News @ M-Media

Blog

  • ချယ်ဆီးကို ဖလားပေး၍ ရနေပြီဟု ဘောလုံးကျွမ်းကျင်သူတစ်ဦး ပြော

    ချယ်ဆီးကို ဖလားပေး၍ ရနေပြီဟု ဘောလုံးကျွမ်းကျင်သူတစ်ဦး ပြော

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    chelsea

    – ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားနိုင်သည့် ချယ်ဆီးအသင်းအား ပရီးမီးယားလိဂ်ဖလား ပေးသင့်နေပြီဟု ဘီဘီစီမှ ဘောလုံးရေးရာကျွမ်းကျင်သူ ရောဘီ ဆားဗေ့ဂ်ျက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ လက်ရှိတွင် အနီးစပ်ဆုံးပြိုင်ဘက် မန်စီးတီးအား ၇ မှတ် ဖြတ်ထားနိုင်သည်။ ဆားဗေ့ဂ်ျကမူ ရာသီတစ်ဝက်ကျန်သေးသော်လည်း ၁၂ ပွဲဆက်တိုက် ပရီးမီးယားလိဂ်နိုင်ပွဲ ရရှိထားသည့် ချယ်ဆီးမှလွဲ၍ ဖလားရနိုင်သည့် အခြားအသင်းကို မမြင်ဟု ဆိုသည်။

    “သူတို့ကိုသာ အခု ဖလားပေးလိုက်ရမှာဗျ။ သူတို့ကို မီအောင်လိုက်နိုင်မယ့်အသင်းမျိုး ကျွန်တော် မတွေ့ပါဘူး။ ခံစစ်ကောင်းတယ်၊ တိုက်စစ်လည်း ကောင်းပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့မဆို ကစားနိုင်တယ်။ အသင်းတွေကို နိုင်အောင်ကစားနိုင်ပါတယ်” ဟု ဆားဗေ့ဂ်ျက ပြောကြားခဲ့သည်။

    ထို့ပြင် ဒီဇင်ဘာအစောပိုင်းက ၀စ်က်ဘရွန်းအသင်း၏ ခံစစ် ၆ ယောက်ထားကစားမှုအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရအောင် ကစားနိုင်ခဲ့ခြင်းကို ထောက်ပြ၍ ချယ်ဆီးအသင်းမှာ ခံစစ်အထိုင်ချကစားသော အသင်းများကိုလည်း ကျော်ဖြတ်နိုင်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    Ref : BBC

  • NVC ကတ် အကြောင်းနှင့် နိုင်ငံအနှံ့ ထုတ်ပေးထားမှုအခြေအနေ

    NVC ကတ် အကြောင်းနှင့် နိုင်ငံအနှံ့ ထုတ်ပေးထားမှုအခြေအနေ

    ဒီဇင်ဘာ ၂၇၊၂၀၁၆
    M-Media
    သတင်း-သီဟ

    8

    NVC လို့ လူသိများတဲ့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား နိုင်ငံအနှံ့ထုတ်ပေးထားမှုအခြေအနေနှင့် ယင်းကဒ်အကြောင်းကို နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေး ကော်မတီမှ ယမန်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

    နိုင်ငံတ၀န်းမှာ မြန်မာနိုင်ငံသားအဖြစ် စိစစ်ခံရမယ့်သူတွေကိုထုတ်ပေးထားတဲ့ NVCသက်သေခံ ကတ်ပြားပေါင်း အရေအတွက် ၃ သောင်းကျော်ရှိနေပြီး တ၀က်ကျော်လောက်ဟာ ရှမ်းပြည်နယ်မှာ ထုတ်ပေးထားတာလို့ အစိုးရထုတ်ပြန်ချက်အရသိရပါတယ်။

    စာဖတ်သူများ သိရှိနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

    ref: နိုင်ငံတော် အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေး ကော်မတီ

    9

    1 2 3 4 5 6 7

  • ရခိုင်ပြည်နယ်အတွက် မလေးအကူအညီပေးရေးသင်္ဘောများ ဇန်န၀ါရီတွင် ထွက်မည်

    ရခိုင်ပြည်နယ်အတွက် မလေးအကူအညီပေးရေးသင်္ဘောများ ဇန်န၀ါရီတွင် ထွက်မည်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    rohingya
    ရိုဟင်ဂျာကလေးငယ်များ

    – ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအတွက် စားနပ်ရိက္ခာအကူအညီပေးရေး သင်္ဘောအုပ်စုမှာ လာမယ့်လတွင် မလေးရှားမှ စတင်ထွက်ခွာမည်ဟု သိရသည်။

    Food Flotilla ဟုခေါ်သည့် ထိုသင်္ဘောအုပ်စုမှာ ဆန်၊ ဆေးဝါးနှင့် အခြား မရှိမဖြစ်လိုအပ်သော ပစ္စည်း စုစုပေါင်း တန် ၂၀၀ နီးပါးကို တင်ဆောင်သွားမည်ဖြစ်ပြီး ဇန်န၀ါရီ ၁၀ ရက်နေ့တွင် မလေးရှားမှ စတင်ထွက်ခွာမည်ဖြစ်ကာ ရခိုင်ပြည်နယ်သို့ရောက်ရန် ၂ ပတ်တာ ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။

    အဆိုပါ အကူအညီပေးရေးအစီအစဉ်ကို မလေးရှား အစ္စလာမ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ (Mapim)၊ Kelab Putra 1Malaysia အဖွဲ့နှင့် အရှေ့တောင်အာရှဒေသအတွင်းမှ အန်ဂျီအိုအဖွဲ့များက ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

    Mapim ၏ အထွေထွေအတွင်းရေမှူးဖြစ်သူ ဇူလ်ဟာနစ် ဇိုင်နိုလ်က မိမိတို့အနေဖြင့် အကူအညီပေးခွင့်ပြုခြင်း၊ ပြန်လှည့်ခိုင်းခြင်း၊ လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်း စသည့် အခြေအနေ ၃ ခုကို ရင်ဆိုင်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ဘူးသီးတောင်နှင့် မောင်တောမှ မွတ်စလင်လူ့အဖွဲ့အစည်းများအား ကူညီထောက်ပံ့ရန်ဖြစ်သည်ဟု ဆိုသည်။

    “ပြဿနာဖြစ်တဲ့နေရာတွေကို ၀င်ရောက်ခွင့် လုံးဝပိတ်ထားတယ်။ စစ်တပ်က တိုက်ခိုက်မှုနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ နယ်စပ်ပိတ်ထားမှုကြားမှာ ပြည်သူတွေ ပိတ်မိနေတဲ့ ဂါဇာကမ်းမြှောင်နဲ့တူပါတယ်။ ရလဒ်အနေနဲ့ လုံး၀၀င်ရောက်ခွင့်မရဘူး။ လူသားချင်းစာနာထောက်ထားမှုအဆိုင်ရာ အေဂျင်စီတွေကိုလည်း ၀င်ရောက်ခွင့်မပေးပါဘူး” ဟု ဇူလ်ဟာနစ်က ထပ်လောင်း ပြောကြားခဲ့သည်။

    အဆိုပါ သင်္ဘောအုပ်စုတွင် အန်ဂျီအိုအဖွဲ့ဝင်များ၊ မီဒီယာသမားများ၊ ဆေးအဖွဲ့တစ်ဖွဲ့၊ ၀န်ကြီးဟောင်းများ၊ နိုင်ငံရေသမားများ၊ ဘာသာရေးခေါင်းဆာင်များ၊ စေတနာ့ဝန်ထမ်းများနှင့် သင်္ဘောဝန်ထမ်းများ အပါအ၀င် လူ ၂၀၀ ခန့် လိုက်ပါလာမည်ဖြစ်သည်။

    “ဒီသင်္ဘောတွေနဲ့အတူ ငြိမ်းချမ်းရေးသတင်းစကားကိုလည်း ကျွန်တော်တို့ ယူဆောင်သွားမှာပါ။ ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာသာ ဖြစ်ပါတယ်” ဟု ဇူလ်ဟာနစ်က ပြောကြားခဲ့သည်။

    Ref : The Star

  • နျူထိပ်ဖူးတပ်နိုင်မည့် ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အိန္ဒိယ စမ်းသပ်အောင်မြင်

    နျူထိပ်ဖူးတပ်နိုင်မည့် ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အိန္ဒိယ စမ်းသပ်အောင်မြင်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    india
    ၂၀၁၃ ခုနှစ် လွတ်လပ်ရေးနေ့တွင် ပြသခဲ့သည့် Agni-V ဒုံးကျည်

    – နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်ပြီး ပြည်တွင်းဖြစ် စွမ်းအားအမြင့်ဆုံး ဒုံးကျည်တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု အိန္ဒိယနိုင်ငံက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    Agni-V ဟု အမည်ပေးထားသည့် မြေပြင်မှ မြေပြင်ပစ် တိုက်ချင်းပစ်ဒုံးကျည် (ICBM) အမျိုးအစားဖြစ်ပြီး နိုင်ငံအရှေ့ပိုင်းပြည်နယ် အိုဒီရှာတွင် ရွေ့လျားဒုံးပစ်စင်မှ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဒုံးကျည်ကို ၂၀၁၂ ခုနှစ်တွင် ပထမဆုံး ထုတ်လုပ်ခဲ့သည်။

    ကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါစမ်းသပ်မှုက ပြည်တွင်းထုတ် ဒုံးကျည်များ၏ စွမ်အားတိုးတက်လာမှုကို ပြသခြင်းဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေးအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဆိုသည်။

    “Agni-V ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်မှုက အိန္ဒိယနိုင်ငံသားတိုင်းအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ဒီဒုံးကျည်က ကျွန်တော်တို့ရဲ့ မဟာဗျူဟာကာကွယ်ရေးအစွမ်းကို ပိုပြီး အားကောင်းစေမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် နရန်ဒရာ မိုဒီက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    အဆိုပါ Agni-V မှာ ရွေ့လျားဒုံးပစ်စင်ဖြင့် ပစ်ခတ်နိုင်မည်ဖြစ်သောကြောင့် ဒုံးကျည်အား ကာကွယ်နိုင်မှုတွင် အထောက်အကူဖြစ်စေကာ၊ အလျင်အမြန်တပ်ဖြန့် ပစ်ခတ်နိုင်မည်ဖြစ်သည်။

    သို့သော်လည်း လာမည့်လတွင် အာဏာရယူမည့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နျူလက်နက်တိုးချဲ့မည်ဟု ပြောကြားခဲ့ပြီးနောက် အိန္ဒိယက ယခုကဲ့သို့ နျူထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကို ချပြခဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်း နျူလက်နက်ပြန့်ပွားမှုအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    Ref : CNN

  • အင်ဒိုမွတ်စလင် တရားဟောဆရာတစ်ဦး ခရစ်ယာန်သာသနာကို စော်ကားမှုဖြင့် အမှုဖွင့်ခံထားရ

    အင်ဒိုမွတ်စလင် တရားဟောဆရာတစ်ဦး ခရစ်ယာန်သာသနာကို စော်ကားမှုဖြင့် အမှုဖွင့်ခံထားရ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    indo-3
    အမှုဖွင့်ခံထားရသည့် ဟာဘစ် ရီဇစ် ရှီဟဘ်

    – အင်ဒိုနီးရှားရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးမှာ ခရစ်ယာန်ဘာသာကို စော်ကားမှုဖြင့် ရဲစခန်းတွင် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

    အစ္စလာမ်သာသနာ ကာကွယ်စောင့်ရှောက်သူများ တပ်ဦး (FPI) အဖွဲ့ ခေါင်းဆောင် ဟာဘစ် ရီဇစ် ရှီဟဘ်ဖြစ်ပြီး အင်တာနက်တွင် ပြန့်နှံ့ခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် ခရစ်ယာန်သာသနာကို စော်ကားသည့် ပြောကြားမှု ပါဝင်သည်ဟုဆိုကာ အင်ဒိုနီးရှား ကက်သလစ်ကျောင်းသားများအသင်း PMKRI မှ အမှုဆောင်များက ဂျကာတာရဲတပ်ဖွဲ့ထံ ယမန်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    “ဘုရားသခင်က (ယေရှုကို) မွေးတယ်ဆိုရင် ၀မ်းဆွဲသည်က ဘယ်သူဖြစ်မလဲ” ဟု ရှီဟဘ်က ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယိုကို လွှင့်တင်ခဲ့သူနှင့် ထိုပြောကြားမှုအား Instagram စာမျက်နှာတွင် ပြန်လည်ရေးသားခဲ့သူ ၂ ဦးမှာလည်း အမှုတွဲတွင် ပါဝင်သည်။

    “အင်ဒိုနီးရှားနိုင်ငံသားအားလုံးဟာ အခြားဘာသာတရားတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို စွက်ဖက်တာမျိုး မလုပ်ဘဲ မတူကွဲပြားမှုကို လေးစားသင့်တယ်ဗျ။ ခရစ်ယာန်ဘာသာတရားအကြောင်းကို ခရစ်ယာန်တွေကသာ ပိုသိတာပါ။ ဘာမှမသိတဲ့လူက ပါးစပ်ပိတ်ထားတာ ပိုကောင်းပါတယ်” ဟု PMKRI မှ ဥက္ကဌဖြစ်သူ အန်ဂျလီယက် ၀ါကီ ကာကိုက ပြောကြားခဲ့သည်။

    ထို့ပြင် ရှီဟဘ်၏ ထိုပြောကြားမှုအတွက် ခရစ်ယာန်တစ်ယောက်ဖြစ်သည့် မိမိအနေဖြင့် နာကျင်အရှက်ရမိသည်ဟုလည်း ၎င်းက ဆိုသည်။

    ရှီဟ်ဘ်မှာ ရာဇ၀တ်မှုဆိုင်ရာပုဒ်မ ၁၅၆(က) ကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

    Ref : Jakarta Post