News @ M-Media

Blog

  • ဘရာဇီးလ်ထောင်တွင်းဆူပူမှု လူ ၆၀ နီးပါး သေဆုံး

    ဘရာဇီးလ်ထောင်တွင်းဆူပူမှု လူ ၆၀ နီးပါး သေဆုံး

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    riot

    – ဘရာဇီးလ်နိုင်ငံ အနောက်မြောက်ပိုင်း အမေဇိုနက်စ်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုအတွင်း ဆူပူမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပြီး အလောင်းများကို မီးရှို့ခြင်း၊ တစ်စစီဖြတ်တောက်ခြင်းတို့ ဖြစ်ခဲ့သည်ဟု သိရသည်။

    ပြည်နယ်မြို့တော် မာနော့စ်ရှိ Anisio Jobim Penitentiary Complex အကျဉ်းထောင်အတွင်း တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရုန်းရင်းဆန်ခန်မှုမှာ ၁၇ နာရီခန့် ကြာမြင့်ခဲ့သည်။

    ဆူပူသောင်းကျန်းသူများမှာ အစောင့် ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လွတ်မြောက်သွားသည့် အကျဉ်းသားအရေအတွက်ကို သိရှိရခြင်း မရှိသေးပေ။ အဆိုပါဆူပူမှုမှာ ဒေသတွင်း ရာဇ၀တ်ဂိုဏ်းနှစ်ခုအကြား ပြဿနာဖြစ်ပွားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

    အမေဇိုနက်စ်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနကမူ သေဆုံးသူအရေအတွက်မှာ ၆၀ ခန့်ရှိသည်ဟု စောစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ၅၆ ဦးဟု ထုတ်ပြန်ခဲ့သည်။ ဌာနအကြီးအကဲကမူ အဆိုပါဖြစ်ရပ်မှာ ပြည်နယ် အကျဉ်းသားထိန်းသိမ်းရေးသမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကာ မူးယစ်မှောင်ခိုလုပ်ငန်းကို တိုက်ဖျက်ရေးနှင့် အကျဉ်းထောင် လုံခြုံရေး ပိုမိုအားကောင်းစေရေး ဗဟိုအစိုးရက ကူညီရန် တောင်းဆိုခဲ့သည်။

    အကျဉ်းသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး ခေါင်းဖြတ်သတ်ဖြတ်မှုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်မှုများ၊ မီးရှို့မှုများလည်း ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  • အီရန်စစ်တုရင်မယ် ကမ္ဘာ့အကောင်းဆုံး ၃၀ စာရင်းတွင် ပါဝင်လာ

    အီရန်စစ်တုရင်မယ် ကမ္ဘာ့အကောင်းဆုံး ၃၀ စာရင်းတွင် ပါဝင်လာ

    ဇန်န၀ါရီ ၂၊ ၂၀၁၇
    M-Media

    iran

    – အီရန်နိုင်ငံမှ စစ်တုရင်အားကစားမယ် ဆာရာဆာဒတ် ခါဒီမာလ်ရှာရီယာမှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) မှ ဇန်န၀ါရီအတွက် ထုတ်ပြန်သည့် အဆင့်သတ်မှတ်ချက်တွင် ၁၁ ဆင့်အထိ ခုန်တက်ခဲ့ပြီး ကမ္ဘာထိပ်တန်း စစ်တုရင်ကစားသမား ၃၀ စာရင်းတွင် ပါဝင်လာသည်ဟု သိရသည်။

    အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဆာရာဆာဒတ်မှာ ရမှတ် ၂၄၅၂ ဖြင့် အဆင့် ၂၈ သို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူမမှာ ပြီးခဲ့သည့်လက ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သည့် FIDE ၏ အမျိုးသမီး ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲ World Chess Rapid Championships တွင် လက်စွမ်းပြနိုင်ခဲ့ပြီး စတုတ္ထနေရာ ရရှိခဲ့သည်။

    ထို့ပြင် World Chess Blitz Championships ပြိုင်ပွဲတွင်လည်း အဆင့် ၁၈ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အီရန်နိုင်ငံ တီဟီရန်၌ ကျင်းပပြုလုပ်ခဲ့သည့် FIDE ၏ အမျိုးသမီး ဂရင်းပရီ စစ်တုရင်ပြိုင်ပွဲတွင်မူ ဆာရာဆာဒတ်မှာ ဒုတိယ ရရှိခဲ့သည်။

    FIDE ၏ အဆိုပါ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အခြားအီရန် စစ်တုရင်အားကစားမယ် ဒေါရ်စာ ဒီရက်ရှာနီက ရမှတ် ၂၃၇၀၊ မီထရာ ဟီဂျာဇီပူရ်က ၂၃၀၇ မှတ်၊ အာတူဆာ ပူရ်ကာရှီယန်က ၂၃၀၃ မှတ် အသီးသီး ရရှိခဲ့သည်။

    Ref: Press TV

  • ဆိုမာလီရှိ လေဆိပ်အနီးတွင် ကားဗုံးခွဲမှုဖြစ်ပွား

    ဆိုမာလီရှိ လေဆိပ်အနီးတွင် ကားဗုံးခွဲမှုဖြစ်ပွား

    ဇန်န၀ါရီ ၂၊ ၂၀၁၇
    M-Media

    somali

    – ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးရှိ နိုင်ငံတာလေဆိပ်အနီး စစ်ဆေးရေးဂိတ်တစ်ခုတွင် ကားဗုံးခွဲမှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်တွင် ကားများကို ရှာဖွေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိတ်မှာ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့၏ အဓိက အခြေစိုက်စခန်းနှင့် မီတာအနည်းငယ်သာ ကွာဝေးသည်။

    အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အဦးများလည်း ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်သံများကိုလည်း ကြားခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    မိုဂါဒစ်ရှူးအခြေစိုက် Mustaqbal ရေဒီယိုကမူ အဆိုပါ အသေခံကားဗုံးခွဲတိုက်ခိုက်မှုအတွက် အလ်-ရှာဘတ်အကြမ်းဖက်အဖွဲ့က တာဝန်ယူခဲ့သည်ဟု Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်များ၊ စစ်ဖက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှာ အလ်ရှာဘတ်အဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏ ခံစားနေရပြီး ဆယ်စုနှစ် ၂ ခုတာ ကြာမြင့်နေသည့် ပဋိပက္ခမှရုန်းထွက်ကာ တိုင်းပြည်အား တည်ဆောက်ရေး ကြိုးပမ်းမှုကိုလည်း အဟန့်အတား ဖြစ်စေသည်။

    Ref: Aljazeera

  • လူ ၃၀ ကျော်သေဆုံးခဲ့သည့် ဘဂ္ဂဒတ်ကားဗုံးကွဲမှု IS လက်ချက်ဖြစ်

    လူ ၃၀ ကျော်သေဆုံးခဲ့သည့် ဘဂ္ဂဒတ်ကားဗုံးကွဲမှု IS လက်ချက်ဖြစ်

    ဇန်န၀ါရီ ၂၊ ၂၀၁၇
    M-Media

    iraq

    – အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ လူစည်ကားရာ ဆဒါရ်စီးတီးရပ်ကွက်တွင် အသေခံကားဗုံးခွဲမှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ပြီး IS အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေငြာခဲ့သည်။

    ဗုံးခွဲသမားမှာ ပစ်ကက်ကားတစ်စီးကို ဟင်းရွက်ဈေးအပြင်ဘက်တွင် ပါကင်ထိုးကာ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများနှင့် ရဲကင်းစခန်းတစ်ခုတို့ ထိခိုက်မိသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

    ဘဂ္ဂဒတ်မြို့မှာ ပြီခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားရာနေရ ဖြစ်လာခဲ့ပြီး၊ စနေနေ့က လူ ၂၇ ဦးသေဆုံးခဲ့သည့် ဘဂ္ဂဒတ်မြိှု့လယ်ကောင် တိုက်ခိုက်မှုကိုလည်း IS က တာဝန်ယူခဲ့သည်။

    အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အီရတ်တပ်ဖွဲ့မှာ နိုင်ငံမြောက်ပိုင်းမှ IS ၏ နောက်ဆုံး ခြေကုပ်မြို့ မူဆိုးလ်ကို အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး လက်ရှိတွင် မြို့၏ ၄ ပုံ ၁ ပုံကို သိမ်းယူထားနိုင်သည်။

    Ref: Aljazeera

  • အခမဲ့ အကူသူနာပြု သင်တန်း မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံမှာ ဖွင့်လှစ်မည်။

    အခမဲ့ အကူသူနာပြု သင်တန်း မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံမှာ ဖွင့်လှစ်မည်။

    ဇန်နဝါရီ ၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    muslim-free-hospital2
    လူမျိုး၊ ဘာသာမရွေး တက်ရောက်နိုင်တဲ့ အကူသူနာပြုသင်တန်းကို ၂၀၁၇ နှစ်ဦးပိုင်းမှ ဖွင့်လှစ်မယ်လို့ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်းမှ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှ တဆင့် ကြေညာထားပါသည်။

    သင်တန်းမှာ အခမဲ့ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသူတွေဟာ အနည်းဆုံး အခြေခံပညာ (၉) တန်းအောင်မြင်ရမှာဖြစ်ပြီး အသက်(၁၆)နှစ်မှ (၃၀) အတွင်း ဖြစ်ရမယ်လို့ ထည့်သွင်းဖော်ပြထားပါသည်။

    သင်တန်းအတွက် လူဦးရေ ကန့်သတ်ထားပြီး တက်ရောက်လိုသူတွေ အနေဖြင့် အမှတ် 196/200 မဟာဗန္ဓုလ ပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း 01-255967/01-381893 သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။

    မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ သည်။  ရန်ကုန် ကျောက်တံတားမြို့နယ်တွင်ရှိပြီး အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံဖြစ်သည်။ ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံ တစ်ရုံ အဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်းအဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီလည်ပတ်နေသော ဆေးရုံဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်လေမုန်တိုင်း ဘေးဒုက္ခကျရောက်စဉ်ကလည်း မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံက ဆရာဝန်နှင့် သူနာပြုများ ပါဝင်သော အရေးပေါ် လေဘေးကယ်ဆယ်ရေး အဖွဲ့ကို ဖွဲ့စည်းကာ လေဘေးသင့် ဒေသများသို့ ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့ကူညီခဲ့ကြသည်။

    ဆက်စပ်သတင်းများဖတ်ရန် Link