News @ M-Media

Blog

  • ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့သည့် စစ်သားမှာ လူသတ်မှုမြောက်သည်ဟု အစ္စရေးဆုံးဖြတ်

    ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့သည့် စစ်သားမှာ လူသတ်မှုမြောက်သည်ဟု အစ္စရေးဆုံးဖြတ်

    ဇန်န၀ါရီ ၅၊ ၂၀၁၇
    M-Media

    soldier
    ဒဏ်ရာရနေသည့် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အနီးကပ် ပစ်သတ်ခဲ့သည့် အစ္စရေးစစ်သား အီလိုရ် အာဇာရီယာ

    – ဒဏ်ရာရနေသည့် လက်နက်မဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးအား အနီးကပ်ပစ်သတ်ခဲ့သည့် အစ္စရေးစစ်သားမှာ လူသတ်မှုအတွက် အပြစ်ရှိသည်ဟု စစ်ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

    အဆိုပါစစ်သားမှာ အသက် ၂၀ အရွယ် အီလိုရ် အာဇာရီယာဖြစ်ပြီး ပြီးခဲ့သည့်နှစ် မတ်လ ၂၁ ရက်နေ့က ဒဏ်ရာရနေသည့် အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသား အဘ်ဒူလ် ဖာတာဟ် အလ်-ရှရစ်ဖ်ကို အနီးကပ် ပစ်သတ်ခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် အလ်-ရှရစ်ဖ်မှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များကို ဓားဖြင့်တိုက်ခိုက်သည်ဟူသော စွဲချက်ခြင့် သေနတ်ဖြစ့် အပစ်ခံရကာ ဒဏ်ရာဖြင့် မြေပြင်တွင် လဲကျနေစဉ် အာဇာရီယာ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

    အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’Tselem မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ထိုအဖြစ်အပျက်အား ဗီဒီယိုမှတ်တမ်းတင်ကာ အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ပြီးနောက် အစ္စရေးစစ်သားများက ပါလက်စတိုင်းပြည်သူများအပေါ် တရားလက်လွတ်သတ်ဖြတ်မှုများအတွက် ဝေဖန်မှုများစွာ ပေါ်ထွက်လာခဲ့သည်။

    အာဇာရီယာ၏ ရှေ့နေအဖွဲ့ကမူ ဒဏ်ရာဖြင့်လဲကျနေသည့် အလ်-ရှရစ်ဖ်တွင် ဓားရှိနေပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အခြေအနေမျိုးဖြစ်သည်ဟု လျှောက်လဲခဲ့သည်။ သို့သော်လည်း ဗီဒီယိုအရ ဓားမှာ အလ်-ရှရစ်ဖ်နှင့် အတော်ဝေးဝေးတွင် တည်ရှိနေသည်။

    ထို့ပြင် အာဇာရီယာမှာ စိတ်ဖိစီးမှုရှိနေသည်ဟုလည်းကောင်း၊ အာဇာရီယာ ကိုယ်တိုင်ကလည်း အလ်-ရှရစ်ဖ်တွင် အသေခံဗုံးခွဲခါးပတ်ရှိနေသည်ဟု ယူဆခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

    ယမန်နေ့က ၂ နာရီကြာမြင့်ခဲ့သည့် ကြားနားမှုတွင် တရားသူကြီးအဖွဲ့က အာဇာရီယာဘက်မှ တင်ပြမှုများအားလုံးကို ပယ်ချခဲ့ပြီး ‘မြေပြင်ပေါ်တွင် လဲကျနေသူမှာ အကြမ်းဖက်သမား ဖြစ်နေလျှင်ပင် မသင့်လျော်သည့် တုန့်ပြန်မှုမျိုး မပြုလုပ်ရ’ ဟု ပြောကြားခဲ့ကာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ အမိန့်ကိုမူ ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ချမှတ်ရန်ရှိနေပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရဖွယ် ရှိနေသည်။

    အာဇာရီယာ၏ ရှေ့နေအဖွဲ့ကမူ ၎င်းတို့အနေဖြင့် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ကြားနာမှုမပြုလုပ်ခင် အာဇာရီယာအား ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အများအပြား ဖမ်းဆီးခံခဲ့ရသည်။

    Ref: Aljazeera

  • လူမျိုးဘာသာမခွဲ မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော်မိန့်ကြား

    လူမျိုးဘာသာမခွဲ မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော်မိန့်ကြား

    yan

    ရန်ကုန်၊ ဇန်န၀ါရီ ၄ ။          ။ လူမျိုးဘာသာမခွဲ လူတိုင်းအပေါ်မေတ္တာထားဖို့ အရေးကြီးကြောင်း ယောဆရာတော် အရှင် သိရိန္ဒာဘိဝံသက  ယမန်နေ့က ပြည်သူ့ရင်ပြင်မှာပြုလုပ်တဲ့ နှစ်သစ်ကူးဓမ္မသဘင် ဒုတိယညမှာ တိုက်တွန်းဟောကြားခဲ့သည်။

    “ မေတ္တာကို လက်မခံသော လူမျိုး၊ဘာသာ မရှိကြောင်း၊ လူမျိုးဘာသာအားလုံးပေါင်းဆုံရာ အလှတရားဟာ မေတ္တာတရားဖြစ်ကြောင်း၊ အများပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်   နေထိုင်ရာတွင်လည်း မေတ္တာတရားလိုအပ်ကြောင်း ဆရာတော်က မိန့်သည်။

    ညစဉ် ၇နာရီတွင် စတင်ကျင်းပသွားမည့် အဆိုပါ ဓမ္မသဘင်၏ တတိယနေ့တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ၊ စတုတ္ထနေ့တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် နောက်ဆုံးနေ့တွင် ရဝေနွယ်အင်းမ ဆရာတော် အရှင်ရာဇိန္ဒ တို့က တရားတော်များ အသီးသီးဟောကြားသွားမှာ ဖြစ်ပြီး ပထမနေ့တွင် သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက တရားဟောကြားခဲ့ပြီးဖြစ်သည်။

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးဓမ္မသဘင်ကို ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် ပြည်သူ့ရင်ပြင်၌ ဇန်န၀ါရီလ ၂ရက်နေ့ မှ ၆ရက်နေ့ထိ ငါးညတိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

    မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်။

  • ဘင်္ဂါလီနိုဘယ်ဆုရှင်ကို အိန္ဒိယက ရွှေတံဆိပ်ချီးမြှင့်

    ဘင်္ဂါလီနိုဘယ်ဆုရှင်ကို အိန္ဒိယက ရွှေတံဆိပ်ချီးမြှင့်

    ဇန်န၀ါရီ ၄၊ ၂၀၁၇
    M-Media

    yunus

    – ဘင်္ဂလားဒေ့ရှ် နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်၏ လူ့အဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံ ကူညီပံ့ပိုးပေးမှုများကို ဂုဏ်ပြုသည့်အနေဖြင့် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီက ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    ဇန်န၀ါရီ ၃ ရက်နေ့က အန်ဒရာ ပရာဒက်ရှ်ပြည်နယ် ထရီပူတီမြို့တွင် ပြုလုပ်သည့် ၁၀၄ ကြိမ်မြောက် အိန္ဒိယ သိပ္ပံကွန်ဂရက်တွင် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ မစ္စတာ ယူနွတ်စ်မှာ အခြားနိုဘယ်ဆုရှင် ၅ ဦးနှင့်အတူ ဂုဏ်ပြုရွှေတံဆိပ်ဆု ရရှိခဲ့သည်။

    နိုဘယ်ဆုရှင် ၆ ဦးစလုံးမှာ ကွန်ဂရက်တွင် မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

    အသက် ၇၆ နှစ်အရွယ်ရှိ မိုဟာမက် ယူနွတ်စ်မှာ လူမှုရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပြီး ဘဏ်လုပ်ငန်းရှင်၊ စီးပွားရေးပညာရှင်နှင့် လူ့အဖွဲ့အစည်းခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းမှာ Grameen ဘဏ်ကို တည်ထောင်ခဲ့ပြီး အတိုးမဲ့ချေးငွေများဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဆင်းရဲသားမိသားစုများစွာ၏ ဘ၀များကို မြှင့်တင်ပေးခဲ့သည်။

    ၂၀၀၆ ခုနှစ်တွင် မိုဟာမက်ယူနွတ်စ်မှာ ၎င်း၏ ဘဏ်နှင့်အတူ နိုဘယ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရပြီး၊ ပြည်တွင်းမှ ပြည်ပမှ ဂုဏ်ပြုဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိထားသည်။

    Ref : socialbusinesspedia

  • မော်ရိုကိုတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်းကို စတင်ခွင့်ပြု

    မော်ရိုကိုတွင် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်းကို စတင်ခွင့်ပြု

    ဇန်န၀ါရီ ၄၊ ၂၀၁၇
    M-Media

    bank

    – နိုင်ငံအတွင်း အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်း တောင်းဆိုမှုမြင့်တက်လာနေသည့် မော်ရိုကိုနိုင်ငံမှာ အစ္စလာမ်မစ်ဘဏ် ၅ ခုကို ဖွင့်လှစ်ခွင့်ပြုလိုက်သည်ဟု သိရသည်။

    ထိုကဲ့သို့ ဖွင့်လှစ်ခွင့်ပြုကြောင်းကို မော်ရိုကို ဗဟိုဘဏ်က ကြေငြာခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက တက်လာခဲ့သည့် ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေသော အစ္စလာမ့်မစ်ပါတီ၏ ကတိက၀တ်တစ်ခုကို ဖြည့်ဆည်းပေးလိုက်ခြင်းလည်းဖြစ်သည်။

    ဖွင့်လှစ်ခွင့်ပြုလိုက်သည့် အစ္စလာမ့်မစ်ဘဏ်များတွင် နိုင်ငံ၏ ထိပ်တန်း Attijariwafa ဘဏ်၊ နိုင်ငံပိုင် Banque Centrale Populaire ဘဏ်နှင့် BMCE Bank of Africa ဘဏ်တို့လည်း ပါဝင်သည်။ အဆိုပါ ဘဏ် ၃ ခုမှာ ပြင်သစ်စကားပြောသည့် အာဖရိကနိုင်ငံများတွင်လည်း လည်ပတ်နေသည်။

    အခြားနှစ်ခုမှာ CIH Bank နှင့် Credit Agricole du Maroc ဘဏ်တို့ ဖြစ်ကြသည်။ အဆိုပါ ဘဏ် ၅ ခုမှ ၄ ခုမှာ မော်ရိုကိုဘဏ်များ၊ ပင်လယ်ကွေ့ဒေသမှ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် မိတ်ဖက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref : Arabnews

  • မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသူ IS အကြမ်းဖက်သမားကို မလေးရှား ဖမ်းဆီး

    မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသူ IS အကြမ်းဖက်သမားကို မလေးရှား ဖမ်းဆီး

    ဇန်န၀ါရီ ၄၊ ၂၀၁၇

    M-Media

    malay

    – မြန်မာနိုင်ငံသို့လာရောက်ကာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသည့် IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဟု သံသယရှိသူကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု နိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေး အကြီးအကဲ အယွဘ်ခန်း မိုင်ဒင် ပစ်ချေးက ပြောကြားလိုက်သည်။

    အင်တာဗျူးတစ်ခုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဖိနှိပ်ခံ ရိုဟင်ဂျာမွတ်စလင်များဘက်မှ ရပ်တည်သည့် နိုင်ငံရပ်ခြား IS အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို မြန်မာနိုင်ငံက တိုးမြှင့်ရင်ဆိုင်နေရသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ယခုသံသယရှိသူမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်လက ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းကို အကြမ်းဖက်အုပ်စုများနှင့် ဆက်နွယ်သည့် လက်နက်ပစ္စည်းများ ပိုင်ဆိုင်မှုဖြင့် ယနေ့တွင် တရားစွဲဆိုခဲ့ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ဒဏ်ငွေကျခံရမည်ဟု အယွဘ်ခန်းက ဆိုသည်။

    ထို့ပြင် အခြားစစ်သွေးကြွများမှာလည်း ရိုဟင်ဂျာပြဿနာကို အသုံးချကာ ၎င်း၏ ခြေရာကို လိုက်နင်းနိုင်သည်ဟု သတိပေးခဲ့သည်။

    “သူဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးစုအတွက် မြန်မာအစိုးရကို တိုက်ခိုက်ဖို့၊ မြန်မာနိုင်ငံမှာ ဂျီဟတ်လုပ်ဖို့ စီစဉ်နေတာပါ”

    လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာပြဿနာမှာ အရှေ့တောင်အာရှအတွင်း ၎င်းတို့၏ ကွန်ယက်ကို ချဲ့ထွင်ရေး အကြမ်းဖက်သမားများအတွက် အသုံးချစရာဖြစ်နေသည်ဟု သတိပေးထားသည်။

    အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့မှ အများစုပါအ၀င် အရှေ့တောင်အာရှမှ မွတ်စလင်များမှာ IS အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် အရှေ့အလယ်ပိုင်းသို့ သွားရောက်ခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်အတွင်း IS မှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်။

    “(နိုင်ငံရပ်ခြားက) မွတ်စလင်တွေဟာ IS ဒါမှမဟုတ် အခြားအဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံကိုသွားပြီး ရိုဟင်ဂျာမွတ်စလင်တွေကို ကူညီဖို့ နည်းလမ်းရှာနိုင်ချေ မြင့်မားနေပါတယ်” ဟု အယွဘ်ခန်းက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံသို့သွားရောက်ကာ တိုက်ခိုက်မှုပြုလုပ်ရန် ကြံစည်သူမှာ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းသို့ လက်နက်မှောင်ခိုတင်ပို့ရန် စီစဉ်မှုတွင်လည်း ပါဝင်ပြီး ၎င်းအပါအ၀င် IS နှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၇ ဦးကို မလေးရှားက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    စက်ရုံအလုပ်သမားဖြစ်သူ ၎င်းမှာ ၂၀၁၄ ခုနှစ်ကတည်းက မလေးရှားသို့ ရောက်ရှိခဲ့ခြင်ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆက်သွယ်ကိုရှာနေကြောင်း၊ ပြီးခဲ့သည့်ဇွန်လက မလေးရှား အရက်ဘားတစ်ခုကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုမှာ IS က ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော ဆီးရီးယားအခြေစိုက် မလေးရှားစစ်သွေးကြွ မိုဟာမက် ၀မ်ဒီ မိုဟာမက် ဂျေဒီနှင့် အဆက်အသွယ်ရှိနေကြောင်း အယွဘ်ခန်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: CNA