News @ M-Media

Blog

  • တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    ဇန်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    is
    အစ္စရေးသို့ သွားရောက်လည်ပတ်စဉ် တွေ့ရသည့် ကာကွယ်ရေးဦးစီးချုပ်

    – နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုမှုကို အစ္စရေးက ပယ်ချလိုက်သည်ဟု သိရသည်။

    ဇန်န၀ါရီ ၈ ရက်နေ့က ပေးပို့ခဲ့သော အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ စာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သဘောတူထားပြီး၊ နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီသည့် စစ်လက်နက်ပစ္စည်းများ တင်ပို့မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားကြောင်း ဂျေရုစလင်အခြေစိုက် လူ့အခွင့်အရေး ဥပဒေအကျိုးဆောင် အစ်တေး မက်ခ်က ဧရာဝတီ သတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချမှုကြောင့် မိမိအနေဖြင့် တရားရုံးချုပ်တက်ကာ အသနားခံစာ တင်သွားမည်ဟုလည်း မက်ခ်က ဆိုသည်။

    မြန်မာအစိုးရစစ်တပ်မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး၊ နိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာလူနည်းစုများအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် မြန်မာစစ်တပ်က ၀ယ်ယူထားသည့် လက်နက်တင်ပို့ရေး လိုင်စင်များကို ပြန်လည်သုံးသပ်ရန် မက်ခ်နှင့် အခြားတက်ကြွလှုပ်ရှားသူများက ကာကွယ်ရေးဝန်ကြီးဌာန၏ လက်နက်ရောင်းချမှု ဌာနခွဲကို ဒီဇင်ဘာလအတွင်း စာရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

    “အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဆက်လက်ပြုလုပ်ဖို့ အသည်းအသန်ဖြစ်နေတဲ့ အစ္စရေးက အဆိုးရွားဆုံး ရာဇ၀တ်မှုတွေကို ကျူးလွန်နေမှုကြောင့် အမေရိကန်ရဲ့ အီးယူတို့က ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံအပေါ် လိပ်ပြာသန့်သန့်နဲ့ လက်နက်ရောင်းနိုင်တာ အံ့သြစရာကောင်းပါတယ်” ဟု ဒီဇင်ဘာ ၁၁ ရက်နေ့က ပေးပို့ခဲ့သည့် အဆိုပါစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့တို့ အစ္စရေးသို့ သွားရောက်စဉ် အစ္စရေးအခြေစိုက် လက်နက်ကုမ္ပဏီဖြစ်သော Elbit Systems၊ လေကြောင်းလုပ်ငန်း Israeli Aerospace Industries နှင့် ၎င်း၏ လက်ခွဲ Elta Systems Ltd သို့ သွားရောက်လည်ပတ်ခဲ့သည်။

    အစ်တေး မက်ခ်က Elbit Systems နှင့် အခြားလက်နက်ကုမ္ပဏီ TAR Ideal တို့မှာ မြန်မာစစ်တပ်အား လက်နက်ရောင်းချရန် သဘောတူစာချုပ် ချုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့မှာ အစ္စရေး ရေတပ်စခန်း၊ တဲလ်အဗီးရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂါဇာကမ်းမြှောင်ရှိ ဗိမာန်တို့အား သွားရောက်လည်ပတ်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်၏ Facebook စာမျက်နှာတွင် ၎င်းအနေဖြင့် အစ္စရေးမှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်နှင့် လေ့ကျင့်သင်ကြားပေးရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကမူ အစ်တေးမက်ခ်သို့ ပေးပို့သည့်စာတွင် နိုင်ငံခြားတိုင်းပြည်များနှင့် စစ်လက်နက် ရောင်းဝယ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ မည်သည့်ဖော်ပြချက်မှ မပါဝင်ပေ။

    “မြန်မာစစ်တပ် အကြီးအကဲကတောင် ၂၀၁၅ စက်တင်ဘာက အစ္စရေးကို လည်ပတ်မှု၊ ၂၀၁၆ သြဂုတ်လမှာ အစ္စရေး လက်နက်တင်ပို့မှုအကြီးအကဲတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှုတွေကို အသေးစိတ် ထုတ်ပြန်ခဲ့သေးတာပဲ။ (အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့) ဒီလျှို့ဝှက်မှုက ထူးဆန်းနေတယ်ဗျ” ဟု မက်ခ်က ပြောကြားခဲ့သည်။

    Ref: Irrawaddy

  • မူလတန်းကျောင်း (၃) ကျောင်း လိုအပ်ချက်များကို မွတ်စလင်မ် အရပ်ဘက် အဖွဲ့များမှ ကူညီ

    မူလတန်းကျောင်း (၃) ကျောင်း လိုအပ်ချက်များကို မွတ်စလင်မ် အရပ်ဘက် အဖွဲ့များမှ ကူညီ

    ဇန်နဝါရီ ၁၀ ၊ ၂၀၁၇
    M-Media
    သတင်း-နန္ဒ
    15995397_722087711305839_185635726_n
    မြန်မာမွတ်စလင်မ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဖြစ်ကျတဲ့ Social Alliances နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဦးဆောင်ပြီး  ဥက္ကံမြို့မှ မူလတန်းကျောင်း ၃ကျောင်းအား ပညာရေး ထောက်ပံ့မှုတချို့ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

    ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ တွင်  ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ရှိ မီးလောင်ပြင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် KGတန်းများအတွက် ကော်ဇောခင်းပေးခြင်း ၊ ရေသန့်စက် Filterများတပ်ဆင်ပေးခြင်း ၊ ဆရာ ဆရာမများ လက်ဆောင်ပေးအပ်ခြင်း ၊ သင်ထောက်ကူ ပစ္စည်းများအပါအဝင် ဗလာစာအုပ်နှင့် ခဲတံများ ၊ ကလေးငယ်များအား ရေခဲမုန့် ကိတ်မုန့်နှင့် ဝေဖာများ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်းပြီး ဆောက်လုပ်ပေးခဲ့တဲ့ စိန်ချောင်းကျေးရွာ အခြေခံမူလတန်းကျောင်း ကျောင်းရှေ့မြောင်းကူးတံတားနှင့် အလျား၅၈ ပေ၊ အနံ ၅ ပေရှိ လမ်း ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါအပြင်  ကျောင်းသုံးပစ္စည်းနှင့် သင်ထောက်ကူ ပစ္စည်းများအား လည်းကောင်း ၊ ဆရာ ဆရာမများအား လက်ဆောင်များ ပေးအပ်ခြင်း နှင့် ကလေးငယ်များအား ရေခဲမုန့် ကိတ်မုန့်နှင့်  ဝေဖာများ အားကျွေးမွေးခဲ့ကြောင်း Social Alliances  အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ပြောပြပါတယ်။
    15978785_721969024651041_1561357976_n
    အဲဒီနောက် ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် အမှတ် ( ၁၀ ) အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းအုပ်ကြီးရုံးခန်းအား သံပန်းတပ်ဆင်ပေးခြင်း ၊ စာသင်ခန်းများတွင် ပန်ကာများ တပ်ဆင်ပေးခြင်း ၊ ဆရာ ဆရာမများအား လက်ဆောင်ပေးအပ်ခြင်း ၊ ကျောင်းသုံးပစ္စည်းနှင့် သင်ထောက်ကူ ပစ္စည်းများအား ပေးအပ်ခြင်း နှင့် ကလေးငယ်များအား ရေခဲမုန့် ကိတ်မုန့် နှင့် ဝေဖာများ အားကျွေးမွေးခဲ့ကြောင်း သိရှိရပါတယ်။

    ဒီကနေ့ မွတ်စလင်မ် အရပ်ဘက် အဖွဲ့များမှ ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့သော မူလတန်း ကျောင်းသုံးကျောင်းတွင် ကလေးငယ် ၂၄၀ ဦးခန့် ပညာသင်ကြားနေကြောင်း သိရှိရပါတယ်။

    15978737_721968101317800_1939868078_n

  • ဆရာတော် Phra Thep Seelawisuth (သို့) ဗုဒ္ဓသာသနာ၏ မေတ္တာတရားဖြင့် ထိုင်းပြည်သူများကို အေးချမ်းစေသူ

    ဆရာတော် Phra Thep Seelawisuth (သို့) ဗုဒ္ဓသာသနာ၏ မေတ္တာတရားဖြင့် ထိုင်းပြည်သူများကို အေးချမ်းစေသူ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    narathiwat
    ဆရာတော်ကြီး Phra Thep Seelawisuth က မွတ်စလင်ပြည်သူများအား လိုက်လံတွေ့ဆုံ နှုတ်ဆက်စဉ်

    – စနေနေ့က ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဘုန်းကြီကျောင်းတစ်ကျောင်းတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ပြည်သူ စုစုပေါင်း ၃၀၀၀ ခန့် စုရုံးခဲ့ကြပြီး ၎င်းတို့အကြား သဟဇာတဖြစ်မှုနှင့် ၎င်းတို့အား ကူညီဖေးမ ပေးခဲ့သည့် သံဃာတော်တစ်ပါး၏ ကျေးဇူးကို ဖော်ကျူးရန်ဖြစ်သည်။

    နရာသီဝပ်ပြည်နယ် ဆွန်ဂိုင်းပဒီ ခရိုင်ရှိ Wat Prachum Cholthara ဘုန်းကြီးကျောင်းတွင် ထိုသို့ စုရုံးသည့် အခမ်းအနားမှာ ဆရာတော်ကြီး Phra Thep Seelawisuth ၏ သက်တော် ၇၉ နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားဖြစ်ပြီး တောင်ပိုင်းပြည်နယ်များမှ အစိုးရတာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

    နှစ်စဉ်ပြုလုပ်သည့် အဆိုပါ မွေးနေ့မင်္ဂလာအခမ်းအနားတွင် မွတ်စလင်ရိုးရာ အစားအသောက်များအပါအ၀င် အစားအသောက်၊ အ၀တ်အထည်၊ သစ်သီးဝလံမျိုးစုံ ခင်းကျင်းရောင်းချသည့် ပွဲဈေးတစ်ခုလည်း ပါဝင်ကာ မလေးရှားမှ မွတ်စလင်ခရီးသွားများပင် ထိုပွဲတော်သို့ တကူးတက လာရောက်ကြသည်။ အခမ်းအနားတွင် ဒေသတွင်းမှ ကျောင်းသားပေါင်း ၄၀၀ ခန့်ကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပြီး၊ ဒေသခံများကလည်း ဘုန်းတော်ကြီးများအား လှူ ဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းကြသည်။

    ထိုအခမ်းအနားက ဆရာတော်ကြီး Phra Thep Seelawisuth ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကြိုးပမ်း အားထုတ်မှုများ၏ အသီးအပွင့်ကို မီးမောင်းထိုးပြနေသည်။ တောင်ပိုင်းခွဲထွက်ရေး ပြဿနာကြောင့် လက်နက်ကိုင် ပဋိပက္ခဒဏ်ကို ခံစားနေရသော ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ပြည်သူလူထုအား ကူညီလိုသည့် စိတ်ဆန္ဒကြောင့် ဆရာတော်ကြီးမှာ လွန်ခဲ့သည့် ၁၀ နှစ်အရင်ကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးလုပ်ငန်းကို စတင်ပြုလုပ်ခဲ့သည်။

    ဆရာတော်ကြီးမှာ ရန်ပုံငွေရှာကာ တမ်ဘွန် ဆွန်ဂိုင်းပဒီတွင် မြေနေရာအများအပြားကို ၀ယ်ယူခဲ့ပြီး ရွာတည်ကာ လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များကို လာရောက်နေထိုင်စေခဲ့သည်။

    Ban Chalerm Prakiat ဟု အမည်ပေးထားသည့် ထိုရွာလေးက လူ့အဖွဲ့အစည်းနှစ်ခုမှာ သဟဇာတဖြစ်စွာ နေထိုင်နိုင်သည်ကို သက်သေပြနေခြင်းလည်း ဖြစ်သည်။ မတူကွဲပြားမှုများကို ဘေးဖယ်ကာ ထိုင်းပြည်သူများအကြား နားလည်မှုရရှိရေးကို အကူအညီဖြစ်စေရန် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဆရာတော်ကြီး Phra Thep Seelawisuth က ဒေသတွင်းပဋိပက္ခများကို မကြာခဏ ကြားဝင်ဖြေရှင်းပေးလေ့လည်း ရှိပေသည်။

    Ref : Bangkokpost

  • ၂၀၂၆ ကမ္ဘာ့ဖလားတွင် ၄၈ သင်း ၀င်ပြိုင်ရမည်

    ၂၀၂၆ ကမ္ဘာ့ဖလားတွင် ၄၈ သင်း ၀င်ပြိုင်ရမည်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    fifa-2
    ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနို

    – ၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်များကို ၄၈ သင်းဖြင့် ကျင်းပသွားမည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ကြေငြာလိုက်ပြီး လက်ရှိ ၃၂ သင်းတွင် ၁၆ သင်း ပေါင်းထည့်ခဲ့ခြင်းဖြစ်သည်။

    ၃ သင်း ၁၆ အုပ်စုပါဝင်မည့် အဆိုပါ အစီအစဉ်မှာ ဥက္ကဌ ဂီယန်နီ အင်ဖန်တီနို နှစ်သက်သည့် အစီအစဉ်ဖြစ်ပြီး ယနေ့ ဖီဖာကောင်စီတွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။ အန်ဖန်တီနိုမှာ ဖီဖာဥက္ကဌအဖြစ် ရွေးကောက်ပွဲ ၀င်စဉ်က ၎င်းအနေဖြင့် ကမ္ဘာ့ဖလား အသင်းအရေအတွက်ကို တိုးချဲ့သွားမည်ဟု ကတိပေးခဲ့သည်။

    ၂၀၂၆ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲမှာ မြောက်အမေရိကတွင် ပြုလုပ်ရန်ရှိနေပြီး ယခုကဲ့သို့ အသင်းတိုးချဲ့သည့် အစီအစဉ်ကြောင့် ယခင် ၆၄ ပွဲနေရာတွင် ပွဲ ၈၀ ဖြစ်လာမည်ဖြစ်သည်။

    ၂၀၁၈ ခုနှစ် ရုရှားတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာဖလားပြိုင်ပွဲအတွက် မျှော်မှန်းဝင်ငွေမှာ ၅.၅ ဘီလီယံရှိပြီး ယခု အစီအစဉ်သစ်ကြောင့် ထုတ်လွှင့်ခွင့်နှင့် စပွန်ဆာကြေးမှ အပိုဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ၊ လက်မှတ် ပိုမိုရောင်းချရမှုဝင်ငွေများ တိုးလာမည်ဟု မျှော်မှန်းထားသည်။

    တိုက်ကြီး ၆ တိုက်မှာ တိုးချဲ့လိုက်သည့် အသင်းအရေတွက်ထဲမှ နေရာမည်မျှ ရမည်ဆိုသည်ကို မေလတွင်မှ သိရမည်ဖြစ်သည်။ ဥရောပကမူ ၀င်ရောင်ယှဉ်ပြိုင်ခွင့်ရမည့် အရေအတွက်ကို ၁၆ သင်းအထိ လိုချင်နေသည်။

    ၁၉၉၄ ခုနှစ် အမေရိကန်ကမ္ဘာဖလားနောက်ပိုင်း မြောက်အမေရိကတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ထပ်မံ ကျင်းပခွင့် မရသေးသောကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာဖလားပြိုင်ပွဲကို မြောက်အမေရိကတိုက်တွင် ကျင်းပရန် အလားအလာ ပိုများနေသည်။

    Ref: Aljazeera

  • “မတူကွဲပြားမှုရဲ့ အားဖြင့်သာ ဒီမိုကရေစီဖော်ဆောင်နိုင်မယ်” (Quote)

    “မတူကွဲပြားမှုရဲ့ အားဖြင့်သာ ဒီမိုကရေစီဖော်ဆောင်နိုင်မယ်” (Quote)

    aung-san-su-kyi-33

    မတူကွဲပြားတဲ့တိုင်းရင်းသားတွေ ရင်ကြားစေ့ရာကတစ်ဆင့် ၁၉၄၈ မှာ တိုင်းပြည်လွတ်လပ်ရေးကို ပြန်ရခဲ့တယ်ဆိုတာ ကျမတို့ မမေ့ကြသေးဘူး ထင်ပါတယ် …… ကျမကတော့ လုံးဝ မမေ့ပါဘူး ။

    မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ ၊ မတူညီတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပါဝင်ပြီးမှ လွတ်လပ်ရေး ရလာတာပါ ။ အမျိုးသားစည်းလုံး ညီညွတ်ရေးကနေ တဆင့်လွတ်လပ်ရေးကို ရလာတာပါ ။ အခုလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကနေ တဆင့်ဘဲ တိုင်းပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ် ။

    ဒေါ်အောင်ဆန်းစုကြည်
    ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် သြစတြေးလျခရီးစဉ်မှ ကောက်နှုတ်ချက်