News @ M-Media

Blog

  • ခွဲစိပ်ကိရိယာများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၆)

    ခွဲစိပ်ကိရိယာများ – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၃၆)

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    al-zahrawi
    ၁၀ ရာစု မွတ်စလင် ခွဲစိတ်ပညာရှင်ကြီး အလ်-ဇဟ်ရာဝီ၏ ခွဲစိတ်ကုသမှုကို ဖော်ကျူးထားပုံ

    – လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က သုံးစွဲခဲ့တဲ့ ခွဲစိပ်ကိရိယာတွေကို ယူလာပြရင် ဒီနေ့ခတ် အသုံးပြုနေတဲ့ ကိရိယာတွေနဲ့ သိပ်မကွဲပြားဘူးဆိုတာ တွေ့ရမှာပါ။

    ၁၀ ရာစု စပိန်နိုင်ငံတောင်ပိုင်းကို ပြန်သွားကြည့်မယ်ဆိုရင်တော့ အဘူလ် ကာစင်မ် ခါလက်ဖ် အစ်ဗနေ့ အလ်-အဘတ်စ် အလ်-ဇဟ်ရာဝီ (Abul Qasim Khalaf ibn al-Abbas al-Zahrawi) လို့ခေါ်တဲ့ ခွဲစိတ်ကု ဆရာဝန်ကြီးရဲ့ ကျော်ကြားမှုကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အနောက်တိုင်းမှာတော့ သူ့ကို အဘူလ်ကာစစ် (Abulcasis) လို့ သိကြပါတယ်။

    အလ်-ဇဟ်ရာဝီဟာ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) လို့ ခေါ်တဲ့ ဆေးပညာ စွယ်စုံကျမ်းတွဲကို ရေးသားပြုစုခဲ့သူဖြစ်ပြီး အဲဒီအထဲမှာ On Surgery အမည်နဲ့ ခွဲစိပ်ကုသမှုနဲ့ပတ်သက်တဲ့ ကျမ်းတစ်စောင်လည်း ပါဝင်ကာ ခွဲစိတ်ကိရိယာပေါင်း ၂၀၀ ကျော်လောက်ကို ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ရှေးဟောင်း အီဂျစ်ဂူတွေက ရခဲ့တဲ့ ကိရိယာပုံကြမ်းတွေကို ဖယ်လိုက်ရင် အလ်-ဇဟ်ရာဝီရဲ့ On Surgery ကျမ်းဟာ ဆေးပညာသမိုင်းမှာ ခွဲစိပ်ကိရိယာတွေကို ဖော်ပြထားတဲ့ ပထမဆုံးကျမ်း ဖြစ်ပါတယ်။ ဒီကိရိယာတွေဟာ တော်တော်လေးကို အသုံးဝင်ပြီး ထောင်စုနှစ်တစ်ခု ကြာညောင်းခဲ့တဲ့တိုင်အောင် အပြောင်းအလဲသိပ်မရှိခဲ့ပါဘူး။ ဥရောပ ဆေးလောကရဲ့ ခွဲစိပ်ကုသမှုကဏ္ဍကို အလ်-ဇဟ်ရာဝီရဲ့ ဒီကျမ်းနဲ့ပဲ အုတ်မြစ်ချခဲ့တာဖြစ်ပါတယ်။

    ခွဲစိပ်ကိရိယာ တစ်ခုစီတိုင်းကို အလ်-ဇဟ်ရာဝီက လက်ရေးနဲ့ ထင်ထင်ရှားရှား ရေးဆွဲကာ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ အသေးစိတ်ကိုပါ ရေးသားခဲ့ပါတယ်။ ဥပမာအားဖြင့် ဒဏ်ရာမရင်းအောင် သံပူကပ် ကုသနည်နဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

    “စောစောပိုင်း (သမားတော်တွေရဲ့) အဆိုအရ သံပူကပ်ကုသမှုမှာ သံကိုသုံးတာထက် ရွှေကိုသုံးတာက ပိုပြီး ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သံကိုအသုံးပြုတာက အနာကို မြန်မြန်ကျက်ပြီး ပိုမှန်တယ်လို့ ကျွန်တော်တို့ တွေ့ပါတယ်”

    မဂ်ျရဒ် (majrad) လို့ခေါ်တဲ့ တံစည်းအသေးနဲ့ အဲဒီကိရိယာကို နှာခေါင်းထဲက အသားပိုကို ကုသတဲ့အခါမှာ အသုံးပြုပုံနဲ့ ပတ်သက်ပြီး “ဆရာဝန်တွေက အသားပို (fistula) လို့ခေါ်ပြီး အရပ်သားတွေကတော့ ငန်းတောင် (quill) လို့ ခေါ်ပါတယ်။ ဒီရောဂါကို အရင်ကရှိခဲ့တဲ့နည်းအတိုင်း အပူပေးတဲ့ နည်းတွေနဲ့ ကုသမယ်ဆိုရင် ဒီအနာက ကျက်မှာမဟုတ်ပါဘူး။ အဖုရင့်မှည့်သွားတဲ့အခါ ဖြတ်ထုတ်ပြီး၊ အရိုးမြင်ရတဲ့အထိတိုင်အောင် အထဲက မန်းရည်၊ ပြည်ရေတွေအားလုံးကို ထုတ်တဲ့နည်းကလွဲလို့ အခြားကုသနည်း မရှိပါဘူး။ အရိုးအထိရောက်ရင်တော့ ဆဲလ်တွေသေမှု (အရောင်မည်းမည်းတွေ) ကို မြင်ရမှာဖြစ်ပါတယ်။ အဲဒါကို အခု ဒီပုံမှာပြထားတဲ့ ကိရိယာနဲ့ ခြစ်ထုတ်ပါ။ ဒါကိရိယာကို တံစည်း လို့ခေါ်ပြီး အိန္ဒိယကသံနဲ့ ပြုလုပ်ထားတာပါ။ ခေါင်းက ကြယ်သီးလိုပဲ လုံးဝန်းတယ်။ ဒါပေမယ့် ကျားလျှာလိုမျိုး အမြှောင်းလေးတွေထွင်းထားပါတယ်။ ဒါကို လှိုက်စားနေတဲ့ အရိုးပေါ်မှာတင်ပြီး မည်းနေတဲ့အရာတွေ ကုန်စင်တဲ့အထိ လက်နဲ့လှည့်ကာ တိုက်စားပေးပါ။ တိုက်စားမှုကို အကြိမ်များစွာပြုလုပ်ပါ။ ပြီးရင် အဲဒီနေရာကို သွေးတိတ်အောင်လုပ်ပါ။ ဒဏ်ရာကျက်သွားပြီး အသားတက်လာမယ်၊ မန်းရေတွေထွက်နေတာလည်း ရပ်သွားမယ်၊ ရက် ၄၀ ကြာပြီးနောက်ပိုင်းမှာ ပြန်မဖြစ်တော့ဘူး၊ အနာပေါက်ကျယ်တာမရှိဘူး၊ ဘာမှ ထပ်ထွက်မလာတော့ဘူးဆိုရင်  ဒီအနာ လုံးဝကျက်သွားပြီလို့ မှတ်ယူနိုင်ပါတယ်”

    tolls
    အလ်-ဇဟ်ရာဝီ၏ On Surgery ကျမ်းထဲတွင် ဖော်ပြထားသည့် ခွဲစိပ်ကိရိယာများ

    ဆီးလမ်းကြောင်း ကျောက်တည်တဲ့ ရောဂါနဲ့ပတ်သက်ပြီး အလ်-ဇဟ်ရာဝီရဲ့ ဒီ On Surgery ကျမ်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။ ဒီရောဂါအတွက် အလ်-မစ္စဟဘ် (al-mishab) လို့ခေါ်တဲ့ ကျောက်ချေ ကိရိယာကို အလ်-ဇဟ်ရာဝီက တီထွင်ခဲ့ပါတယ်။

    “ထိပ်ချွန်တဲ့ သံချောင်းအသေးတစ်ချောင်းကိုယူပါ။ အဲဒီ သံချောင်းကို ပြန်ထုတ်ဖို့အတွက် ဆီးလမ်းကြောင်းက ကျောက်အထိရောက်တဲ့ သံကြိုးနဲ့ဆက်ပါ။ ပြီးရင် ဒီကိရိယာကို ကျောက်ကို ထိတဲ့အတွက် သွင်းပြီး ဟိုဘက်ဒီဘက်လှည့်ကာ ကျောက်ကို အပေါက်ဖောက်ပါ။ အဲဒီအချိန်မှာ ဆီးတွေ ထွက်ကျလာမှာဖြစ်ပြီး ကိရိယာကို အထဲကကျောက်ပေါ်မှာဖိထားပြီး ထိုးချေပါ။ ကျောက်က ကျေသွားပြီး ဆီးနဲ့အတူ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာ အဆင်မပြေဘူးဆိုရင်တော့ ခွဲပြီးထုတ်ပါ”

    ဒါဟာ သူတီထွင်ခဲ့တဲ့ ကျောက်ချေကိရိယာနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြထားတာ ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီရဲ့ စာအုပ်တွေကို သိပ်မကြာခင်ကမှ ဘာသာပြန်ဆိုခဲ့ကြတဲ့ ဂျီယိုဖရေး လူးဝစ် (Geoffrey Lewis) နဲ့ မာတင် စပင့် (Martin Spink) တို့ဟာ ဒီတီထွင်မှုကို ချီးကျူးခဲ့ပြီး ခေတ်သစ် ဆီးကျောက်ချေ ကိရိယာအတွက် ရှေ့ပြေးဖော်ထုတ်မှုလည်းဖြစ်တယ်လို့ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “အဘူလ်ကာစစ်ရဲ့ ဒီကိရိယာဟာ ရာစုနှစ်ပေါင်းမျာစွာအရင်က လီသိုထရစ်ပတာ (lithotripter) ပါပဲ။ ဒါကို အလယ်ခေတ် ခွဲစိတ်ဆရာဝန်ကြီးတွေဖြစ်တဲ့ ဖရန်ကို (Franco)၊ ပါရေး (Pareဲ) နဲ့ ဆီးလမ်းကြောင်း ရောဂါဆိုင်ရာ ဂုရုကြီး ဖရေရီ ကိုမေသီ (Freဲre Comethe) တို့က လုံးဝလစ်လျူရှုထားပြီး ဖော်တောင် မဖော်ပြခဲ့ပါဘူး”

    (lithotripter မှာ ယနေ့ခေတ် ဆီးကျောက်ခြေရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည့် ကိရိယာဖြစ်သည်)

    ၁၂ ရာစု ဆီးဗီးလ် (Seville) က သမားတော် အစ်ဗနေ့ ဇူဟာရ် (Ibn Zuhr) က ဇဟ်ရာဝီရဲ့ ဒီ ဆီးကျောက်ခြေကိရိယာရဲ့ ထိပ်ဆုံးမှာ စိန်ပွင့်ကိုထည့်ပြီး မွမ်းမံခဲ့ပါတယ်။ အလ်-ဇဟ်ရာဝီဟာ ခွဲစိတ်မှုသုံး လွန်တွေအပြင်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်တွေမှာ တည်တတ်တဲ့ ကျောက်တွေကို ခွဲထုတ်ရမှာ အသုံးပြုတဲ့ ဓားတွေကိုလည်း တီထွင်ခဲ့ပါသေးတယ်။

    On Surgery ကျမ်းက အလ်-ဇဟ်ရာဝီ နောက်ထပ်ဖော်ပြထားတဲ့ ခွဲစိပ်ကိရိယာတွေထဲမှာ တစ်ရှူးတွေကို မီးရှို့ဖြတ်ထုတ်တဲ့ပစ္စည်း (cauterization tool) အမျိုးမျိုး၊ ခွဲစိပ်ခန်းသုံးဓားငယ် အမျိုးမျိုး၊ သွေးကြောထဲကနေ သွေးခဲတွေကို ဆွဲထုတ်ရာမှာ အသုံးပြုတဲ့ အသွားတုံး ချိတ်အမျိုးမျိုး၊ အသွားချွန် ချိတ်တွေ၊ ဇာဂနာအမျိုးမျိုး၊ ညှပ်အမျိုးမျိုး၊ မိခင်ရဲ့ သားအိမ်ထဲကနေ သန္ဓေသားကို ဆွဲထုတ်ဖို့အတွက် ယနေ့အထိ အသုံးပြုနေတဲ့ ညှပ်အရှင်တွေလည်း ပါဝင်ပါတယ်။

    ဒီနေ့သုံးနေတဲ့ ခွဲစိပ်ခန်းသုံးကိရိယာတွေကို ကြည့်မယ်ဆိုရင် အလယ်ခေတ် မွတ်စလင်သမားတော်ကြီးတွေ တီထွင်ဖန်တီးခဲ့တဲ့ ကိရိယာတွေကို သိပ်မကွာတာကို တွေ့မြင်ရမှာဖြစ်ပြီး ကမ္ဘာ့လူ့အဖွဲ့အစည်းအပေါ် မွတ်စလင်တွေရဲ့ အကျိုးပြုမှုကို ဖော်ပြနေတဲ့ အကောင်းဆုံး သက်သေတွေပဲ ဖြစ်ပါတယ်။

    “အလ်-ဇဟ်ရာဝီဟာ ခန္ဓာဗေဒအသိပညာကို အခြေခံပြီး ခွဲစိပ်ကုသမှုနယ်ပယ်ကို သီးခြားပညာရပ်တစ်ခုအဖြစ် ခွဲထုတ်ပေးလိုက်တဲ့ ထိပ်တန်း ပုဂ္ဂိုလ်ကျော်ကြီးတစ်ဦး ဖြစ်ပါတယ်။ အလ်-ဇဟ်ရာဝီရဲ့ ခွဲစိပ်ကိရိယာ ပုံတွေ၊ ဖော်ပြချက်တွေဟာ ဒီနယ်ပယ်မှာ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုကို ရှင်သန်နေစေတဲ့၊ သူ့နောက်ပိုင်း ပေါ်ထွက်လာခဲ့တဲ့ ပညာရှင်တွေအပေါ် သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို မီးမောင်းထိုးပြနေတဲ့ စွန့်ဦးတီထွင်မှုလည်း ဖြစ်ပါတယ်”

    အလ် လီကလာ့က် (L. Leclerc – ၁၉ ရာစု ဆေးပညာဆိုင်ရာ သမိုင်းပညာရှင်)

    အလ်-ဇဟ်ရာဝီ

    al
    အလ်-ဇဟ်ရာဝီ၏ ပုံတူ

    ဓားငယ်တွေ၊ လွှငယ်လေးတွေ၊ လွန်တွေ၊ ဇာဂနာတွေကြောင့် ခွဲစိပ်ကုသူမှုကဏ္ဍဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်ကတည်းက လုံးဝ ပြောင်းလဲခဲ့ပါတယ်။ စပိန်နိုင်ငံမှာ မွတ်စလင်တွေရဲ့ အုပ်စိုးမှု နေလိုလလို ထွန်းတောက်ခဲ့တဲ့အချိန် ကျောကြားခဲ့တဲ့ ခွဲစိပ်သမားတော်ကြီး အလ်-ဇဟ်ရာဝီရဲ့ မှတ်တမ်းတွေကို ကြည့်ခြင်းအားဖြင့် သူဟာ ဆေးဘက်ဆိုင်ရာ ကိရိယာပေါင်း ၂၀၀ ကျော်လောက်ကို တီထွင်ဖန်တီး အသုံးပြုခဲ့တယ်ဆိုတာ သိရှိရပါတယ်။ အဲဒီ ကိရိယာတွေထဲက အများစုကို ဒီနေ့ခေတ်အထိ ပစ်ပယ်လို့ မရသးပါဘူး။

    သက္ကရာဇ် ၉၃၆ ခုနှစ်မှာ ကော်ဒိုဘာမှာမွေးခဲ့တဲ့ အလ်-ဇဟ်ရာဝီကို အနောက်တိုင်းကတော့ အဘူလ်ကာစစ်လို့ သိကြပါတယ်။ သမားတော်တစ်ယောက်ဖြစ်တဲ့သူဟာ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ ခွဲစိပ်ကုသမှုပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့သူပါ။ ခွဲစိတ်နည်းတွေနဲ့ ကုသမှုနည်းလမ်းတွေကိုလည်း အလ်-ဇဟ်ရာဝီက ဖွံ့ဖြိုးအောင် လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ လူနာတွေဟာ အကျိုးကျေးဇူးမြောက်များစွာ ခံစားခဲ့ရပါတယ်။

    သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆောင်ရွက်ခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ငန်းတွေကို အလ်-တက်စ်ရစ်ဖ် (Al-Tasrif) ဆိုတဲ့ ကျမ်းကြီးမှာ မှတ်တမ်းတင်ခဲ့ပြီး အဲဒီကျမ်းကြီးကတော့ အတွဲပေါင်း ၃၀ ရှိပါတယ်။ ဒီကျမ်းကြီးထဲမှာ တွင်းထွက်ပစ္စည်းတွေ၊ ဆေးဖက်ဝင်အပင်တွေ၊ တိရစ္ဆာန်ထွက် ပစ္စည်းတွေကနေ ဆေးဝါးဖော်စပ်မှုတွေအကြောင်းလည်း ပါဝင်ပါတယ်။

    ပြီးတော့ ခွဲစိပ်ကိရိယာတွေကိုလည်း ပုံတွေ၊ ရှင်းလင်းချက်တွေနဲ့ အသေးစိတ်ဖော်ပြထားပြီး ဆေးဘက်ဆိုင်ရာသမိုင်းမှာ ခွဲစိပ်ပညာရပ်နဲ့ပတ်သက်ပြီး ပထမဆုံးဖော်ပြမှုလည်း ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ခွဲစိပ်ကုသမှုဟာ အလွန်အန္တရာယ်ရှိပြီး၊ နာကျင်မှုဝေဒနာကို ဆိုးဆိုးဝါးဝါး ခံစားရလေ့ရှိပေမယ့် အလ်-ဇဟ်ရာဝီရဲ့ ဒီကိရိယာတွေကြောင့် အရိုးရောဂါ၊ အဖုအကျိတ်၊ ဆီးအိမ်မှာ ကျောက်တည်တာ၊ ဒဏ်ရာအနတရဖြစ်တာတွေကို ကုသတဲ့နေရာမှာ တော်တော်လေးကို အထောက်အကူ ဖြစ်စေခဲ့ကာ ကလေးမွေးဖွားမှုကိုလည်း လွယ်ကူစေခဲ့ပါတယ်။

    အလ်-ဇဟ်ရာဝီရဲ့ ဒီကျမ်းကြီးထဲမှာ ခွဲစိပ်ခန်းသုံး ဓားငယ်တွေ၊ ချိတ်တွေ၊ ညှပ်တွေ၊ လွှငယ်လေးတွေကို ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ အများစုကိုတော့ ဒီနေ့အချိန်အထိ သုံးစွဲနေကြရတုန်းဖြစ်ပြီး၊ အလ်-ဇဟ်ရာဝီရဲ့ ဒီကိရိယာတွကို အခြေခံကာ ပိုမိုအသုံးဝင်အောင် ပြုပြင်ဖန်တီးမှုတွေလည်း ရှိခဲ့ပါတယ်။ ၁၂ ရာစုမှာ ဆီးဗီးလ်မြို့က သမားတော်တစ်ဦးဖြစ်တဲ့ ဇူဟာရ်ဟာ အလ်-ဇဟ်ရာဝီရဲ့ ကိရိယာတစ်ခုကို စိန်ပွင့်တပ်ပြီး ပြုပြင် မွမ်းမံခဲ့ပါတယ်။

    အလ်-တက်စ်ရစ်ဖ် ကျမ်းကြီးထဲမှာ အလ်-ဇဟ်ရာဝီဟာ ပုခုံးအဆစ်လွဲမှု ကုသနည်း၊ ကျောက်ပတ်တီးစီးကာ အရိုးပြန်ဆက်နည်း၊ သွားတုစိုက်နည်းတွေနဲ့ ကင်ဆာကုသဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကိုပါ ဖော်ပြထားပါတယ်။ သူ့ရဲ့အသိပညာကြွယ်ဝမှုကလည်း လူနာပေါင်းစုံရဲ့ ယုံကြည်ကိုးစားမှုကို ရရှိစေခဲ့ပါတယ်။

    လူနာတွေ ကြောက်ရွံ့မှု မရှိအောင်လို့ ဓာသွားမမြင်ရတဲ့ ဓားကိုလည်း အလ်-ဇဟ်ရာဝီက တီထွင်ခဲ့ပြီး ဒီလို ထောင့်စေ့အောင် တွေးခေါ်မြော်မြင်တတ်မှုကို နည်းသစ်လမ်းသစ်ဖော်ထုတ်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အလ်-ဇဟ်ရာဝီဟာ စပိန်ကိုအုပ်စိုးတဲ့ ဘုရင့်နန်းတွင်းက လက်စွဲ သမားတော်ကြီး ဖြစ်လာခဲ့ပါတယ်။

    အလ်-ဇဟ်ရာဝီရဲ့ လက်ဗျားခါလောက်တဲ့ တီထွင်မှုတွေထဲက တစ်ခုကတော့ ခွဲစိပ်ကုသမှုအပြီး အတွင်းသားကို ချုပ်တဲ့အခါမှာ တိရစ္ဆာန်အူကနေလုပ်တဲ့ကြိုး (catgut) ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို ဒီနေ့အချိန်အထိ အသုံးပြုနေကြဆဲပါ။

    တကယ်တော့ ဒီနေ့ခေတ် ကျန်းမာရေးကဏ္ဍနဲ့ ကုသမှုတွေဟာ အတိတ်ကာလနဲ့ တစ်နည်းမဟုတ်တစ်နည်း စက်ဆက်နေပါတယ်။ အစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းမှာ ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ခွဲစိပ်ကုသမှု၊ ဆေးရုံက ကျန်းမာရေး ၀န်ဆောင်မှု ကဏ္ဍတွေကို အရှေ့ရောက်စေခဲ့ပြီး၊ နည်းလမ်းဟောင်းတွေ၊ နည်းလမ်းအသစ်တွေကနေ ဆေးသစ်ဝါးသစ် ထုတ်လုပ်မှုလည်း မြင့်တက်ခဲ့ပါတယ်။

    အလ်-တက်စ်ရစ်ဖ်ကျမ်းကြီးကို ခရီမိုနာမြို့က ဂျရတ် (Gerard of Cremona) ဆိုသူက လက်တင်ဘာသာကို ပြန်ဆိုပြီး နောက်ပိုင်းမှာတော့ အလ်-ဇဟ်ရာဝီရဲ့ တီထွင်ဆန်းသစ်မှုတွေ၊ လေ့လာဖော်ထုတ်မှုတွေဟာ ဥရောပတစ်ဝှမ်း ပြန့်နှံ့သွားခဲ့သလို ဉာဏ်သစ်လောင်းကာလ (Renaissnace) အထိ ဥရောပရဲ့ဆေးပညာကဏ္ဍမှာ လွှမ်းမိုးခဲ့ပါတယ်။ အစောပိုင်း မွတ်စလင်ကမ္ဘာက ဆေးကျမ်းတွေနဲ့အတူ အလ်-တက်စ်ရစ်ဖ်ကျမ်းဟာ ဆေးကျောင်းတွေမှာ ရာစုနှစ်ပေါင်းများစွာကြာထဲ့အထိ ပြဌာန်းစာအုပ် ဖြစ်ခဲ့ပါတော့တယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။

  • ၂၀၁၆ ခုနှစ် အီရတ်တွင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၇ ထောင်နီးပါး သေဆုံး

    ၂၀၁၆ ခုနှစ် အီရတ်တွင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၇ ထောင်နီးပါး သေဆုံး

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    iraq

    – ၂၀၁၆ ခုနှစ်အတွင်း အီရတ်နိုင်ငံ၌ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၆၈၇၈ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂက အီရတ်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (UNAMI) က ယခုတ်တစ်ပတ်တွင် ထုတ်ပြန်သောကြေငြာချက်၌ ဖော်ပြထားသည်။

    ဒဏ်ရာရရှိသူမှာ ၁၂၃၈၈ ဦး ရှိပြီး UNAMI က ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အရပ်သားများ ထိခိုက်ဒဏ်ရာမှုများကို အတည်မပြုနိုင်ခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးပြီးနောက်ပိုင်း ရေ၊ အစားအသောက်၊ ဆေးဝါးနှင့် ကျန်းမာရေစောင့်ရှောက်မှုများ မရရှိသည့်အတွက် သေဆုံးမှုများကဲ့သို့ ပဋိပက္ခကြောင့် သွယ်ဝိုက်ထိခိုက်သူများစာရင်းကို မကောက်ယူနိုင်ခြင်းကြောင့် ယခု သေဆုံးဒဏ်ရာရမှုစာရင်းမှာ အနိမ့်ဆုံးဟုသာ ယူဆရမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ယခုစာရင်းတွင် မေလ၊ ဇူလိုင်၊ သြဂုတ်နှင့် ဒီဇင်ဘာလတို့အတွင်း နိုင်ငံအနောက်ပိုင်း အန်ဘာရ်ပြည်နယ်တွင် အရပ်သားများ ထိခိုက်သေဆုံးမှုများ မပါဝင်ပေ။ ဒီဇင်ဘာလအတွင်းမှာပင် နိုင်ငံတစ်ဝှမ်း အရပ်သား ၃၈၆ ဦး သေဆုံးပြီး ၁၀၆၆ ဦးဒဏ်ရာ ရရှိခဲ့သည်။

    UNAMI ၏ အချက်အလက်များအရ ၂၀၁၅ ခုနှစ်အတွင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အီရပြည်သူအရေအတွက်မှာ ၇၅၁၅ ဦးရှိသည်ဟု သိရသည်။

    ပြီးခဲ့သည့်လများအတွင်း အီရတ်နိုင်ငံ၌ ဗုံးခွဲတိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး အများစုကို IS အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Press TV

  • အိန္ဒိယက နိုင်ငံအတွင်းရှိ ကျွဲနွားများကို မှတ်ပုံတင်ထုတ်ပေးမည်

    အိန္ဒိယက နိုင်ငံအတွင်းရှိ ကျွဲနွားများကို မှတ်ပုံတင်ထုတ်ပေးမည်

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    cow

    – နိုင်ငံအတွင်းက ကျွဲနွားပေါင်း သန်း ၉၀ နီးပါးအတွက် မှတ်ပုံတင်တွေထုတ်ပေးဖို့ အိန္ဒိယက စီစဉ်နေပါတယ်။

    နွားတွေဟာ အိန္ဒိယမှာ မြင့်မြတ်တဲ့ တိရစ္ဆာန်အဖြစ် သတ်မှတ်ခံထားရပြီး၊ အခု ကျွဲနွားတွေအတွက် မှတ်ပုံတင်ကတော့ လူသားတွေကို ထုတ်ပေးတဲ့ မှတ်ပုံတင်အတိုင်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

    အိန္ဒိယမှာ ကျွဲကောင်ရေပေါင်း ၄၁ သန်း၊ နွားကောင်ရေပေါင်း ၄၇ သန်းလောက် ရှိနေပြီး ဒီနှစ်အကုန်မှာ ထုတ်ပေးမယ့် အဲဒီမှတ်ပုံတင်မှာ ဂဏန်း ၁၂ လုံးပါဝင်မှာပါ။ ဒီအစီအစဉ်ကို ၀န်ကြီးချုပ် နရန်ဒရာ မိုဒီက ဆောင်ရွက်ခိုင်းတာ ဖြစ်ပါတယ်။

    ဒီမှတ်ပုံတင်တွေကို ပိုင်ရှင်တွေက သိမ်းထားရမှာဖြစ်ပြီး ကျွဲနားတွေနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ၊ သတင်းအချက်အလက်တွေကို ဒီကဒ်နဲ့ ဒေတာဘေ့စ်မှာ ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ကာကွယ်ဆေး အချိန်မှန်မှန်ထိုးဖို့၊ သားပေါက်မှုအခြေအနေကို စောင့်ကြည့်ဖို့၊ သားပေါက်မှုနှုန်းမြင့်မားရေးနဲ့ နို့ထွက်အရည်အသွေးကောင်းမွန်ရေးတို့အတွက် သိပ္ပံနည်းကျဆောင်ရွက်မှုတွေ လုပ်ပေးနိုင်ဖို့တွေလို သတင်းအချက်အလက်တွေကို ဒီမှတ်ပုံတင်နဲ့ ကြည့်ရှုစစ်ဆေးနိုင်မှာပါ။

    တိရစ္ဆာန်တွေအပေါ်မှာ ၀န်ထုတ်ဝန်ပိုး မဖြစ်စေဖို့အတွက် လည်ပင်းမှာဆွဲပေးမယ့် မှန်ပုံတင်နံပါတ်ပြားကို ၈ ဂရမ်သာ အလေးချိန်ရှိအောင်နဲ့ အချိန်အကြာကြီးခံအောင် ပြုလုပ်ထားပါတယ်။

    အိန္ဒိယမှာ ကျွဲနွားတွေကို မှတ်ပုံတင်တာဟာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်ကလည်း ကျွဲနွားတွေ ဘင်္ဂလားဒေ့ရှ်ကို မှောင်ခိုကုန်ကူးနေတာတွေကို တားမြစ်ဖို့အတွက် အနောက်ဘန်ဂေါလ်က ရွာတွေမှာ နွားတွေကို မှတ်ပုံတင်ထုတ်ပေးတာတွေ ရှိခဲ့ပါတယ်။

    Ref: The Star

  • မလေးရှားမှ ရခိုင်သို့ အကူအညီပေးပို့ရေးအစီအစဉ် ရက်ရွှေ့ဆိုင်း

    မလေးရှားမှ ရခိုင်သို့ အကူအညီပေးပို့ရေးအစီအစဉ် ရက်ရွှေ့ဆိုင်း

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    malay
    ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဘုန်းတော်ကြီး ကေ စရီ ဓမ္မရတ္တနာ

    – ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခုစလုံးအတွက် သင်္ဘောများဖြင့် မလေးရှားနိုင်ငံမှ အကူအညီများပေးပို့မှု အစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်သည်ဟု ထိုလှုပ်ရှားမှုကို ဆောင်ရွက်နေသည့် အန်ဂျီအိုများက ပြောကြားလိုက်သည်။

    မလေးရှားရှိ အစိုးရမဟုတ်သောအဖွဲ့များ ပူးပေါင်းစီစဉ်သည့် အဆိုပါ အကူအညီပေးရေး သင်္ဘောအုပ်စုကို ဇန်န၀ါရီ ၁၀ ရက်နေ့တွင် စတင်ထွက်ခွာရန် စီစဉ်ထားခဲ့သော်လည်း ထွက်ခွာမည့်နေ့ကို ယခုလကုန်ပိုင်းသို့ ရွှေ့ခဲ့သည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်စီစဉ်သူ Putera 1Malaysia Club အဖွဲ့က ပြောကြားခဲ့သည်။

    ၎င်းတို့မှာ မြန်မာရေပိုင်နက်အတွင်းသို့ ၀င်ရောက်ရန်အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့က စာဖြင့် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း မြန်မာအစိုးရက ခွင့်ပြုခြင်း မရှိသေးပေ။ သို့သော်လည်း စီစဉ်သူများကမူ ၎င်းတို့အနေဖြင့် ခွင့်ပြုချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှု မရှိပါက ဘင်္ဂလားဒေ့ရှ်ဘက်တွက် ဆိုက်ကပ်သွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့က အကြမ်းဖက်သမားလည်းမဟုတ်ဘူး။ သူတို့ကိုတိုက်ဖို့ သွားမှာလည်းမဟုတ်ဘူး။ သူတို့ပြဿနာကို ဖြေရှင်းပေးဖို့သွားမှာဗျ။ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ကနေ သူတို့အတွက် ကူညီရေးမှာ သူတို့ပါဝင်လာဖို့ ကျွန်တော်တို့က ခခယယ ပြောနေတာ” ဟု ထိုအစီအစဉ်တွင် ပါဝင်လှုပ်ရှားနေသူ မစ္စတာ အဘ်ဒူလ် အဇစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအကူအညီပေးရေး လှုပ်ရှားမှုကို စီစဉ်သူများကမူ မိမိတို့မှာ ရည်ရွယ်ချက်ကောင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

    “မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို စိန်ခေါ်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။ တိုင်းပြည်ကို စော်ကားဖို့လည်း အစီအစဉ်မရှိဘူး။ ကျွန်တော်တို့ဟာ အာဆီယံမိသားစုဝင်တွေပါ” ဟု MAPIM အဖွဲ့မှ ဥက္ကဌ မစ္စတာ မိုဟာမက် အဇ်မီ အဘ်ဒူလ် ဟာမစ်က ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်သို့ ထိုကဲ့သို့ အကူအညီပေးမည့်အစီအစဉ်ကို ကွာလာလမ်ပူရှိ အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှ သြဇာကြီးမားသော ဆရာတော် ကေ စရီ ဓမ္မရတ္တနာကလည်း ထောက်ခံခဲ့သည်။

    “လျှို့ဝှက်ထားတာ ဘာမှမရှိဘူး။ အကြမ်းဖက်မှုလည်းမဟုတ်ဘူး။ ဘုန်းကြီးတို့လုပ်နေတာက တကယ့် စိတ်ရင်းစေတနာအမှန်နဲ့ပါ” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

    ယခုအစီအစဉ်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အန်ဂျီအိုအဖွဲ့များလည်း ပူးပေါင်းပါဝင်နေသည်။

    မစ္စတာ အဘ်ဒူလ် အဇစ်ကမူ မိမိတို့တွင် တန်ပေါင်း ၂၀၀၀ ခန့်ရှိသည့် အကူအညီများ အဆင်သင့်ရှိနေပြီး ရခိုင်ပြည်နယ်ရှိ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူ လူ့အဖွဲ့အစည်းနှစ်ခုစလုံးကို ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref : CNA

  • ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ

    ကာချုပ်နဲ့ ကန်သံအမတ်ကြီးတို့ တွေ့ဆုံ

    ဇန်နဝါရီ ၆ ၊ ၂၀၁၆

    98221399-5e57-42a0-91e0-88c8f17de68d_cx0_cy12_cw0_w987_r1_s_r1
    မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ ကာချုပ်တို့ တွေ့ဆုံ (Senior General Min Aung Hlaing)

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြာသပတေးနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Scot Marciel နဲ့ တွေ့ဆုံခဲ့ပါတယ်။

    အခုလို တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ လူမှုကွန်ယက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

    ဒီတွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသလို အမေရိကန် သံအမတ်ကြီးနဲ့ အတူ အမေရိကန် စစ်သံမှူး Col. James McAden နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။

    ရခိုင်ပြည်နယ်ထဲမှာ မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် လူနည်းစု မူဆလင် ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတယ်လို့ မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းမှာ အဓိက ထောက်ခံအားပေတဲ့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ လထဲမှာပဲ ပြောကြားခဲ့တာပါ။ စစ်တပ်က အင်အားနဲ့ ကိုင်တွယ်တာဟာ မြန်မာနိုင်ငံတွင်း ဂျီဟတ် အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့လည်း အရှေ့အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် Daniel Russel က ဝေဖန်ထောက်ပြ ခဲ့ပါတယ်။ ဒါ့အပြင် အရေအတွက် အတိအကျမသိရပေမယ့် သေဆုံးမှုတွေ ရှိနေတာမို့ စိုးရိမ်စိတ်ပူကြောင်း ပြောဆိုခဲ့ပါတယ်။

    ရှမ်းပြည်မြောက်ပိုင်းမှာရော ကချင်ပြည်နယ်မှာပါ တပ်မတော်ဘက်က ပြင်းထန်တဲ့ ထိုးစစ်တွေ ဆင်နေပြီး ဒီတိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးလာနေတာနဲ့ ပတ်သက်ပြီးလည်း ပြည်တွင်း ပြည်ပ လူ့အခွင့်ရေး အဖွဲ့တွေက ဝေဖန်ပြစ်တင်နေကြတာ ဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။