News @ M-Media

Blog

  • စက်မှုလုပ်ငန်းသုံး နျူနည်းပညာကို မြန်မာနိုင်ငံတွင် ချဲ့ထွင်အသုံးပြုမည်

    စက်မှုလုပ်ငန်းသုံး နျူနည်းပညာကို မြန်မာနိုင်ငံတွင် ချဲ့ထွင်အသုံးပြုမည်

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    မြန်မာ့ အဏုမြူစွမ်းအင် ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက စမ်းသပ်နေစဉ်

    – နျူးကလီးယားနည်းပညာကို ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အကောင်အထည်ဖော်မှု အောင်မြင်ခဲ့ပြီးပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စက်မှုလုပ်ငန်းများတွင် စမ်းသပ်အသုံးပြုရန်အတွက် ကျွမ်းကျင်သူများက ဆောင်ရွက်နေသည်ဟု သိရသည်။

    Non-destructive testing (NDT) ဟုခေါ်သည့် နည်းပညာဖြစ်ပြီး သုံးစွဲမည့်ပစ္စည်းများ၊ ထုတ်ကုန်များ၏ အရည်အသွေးကို စမ်းသပ်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။ ထိုနည်းပညာမှာ စက်မှုလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့တွင် အရေးပါပြီး ပျက်ဆီးခြင်း၊ ရေဒီယိုသတ္တုကြွမှုများ ကြွင်းကျန်ရစ်ခြင်း မရှိပေ။

    အပြည်ပြည်ဆိုင်ရာ အနုမြူအေဂျင်စီ (IAEA) မှာ ၂၀၁၃ ခုနှစ်ကတည်းက လိုအပ်သောပစ္စည်းများ ၀ယ်ယူရန်နှင့် နည်းပညာကို အသုံးပြုနိုင်ရေး ၀န်ထမ်းများအား သင်တန်းပေးရန်တို့အတွက် မြန်မာနိုင်ငံမှ အနုမြူစွမ်းအင်ဦးစီးဌာနကို အကူအညီများ ပေးအပ်ခဲ့သည်။

    NDT နည်းပညာကို သန်လျင်မြို့ရှိ ရေနံချက်စက်ရုံတွင် စတင်အသုံးပြုခဲ့ပြီး ထိရောက်မှု ရှိ၊ မရှိကို ကျွမ်းကျင်သူများကလည်း ပုံမှန်စစ်ဆေးခဲ့ကြသည်။

    ကမ္ဘာတစ်ဝှမ်းတွင် ရေနံပိုက်များ၊ ဘွိုင်လာများ၊ လေအိုးများ၊ အဆောက်အဦးများ၊ လေယာဉ်အစိတ်အပိုင်းများနှင့် သင်္ဘောများကို စစ်ဆေးရာတွင် ထိုနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး၊ မြန်မာအစိုးရ၏ အဏုမြူစွမ်းအင် ဦးစီးဌာနကလည်း လက်ရှိသုံးစွဲမှုနယ်ပယ်ကို ချဲ့ထွင်ရန် ဆောင်ရွက်နေသည်ဟု ဦးစီးဌာန၏ NDT ဓာတ်ခွဲခန်းကို ကြီးကြပ်သူ ဒေါ်အင်ဂျင်းဖြူက ပြောကြားခဲ့သည်။

    ထိုနည်းပညာကို အသုံးပြုရန်အတွက် မြန်မာ့ မီးရထား၊ သင်္ဘောကျင်းများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ၀န်ထမ်းများကို မကြာသေးမီက လေ့ကျင့်သင်ကြားပေးခဲ့ပြီး လုပ်ငန်းအများအပြားတွင် လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သည်။

    Ref: IAEA

  • နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံသားပေးမည်ဟု တူရကီကြေငြာ

    နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံသားပေးမည်ဟု တူရကီကြေငြာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    – နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများ၊ တန်ဖိုးမြင့် အိမ်ခြံမြေ၀ယ်ယူသူ နိုင်ငံခြားသားများကို နိုင်ငံသားပေးသွားမည်ဟု တူရကီက ပြောကြားလိုက်သည်။

    ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ကန်ဒေါ်လာ ၂ သန်းဖိုး ပြုလုပ်ကာ၊ အနည်းဆုံး ကန်ဒေါ်လာ ၁ သန်းဖိုး အိမ်ခြံမြေ ၀ယ်ယူသူ၊ သို့မဟုတ် ဘဏ်စာရင်း အနည်းဆုံး ကန်ဒေါ်လာ ၃ သန်း ထည့်ထားသူများမှာ တူရကီနိုင်ငံသားရမည်ဖြစ်သည်။

    တူရကီ၏ လီရာငွေကြေးမှာ အလွန်အမင်းထိုးကျနေသည့်အချိန်တွင် ယခုကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လီရာမှာ အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း စံချိန်တင် ထိုးကျခဲ့ပြီး ပြီးခဲ့သည့် ၁ လအတွင်း ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

    တူရကီသမ္မတ အာဒိုဂန်မှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း မှောင်ခိုဈေးကွက်တွင် အလုပ်လုပ်နေရသည့် ကျွမ်းကျင် ဆီးရီးယားဒုက္ခသည်များအား စီစစ်မှုများ ပြုလုပ်ပြီးလျှင် နိုင်ငံသားပေးမည်ဟု ကြေငြာခဲ့သည်။

    လီရာငွေကြေး ကျဆင်းမှုမှာ ပူးပေါင်းလုပ်ကြံမှုတစ်ခုဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သူများမှာ အကြမ်းဖက်သမားများနှင့် ထူးမခြားနားဖြစ်သည်ဟု အာဒိုဂန်က ပြောကြားထားသည်။

    “လက်နက်တွေ၊ ဗုံးတွေကိုင်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ ဒေါ်လာ၊ ယူရိုနဲ့ အတိုနှုန်းတွေကို ကိုယ်ကျိုးအတွက် အသုံးပြုနေတဲ့သူတွေအကြား ဘာမှ ကွာခြားမှုမရှိပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က တူရကီကို ဒူးထောက်လာစေဖို့ပါ။ သူတို့ဟာ ငွေကြေးလဲလှယ်နှုန်းကို လက်နက်သဖွယ် အသုံးချနေတာပါ” ဟု ကြာသာပတေးနေ့တွင် အာဒိုဂန်က ပြောကြားခဲ့သည်။

    တူရကီနိုင်ငံအတွင်း မတည်ငြိမ်မှုများ၊ ငွေကြေးပေါ်လစီများတွင် အာဒိုဂန်က ၀င်ရောက်စွက်ဖက်မှုများကြောင့် တူရကီနိုင်ငံ၏ စီးပွားရေးမှာ ဆိုးရွာလာခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်မှုများ ရှိနေသည်။

    Standard and Poor နှင့် Moody တို့က တူရကီ၏ အကြွေးအတွက် ယုံကြည်စိတ်ချရမှုအညွှန်းကိန်း (credit rating) ကို လျှော့ချခဲ့သည်။

    Ref: Arab News

  • ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    ဒုက္ခသည် သားအဖနှစ်ဦးအား လက်ဇ်လိုက ခြေထိုးခံခဲ့စဉ်

    – ၂၀၁၅ ခုနှစ်က နယ်စပ်တွင်ရှိနေသည့် ဒုက္ခသည်များအား ရဲတပ်ဖွဲ့က တားဆီးမှုအတွင်း ဒုက္ခသည်များကို ခြေထောက်ဖြင့် ကန်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီတရားရုံးက ၃ နှစ် ခံဝန်ဖြင့်နေထိုင်ရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

    ရုပ်သံသတင်းထောက် ပီထရာ လက်ဇ်လိုဖြစ်ပြီး နိုင်ငံတောင်ပိုင်း ဇီဂဒ်မြို့ရှိ တရားရုံးကြားနာမှုအတွင်း ဗီဒီယိုမှတစ်ဆင့် ပါဝင်ခဲ့ကာ တရားရုံးအမိန့်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်တွင် လက်ဇ်လိုမှာ ရဲများက လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးရသည့် ဆီးရီးယားဒုက္ခသည်များမှ အမျိုးသမီးငယ်တစ်ဦး အပါအ၀င် နှစ်ဦး ကိုခြေထောက်ဖြင့် ကန်ကျောက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကလေးငယ်တစ်ဦးကို ချီထားသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ခြေထိုးခံခဲ့သည်။

    တရားရုံးကမူ မိမိတို့အနေဖြင့် သူမ၏ အဖြစ်အပျက်တစ်ခုချင်းစီကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ဇ်လို၏လုပ်ရပ်မှာ လူမှုကျင့်ဝတ်နှင့်မညီဟု ဆုံးဖြတ်ခဲ့သည်။ လက်ဇ်လိုကမူ မိမိမှာ မိမိကိုယ်ကို ခုခံကာကွယ်ခဲ့ခြင်းဖြစ်သည်ဟု ချေပခဲ့သော်လည်း တွေ့ရှိရသည့် အထောက်အထားများက ထိုချေပမှုနှင့် အံဝင်မှုမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    လက်ဇ်လို၏ ထိုလုပ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုများ ထွက်လာခဲ့ပြီးနောက် ၎င်းအလုပ်လုပ်နေသည့် N1TV ရုပ်သံလိုင်းက သူမအား အလုပ်ထုတ်ခဲ့သည်။

    Ref: Aljazeera

  • တိုင်းရင်းသားကလေးများအား အဓမ္မဘာသာပြောင်းခိုင်းသည့် ဂိုဏ်းကို ဘင်္ဂလားဒေ့ရှ် ဖြိုခွင်း

    တိုင်းရင်းသားကလေးများအား အဓမ္မဘာသာပြောင်းခိုင်းသည့် ဂိုဏ်းကို ဘင်္ဂလားဒေ့ရှ် ဖြိုခွင်း

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    ရဲတပ်ဖွဲ့က ကယ်တင်ခဲ့သည့် တိုင်းရင်းသားကလေးများ

    – လူနည်းစု လူ့အဖွဲ့အစည်း၏ ဆင်းရဲသောမိသားစုမှ ကလေးငယ်များကို ဖမ်းဆီးကာ အဓမ္မဘာသာပြောင်းခိုင်းသည့် ရာဇ၀တ်ဂိုဏ်းကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်ဟု သိရသည်။

    Machiavellian ဂိုဏ်းဖြစ်ပြီး လွန်ခဲ့သည့် ၇ နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့က ၎င်းတို့ထံမှ ကလေးငယ် ၇၂ ဦးကို ကယ်တင်နိုင်ခဲ့သည်။

    စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့အဖွဲ့မှာ ဝေးလံခေါင်ဖျားသော ဒေသများရှိ ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းများမှ ဆင်းရဲနွမ်းပါးသည့် မိသားစုများထံ ချဉ်းကပ်၍ ငွေကြးအထောက်ပံ့များ၊ မက်လုံးများပေးကာ ကလေးများကို ခေါ်ယူခြင်းဖြစ်သည်။

    ထိုနောက် အဆိုပါဂိုဏ်းမှာ ကလေးများကို နိုင်ငံတစ်ဝှမ်းရှိ မဒ်ရာဆာများသို့ ပို့ဆောင်ကာ မိသားစုများကို အသိမပေးဘဲ ကလေးမျာအား ဘာသာပြောင်းပစ်ကြသည်။

    တနင်္ဂနွေနေ့က နိုင်ငံအရှေ့တောင်းပိုင်း ဘန်ဒါဘန်ခရိုင်ရှိ ဟိုတယ်တစ်ခုကို ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်းခဲ့ပြီး တိုင်းရင်းသားကလေးငယ် ၄ ဦးကို ကယ်တင်ခဲ့သည်။ စီးနင်းမှုအတွင်း လူ ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည်။

    အဆိုပါ ကလေးလူကုန်ကူးဂိုဏ်း ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇန်န၀ါရီလကည်း ဘန်ဒါဘန်တွင် ဗုဒ္ဓဘာသာဝင်ကလေးငယ် ၃၃ ဦးကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကာ လူ ၃ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီလတွင်လည်း တိုင်းရင်းသား ကလေးငယ် ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

    ၂၀၁၃ ခုနှစ်က တိုင်းရင်းသား ကျောင်းသားတက်ကြွလှုပ်ရှားသူများမှာ ဒါကာရှိ ဘတ်စ်ကားဂိတ်တစ်ခုတွင် ထရီပူရာ ကလေးငယ် ၆ ဦးကို အသီးသီး ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့မှာ ချင်မ်ဘွတ်မြို့မှ ပီရ်ရို့ဂ်ျပူးရ်ရှိ မဒ်ရာဆာသို့ ပို့ဆောင်ခံရသည့် ကလေးငယ် ၁၉ ဦးအုပ်စုတွင် ပါဝင်သည်။ ကျန် ၁၃ ဦးကိုမူ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ကယ်ဆယ်ပေးခဲ့သည်။

    ဘန်ဒါဘန်ရဲတပ်ဖွဲ့ တာဝန်ရှိသူ ဆန်ဂျစ် ကူးမားရ်က ဘင်္ဂလားဒေ့ရှ်တွင် လူကုန်ကူးသူများက ဆင်းရဲနွမ်းပါးသော မိသားစုများထံ ချဉ်းကပ်၍ ဖျားယောင်းသိမ်းသွင်းကာ ကလေးငယ်များအား ခေါ်ဆောင်မှုမှာ အမြဲလိုလိုဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Dhakatribune

  • ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်

    ပရဟိတရန်ပုံငွေအတွက် တူရကီအဆိုတော် ကမ္ဘာပတ်သီချင်းဆိုမည်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    – ပရဟိတအသင်းအဖွဲ့ အမျိုးမျိုးအတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရေး တူရကီအဆိုတော် အာရ်ဆင် ဖိုက်ဇာဒီမှာ ကမ္ဘာတစ်ဝှမ်းတွင် လှည့်လည်ဖျော်ဖြေရန် စီစဉ်ထားပြီး ပါကစ္စတန်နိုင်ငံတွင်လည်း ဖျော်ဖြေမှုပြုလုပ်မည်ဟု သိရသည်။

    “ဒီရှိုးပွဲရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ ပညာရေးအတွက် ထောက်ပံ့ပေးဖို့ပါပဲ” ဟု မြို့တော် အစ္စလာမ်မာဘတ်ရှိ စာသင်ကျောင်းများသို့ ယမန်နေ့က လည်ပတ်စဉ်အတွင်း ဖိုက်ဇာဒီက ပြောကြားခဲ့သည်။

    Diamond of Turkey (တူရကီမှ စိန်တစ်ပွင့်) ဟု ကျော်ကြားသည့် ဖိုက်ဇာဒီမှာ နိုင်ငံတကာ ချစ်ကျည်ရေးသံတမန်တစ်ဦး၊ စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။

    “ပါကစ္စတန်အတွက် ကျွန်တော့်ရဲ့ ခံစားရမှုက ပြောစရာစကားလုံးတောင် မရှိပါဘူး။ ဒါပေမယ် ကျွန်တော့်ကို ချစ်တဲ့၊ အားပေးတဲ့ ပါကစ္စတန်ကို ကျေးဇူးတင်ပါတယ်လို့တော့ ကျွန်တော် ပြောလို့ရပါတယ်” ဟု ဖိုက်ဇာဒီက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Tha Nation