News @ M-Media

Blog

  • မော်ရိုကိုနဲ့အတူ နာမည်ကြီးလာသည့် လက်ဘနွန်က ဗေဒင်ဆရာမ

    မော်ရိုကိုနဲ့အတူ နာမည်ကြီးလာသည့် လက်ဘနွန်က ဗေဒင်ဆရာမ

    ဒီဇင်ဘာ ၁၂၊ ၂၀၂၂

    M-Media 


    -စနေနေ့က မော်ရိုကိုအသင်း ပေါ်တူဂီကိုနိုင်ကာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားမှုနဲ့အတူ လက်ဘနွန်က လက္ခဏာဆရာမတစ်ယောက် နာမည်ကြီးလာပါတယ်။ 

    မော်ရိုကိုဟာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးရောက်ရှိခဲ့တဲ့ အာဖရိကအသင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    လက်ဘနွန် ဗေဒင်ဆရာမ လိုက်လာ အဘ်ဒူလတစ််ဖ်ဟာ ဗုဒ္ဓဟူးနေ့က သူ့ရဲ့ Instagram မှာ ကမ္ဘာ့ဖလား ခန့်မှန်းချက်ဗီဒီယိုကို လွှင့်တင်ခဲ့ပြီး အဲဒီအထဲမှာ အာရပ်အသင်းတစ်ခု ဆီမီးဖိုင်နယ်တက်မယ်လို့ တွက်ချက် ပြောကြားခဲ့ပါတယ်။ 

    ဒီဗီဒီယိုကို ဆိုရှယ်မီဒီယာသုံးစွဲသူတွေ အပြိုင်အဆိုင် မျှ၀ေခဲ့ကြပြီး စနေနေ့မှာတော့ ဒီခန့်မှန်းချက်ဟာ အမှန်တကယ် ဖြစ်လာပါတယ်။ 

    မော်ရိုကိုဟာ အာဖရိကတိုက်က အာရပ်နွယ်ဖွားတွေရဲ့နိုင်ငံ ဖြစ်ပါတယ်။ 

    ဆရာမလိုက်လာဟာ ကမ္ဘာ့ဖလား အုပ်စုပွဲစဥ် မစခင် ဆော်ဒီအာရေဗျက အာဂျင်တီးနားကို နိုင်လိမ့်မယ်လို့ တွက်ချက်ပြောကြားခဲ့ပါတယ်။

    လိုက်လာရဲ့ အထင်ရှားဆုံးတွက်ချက်မှုက လက်ဘနွန်၀န်ကြီးချုပ် ရာဖစ် ဟာရီရီ လုပ်ကြံသတ်ဖြတ်ခံရမယ်ဆိုတဲ့ ပြောကြားချက်ပါ။ ဟာရီရီဟာ ၂၀၀၅ ခုနှစ် ဖေဖော်ရီလမှာ တကယ်ပဲ ကားဗုံးခွဲ လုပ်ကြံခံခဲ့ရပါတယ်။ 

    ဆရာမလိုက်လာက သူမဟာ အနာဂတ်ကို ကြိုပြောတာမဟုတ်ဘဲ သူမတွက်ချက်ပြီး ထွက်ပေါ်လာတဲ့ ရလဒ်ကိုသာ ပြောကြားတာလို့ ဆိုပါတယ်။ 

    မော်ရိုကိုအသင်းကမ္ဘာ့ဖလားရနိုင်မယ့် ဇာတာပါလားလို့ မေးမြန်းရာမှာတော့ ဖိုင်နယ်အတွက် သူမ တွက်ချက်မှာမဟုတ်ဘဲ မော်ရိုကိုအသင်း ဖလားရအောင် ဆန္ဒပြုတယ်လို့ ဖြေကြားခဲ့ပါတယ်။

    အစ္စလာမ်ဘာသာမှာ ဗေဒင်ယတြာ လက္ခဏာကိန်းခန်းတွေကို သမ္မာဒိဌိမကျတဲ့အရာတွေအဖြစ် သတ်မှတ်ထားပြီး လေ့လာလိုက်စားခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ 

    လက်ဘနွန်အပါအ၀င် အာရပ်ကမ္ဘာမှာ လူများစုက အစ္စလာမ်ဘာသာ၀င်ဖြစ်ပေမယ့် အခြားဘာသာ၀င်တွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။ 

    Ref: Arab News

  • နိုင်ငံအသင်းအတွက် ကစားပေးဖို့ မသေချာတော့ပါဘူး

    နိုင်ငံအသင်းအတွက် ကစားပေးဖို့ မသေချာတော့ပါဘူး

    နိုင်ငံအသင်းအတွက် ကစားပေးဖို့ ကျွန်တော် တံခါးဖွင့်ထားဆဲပါ။ ဒါပေမယ့် ရာနှုန်းပြည့် မသေချာပါဘူး။ ကျွန်တော့်အတွက်၊ နိုင်ငံအသင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ကျွန်တော် စဥ်းစားရပါတော့မယ်။ 

    (နေးမာ – ဘရာဇီးလ်တိုက်စစ်မှူး)

    ဘရာဇီးလ်အသင်းဟာ မနေ့ကခ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ခရိုအေးရှားအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး နောက်ဆုံး ကမ္ဘာ့ဖလားပွဲ ၅ ကြိမ်မှာ ၄ ကြိမ်မြောက် ကွာတားဖိုင်နယ်က ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

  • အာဏာသိမ်းရန်ကြံစည်နေသည့် လက်ယာစွန်းရောက်များကို ဂျာမနီ ဖမ်းဆီး

    အာဏာသိမ်းရန်ကြံစည်နေသည့် လက်ယာစွန်းရောက်များကို ဂျာမနီ ဖမ်းဆီး

    ဒီဇင်ဘာ ၇၊ ၂၀၂၂

    M-Media 


    -လက်နက်ကိုင်ပြီး လက်ရှိအစိုးရကို ဖြုတ်ချအာဏာသိမ်းဖို့ ကြံစည်နေတဲ့ လက်ယာစွန်းရောက်အဖွဲ့၀င် ၂၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဂျာမနီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

    ပြည်နယ် ၁၁ ခုက နေရာပေါင်း ၁၃၀ မှာ ရဲတပ်ဖွဲ့၀င် ၃၀၀ လောက်က ဒီကနေ့မနက်အစောပိုင်းမှာ စီးနင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ လက်ယာစွန်းရောက်အဖွဲ့ Reichsbuerger က အဖွဲ့၀င်တွေပါ။ 

    ဒီအဖွဲ့ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဂျာမနီ အခြေခံဥပဒေကို လက်မခံပါဘူး။ လက်နက်ကိုင်ပြီး လွှတ်တော်ကို၀င်စီးကာ အစိုးရကိုဖြုတ်ချဖို့ ကြံစည်နေတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ 

    အကြမ်းဖက်အဖွဲ့အစည်းက အဖွဲ့၀င်ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့တဲ့ ၂၅ ဦးထဲမှာ ရုရှားနိုင်ငံသားတစ်ဦး ပါ၀င်ပါတယ်။

    ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဒီကိစ္စဟာ ဂျာမနီရဲ့ ပြည်တွင်းရေးပြဿနာဖြစ်ပြီး ရုရှားက ပါ၀င်ပတ်သက်မှုရှိလားဆိုတာကို မေးခွန်းထုတ်စရာမလိုဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ 

    Ref: Reuters

  • ဆော်ဒီနှင့် တရုတ်တို့ ဆက်ဆံရေးတိုးမြှင့်မည်

    ဆော်ဒီနှင့် တရုတ်တို့ ဆက်ဆံရေးတိုးမြှင့်မည်

    ဒီဇင်ဘာ ၇၊ ၂၀၂၂

    M-Media 


    -တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂ နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ခရီးစဥ်အဖြစ် ဒီကနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိလာပါတယ်။ 

    သမိုင်းနဲ့ချီပြီးရှိတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ဖို့အတွက် ဆော်ဒီဘုရင် ဆလ်မန်က ဖိတ်ခေါ်ခဲ့တာလို့ ဆော်ဒီနိုင်ငံပိုင် မီဒီယာတွေက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှီကျင့်ဖျင်ရဲ့ ဒုတိယမြောက် ဆော်ဒီခရီးစဥ်ဖြစ်ပြီး ကိုဗစ်ဖြစ်ပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်ပါ။ 

    ရှီရဲ့ ခရီးစဥ်မှာ ကန်ဒေါ်လာ ၂၉.၂၆ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်တွေ ချုပ်ဆိုမှာပါ။ ရီယာ့ဒ်မြို့မှာ ကျင်းပဖို့ရှိတဲ့ တရုတ်-ပင်လယ်ကွေ့ ထိပ်သီးအစည်းအ၀ေးကိုလည်း ရှီက တက်ရောက်မှာ ဖြစ်ပါတယ်။ 

    အာဏာရ တရုတ်ကွန်မြူနစ်အာဘော်သတင်းစာ Global Times က ဒီထိပ်သီးအစည်းအ၀ေးဟာ တရုတ်နဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေအကြား ဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး အာရပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ တရုတ်နိုင်ငံမှာ စိတ်ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera

  • ၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီက ကျင်းပခွင့်ရဖွယ် ရှိနေ

    ၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲကို ဆော်ဒီက ကျင်းပခွင့်ရဖွယ် ရှိနေ

    ဒီဇင်ဘာ ၅၊ ၂၀၂၂

    M-Media 


    -၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်လျှောက်ထားမှုကနေ အိန္ဒိယနိုင်ငံ နှုတ်ထွက်သွားတဲ့အတွက် ဆော်ဒီအာရေဗျက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရဖွယ်ရှိနေပါတယ်။

    ပြိုင်ပွဲကို လက်ခံကျင်းပဖို့အတွက် ကာတာ၊ အိန္ဒိယနဲ့ ဆော်ဒီတို့က လျှောက်ထား ထားကြတာပါ။ 

    ၂၀၂၃ ခုနှစ် ပြိုင်ပွဲကို တရုတ်ကိုယ်စား ကျင်းပဖို့အတွက် ကာတာက စက်တင်ဘာလမှာ လက်ခံခဲ့ပြီး၊ အိန္ဒိယကလည်း လိုအပ်တဲ့ အဆောက်အဦးတွေ အချိန်မီ ဆောက်လုပ်နိုင်မယ့် အနေအထား မရှိတဲ့အတွက် စာရင်းကနေ ဒီကနေ့ပဲ နှုတ်ထွက်သွားခဲ့ပါတယ်။     

    အာရှဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်နှစ် ဖေဖော်၀ါရီလမှာ အစည်းအ၀ေးလုပ်ပြီး ၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်နိုင်ငံကို ထုတ်ပြန်မှာပါ။

    ဆော်ဒီအာရေဗျဟာ အာရှဖလားကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိထားပေမယ့် အိမ်ရှင်အဖြစ် လက်ခံကျင်းပထားခြင်း မရှိသေးပါဘူး။ 

    ၂၀၂၆ ခုနှစ် အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အခုနှစ်အစောပိုင်းမှာ ဆော်ဒီက လျှောက်ထားထားပါတယ်။ 

    Ref: Reuters