တဲ့ ခေါင်းဆောင်’ ဖြစ်တယ်လို့ အမွှမ်းတင် ချီးကျူးခဲ့ပါတယ်။
    အိုတာဝါ ဥပေဒတက္ကသိုလ်ကို တက်ရောက်ခဲ့တဲ့ မစ္စတာ ဟူဆန်ဟာ ရာဇ၀တ်မှု၊ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နဲ့ လူ့အခွင့်အရေးနယ်ပယ်မှာ ပါဝင်လုပ်ကိုင်ခဲ့ပြီး ‘ကနေဒါ ဆိုမာလီကွန်ဂရက်’ ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကနေဒါက ဆိုမာလီလူ့အဖွဲ့အစည်းအတွင်း အစွန်းရောက်ဝါဒ သွတ်သွင်းခံရမှုနဲ့ပတ်သက်လို့ မစ္စတာဟူဆန်ဟာ ၂၀၁၁ ခုနှစ်မှာ အမေရိကန် ပြည်တွင်းလုံခြုံရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
    ကလေးသုံးယောက်ဖခင်ဖြစ်တဲ့ ဟူဆန်ဟာ အင်္ဂလိပ်၊ ဆိုမာလီနဲ့ ဆွာဟီလီ ဘာသာစကားတို့ကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါတယ်။
    Ref: The Globe and Mail
  • နောက်ဆုံးမိန့်ခွန်းမှာ အမေရိကန်တွေ စိတ်ဓာတ်မကျဖို့ အားပေးခဲ့တဲ့ အိုဘားမား
    နောက်ဆုံးမိန့်ခွန်းမှာ အမေရိကန်တွေ စိတ်ဓာတ်မကျဖို့ အားပေးခဲ့တဲ့ အိုဘားမား
    ဇန်န၀ါရီ ၁၁၊ ၂၀၁၇
    M-Media
    obama
    – မကြာခင်ရာထူးစွန့်လွှတ်ရတော့မယ့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ သူ့ရဲ့နောက်ဆုံးမိန့်ခွန်းကို ဒုတိယဇာတိဖြစ်တဲ့ ချီကာဂိုမှာ ယမန်နေ့က မျက်ရည်လည်ရွဲနဲ့ ပြောသွားခဲ့ပါတယ်။
    ၈ နှစ်တာ သမ္မတသက်တမ်းအတွင်း သူ့ရဲ့ အောင်မြင်မှုတွေကို ပြန်လည်အမှတ်ရစေကာ တိုင်းပြည်ညီညွတ်ဖို့ အဓိကထားပြောသွားခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ ဆောင်ပုဒ်ဖြစ်တဲ့ ‘ကျွန်တော်တို့ လုပ်နိုင်တယ်’ ဆိုတာကို ဒီတစ်ခေါက်မှာတော့ ‘ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်’ ဆိုတာနဲ့ အစားထိုးခဲ့ပါတယ်။
    အီရန်နဲ့ နျူသဘောတူညီချက် ရရှိခဲ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးအကြောင်းတွေကို အနှစ်ချုပ်ပြောကြားခဲ့ပေမယ့် သူ့ရဲ့ မိန့်ခွန်းအများစုဟာ ဒေါ်နယ်ထရမ့်ရဲ့ အံ့ဖွယ်ရွေးကောက်ပွဲအနိုင်ကြောင့် တုန်လှုပ်ခဲ့ရတဲ့ အမေရိကန်ပြည်သူတွေကို အားပေးတာတွေ ဖြစ်ပါတယ်။
    နောက်ပြီး ပြည်သူတွေအနေနဲ့ ထိုင်မနေကြဖို့၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြဖို့နဲ့ ပြန်လည်စုစည်းကြဖို့လည်း အိုဘားမားက တိုက်တွန်းခဲ့ပါတယ်။
    “ကျွန်တော်တို့ အပြင်ပန်း မတူညီမှုတွေရှိနေပေမယ့် စည်းလုံးရမှာပါ။ ဆုံးရှုံးမှု ဒါမှမဟုတ် အောင်မြင်မှုဒဏ်ကို ကျွန်တော်တို့အားလုံး အတူတကွ ခံစားရမှာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ရာမှာ ကျွန်တော်တို့အားလုံးဟာ ပါတီစွဲမထားဘဲ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ရပါမယ်”
    သမ္မသစ် ဒေါ်နယ်ထရမ့်ဟာ အိုဘားမား ချန်ထားခဲ့တဲ့ ပေါ်လစီတွေကို ဖျက်ပစ်ဖို့ ကြုံးဝါးထားပြီး အိုဘားမားကိုလည်း ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့သူပါ။ အမေရိကန် ထောက်လှမ်းရေးဌာနကတော့ ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရဖို့အတွက် ရုရှားက ကူညီပေးခဲ့တယ်ဆိုပြီး ထူးခြားတဲ့ စွပ်စွဲပြောဆိုမှုလည်း ရှိထားပါတယ်။
    အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီဟာ အိမ်ဖြူတော်၊ အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့မှာ နေရာအနည်းစုသာ ရရှိခဲ့ပြီး ရုန်းကန်ရမယ့်အနေအထားမှာ ရှိနေပါတယ်။
    အိုဘားမားကတာ့ ဒီမိုကရက်ပါတီ ရှေ့ဆက်ရင်ဆိုင်ရမယ့်ကိစ္စကို အားလုံးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုလို့ အိုဘားမားက ကင်ပွန်းတပ်ခဲ့ပါတယ်။
    “ကိုယ်ရည်ကိုယ်သွေးပေါ်မှာ ယုံကြည်မှု၊ အာဏာထက် အခွင့်အရေးက အရေးပါဆုံးဖြစ်တယ်ဆိုတဲ့ ခံယူမှု” တွေဟာ ‘စီးပွားပျက်ကပ်ကြီးအတွင်း ဖက်စစ်ဝါဒ၊ မင်းမဲ့ဝါဒရဲ့ သွေးဆေင်မှုကို ခုခံနိုင်စေခဲ့ပြီး အခြားသော ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒုတိယကမ္ဘာစစ်အပြီး တည်ငြိမ်မှုကို တည်ဆောက်စေနိုင်ခဲ့တယ်’ လို့လည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ရုရှားဟာ ထရမ့်အနိုင်ရမှုမှာ ကူညီခဲ့တယ်ဆိုတဲ့ အမေရိကန်တွေရဲ့ ထင်မြင်ယူဆချက်နဲ့ပတ်သက်ပြီး “အခုအချိန်မှာ ဒီကိစ္စဟာ စိန်ခေါ်မှုဖြစ်လာနေပါပြီ။ ပထမတုန်းကတော့ အစ္စလာမ်ကို ကိုယ်စားပြုပါတယ်ဆိုတဲ့ အကြမ်းဖက် အယူသည်းသမားတွေက စိန်ခေါ်မှုဖြစ်ခဲ့ပြီး၊ သိပ်မကြာသေးခင်ကပဲ လွတ်လပ်တဲ့ဈေးကွက်စနစ်၊ ဒီမိုကရေစီစနစ်နဲ့ လူမှုအဖွဲ့အစည်းတွေဟာ သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်တဲ့အရာတွေအဖြစ် မှတ်ယူကြတဲ့ နိုင်ငံရပ်ခြား မြို့ကြီးတွေက ရေပေါ်စီလူတန်းစားတွေဟာ စိန်ခေါ်မှု ဖြစ်လို့လာခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ ဒီဘေးအန္တရာယ်တွေက ကားဗုံးခွဲမှုတစ်ခု ဒါမှမဟုတ် ဒုံးကျည်တစ်ခုထက်ကို ပိုထိရောက်ပါတယ်”
    ထောက်ခံသူများသို့ နှုတ်ဆက်စကား
    အိုဘားမားက ထောက်ခံသူတွေအနေနဲ့ သူ့ရဲ့ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းထားဖို့၊ အမေရိကန်တွေအားလုံးဟာ တစ်စုတစ်ဖွဲ့တည်းဆိုတာကို မမေ့ဖို့လည်း ပြောကြားခဲ့ပါတယ်။
    “မိန့်ခွန်းမှာ သူပေးချင်တဲ့ တာက – အရှုံးမပေးနဲ့ ဆိုတာပါ။ ဒီမှာရောက်နေတဲ့ ပရိတ်သတ်တိုင်းက ထရမ့်ကို သမ္မတအဖြစ် မလိုလားကြပါဘူး။ ဒီထက်ပိုတာက ထရမ့်ဟာ သမ္မနေရာနဲ့ မထိုက်တန်ဘူးလို့ ခံစားရတာပါ။ ဒီမှာ လူတိုင်း ခံစားနေရတာက ကြောက်ရွံ့မှုပါပဲ” လို့ အဲဒီ မိန့်ခွန်းပြောကြားမှုနေရာကို ရောက်ရှိနေတဲ့ အလ်ဂျာဇီးရားသတင်းထောက် ပတ္တီ ကူလဟိန်းက ပြောကြားခဲ့ပါတယ်။
    အဲဒီမိန့်ခွန်းမှာ အိုဘားမားရဲ့ဇနီး မီရှဲ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန်နဲ့ ဇနီးတို့နဲ့လည်း ပါဝင်ခဲ့ပြီး ဒုတိယသမ္မတဟာ သူ့ရဲ့မိသားစုလည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သူ့ရဲ့မိသားစုကို ချီးကျူးဂုဏ်ပြုတဲ့အချိန်မှာတော့ အိုဘားမားဟာ မျက်ရည်ကျခဲ့ပြီး ဇနီးဖြစ်သူဟာ သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းလို့လည်း ပြောကြားခဲ့ပါတယ်။
    “မင်းဟာ မတောင်းဆိုခဲ့တဲ့ နေရာတစ်ခုကို တာဝန်ယူဆောင်ရွက်ခဲ့ရပြီး ကျက်သရေရှိမှု၊ ရဲရင့်မှု၊ စတိုင်ကျမှု၊ ဟာသဉာဏ်ရွှင်ရွှင်မှု ကိုယ်တိုင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မင်းဟာ စံနမူနာယူစရာဖြစ်တာကြောင့် မျိုးဆက်သစ်တွေဟာ မင်းကိုကြည့်ပြီး မြင့်မြင့်မားမား မျှော်မှန်းကြမှာပါ။ မင်းဟာ ကိုယ့်ကို ဂုဏ်တက်စေခဲ့သလို၊ တိုင်းပြည်ကိုလည်း ဂုဏ်တက်စေခဲ့ပါတယ်” လို့ အိုဘားမားက သူ့ဇနီးကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
    Quinnipiac တက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူမှုအရ ပြည်သူ ၅၅ ရာခိုင်နှုန်းက အိုဘားမားကို လက်ခံနေဆဲဖြစ်ပြီး ထရမ့်ဟာ ဆိုးဆိုးဝါးဝါးအလုပ်တွေလုပ်မယ်လို့ ၅၁ ရာခိုင်နှုန်းက ထင်မှတ်နေကြပါတယ်။
    Ref: Aljazeera
  • “ သမီးကို ဒီနှစ်ကော ဆေးတက္ကသိုလ် ဝင်ခွင့် ပိတ်ပင်ဦးမှာလား ဝန်ကြီးမင်း”
    “ သမီးကို ဒီနှစ်ကော ဆေးတက္ကသိုလ် ဝင်ခွင့် ပိတ်ပင်ဦးမှာလား ဝန်ကြီးမင်း”
    ဇန်နဝါရီ ၁၁ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်) ရေးသည်။
    ကမ္ဘာပေါ်ရှိ တက္ကသိုလ်၊ကောလိပ် အများဆုံး တိုင်းပြည်များမှာ အမေရိကန်ပြည်ထောင်စု နှင့်အနောက်နိုင်ငံများဖြစ်ကြပါသည်။ ထိုကမ္ဘာ့ တက္ကသိုလ်၊ကောလိပ်များတွင် သင်ကြားပေးနေ သော၊ ဘာသာရပ်ပေါင်းမှာ ၆၀၀၀ကျော်ရှိပါသည်။ “ပညာမြင့်မှနိုင်ငံတင့်မည်” ကို ယုံကြည်သော ကြောင့်လည်း ထိုနိုင်ငံများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေအများစုကို ပညာရေးအတွက် ပိုမိုသုံးစွဲ နေကြသည်ကို လေ့လာ မိသည်။ လက်ရှိ မြန်မာအစိုးရ အတုယူသင့်ပေသည်။
    အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ပြင်သစ်၊ဂျာမဏီ၊စင်္ကာပူ၊မလေးရှား၊ထိုင်း စသည့် နိုင်ငံများတွင် ပညာသင်ကြားရေး အခွင့်အလမ်းများနှင့်ပတ်သက်၍  ပညာရေးပြပွဲများကို မြန်မာ နိုင်ငံ၏ မြို့ကြီး၊ပြကြီးများတွင် အကြီးအကျယ် လုပ်လာကြသည်ကို သတိထားမိသည်။ထိုနိုင်ငံ တကာ တက္ကသိုလ်၊ကောလိပ်များတွင် တက်ရောက်ခွင့်ရရှိရေးအတွက် IELTS, TOFEL,GCSE စသည့် စာမေးပွဲအင်္ဂလိပ်စာရမှတ်များကိုသာ စံထား၍ အဓိကကြည့်၍ တက္ကသိုလ်၊ကောလိပ် ဝင်ခွင့်များကို လက်ခံပေးပါသည်။ လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊မိမိနိုင်ငံသား ဖြစ်ခြင်း၊မဖြစ်ခြင်း၊မှတ်ပုံတင်ရှိခြင်း၊မရှိခြင်း တို့ဖြင့်တိုင်းတာ၍ တက္ကသိုလ်၊ကောလိပ်များတွင် ပညာသင်စေခြင်း၊ဘွဲ့အပ်နှင်းခြင်း၊အလုပ်အကိုင်များပေးခြင်းတို့ကို လုပ်ဆောင်လေ့မရှိကြောင်း
    စာရေးသူ သတိပြုမိပါသည်။ အရည်အချင်းရှိသူကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုနေရာပေးလေ့ ရှိသောကြောင့်လည်း အမေရိကန်လို လူဖြူအများအပြားနေထိုင်ရာနိုင်ငံကြီးတွင် လူမဲကပြားသွေးနှော သမ္မတကြီး ဟူစိန်ဘားရက်အိုဘားမားသည်ပင်လျှင် သမ္မတ သက်တမ်း (၂) ကြိမ် တိုင်တိုင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရလေသည်။ အမေရိကန်နိုင်ငံ၏ နံပါတ်တစ် အဆင့်ရှိ ဟားမားတက္ကသိုလ်ကို တက်ခွင့်ရခဲ့သည့် ဥပဒေပညာရှင် ပါမောက္ခတစ်ဦးဖြစ်ခဲ့သည်။ “သွေးနှော” ဖြစ်၍ ပညာရေး၊နိုင်ငံရေးတွင် ခွဲခြားဆက်ဆံခြင်း မခံရသည့် သက်သေလက္ခဏာ တစ်ရပ်ဖြစ်ပေ သည်။ အမေရိကန်လူမျိုးတို့၏ စိတ်ဓာတ်မျိုးကို စာရေးသူ အမှန်တကယ် ချီးကျူးမိပါသည်။
    သို့သော် နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်တို့၏ လိုသလိုပညာရေးတွင် ချုပ်ကိုင်ချယ် လှယ်ခြင်း ခံရသည့် မြန်မာ့ ပညာရေးလောကတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် ရမှတ် ကောင်း၍ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တစ်ခုခုကို တက်ခွင့်ရရေးအတွက် ကျောင်းသား မိဘနှစ်ဦးစလုံးသည် လူဝင်မှု့ကြီးကြပ်ရေး “လဝက” မှထုတ်ပေးသော နိုင်ငံသားစိစစ်ရေးကတ် ပန်းရောင် (သို့မဟုတ်) နိုင်ငံသားပြုကတ်အစိမ်းရောင် (သို့မဟုတ်)ဧည့်နိုင်ငံသားကတ် အပြာရောင်တစ်မျိုးမျိုးကို လက်ဝယ်ကိုင်ဆောင်ထားရမည့်အပြင် ဝင်ခွင့်လျှောက်ထားသူသည်လည်း အထက်ပါ ကတ်တစ်မျိုးမျိုးကို ရရှိထား ရမည်ဖြစ်သည်။ နိုင်ငံသားကတ်လျှောက်ထားသူများအနေ ဖြင့် သက်ဆိုင်ရာ မြို့နယ် “လဝက” ဦးစီး၏ထောက်ခံချက်မူရင်းကို တင်ပြလျှောက်ထားရမည်ဖြစ် သည်။ သို့မဟုတ်ပါက မိမိမျှော်မှန်းထားသည့်တက္ကသိုလ်ကို ကျောခိုင်းရမည်ဖြစ်သည်။လက်ပြနှုတ် ဆက်ရမည်။
    ပညာရေးဝန်ကြီးဌာနကို လူဝင်မှုကြီးကြပ် “လဝက” နှင့်ချိတ်ဆက်ပြီး ကိုးကွယ်သည့် ဘာသာကို အကြောင်းပြု၍နိုင်ငံသား ကတ်ပေးခြင်းကို ခွဲခြားဆက်ဆံခံရသည့် ကျောင်းသားကျောင်းသူ အချို့သည် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားခဲ့သော်လည်း ၂၀၁၆ ခု ဆေးဝင် ခွင့်စာရင်းထဲတွင် ယခုအချိန်ထိ တက်ရောက်ခွင့်မရကြသေးဘဲ “မျှော်လေတိုင်း မှိုင်းရီ” ဖြစ်နေ ကြပါသည်။
    လက်တွေ့ဖြစ်ရပ်မှန်တစ်ခုကို တင်ပြရလျှင် ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊ တိုက်အ မှတ် ၁၅၅/ဘီ၊အခန်း ၅၂၊ (၈)ရပ်ကွက်တွင်နေထိုင်သူ ဦးဇော်မင်း (နိုင်/ပြု)၏ သမီး မနှင်းနှင်းဝေ သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၁၄-၂၀၁၅ခု ပညာသင်နှစ်တွင် အ.ထ.က (၂) လှိုင်မှဝင်ရောက်ဖြေဆိုခဲ့ရာ ၅ဘာသာဂုဏ်ထူးကို အမှတ်ပေါင်း ၅၂၇ မှတ် ဖြင့်အောင်မြင်ခဲ့ပါသည်။
    ဆရာဝန်ဖြစ်ချင်သောကြောင့် ဆေးတက္ကသိုလ်တစ်ခုတည်းကိုသာ လျှောက်ထားခဲ့ပါသည်။ဆေး တက္ကသိုလ်ဝင်ခွှင့်ထက် များစွာကျော်လွန်ခဲ့သော်လည်း နိုင်ငံသားကတ် လျှောက်ထားခြင်းမရှိခဲ့၍  “လဝက” ၏ထောက်ခံစာကို အချိန်မှီ ပို့ပေးနိုင်ခဲ့ခြင်း မရှိသောကြောင့် ၂၀၁၅ ခု ဆေးတက္ကသိုလ် တက်ခွင့်ဆုံးရှုံးခဲ့ပါသည်။
    ထို့ကြောင့်လည်း မနှင်းနှင်းဝေ၏ မိခင်ဒေါ်လှကြည် (MYGN-003182) ၃ခေါက်ချိုးမှတ်ပုံ တင် ကိုင်ဆောင်သူနှင့် မနှင်းနှင်းဝေတို့သည် လှိုင်မြို့နယ် “လဝက” ရုံး၌ နိုင်ငံသား မှတ်ပုံတင်များ ကို ၁၉၈၂ခု မြန်မာနိုင်ငံသား ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ကြိုးစား၍ မှတ်ပုံတင်များကိုလျှောက်     ထားခဲ့ပါသည်။ ဒါကြောင့်လည်း “လဝက” ဦးစီးက ဒေါ်လှကြည် နှင့် သမီးမနှင်းနှင်းဝေအား နိုင်ငံ သားကတ်လျှောက်ထားကြောင်း ထောက်ခံစာများကို ၂၀၁၆ခု စက်တင်ဘာလတွင် ပြုလုပ်ပေးခဲ့ပါ သည်။ “လဝက”မှပေးသော ထိုထောက်ခံစာ ၂ ခုကို ၂၀၁၆ခုနှစ် ဆေးတက္ကသိုလ် ဝင်ခွင့်အမှီ “အဆည” ညွှန်ကြားရေးမှူး ဒေါ်———— ဆီ ၊ ဖခင်ဖြစ်သူ ဦးဇော်မင်း ကိုယ်တိုင်ပေးအပ်ခဲ့ပါသည်။ ထူးခြားဖြစ်စဉ် ရှိလျှင် သိရှိရန်မကြာခဏ “အဆည” ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေး
    မှူးတို့ကိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။ “ဒီနှစ် ကျိန်းသေ ဆေးကျောင်း တက်ရမည်ဖြစ်ကြောင်း “ဒီနှစ်ထောက်ခံစာ ၂ခုကို နေပြည်တော်ကို တင်ပြီးခဲ့ပြီဖြစ်ကြောင်းကို “အဆည” တာဝန်ရှိသူမှ ဦးဇော်မင်းအား ပြောကြားခဲ့ပါသည်။
    သို့သော် ဒီဇင်ဘာလ ၁၉ရက်၊၂၀၁၆ခုတွင် မြန်မာတစ်နိုင်ငံလုံး ရှိ ဆေးတက္ကသိုလ် ၅ခုစလုံးကိုဖွင့်လှစ်ခဲ့သော်လည်း နေပြည်တော် တင်ထားသည့် မနှင်းနှင်းဝေ၏ အမှုတွဲလျှောက်လွှာမှာ ယခုအချိန်အထိ ပြန်မကျသေးပေ။ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ဆေး တက္ကသိုလ် ဝင်ခွင့်များကို ပိတ်တော့မည်ဖြစ်သည်။ “မိအေး ၂ခါ” နာသလို ပညာရေးတွင် ဆုံးရှုံးနစ်နာတော့မည်ဖြစ်သည်။ ထိုမိသားစုအနေဖြင့် အချိန်ကုန်၊ငွေကုန်၊လူပမ်း၊စိတ်ပမ်း ဖြစ်ရတော့မည့် အခြေအနေတွင် ဆိုက်ရောက်နေကြောင်း စာရေးသူ သတိပြုမိပါသည်။ ပညာရေးဝန်ကြီးဌာနမှဝန်ထမ်းများ အချိန်နှင့် တပြေးညီ အလုပ်မလုပ်မှန်းပေါ်လွင်သည်။
    မြန်မာနိုင်ငံတွင် မည်သည့် မှတ်ပုံတင်ကတ်မျှ ကိုင်ဆောင်ထားခြင်း မရှိသော်လည်း တိုင်းရင်းသားများ၊နိုင်ငံသားများ အမြောက်အမြားရှိနေပါသည်။ ဥပမာ “၂၀၀၈ နာဂစ်မုန်တိုင်း”ကြောင့် မုန်တိုင်းသင့်ဒေသနေ ပြည်သူများ၏ သားသမီးများ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ် စသည့် “စစ်ဖြစ်ပွားရာ ဒေသများရှိ ကျောင်းသား၊ကျောင်းသူများ၊ မီး၊ရေ၊လေရန်သူမျိုး (၅)ပါးကြောင့် လက်ဝယ်၌ မည်သည့် သက်သေ၊ မှတ်ပုံတင်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၏ ရင်သွေး ထူးချွန်သူများသည် နိုင်ငံသား စစ်စစ်များဖြစ်ကြသော်လည်း “နိုင်၊ပြု၊ဧည့်” ကတ်ပြားတစ်ခုမျှ မရှိကြတော့ပေ။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တက်ခွင့်များ၊ နှစ်စဉ် ဆုံးရှုံးနေရခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် လုံးဝအနှုတ်လက္ခဏာဘက်ကို ပြဆိုနေပေသည်။
    ပညာရေးဌာန နှင့် “လဝက”ဌာန ကို ချိတ်ဆက်ပြီး တက္ကသိုလ်ဝင်ခွင့်ကို လက်ခံခြင်း၊ဘွဲ့လက်မှတ်ပေးခြင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားများကို တက်ခွင့်ပြုခြင်း စသည်တို့သည် အနာဂတ်လူငယ်မျိုးဆက်သစ် လူငယ်များ၏ တက်လမ်းကို ပိတ်ပင်ခြင်း၊ ဆူးငြောင့်ခလုတ်၊ အဟန့်အတားများ၊ ကြိုတင်စီမံ လုပ်ဆောင်ရာရောက်ခြင်း၊ နိုင်ငံချစ်စိတ်ကို ပျောက်ပျက်အောင်
    လုပ်ခြင်း နိုင်ငံ ပုံရိပ်ကို နိုင်ငံတကာ အလယ်တွင် ကျဆင်းအောင်ပြုလုပ်ခြင်း ဖြစ်သည်ဟု  ကင်းဘရစ်ဂ်ျ တက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာ ဒေးဗစ်စမသ်က နယူးယော့တိုင်း သတင်းစာကြီးတွင် ရေးခဲ့ဖူးကြောင်း စာရေးသူ မီဒီယာတစ်ခုတွင်ဖတ်ခဲ့ဖူးပါသည်။
    မြန်မာနိုင်ငံတွင် ပြည်သူ့အခွန်စား ဌာနဆိုင်ရာ အတော်များများ၏ အရာရှိဆိုသူများသည် အကျင့်ပျက်၊ ခြစား၊ လာဘ်ပေးလာဘ် ယူမှု့များကို ယခုအစိုးရ လက်ထက်တိုင် ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်နေဆဲဖြစ်ပါသည်။ ပြည်သူလူထု၏ အရေးကိစ္စနှင့် ပတ်သက်လာလျှင် တာယန်ယူမှု၊ တာဝန်ခံမှု၊တာဝန်သိမှု စိတ်ဓာတ်များ “ကြက်ပျောက်၊ ငှက်ပျောက်” ပျောက်နေကြသည်ဟု စာရေး သူ သုံးသပ်မိပါသည်။
    ထို့ကြောင့်လည်း စက်တင်ဘာလ ကတည်းက ပညာရေးဌာနကို “လဝက” ရဲ့နိုင်ငံသားလျှောက်ထားကြောင်း မူရင်းစာရွက်လေးကို အထက် အဆင့်ဆင့်တင် သဘောထားမှတ်ချက် တောင်း ဟိုပို့ ဒီပို့ အလုပ်ရှုပ်ပြီး ယခုအချိန်ထိ ထူးမခြားနားသေး ဖြစ်နေ ရခြင်းသည် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ၏အချိန်နှင့် တပြေးညီ လုပ်ငန်းကိစ္စများကို အကောင်အထည်မဖော်နိုင်သေး ကြောင်း အထက်အောက် စီမံခန့်ခွဲမှု့များ ညံ့နေသေးကြောင်းကို ပညာရေးတွင် အမှန်တကယ် နစ်နာသူကျောင်းသူလေး မနှင်းနှင်းဝေရဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာက သက်သေထူ နေပါကြောင်း မီးမှောင်းထိုး တင်ပြလိုက်ပါသည်။
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)
    ဆက်စပ် အကြောင်းအရာများဖတ်ဖို့
    —————————–
    အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့
    http://www.m-mediagroup.com/news/58469
    လဝက ထောက်ခံချက် ပါသည့်တိုင်အောင် ဆေးကျောင်းတက်ခွင့် မရသေးတဲ့ ကျောင်းသူလေး
    http://www.m-mediagroup.com/news/64061