News @ M-Media

Blog

  • အိန္ဒိယတွင် ကမ္ဘာ့အမြင့်ဆုံးရုပ်တု တည်ဆောက်မည်

    အိန္ဒိယတွင် ကမ္ဘာ့အမြင့်ဆုံးရုပ်တု တည်ဆောက်မည်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    statue
    အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းဖြစ်သော ဆာဒါရ် ဗာလ်လာဘိုင် ပါတေးလ်၏ ရုပ်ထု

    – ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်တု ဖြစ်လာမည့် ရုပ်တုတစ်ခု တည်ဆောက်ရန် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ယမန်နေ့တွင် အုတ်မြစ်ချခဲ့ပြီး ဒေါ်လာသန်းရာချီ ကုန်ကျမည့် အဆိုပါစီမံကိန်းအတွက် ပြည်သူများက ဝေဖန်ကန့်ကွက်မှုများ ရှိနေသည်။

    ၁၇ ရာစု ဟိန္ဒူပြည့်ရှင် ချက်ထရာပတီ ရှီဝါဂျီ (Chhatrapati Shivaji) ၏ ရုပ်တုဖြစ်ပြီး အမေရိကန်ရှိ လေဘာတီရုပ်တု၏ အရွယ်အစားထက် ၂ ဆကြီးကာ၊ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးရှိ ခရစ်တော်ရုပ်ထုထက် ၅ ဆ ပိုမြင့်မည်ဖြစ်သည်။

    ၁၉၂ မီတာ (ပေပေါင်း ၆၃၀) မြင့်မည့် အဆိုပါရုပ်တုကို မွန်ဘိုင်းမြို့ အနောက်ဖက်ကမ်းရိုးတမ်းမှ အရေဗျပင်လယ်အတွင်းရှိ ကျွန်းတစ်ခုတွင် တည်ဆောက်သွားမည်ဖြစ်သည်။

    ဆောက်လုပ်ပြီးစီးသွားပါက လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုဖြစ်သော တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ၁၂၈ မီတာမြင့်သည့် Spring Temple Buddha ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ထက် ပို၍ မြင့်မည်ဖြစ်သည်။

    ထိုရုပ်တုအတွက် ရူပီး ၃၆ ဘီလီယံ (ကန်ဒေါ်လာ သန်း ၅၃၀) ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ မွန်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်အစိုးရက ကျခံရမည်ဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။

    သို့သော်လည်း တိုင်းပြည်အတွက် လိုအပ်နေသော အခြေခံအဆောက်အဦးများ၊ ပညာရေးကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လစ်လျူရှုကာ ရုပ်တုတစ်ခုအား ဒေါ်လာသန်းရာချီ သုံးစွဲမှုအတွက် အိန္ဒိယပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

    အဆိုပါစီမံကိန်း ရပ်ဆိုင်းရန်အတွက် အိန္ဒိယပြည်သူများမှာ အွန်လိုင်းတွင် တောင်းဆိုလွှာတစ်စောင်ကို ရေးသားခဲ့ပြီး စနေနေ့ ညနေပိုင်းအထိ လူပေါင်း ၂၇၀၀၀ ကျော် လက်မှတ်ထိုးထားသည်။

    “ပိုက်ဆံဖြုန်းတာတင်မကဘဲ ဒီရုပ်တုကြီးဟာ သဘာဝပတ်ဝန်းကျင်တွက်၊ ဘုံဘေမြို့တောင်ပိုင်းက ယာဉ်ကျောအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်မှာဖြစ်သလို လုံခြုံရေးဆိုင်ရာ အိပ်မက်ဆိုးလည်း ဖြစ်ပါတယ်” ဟု အဆိုပါတောင်းဆိုလွှာတွင် ဖော်ပြထားသည်။

    မဟာရက်ရှ်ထရာပြည်နယ်တွင် အဆိုပါ ရှီဝါဂျီဘုရင်ကို အထွဋ်အမြတ်ထားကြပြီး ရထားဘူတာတစ်ခုနှင့် လေယာဉ်ကွင်းတစ်ခုတို့ကို ၎င်း၏အမည် ပေးထားသည်။

    မိုဒီမှာ ယခင်ကလည်း ၎င်း၏ ဇာတိပြည်နယ် ဂူဂျာရတ်တွင် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းဖြစ်သော ဆာဒါရ် ဗာလ်လာဘိုင် ပါတေးလ်၏ ရုပ်ထုကို တည်ဆောက်ရန် စီစဉ်ခဲ့ပြီး၊ ၁၈၂ မီတာမြင့်ကာ  ရူးပီး ၂၅ ဘီလီယံ (ကန်ဒေါ်လာ ၃၆၈ သန်း) ကုန်ကျမည့် အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။

    Ref: The Star

  • သဟဇာတဖြစ်မှုကို ဆက်ထိန်းရန် ခရစ္စမတ်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သမ္မတ ပြောကြား

    သဟဇာတဖြစ်မှုကို ဆက်ထိန်းရန် ခရစ္စမတ်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သမ္မတ ပြောကြား

    ဒီဇင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    bang
    ခရစ်ယာန်များနှင့်အတူ ခရစ္မမတ်ကိတ်လှီးနေသည့် ဘင်္ဂလားဒေ့ရှ်သမ္မတ

    – နိုင်ငံအတွင်း လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်မှု အစဉ်အလာကို ဆက်လက်အားကောင်းစေရန်အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ထိထိရောရောက်ဆောင်ရွက်ကြရန် ဘင်္ဂလားဒေ့ရှ်သမ္မတ အဘ်ဒူလ် ဟာမစ်က ပြည်သူများအား တိုက်တွန်းပြောကြားလိုက်သည်။

    ယနေ့ကျရောက်သည့် ခရစ္စမတ်ပွဲတော် အထိမ်းအမှတ်အဖြစ် ခရစ်ယာန်လူ့အဖွဲ့အစည်းနှင့်အတူ မြို့တော် ဒါကာ၌ ပြုလုပ်သော ခရစ္စမတ်အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့တိုင်းပြည်မှာ လူမှုသဟဇာတဖြစ်သည့် တိုင်းပြည်ဖြစ်သည်ဟုလည်း ဆိုသည်။

    “ဘင်္ဂလားဒေ့ရှ်ဟာ လူ့အဖွဲ့အစည်းအချင်းချင်း သဟဇာတဖြစ်တဲ့ တိုင်းပြည်ပါ။ ပြည်သူလူထုဟာ အရင်ကတည်းက ချစ်ခြင်းမေတ္တာ၊ သည်းခံနားလည်မှုတွေနဲ့ နှောင်ဖွဲ့ထားကြတာပါ။ ပြီးတော့ တိုင်းပြည်ရဲ့ လူမှုသဟဇာတဖြစ်မှု အစဉ်အလာကို ဆက်လက်အားကောင်းအောင်စေဖို့အတွက် ကျွန်တော်တို့အားလုံး
    ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ရပါမယ်”

    ထို့ပြင် ဘင်္ဂလားဒေ့ရှ်အား ပျော်ရွှင်စရာကောင်းပြီး၊ သာယာဝပြောကာ ဘာသာရေးမနွယ်သည့် တိုင်းပြည်တစ်ခုအဖြစ် ထူထောင်ရေး ရှေ့ရှုကာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လည်း တိုက်တွန်းခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်မှ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ပက်ထရစ် ဒီ ရိုဇာရီယို ကာဒီနယ်အဖြစ် သတ်မှတ်ခံရခြင်းကြောင့် ယခုနှစ်ခရစ္စမတ်မှာ ဘင်္ဂလားဒေ့ရှ် ခရစ်ယာန်များအတွက် ပိုမို၍ ပျော်ရွှင် ကြည်နူးဖွယ်ရာ ကောင်းခဲ့သည်ဟုလည်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

    ဘုန်းတော်ကြီး ရိုဇာရီယိုမှာ ခရစ်ယာန်ကက်သလစ်သာသနာပိုင်အဖွဲ့တွင် ပထမဆုံး ထိုရာထူးကိုရသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်သည်။

    အဆိုပါခရစ္မမတ်အခမ်းအနားသို့ နိုင်ငံခြားသံအဖွဲ့များ၊ ခရစ်ယာန်လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အခြားဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

    နောက်ပိုင်းတွင် သမ္မတ အဘ်ဒူလ် ဟာမစ်မှာ ဘင်္ဂလားဒေ့ရှ် ခရစ်ယာန်များနှင့်အတူ ခရစ္စမတ်ကိတ်ကို လှီးခဲ့သည်။

    Ref: Daily Star

  • အိန္ဒိယတွင် လမ်းဘေး အပေါ့အလေးစွန့်မှု ပပျောက်ရေး Google Map က ကူညီ

    အိန္ဒိယတွင် လမ်းဘေး အပေါ့အလေးစွန့်မှု ပပျောက်ရေး Google Map က ကူညီ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    toilet
    အိန္ဒိယမှ လမ်းဘေးအိမ်သာတစ်ခု

    – အိန္ဒိယမြို့တော် နယူးဒေလီက ပြည်သူတွေ အနီးဆုံးအများသုံးအိမ်သာကို ရှာဖွေနိုင်ဖို့အတွက် ဂူးဂဲလ်က သူတို့ရဲ့ Google Map မှာ လုပ်ဆောင်ချက်အသစ်တစ်ခု ထည့်ပေးလိုက်ပါတယ်။

    ကြာသာပတေးနေ့က ထည့်ပေးလိုက်တာဖြစ်ပြီး ဒါဟာ အိန္ဒိယအစိုးရက နိုင်ငံတစ်ဝှမ်း လမ်းဘေး အပေါ့အလေးစွန့်တာကို တိုက်ဖျက်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ Google India ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂူရဗ် ဘက်ရှ်ကာရ်က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

    မြို့တော်ဒေလီမှာ အများသုံးအိမ်သာ ရှာချင်သူတွေအတွက် Google Map ထဲမှာ ‘public toilet’ လို့ ရိုက်ထည့်လိုက်ရုံနဲ့ မြို့တွင်း၊ ဆင်ခြေဖုံးဒေသ၊ မဒ်ရာ ပရာဒက်ရှ်ပြည်နယ်က မြို့ကြီးတိုင်းမှာ ရှိနေတဲ့ အများသုံးအိမ်သာပေါင်း ၅၁၆၂ ခုလောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။

    အများသုံးအိမ်သာ တည်ရှိရာနေရာတွေကိုတော့ swachh public toilet ဆိုတဲ့ စကားလုံးနဲ့ ပြသထားမှာပါ။

    “အိန္ဒိယရဲ့ တစ်ခြားဒေသတွေလည်း ဒီလုပ်ဆောင်ချက်မှာပါဝင်နိုင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ အစိုးရက အချက်အလက်တွေပေးရင် ကျွန်တော်တို့ကလည်း မြေပုံမှာ နေရာတွေ ထပ်ထည့်သွားမှာပါ” လို့ ဘက်ရှ်ကာရ်က ပြောကြားခဲ့ပါတယ်။

    map

    အသုံးပြုသူတွေကလည်း အိမ်သာရဲ့ သန့်ရှင်းမှုနဲ့ပတ်သက်လို့ မှတ်ချက်တွေ ရေးသားနိုင်မှာဖြစ်ပါတယ်။

    လမ်းဘေးမှာ မစင်စွန့်တာမျိုးဟာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုပါ။ ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာမှာတော့ လူ ၁၀ ယောက်မှာ တစ်ယောက်ဟာ ဒီလို လမ်းဘေး မစင်စွန့်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အိန္ဒိယရဲ့ လူဦးရေ သန်း ၁၂၀၀ ကျော်မှာ သန်း ၆၀၀ လောက်က အိမ်မှာ အိမ်သာမရှိဘဲ ကြုံရာနေရာမှာ မစင်စွန့်နေရပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ် ၀န်ကြီးချုပ်အဖြစ် ပထမဆုံး လွတ်လပ်ရေးမိန့်ခွန်းပြောကြားခဲ့တဲ့အချိန် မိုဒီက အိန္ဒိကျေးလက်ဒေသတွေမှာ အိမ်သာတွေဆောက်လုပ်ပေးရေးဟာ မိမိတို့အစိုးရရဲ့ အဓိကဦးစားပေးတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီလို လမ်းဘေးမှာ မစင်စွန့်တာဟာ မိလ္လာပြဿနာအပြင် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု မြင့်တက်စေတာမျိုးကို ဖြစ်စေတယ်လို့ လတ်တလော လေ့လာမှုက ဖော်ပြနေပါတယ်။

    အဲဒီလေ့လာမှုကို မီချီဂန်တက္ကသိုလ်က သုတေသနပညာရှင်တွေ ပြုလုပ်တာဖြစ်ပြီး အိမ်မှာ အိမ်သာမရှိတဲ့ အမျိုးသမီးတွေဟာ အိမ်သာရှိတဲ့အမျိုးသမီးတွေထက် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုအန္တရာယ် ၂ ဆ မြင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

    လေ့လာမှုမှာပါဝင်တဲ့ ပညာရှင်တစ်ယောက်ကဆိုရင် အခြေခံအဆောက်အဦးတွေ တိုးတက်ကောင်းမွန်အောင်လုပ်တာ၊ အိမ်သာရရှိအောင် လုပ်ပေးတာတွေဟာ အမျိုးသမီးတွေအတွက် ပိုမိုလုံခြုံတဲ့ အခြေအနေမျိုး ဖန်တီးပေးတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်တုန်းက အိန္ဒိယအစိုးရဟာ အိမ်သာသန်းနဲ့ချီဆောက်ပေးတာ၊ မိလ္လာစနစ်ကောင်းမွန်အောင် ဆောင်ရွက်တာတွေကနေတစ်ဆင့် ၅ နှစ်အတွင်း လမ်းဘေး မစင်စွန့်တာတွေကို ပပျောက်စေဖို့ Clean India လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဘိုကိုဟရမ်၏ နောက်ဆုံးခြေကုပ်စခန်းကို နိုက်ဂျီးရီးယား သိမ်းပိုက်နိုင်ခဲ့

    ဘိုကိုဟရမ်၏ နောက်ဆုံးခြေကုပ်စခန်းကို နိုက်ဂျီးရီးယား သိမ်းပိုက်နိုင်ခဲ့

    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    – ဆမ်ဘီဆာသစ်တောထဲမှ ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့၏ အဓိကအခြေစိုက်စခန်းကို မိမိတို့ စစ်တပ်က သိမ်းယူနိုင်ခဲ့သည်ဟု နိုက်ဂျီးရီးယားသမ္မတ မူဟာမာဒူ ဘူဟာရီက ယနေ့တွင် ပြောကြားလိုက်သည်။

    ဘိုကိုဟရမ်မှာ ၂၀၁၅ ခုနှစ်က နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် ဘယ်လ်ဂျီယံနိုင်ငံခန့် ကျယ်ဝန်းသည့် ဧရိယာကို သိမ်းယူထားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် နိုက်ဂျီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများမှ တပ်ဖွဲ့များ၏ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် ဆမ်ဘီဆာသစ်ထောထဲသို့ ပြောင်းရွှေ့ ခဲ့ရခြင်းဖြစ်သည်။

    “(အဓိက) စခန်းကို သောကြာနေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်လောက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ စစ်တပ်အကြီးအကဲက ကျွန်တော့်ကို ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်သမားတွေကတော့ ထွက်ပြေးနေကြပြီး ပုန်းစရာမြေမရှိပါဘူး” ဟု သမ္မတကထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    သိမ်းဆည်းနိုင်ခဲ့သည့် စခန်းမှာ Camp Zero ဖြစ်ပြီး ဘူဟာရီကမူ ဆမ်ဘီဆာသစ်တောအတွင်း ဘိုကိုဟရမ်အကြမ်းဖက်သမားများ၏ နောက်ဆုံး စခန်းကို လုံးဝ ချေမှုန်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယားစစ်တပ်မှာ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကတည်းက အကြီးစားထိုးစစ်တစ်ခုကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

    Ref: Reuters

  • မြေသိမ်းခံရမှု နစ်နာမှုအား ဖြေရှင်းပေးဖို့ တနင်္သာရီတိုင်း ဝန်ကြီးချူပ်ထံသို့  အကူအညီတောင်းခံခြင်း

    မြေသိမ်းခံရမှု နစ်နာမှုအား ဖြေရှင်းပေးဖို့ တနင်္သာရီတိုင်း ဝန်ကြီးချူပ်ထံသို့ အကူအညီတောင်းခံခြင်း

    ဒီဇင်ဘာ ၂၄ ၊ ၂၀၁၆
    voice-of-the-people

    တနင်္သာရီတိုင်းဒေသကြီး မြိတ် မြို့နေ ကျမ၏ဖခင်ဖြစ်သူ ဦးရှာဖွီသည် ၁၉၈၉ ခုနှစ်မှ စ၍ မြိတ် တဖက်ကမ်းရှိ ကျွန်းစုမြို့ နယ်ပိုင် သံန္တုတ်ကျေးရွာ အုပ်စု သရင်ကန်းကျေးရွာရှိ ကွင်းအ မှတ်(4-OSS) မြေဧရိယာ (၂၅၆.၆၆)ကိုတောရိုင်းများ ခုတ်ထွင် ရှင်းလင်း၍ လယ်ယာမြေဖော်ထုတ်လုပ်ကိုင်ခဲ့ရာ (၅၆.၆၆) ဧကအတွက် တရား ဝင်စာရွက် စာတန်းနှင့် မြေခွန် ပြေစာများထွက်ရှိခဲ့ပါသည်။

    ကျန်သည့်ဧက(၂၀၀) အားလည်း သက်ဆိုင်ရာထံ ခွင့်ပြုချက် တင်၍ တောခုတ်ခြင်းတမံ ဝိုင်းပတ်ခြင်းများကို ငွေအရင်းအနှီးများ စိုက်ထုတ်၍ လုပ်ကိုင်ခဲ့ရာ ယင်းမြေဖော်ထုတ်မှု အတွက် ၁၉၉၃ ခုနှစ်တွင် ဆည်မြောင်း ဦးစီးမှူး၊ စိုက်ပျိုးရေး ဦးစီးမှူးတို့မှကွင်းဆင်း စိစစ်၍ နိုင်ငံတော် မှ ထောက်ပံ့ငွေကျပ်(၆၂၃၀၀၀) ကိုလည်း ရရှိခဲ့ပါသည်။

    အဆိုပါမြေ(၂၅၆.၆၆) ဧကအား (၁၆-၁၁-၂၀၀၁) ခုနှစ်တွင် အဆောင်ကောင်း ကုမ္ပဏီက သိမ်းယူခဲ့ပါသည်။၎င်းတို့မှ သိမ်းယူပြီး ၅၆.၆၆ ဧက အတွက်သာ လျှော်ကြေး ငွေအဖြစ်သိန်း ၃၀ ပေးခဲ့ပြီး ၎င်းသိန်း ၃၀ အားယူလျှင်ယူပါ ၊မယူလည်း အားလုံးသိမ်းမည်ဟု စစ်ဖက်ဆိုင်ရာဗိုလ်မှုး တစ်ဦးနှင့်ပေါင်း၍ ပြောဆို (ခြိမ်းခြောက်)ခဲ့ပါသည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ သမီး ဖြစ်သူ ကျမဒေါ်သီသီဝင်းမှ လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မတီသို့ တိုင် ကြားရာ မြို့နယ် လယ်/စီအဖွဲ့နှင့်နေပြည်တော် စုံစမ်းစစ်ဆေး ရေးအဖွဲ့အမှတ်(၁၀)မှ လာရောက်စစ်ဆေးစဉ် ဖြစ်စဉ် အားလုံးမှန်ကန်မှုရှိသဖြင့် ကုမ္ပဏီတာဝန်ရှိသူများနှင့် ခေါ်ယူတွေ့ဆုံပြီး လျှော်ကြေးငွေပေးရန်ညွန်ကြားရာ ကုမ္ပဏီဖက်မှ(၂၅-၁၁-၂၀၁၄) ရက်နေ့ မတိုင်မီပေးလျှော် မည်ဟု ကတိပေးခဲ့ပြီး ထိုကတိကိုဖောက်ဖျက်ခဲ့ကြပါသည်။

    သို့နှင့်၎င်းလျှော်ကြေးငွေများ ရရှိရေးအတွက် တိုင်းဒေသကြီးမြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီသို့ အကူအညီပေးပါရန် ထပ်မံ၍ အသနားခံစာတင်ပြရာ ယင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၁၅)ဆုံးဖြတ်ချက် အပိုဒ်-၄(ဆ)အရ လိုက်နာဆောင်ရွက်ရန် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနအား ညွန်ကြား ခဲ့ပါသည်။

    ယင်းကိစ္စနှင့်စပ်လျှင်း၍ မြိတ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းမှ (၂၄-၉-၂၀၁၅)ရက်နေ့၌ ကုမ္ပဏီ တာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံရန် အကြောင်းကြားခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူ ဦးအောင်လင်း(ကောင်းကောင်း)ကုမ္ပဏီမှ ကျမ်းမာရေးမကောင်း၍ လာရောက်နိုင်ခြင်းမရှိကြောင်းအဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ကုမ္ပဏီအနေဖြင့် လျော် ကြေးပေးဆောင်ရန် အစီအစဉ် မရှိပါကြောင်း ခရိုင် အုပ်ချုပ်ရေးမှူးသို့တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည် ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်း အကြောင်းကြားခဲ့သည်။

    ယခုအခါကျမတို့မိသားစုမှာ အိမ်ယာမဲ့ဘဝဖြင့် ဒုက္ခပင်လယ်ဝေနေခဲ့ရပြီဖြစ် ပါသည်။သို့ပါ၍ ပြတ်ပြတ်သားသားဆောင်ရွက်တတ်၍ ကျမလေးစားအားကျသော ဝန်ကြီးချုပ်အနေဖြင့် ကျမတို့ပြည်သူ များ၏ အမှန်တကယ်နစ်နာဆုံးရှုံးမှု။ လုပ်ငန်းရှင်တချို့၏ မတရားအနိုင်ကျင့်ခံရမှုအတွက်ဥပဒေနှင့်အညီတရားမျှတသော အမှန်တရားတရပ် ပေါ်ပေါက်ရန် ကူညီဆောင်ရွက်ပေးပါရန် လူကြီးမင်းတို့၏  မီဒီယာမှတဆင့် ရိုသေလေးစားစွာဖြင့် တင်ပြလျှောက်ထား အပ်ပါသည် ရှင့်။

      မသီသီဝင်း                         
      ၆/မမန(နိုင်)၁၅၅၉၉၉
      အမှတ်(၂၉၈)သုခ(၂)လမ်း
      အောင်မင်္ဂလာရပ်ကွက်။
      မြိတ်မြို့။  တနင်္သာရီတိုင်းဒေသကြီး။
      ဖုန်း ၀၉၄၂၂၂၂၁၂၄၁        

    ပူးတွဲပေးပို့သည့်စာရွက်စာတမ်းများ

    image-0-02-06-3e2522267004c13ef0eb3ce8002391eabd2539bcd1478a80db1e7af89aef91a0-v image-0-02-06-7ecc8f22dae5747b1361ffa30888302f38d66408b1ae16bb7ae98731e640fcab-v

    image-0-02-06-36e48fdd6e07dd5b1403db09ee4ba4bf7d33b6a3b63f8a03e0d4841f52dab262-v image-0-02-06-cef86dfdd7e4abd5ad98fc2b86a2c3b7cdfdf354b150c0e83ac76ad708128481-v

    ** အမ်မီဒီယာ ပြည်သူ့အသံကဏ္ဍ သို့ အီးမေးလ်မှ တဆင့် ပေးပို့လာသော စာတစောင်ဖြစ်ပါတယ်။ ပေးစာတွင်ပါရှိသည့် အချက်အလက်များမှာ ပေးပို့သူနှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်း အသိပေးအပ်သည်။

    M-Media၏  ပေးစာပြန်စာကဏ္ဍ နှင့် ပြည်သူ့အသံကဏ္ဍ များသို့ စာပေးပို့လိုလျင် M-Media Facebook Page ကို  Message ပို့၍ သော် လည်းကောင်း၊ [email protected] သို့ အီးမေးလ်ဖြင့်သော် လည်းကောင်း ဆက်သွယ်ပြီးပေးပို့နိုင်ပါတယ်။