News @ M-Media

Blog

  • ပါလက်စတိုင်း ရုပ်ရှင်ပွဲတော် စင်ကာပူတွင် ကျင်းပမည်

    ပါလက်စတိုင်း ရုပ်ရှင်ပွဲတော် စင်ကာပူတွင် ကျင်းပမည်

    ဇန်န၀ါရီ ၁၁၊ ၂၀၁၇
    M-Media

    singapore

    – ပါလက်စတိုင်းပြည်သူများ နယ်မြေဆုံးရှုံးမှုနှင့် နေ့စဉ်ရင်ဆိုင်နေရသည့် ဒုက္ခသုက္ခများကို ကမ္ဘာက သိရှိစေရန်အတွက် စင်ကာပူတွင် ပါလက်စတိုင်းရုပ်ရှင်ပွဲတော် (Palestinian Film Festival) ကို ယခုလအတွင်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

    The Projector ရုပ်ရှင်ရုံတွင် ဇန်န၀ါရီ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပါလက်စတိုင်းပြည်သူများနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန် ၎င်းတို့၏ ကြွယ်ဝသော ယဉ်ကျေးမှုကိုတို့ မီးမောင်းထိုးပြရန် ဖြစ်သည်။

    ရုပ်ရှင်ပြသခွင့်၊ ခွင့်ပြုချက်နှင့် ပွဲအတွက် ပန်းဖလတ်များဝေငှရန် လိုအပ်သည့် ရန်ပုံငွေ ကန်ဒေါ်လာ ၂၅၀၀ ကို စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS) ရှိ အရှေ့အလယ်ပိုင်းအသင်းက အကုန်ကျခံခဲ့သည်။

    အဆိုပါ ပွဲတော်ကို Speed Sisters အမည်ရှိ ရုပ်ရှင်ဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ထိုရုပ်ရှင်မှာ ပါလက်စတိုင်း အမျိုးသမီး အပြေးအသင်း တွေ့ကြုံခဲ့ရသည့် ဒုက္ခသုက္ခများအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ ထို့ပြင် ပါလက်စတိုင်း ဟစ်ဟော့ပ်တေးဂီတနယ်ပယ်အကြောင်းကို ရိုက်ကူးထားသော Slingshot Hip Hop ဇာတ်ကား၊ နွားနို့ထုတ်လုပ်မှုက အစ္စရေး၏ အမျိုးသားလုံခြုံရေးကို ထိခိုက်သည်ဟုဆိုကာ အစ္စရေးစစ်တပ်က ပါလက်စတိုင်းမှ နွားမ ၁၈ ကောင်ကို စီးနင်း ရှာဖွေသည့် အကြောင်းကို တင်ဆက်ထားသည့် The Wanted 18 တို့လည်း ပါဝင်မည်ဖြစ်သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများ ၀န်းရံခံထားရသည့် ပါလက်စတိုင်းရွာ ဘီအစ်လင်းမှ ရွာသားများ၏ နေ့စဉ်ဘ၀ ဖြန်သန်းရပုံများ၊ အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း လယ်သမားတစ်ဦး သေဆုံးခဲ့ရပြီး ၎င်း၏ မိသားစုမှာ ဒုက္ခဆင်းရဲနှင့် ရင်ဆိုင်ခဲ့ရပုံများအကြောင်းကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် 5 Broken Cameras လည်း အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပြသ သွားမည်ဖြစ်သည်။

    Ref: Singapore Coconuts

  • မလေးရှား နက္ခတ္တဗေဒကျောင်းသူတစ်ဦး ဧရာမ Black Hole တွေ့ရှိ

    မလေးရှား နက္ခတ္တဗေဒကျောင်းသူတစ်ဦး ဧရာမ Black Hole တွေ့ရှိ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၇
    M-Media

    nurl
    မလေးရှားမှ ရူပနက္ခတ္တဗေဒ ပီအိတ်ခ်ျဒီကျောင်းသူ နူရ် အဒ်လီကာ အိုင်နူလ် အန်ဝါရ် (၀ဲ အစွန်)

    – မလေးရှားမှ ရူပနက္ခတ္တဗေဒ ပီအိတ်ခ်ျဒီကျောင်းသူတစ်ဦးမှာ အာကာသအတွင်း ဧရာမ တွင်းနက်ကြီး (Balck Hole) တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာ့ နက္ခတ္တဗေဒအသိုင်းအ၀ိုင်းကိုလည်း ချပြခဲ့သည်ဟု သိရသည်။

    ဂျိုဟိုးပြည်နယ်မှ အသက် ၂၇ နှစ်အရွယ် ကျောင်းသူ နူရ် အဒ်လီကာ အိုင်နူလ် အန်ဝါရ်ဖြစ်ပြီး သူမ၏ ထိုတွေ့ရှိမှုကို တက္ကဆက်ပြည်နယ် ဂရိပ်ဗိုင်းရှိ အမေရိကန် နက္ခတ္တဗေဒအသင်းသို့ သူမ၏ ဗြိတိန်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တင်ပြခဲ့ခြင်းဖြစ်သည်။

    Malay Mail နှင့် တနင်္လာနေ့ အင်တာဗျူးတွင် Armageddon နှင့် Apollo 13 ကဲ့သို့ ရုပ်ရှင်များက သူမ၏ အာကာသအတွင်း စူးစမ်းရှာဖွေလိုမှု စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    “မူလတန်းလောက်တကည်းက အာကာသကို စွဲလမ်းခဲ့တာပါ။ ဒါပေမယ့် (ရုပ်ရှင်တွေကြည့်ပြီး) အသက် ၁၃ နှစ်လောက်ရောက်မှ ရူပနက္ခတ္တဗေဒဟာ ကျွန်မ ကျင်လည်ချင်တဲ့နယ်ပယ်ဆိုတာ သိခဲ့ရပါတယ်။ တကယ်တော့ ကျွန်မရဲ့ ၀ါသနာဟာ ဒီလို ရှာဖွေတွေ့ရှိမှုအထိ ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ပျောက်ဆုံးနေတဲ့ တွင်းနက်တွေထဲက တစ်ခုကို ရှာဖွေရာမှာ ဦးဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်မ တကယ့်ကိုကြည်နူးမိပါတယ်” ဟု နူရ် အဒ်လီကာက ဆိုသည်။

    အဆိုပါ တွင်းနက်ကြီးမှာ မစ်ကီးဝေးမှ အလင်းနှစ် ၃၈ သန်းအဝေးတွင်ရှိသော NGC 1448 ဂလက်ဆီနှင့် အလင်းနှစ် သန်း ၁၇၀ ဝေးကွာသော IC 3639 ဂလက်ဆီ အကြားတွင် တည်ရှိသည်။

    နူရ် အဒ်လီကာမှာ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု Durham တက္ကသိုလ် Extragalactic Astronomy စင်တာတွင် ဒေါက်တာဘွဲ့ တက်ရာက်နေပြီး၊ ဓာတ်ငွေ့ထုနှင့် ဖုန်ထုများ ၀န်းရံနေသော အာကာသတွင်းနက်ကြီးများကို ရှာဖွေနိုင်ရေး သုတေသနပြုလုပ်နေသည်။

    “ဒီ တွင်းနက်ကြီးတွေဟာ မစ်ကီးဝေးနဲ့ တော်တော်လေးနီးပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဒါတွေကို ကျွန်မတို့ မတွေ့ရသေးပါဘူး။ ဒါက ကျွန်မတို့ အိပ်ရာအောက်မှာရှိတဲ့ ဧရာမ သတ္တ၀ါကြီးတွေလိုပါပဲ။ လတ်တလော တွေ့ရှိမှုတွေက ကျွန်မတို့ရဲ့ စကြာဝဠာကြီးထဲမှာ နောက်ထပ် တွင်းနက်ကြီးတွေ ဘယ်လောက်များများ ပျောက်ဆုံးနေလဲဆိုတဲ့ မေးခွန်းတွေကို ပေါ်ထွက်လာစေပါတယ်” ဟု သူမ၏ တွင်းနက်ကြီးတွေ့ရှိမှုကို တင်ပြသည့်အခမ်းအနားတွင် နူရ် အဒ်လီကာက ပြောကြားခဲ့သည်။

    သူမမှာ ယူကေရှိ Sheffield တက္ကသိုလ်မှ ရူပဗေဒနှင့် ရူပနက္ခတ္တဗေဒ ဘာသာရပ်များဖြင့် သိပ္ပံဘွဲ့များကို ရရှိခဲ့ပြီး ရူပနက္ခတ္တဗေဒ ဒေါက်တာဘွဲ့ကို ယခုနှစ် ဇူလိုင်လတွင် ရရှိမည်ဖြစ်သည်။

    Ref : Today Online

  • အီရန်ခေါင်းဆောင်ဟောင်းဈာပန ပြည်သူ သိန်းချီ တက်ရောက်

    အီရန်ခေါင်းဆောင်ဟောင်းဈာပန ပြည်သူ သိန်းချီ တက်ရောက်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    iran
    ခေါင်းဆောင်ဟောင်း၏ ဈာပနတွင် ပါဝင်ခဲ့ကြသည့် အီရန်ပြည်သူများ

    – အီရန် အစ္စလာမ့်မစ်တော်လှန်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး သမ္မတဟောင်းလည်းဖြစ်သူ အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ၏ ဈာပနအခမ်အနားကို ယနေ့တွင် ကျင်းပခဲ့ပြီး ပြည်သူ သိန်းပေါင်းများစွာ ပါဝင်ခဲ့သည်ဟု သိရသည်။

    ဈာပနအခမ်အနားကို အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ဦးဆောင်ခဲ့ပြီး သမ္မတ ဟာဆန်ရူဟာနီ၊ လွှတ်တော်ဥက္ကဌ အလီ လာရီဂျာနီနှင့် အီရန်ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    တနင်္ဂနွေနေ့က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် ရက်ဖ်ဆန် ဂျာနီကို ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ် တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာဟ် ခိုမေနီ၏ ရုပ်အလောင်း မြှုပ်နှံထားရာ မြို့တော် တီဟီရန်တောင်ဘက် ဗိမာန်ပရ၀ုဏ်အတွင်း မြှုပ်နှံမည်ဖြစ်သည်။

    ဈာပနသို့ အီရန်၏ နိုင်ငံရေးအအဖွဲ့အစည်းအားလုံးမှ တက်ရောက်ခဲ့ကြသည်။ အီရန်အာဏာပိုင်များကမူ ဈာပနအခမ်းအနားပြုလုပ်ရာ ယနေ့ကို ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။ ဘတ်စ်ကားများ၊ ရထားများကလည်း ဈာပနကျင်းပရာ နေရာသို့ အခမဲ့ ပို့ဆောင်ပေးခဲ့ကြသည်။

    အက်ဘာရ် ဟာရှီမီ ရက်ဖ်ဆန်ဂျာနီ ကွယ်လွန်မှုအတွက် ပြည်တွင်းပြည်ပမှ နိုင်ငံခေါင်းဆောင်များက ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    Ref: Aljazeera

  • တရုတ်စစ်လေယာဉ်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ ကာကွယ်ရေး ပြင်ဆင်ခဲ့ရ

    တရုတ်စစ်လေယာဉ်များကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ ကာကွယ်ရေး ပြင်ဆင်ခဲ့ရ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    china-2
    တရုတ်လေတပ်မှ လေယာဉ်တစ်စီး

    – အရှေ့တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်ပြင်တို့တွင် တရုတ်စစ်လေယာဉ်များ ပျံသန်းခဲ့သောကြောင့် ဂျပန်နှင့် တောင်ကိုရီးယား တိုက်လေယာဉ်များက ပျံတက် စောင့်ကြည့်ခဲ့ရသည်ဟု သိရသည်။

    ယနေ့တွင် တရုတ်စစ်လေယာဉ် ၈ စီးက တူရှီမာ ရေလက်ကြားမှ အသွားအပြန် ပျံသန်းခဲ့ခြင်းဖြစ်ပြီး၊ မိမိတို့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ တိုက်လေယာဉ်များလည်း ပျံတက်ကာ အခြေအနေကို ကြည့်ခဲ့ရသည်ဟု ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    သို့သော်လည်း တရုတ်လေယာဉ်များမှာ ဂျပန်လေပိုင်နက်ကို ချိုးဖောက်ခဲ့ခြင်းမရှိဟု NHK သတင်းဌာနက ဖော်ပြခဲ့သည်။

    တရုတ်လေယာဉ်အုပ်စုတွင် H-6 ဗုံးကျဲလေယာဉ် ၆ စီး၊ ရှေ့ပြေးလေယာဉ်တစ်ဦးနှင့် ထောက်လှမ်းရေးလေယာဉ်တစ်စီးတို့ ပါဝင်သည်ဟု ဂျပန်က ပြောကြားခဲ့သည်။

    တောင်ကိုရီးယား၏ Yonhap သတင်းဌာနကလည်း တရုတ်လေယာဉ် ၁၀ စီးခန့်မှာ ကိုရီးယား လေကြောင်းစောင့် ကြည့်ဇုန်တွင် တနင်္လာနေ့က ၅ နာရီကြာ ၀င်ရောက်ပျံသန်းခဲ့ခြင်းကြောင့် တောင်ကိုရီးယား တိုက်ခိုက်ရေး တိုက်လေယာဉ်များ ပျံတက်ကာ သတိပေးမှု ပြုလုပ်ခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် တရုတ်လေယာဉ်များမှာ ဂျယ်ဂျူးကျွန်း တောင်ဘက်ကမ်းရိုးတမ်းအနီးတွင် အကြိမ်ကြိမ် ပျံသန်းခဲ့သည်ဟုလည်း ဆိုသည်။

    ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်လေယာဉ်များ ပျံသန်းရခြင်း၏ ရည်ရွယ်ချက်ကို သိရှိရန်အတွက် ဆန်းစစ်မှုပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကလည်း တရုတ်စစ်တပ်လေယာဉ်များကို တူရှီမာရေလက်ကြားတွင် တွေ့ခဲ့ရပြီး၊ သြဂုတ်လတွင် လေယာဉ် ၃ စင်းမှာ ထိုဒေသ၌ ခေါက်တုတ်ခေါက်ပြန် ပျံသန်းခဲ့သည်။

    Ref: Aljazeera

  • တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    ဇန်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    is
    အစ္စရေးသို့ သွားရောက်လည်ပတ်စဉ် တွေ့ရသည့် ကာကွယ်ရေးဦးစီးချုပ်

    – နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုမှုကို အစ္စရေးက ပယ်ချလိုက်သည်ဟု သိရသည်။

    ဇန်န၀ါရီ ၈ ရက်နေ့က ပေးပို့ခဲ့သော အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ စာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သဘောတူထားပြီး၊ နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီသည့် စစ်လက်နက်ပစ္စည်းများ တင်ပို့မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားကြောင်း ဂျေရုစလင်အခြေစိုက် လူ့အခွင့်အရေး ဥပဒေအကျိုးဆောင် အစ်တေး မက်ခ်က ဧရာဝတီ သတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချမှုကြောင့် မိမိအနေဖြင့် တရားရုံးချုပ်တက်ကာ အသနားခံစာ တင်သွားမည်ဟုလည်း မက်ခ်က ဆိုသည်။

    မြန်မာအစိုးရစစ်တပ်မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး၊ နိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာလူနည်းစုများအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် မြန်မာစစ်တပ်က ၀ယ်ယူထားသည့် လက်နက်တင်ပို့ရေး လိုင်စင်များကို ပြန်လည်သုံးသပ်ရန် မက်ခ်နှင့် အခြားတက်ကြွလှုပ်ရှားသူများက ကာကွယ်ရေးဝန်ကြီးဌာန၏ လက်နက်ရောင်းချမှု ဌာနခွဲကို ဒီဇင်ဘာလအတွင်း စာရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

    “အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဆက်လက်ပြုလုပ်ဖို့ အသည်းအသန်ဖြစ်နေတဲ့ အစ္စရေးက အဆိုးရွားဆုံး ရာဇ၀တ်မှုတွေကို ကျူးလွန်နေမှုကြောင့် အမေရိကန်ရဲ့ အီးယူတို့က ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံအပေါ် လိပ်ပြာသန့်သန့်နဲ့ လက်နက်ရောင်းနိုင်တာ အံ့သြစရာကောင်းပါတယ်” ဟု ဒီဇင်ဘာ ၁၁ ရက်နေ့က ပေးပို့ခဲ့သည့် အဆိုပါစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့တို့ အစ္စရေးသို့ သွားရောက်စဉ် အစ္စရေးအခြေစိုက် လက်နက်ကုမ္ပဏီဖြစ်သော Elbit Systems၊ လေကြောင်းလုပ်ငန်း Israeli Aerospace Industries နှင့် ၎င်း၏ လက်ခွဲ Elta Systems Ltd သို့ သွားရောက်လည်ပတ်ခဲ့သည်။

    အစ်တေး မက်ခ်က Elbit Systems နှင့် အခြားလက်နက်ကုမ္ပဏီ TAR Ideal တို့မှာ မြန်မာစစ်တပ်အား လက်နက်ရောင်းချရန် သဘောတူစာချုပ် ချုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့မှာ အစ္စရေး ရေတပ်စခန်း၊ တဲလ်အဗီးရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂါဇာကမ်းမြှောင်ရှိ ဗိမာန်တို့အား သွားရောက်လည်ပတ်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်၏ Facebook စာမျက်နှာတွင် ၎င်းအနေဖြင့် အစ္စရေးမှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်နှင့် လေ့ကျင့်သင်ကြားပေးရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကမူ အစ်တေးမက်ခ်သို့ ပေးပို့သည့်စာတွင် နိုင်ငံခြားတိုင်းပြည်များနှင့် စစ်လက်နက် ရောင်းဝယ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ မည်သည့်ဖော်ပြချက်မှ မပါဝင်ပေ။

    “မြန်မာစစ်တပ် အကြီးအကဲကတောင် ၂၀၁၅ စက်တင်ဘာက အစ္စရေးကို လည်ပတ်မှု၊ ၂၀၁၆ သြဂုတ်လမှာ အစ္စရေး လက်နက်တင်ပို့မှုအကြီးအကဲတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှုတွေကို အသေးစိတ် ထုတ်ပြန်ခဲ့သေးတာပဲ။ (အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့) ဒီလျှို့ဝှက်မှုက ထူးဆန်းနေတယ်ဗျ” ဟု မက်ခ်က ပြောကြားခဲ့သည်။

    Ref: Irrawaddy