News @ M-Media

Blog

  • ခရစ္စမတ်မှာ လူနည်းစုခရစ်ယာန်များနှင့် တစ်သားတည်းရှိကြောင်း ပြသလိုက်တဲ့ အီရတ်မွတ်စလင်များ

    ခရစ္စမတ်မှာ လူနည်းစုခရစ်ယာန်များနှင့် တစ်သားတည်းရှိကြောင်း ပြသလိုက်တဲ့ အီရတ်မွတ်စလင်များ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    iraq
    ဘဂ္ဂဒတ်မြို့လယ်ကောင်မှ ခရစ္စမတ်သစ်ပင်တစ်ခု

    – ဘဂ္ဂဒတ်မြို့ရှိ ရှော့ပင်းမောလ်တစ်ခုရှေ့တွင် စိုက်ထူထားကာ ကြီးမားပြီး လင်းလက်တောက်ပနေသည့် ခရစ္စမတ်သစ်ပင်မှာ မွတ်စလင်အများစုရှိရာ အီရတ်နိုင်ငံတွင် ခရစ္စမတ်ပွဲတော်ကို တစ်မူထူးခြားစေသည်။

    မြို့၏ အရှေ့တောင်ပိုင်း Smaa Mall ရှိ ကြယ်များ၊ ခေါင်းလောင်းလေးများဖြင့် ဆင်ယင်ချယ်သထားပြီး ၇ မီတာမြင့်သည့် အဆိုပါ ခရစ္စမတ်သစ်ပင်က နိုင်ငံအတွင်းရှိ ခရစ်ယာန်လူနည်းစုများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် နိုင်ငံတစ်ဝှမ်း စိုက်ထူထားသော ခရစ္စမတ်သစ်ပင်များစွာထဲမှ တစ်ခုဖြစ်လေသည်။

    IS အကြမ်းဖက်သမားများအပေါ် စစ်ပွဲဆင်နွှဲရာတွင် ရင်ဆိုင်ခဲ့ရသည့် ဒုက္ခသုက္ခများကို အီရတ်ပြည်သူများ မေ့ပျောက်စေရန် ရည်ရွယ်သည့် အဆိုပါသစ်ပင်ကြီးကို မွတ်စလင်စီးပွားရေးသမား ယာစီရ် ဆအဒ်က စတာလင်ပေါင် ၁၉၀၀၀ ခန့် အကုန်အကျခံကာ ဖန်တီးခဲ့ခြင်းဖြစ်သည်။

    “ဒီခရစ္စမတ်သစ်ပင်က ချင်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းမှုကို ဖော်ကြူးနေတာဗျ။ အီရတ်ခရစ်ယာန်တွေအနေနဲ့ သူတို့ရဲ့ ဇာတိမြေကိုပြန်လာပြီး ပုံမှန်အတိုင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်” ဟု ဘဂ္ဂဒတ်ရှိ အများပြည်သူ အပန်းဖြေပန်းခြံတွင် ထားရှိသည့် ၈၅ ပေမြင့်သော ခရစ္စမတ်သစ်ပင်နှင့်ပတ်သက်၍ လာရောက်လည်ပတ်သူ ဆာဘာ အစ္စမေးလ်က ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံရှိ ခရစ်ယာန်လူနည်ုးများမှာ ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်သည့် ကျူးကျော်စစ်နောက်ပိုင်း ညှင်းပမ်းနှိပ်စက်မှုများကို ကြုံတွေ့ခံစားခဲ့ရသည်။

    အီရတ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက IS ၏ ခြေကုပ်စခန်းဖြစ်သော မူဆိုလ်းတွင် ခရစ်ယာန်များမှာ အစွန်းရောက်သမားများ၏ ပစ်မှတ်ထားမှုကို ခံခဲ့ရသည်။ နှိမ့်ချသည့် အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ခံခဲ့ရသလို၊ မြို့မှထွက်သွားရန် သို့မဟုတ် အသေခံရန် သို့မဟုတ် အစ္စလာမ်ဘာသာကူးပြောင်းရန်
    အကြမ်းဖက်သမားများ၏ အကြပ်ကိုင်ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရသည်။

    ခရစ်ယာန်ဘာသာဝင်များရှိနေသည့် ဘဂ္ဂဒတ်၏ လူစည်းကားရာ ကာရာဒါရပ်ကွက်ရှိ Sama Mall ဈေးဝယ်စင်တာတွင် အလုပ်လုပ်နေသည့် အမ်မာရ် ဟူစိန်က အလွှာအသီးသီးမှ မွတ်စလင်များမှာ ခရစ္စမတ်သစ်ပင်များနှင့် ပွဲတော်ကာလ ထုတ်ကုန်များကို ၀ယ်ယူအားပေးနေကြသည်ဟု ပြောကြားခဲ့သည်။

    “တစ်နိုင်ငံတည်းသားတွေနဲ့ ဒီအားလပ်ရက် အခါသမယမှာ ဆင်နွှဲရတာကို မွတ်စလင်တွေလည်း နှစ်သက်ပါတယ်” ဟု ဟူစိန်က ပြောကြားခဲ့ပြီး နိုင်ငံအတွင်းရှိ ခရစ်ယာန်လူနည်းစုများအပေါ် တရားမဲ့မှုများမှာ မွတ်စလင်များဘက်မှ လာခြင်းမဟုတ်ဘဲ အီရတ်နိုင်ငံကို မုန်းတီးသူ အမုန်းဝါဒီများထံမှ လာခြင်းဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    မွတ်စလင်ဇနီးမောင်နှံစုံတွဲက မိမိတို့မှာ အစ္စလာမ့်အားလပ်ရက်များနည်းတူ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲရန်အတွက် ခရစ္စမတ်သစ်ပင်ငယ်လေးများ၊ လလ်ဆောင်များကို ၀ယ်ယူခဲ့သည်ဟု ဆိုသည်။

    “ဒီအချိန်ဟာ တစ်နှစ်တာလုံးမှာ ပျော်စရာအကောင်းဆုံးအချိန်ပါ။ အတူယှဉ်တွဲနေထိုင်မှုအတွက် ကျွန်မတို့ ထွေထွေထူးထူး သက်သေပြစရာ မလိုပါဘူး။ ကျွန်မတို့ဟာ တစ်နိုင်ငံတည်းသားတွေပါ” ဟု ၎င်းတို့က ပြောကြားခဲ့သည်။

    ၂ နှစ်အတွင်း ပထမဆုံး ခရစ္စမတ်

    iraq-2
    IS လက်မှလွတ်မြောက်ပြီးနောက် ၂ နှစ်အတွင်း ပထမဆုံး ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲရသည့် အက်ဆီရီယန်ခရစ်ယာန်များ ၀တ်ပြုဆုတောင်းနေစဉ်

    မူဆိုးလ်မြို့အနီး IS အကြမ်းဖက်အဖွဲ့လက်အောက်မှ ယခုနှစ်တွင် လွတ်မြောက်လာခဲ့သည် မြို့များတွင်လည်း ခရစ်ယာန်များမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲခဲ့ကြသည်။

    မူဆိုးလ်မြို့အရှေ့ဘက် ၁၃ မိုင်အကွာရှိ အက်ဆီရီယန် မြို့ငယ်လေးမှ ထွက်ပြေးခဲ့ကြရသည့် ခရစ်ယာန်များမှာ ခရစ္စမတ်အကြိုညတွင် ၎င်းတို့ဒေသရှိ Bartella
    ဘုရားကျောင်းသို့ ပြန်လည် လာရောက်စုရုံးခဲ့ကြသည်။

    “ပျော်ရွှင်မှုတွေ၊ ၀မ်းနည်းမှုတွေ ရောထွေးနေပါတယ်။ ကျွန်တော်တို့ရဲ့ မြင့်မြတ်ရာနေရာတွေကို ကျွန်တော်တို့နိုင်ငံသားတွေက ဖျက်ဆီးထားတာတွေကို ကြည့်ရင်း ကျွန်တော်တို့ ၀မ်းနည်းကြေကွဲရပါတယ်။ ဒါပေမယ့် ၂ နှစ်ကျော်အတွင်းမှာ ပထမဆုံး ၀တ်ပြုဆုတောင်းခွင့်ရတဲ့အတွက်လည် ပျော်ရွှင်မိပါတယ်” ဟု ဘုန်းတော်ကြီး မူဆာ ရှီမာနီက ပြောကြားခဲ့သည်။

    Bartell ဘုရားကျောင်းက စစ်ဆင်ရေးဇုန်အတွင်း ဆက်လက်ရှိနေသောကြောင့် အီရတ်စစ်တပ်က အနီးကပ် လုံခြုံရေး ယူပေးထားသည်။ ဘေးပတ်ဝန်းကျင်ရှိ နေအိမ်များကတော့ ဖျက်ဆီးခံခဲ့ရလေသည်။ ခရစ်ယာန်များမှာ ကားအစီးလိုက်ဖြင့် ဘုရားကျောင်းသို့ ရောက်ရှိလာကြပြီး အီရတ်စစ်တပ်ကလည်း ခရီးလမ်းတစ်လျှောက် လုံခြုံရေးအပြည့်အ၀ ပေးခဲ့သည်။

    IS အကြမ်းဖက်သမားများလက်အောက်တွင် ငြှင်းပမ်းနှိပ်စက်ခံရသည့် ဘာသာရေးလူနည်းစုများမှာ ခရစ်ယာန်တစ်ခုတည်းမဟုတ်။ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နိုင်ငံမြောက်ပိုင်း ဆင်ဂျာဒေသကို တိုက်ခိုက်ခဲ့သည့်အခါတွင်လည်း ယာဇီဒီလူမျိုးများအပေါ် ဆိုးဆိုးဝါးဝါး ငြှင်းပမ်းနှိက်စက်မှု ပြုလုပ်ခဲ့သည်။ ယာဇီဒီများမှာ လက်ရှိအချိန်အထိ IS အကြမ်းဖက်သားများ၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ခံစားနေရပြီး ကုလသမဂ္ဂကမူ ထိုလုပ်ရပ်များကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ရှုတ်ချပြောဆိုခဲ့လေသည်။

    iraq-1
    ဘဂ္ဂဒတ်မြို့လယ်ကောင်ရှိ Virgin Mary ခရစ်ယာန်ဘုရားကျောင်းတွင် အီရတ်စစ်တပ်မှ လုံခြုံရေးပေးထားသည့်မြင်ကွင်း

    Ref: Independent

  • နွယ်အေး စန္နီ ဂျာမေဗလီ လူမှုကူညီရေး အသင်းမှ အခမဲ့ မျက်စိ စမ်းသပ်၊ မျက်မှန်ပြုလုပ်ပေးခဲ့

    နွယ်အေး စန္နီ ဂျာမေဗလီ လူမှုကူညီရေး အသင်းမှ အခမဲ့ မျက်စိ စမ်းသပ်၊ မျက်မှန်ပြုလုပ်ပေးခဲ့

    ဒီဇင်ဘာ ၂၆ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ

    15698262_1296846350387251_2179907147173084950_n
    နွယ်အေး စန္နီ ဂျာမေဗလီ လူမှုကူညီရေး အသင်းမှ ရပ်ကွက်အတွင်းမှာ ရှိတဲ့ သက်ကြီးရွယ်အို များအား လူမျိုး/ဘာသာ မရွေး မျက်စိစမ်းသပ်ပေးခြင်း ၊ မျက်မှန်အခမဲ့ ပြုလုပ်ပေးခြင်းတို့ကို ဒီဇင်ဘာလ (၂၅) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါ်ပုံမြို့နယ်၊ နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်းရှိ နွယ်အေးစန္နီ ဂျာမေဗလီဝန်းအတွင်း၌ ပြုလုပ်ပေးကြောင်းသိရှိရသည်။

    ယခုကဲ့သို့ မျက်စိ စမ်းသပ်ခြင်း၊၊ မျက်မှန် အခမဲ့ ပြုပေးခြင်းမှာ တတိယ အကြိမ်မြောက်ဖြစ်ကြောင်းသိရှိရသည်။

    နွယ်အေး စန္နီ ဂျာမေဗလီ လူမှုကူညီရေး အသင်းမှ ရပ်ကွက်အတွင်းရှိ လူမျိုးမရွေး ဘာသာမရွေး လာရောက်ပြသနိုင်သည့် အခမဲ့ဆေးခန်းတစ်ခုကိုလည်း ဖွင့်လှစ်ထားလျက်ရှိပြီး ၊ ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်းတို့ကိုလည်း လူမျိုးဘာသာမရွေး တက်ရောက်နိုင်အောင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

    ဓါတ်ပုံ-နွယ်အေး စန္နီ ဂျာမေဗလီ လူမှုကူညီရေး အသင်း FB

    15622560_1296846657053887_1847758318721318243_n

  • ပျက်ကျရုရှားစစ်လေယာဉ်တွင် အသက်ရှင်သူမရှိ

    ပျက်ကျရုရှားစစ်လေယာဉ်တွင် အသက်ရှင်သူမရှိ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    russia

    – စစ်တပ်တီးဝိုင်းအပါအ၀င် လူပေါင်း ၉၂ ဦးလိုက်ပါသွားပြီး ပင်လယ်နက်ထဲသို့ ပျက်ကျသွားခဲ့သည့် စစ်လေယာဉ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    အဆိုပါ Tu-154 လေယာဉ်မှာ ယနေ့မနက်ပိုင်းတွင် နိုင်ငံတောင်ပိုင်း အဒ်လာမြို့မှ ဆီးရီးယားနိုင်ငံ လာတာကီယာမြို့သို့ ပျံသန်းစဉ် ဆိုချီမြို့အနီး ပင်လယ်နက်ထဲသို့ ပေါက်ကွဲပျက်ကျခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ကမူ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့သည်။

    “ဒီလိုအခြေအနေမျိုးမှာ အသက်ရှင်မယ့်အခွင့်အရေး မရှိတော့ပါဘူး။ လေယာဉ်က ချက်ချင်းဆိုသလို ပေါက်ကွဲသွားတာပါ” ဟု ရုရှားလေတပ်မှ လေယာဉ်မှူးတစ်ဦးဖြစ်သူ မာဂိုမဒ် တိုလ်ဘိုယက်ဗ်က ပြောကြားခဲ့သည်။

    ခရီးသည် ၉၂ ဦးတွင် ရုရှားစစ်တပ်မှ နာမည်ကြီး Alexandrov Ensemble တီးဝိုင်းအဖွဲ့နှင့် ခေါင်းဆောင် စုစုပေါင်း ၆၄ ဦး ပါဝင်ခဲ့ပြီး တနင်္ဂနွေနေ့ ညနေပိုင်းအထိ လောင်း ၁၀ လောင်းကို ရရှိထားသည်။ အဆိုပါတီးဝိုင်းအဖွဲ့မှာ ဆီးရီးယားရှိ ရုရှားတပ်များနှင့် ခရစ္စမတ်ပွဲဆင်နွှဲရန် သွားရောက်ခြင်းဖြစ်သည်။

    လေယာဉ်တွင် ဂျာနယ်လစ်များနှင့် တပ်သားများပါဝင်ပြီး ပျက်ကျရသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။

    သမ္မတပူတင်ကမူ ထိုအဖြစ်အပျက်အား စုံစမ်းရန်အတွက် ကော်မရှင်ဖွဲ့ရန်နှင့် ကော်မရှင်တွင် ခေါင်းဆောင်အဖြစ်ဆောင်ရွက်ရန် ၀န်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်အား အမိန့်ပေးခဲ့သည်။

    Ref : Aljazeera

  • “မြန်မာခရစ်ယာန် နှင့် မြန်မာမွတ်စလင်မ် ပူးပေါင်းမှုမှသည် သဟဇတ မြန်မာ့ လူ့အဖွဲ့အစည်းဆီသို့”

    “မြန်မာခရစ်ယာန် နှင့် မြန်မာမွတ်စလင်မ် ပူးပေါင်းမှုမှသည် သဟဇတ မြန်မာ့ လူ့အဖွဲ့အစည်းဆီသို့”

    ဒီဇင်ဘာ ၂၅ ၊ ၂၀၁၆
    M-Media
    မြင်သစ် ရေးသည်။
    493670057
    ယေရှုခရစ်တော် (မေတ္တာပို့သအပ်ပါ၏) မွေးဖွားတဲ့ ငြိမ်းချမ်းတဲ့ အခါသမယပါ။

    ခရစ်တော်မွေးဖွားတဲ့ နေ့ရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်နဲ့ မွတ်စလင်မ် ပညာရှင်တွေ အကြား တွက်ချက်မှုနဲ့ သဘောထား ကွဲလွဲမှုရှိနေပေမယ့်၊ ခရစ်တော် မစီဟ်အီဆာသခင်ရဲ့ မွေးဖွားခြင်းဆိုတဲ့ ဘုံတူညီချက်ကို ယူလိုက်ရင်တော့… ဘယ်အချိန်ဘယ်နေ့ရက် ဘယ်ကာလမှာ မွေးခဲ့၊ သခင်ရဲ့ မွေးဖွားခြင်းဟာ မြတ်မင်္ဂလာတစ်ပါးပါ။

    “အခါတပါး၌ ကောင်းကင်တမန်များက ဤသို့ပြောဆိုကြကုန်၏။ အို မရ်ယမ်(မေရီ)၊ အလ္လာဟ်အရှင်မြတ်(ထာဝရဘုရားသခင်)သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော်နှင့်ပတ်သက်၍ ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ ပို့တော်မူ၏။ ယင်း၏ အမည်နာမမှာ မရ်ယမ်၏ သား “အီစာ မစီဟ်” (ယေရှု) ဟူ၍ဖြစ်အံ့၊ ယင်းသည် မျက်မှောင်ဘဝ၌ လည်းကောင်း နောင်တမန်လွန် ဘဝ၌လည်းကောင်း ဂုဏ်အသေရရှိ သူလည်း ဖြစ်အံ့။ အရှင်မြတ်နှင့် နီးစပ်သောသူတို့တွင် အပါအဝင်လည်း ဖြစ်အံ့။”
    (ကုရ်အာန်ကျမ်းတော် ၃း၄၅)

    ခရစ်ယာန်နဲ့ မွတ်စလင်မ်တို့ အကြား ဆက်စပ်နီးကပ်မှုကို တင်ပြရင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ငြိမ်းချမ်းရေးနဲ့ ဘာသာတရားများအကြား သဟဇတဖြစ်ရေးတို့ ပိုမိုအားကောင်းလာစေဖို့ နိုင်ငံအတွင်း လူနည်းစုဘာသာဝင်တွေအကြား အားကောင်းပြီး စနစ်ကျတဲ့ ရင်းနီး နီးကပ်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ပိုမိုလိုအပ်နေပြီဆိုတာကို ဆွေးနွေးလိုတာပါ။

    မြန်မာနိုင်ငံမှာ လူနည်းစုဘာသာတရားတွေလို့ ပြောရင် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ၊ ဘဟာအီ၊ မိရိုးဖလာနဲ့ ဒေသအလိုက် ရိုးရာနဲ့ ပုဂ္ဂိုလ်ကိုးကွယ်မှုတွေကို တွေ့ရမှာပါ။

    အဲ့ဒီ့တော့ ဆက်ဆံရေးကောင်းတည်ဆောက်ဖို့ ဘယ်သူက ဘယ်လူ့အဖွဲ့အစည်းက ဘယ်အသင်းအဖွဲ့က အစပြု အားထုတ်ရမလဲပေါ့။

    ပုံသေသတ်မှတ်ချက်မရှိဘဲ မိမိတို့ လူ့အဖွဲ့အစည်းအနေနဲ့ ဒါဟာလုပ်သင့်တဲ့ အလုပ်၊ လုပ်ထိုက်တဲ့ အလုပ်လို့ သိမြင်တဲ့ ဖက်က အစပြုရမှာပဲ ဖြစ်ပါတယ်။

    ဒီဆွေးနွေးမှုမှာတော့ မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းကို အခြေပြု ဆွေးနွေးပါမယ်။

    နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ၂၀၁၄သန်းခေါင်စာရင်းအရ ဒုတိယလူများစုနဲ့ တတိယ လူများစုကြီးများဖြစ်တဲ့ မြန်မာခရစ်ယာန် လူ့အဖွဲ့နှင့် မြန်မာမွတ်စလင်မ်လူ့အဖွဲ့တို့ကြားမှာ  ယခုထက် ပိုခိုင်မာတဲ့ လူမှုအဆောက်အဦး တည်ဆောက်မှုမျိုး ဖြစ်သင့်နေပါပြီ။
    ဒီလိုတင်ပြလိုက်လို့ တခြား လူနည်းစု အသိုင်းအဝိုင်းတွေကို ချန်ထားခဲ့ရမယ်၊ နိုင်ငံတွင်း လူများစုကြီးဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းနဲ့ မဆက်ဆံတော့ဘူး အဲ့လိုမျိုး ဆိုလိုတာ လုံးဝ မဟုတ်ပါ။

    ဘာသာရေးသမိုင်းကြောင်းအရကြည့်ရင် Abrahamic Religions (အီဘရာဟီမ် (ဝါ) အာဗြဟံသခင်ကို နာမ်ပိုင်းဆိုင်ရာ အလေးထားမှု တူညီတဲ့ ဘာသာတရား) တွေဖြစ်တဲ့ ခရစ်ယာန်နဲ့ အစ္စလာမ်မှာ ဘုံတူညီချက်တွေ များစွာ ရှိနေပါတယ်။

    နိုင်ငံတကာအဆင့်မှာဆိုလည်း ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်လက်ထက်မှာစတင်ပြီး ခရစ်ယာန်နဲ့ မွတ်စလင်မ် ဘာသာရေးခေါင်းဆောင်တွေ အကြား ဆက်ဆံရေးဟာ သိသိသာသာ တိုးတက်လာပြီး ယခု သဘောထားပျော့ပြောင်းပြီး တိုးတက်တဲ့ အမြင်ရှိတဲ့ ပုပ်ရဟန်းမင်းသစ် ဖရန့်စစ်လက်ထက်မှာဆို ပိုလိုတောင် ခိုင်မာလာပါပြီ။

    ပုပ်ရဟန်းမင်းကို ဒီနေရာမှာ ညွှန်းတာဟာ RC ခရစ်ယာန်တွေနဲ့ ဆက်ဆံရေးကိုပဲ မဆိုလိုဘဲ ကမ္ဘာ့အဆင့်မှာ ခရစ်ယာန် ဂိုဏ်းပေါင်းစုံနဲ့ အစ္စလာမ် ကျောင်းတော်ဝါဒအသီးအသီးတို့ အကြား ဘာသာရေးဆက်ဆံမှု ခိုင်မာလာမှုကို ညွှန်းဆိုလိုတာပါ။

    ပြည်တွင်း အခြေအနေကို ကြည့်လိုက်ရင်လည်း မြန်မာနိုင်ငံဒီမိုအပြောင်းအလဲအခြေအနေဆိုတဲ့ တစ်လှေတည်း စီးနေတဲ့ တစ်မိသားစုတည်းကဖြစ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုလုံးမှာ တူညီတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

    စစ်အစိုးရလက်ထက်ကအစပြုလို့ အခုထိအားကောင်းနေဆဲ ညစ်ပတ်တဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လူများစုဘာသာနိုင်ငံရေးနဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒတို့ရဲ့ ဖိအားကိုလည်း အနည်းအများ ရင်ဆိုင်နေရပါတယ်။

    မြန်မာ့ခရစ်ယာန်အသိုင်းအဝိုင်းမှာ လက်ရှိအသိအမှတ်ပြု တိုင်းရင်းသား ၁၃၅မျိုးဝင် ကချင်၊ ကရင်၊ ကယား၊ ချင်းမှ အခြားတိုင်းရင်းနွယ်တွေ ပါနေသလို မြန်မာပြည်ဖွား အိန္ဒိယနွယ်ဖွားတွေ တရုတ်နွယ်ဖွားတွေလည်း အများကြီးပါဝင်ပါတယ်။

    မြန်မာ့မွတ်စလင်မ်တွေမှာ ဗမာ့ယဉ်ကျေးမှုကို အစ္စလာမ့်နည်းကျ အပြည့်အဝကျင့်သုံးတဲ့ ဗမာမွတ်စလင်မ်တွေ၊ ကမန် ရှမ်း ကရင်စတဲ့ တိုင်းရင်းနွယ် မွတ်စလင်မ်တွေရှိသလို၊ တိုင်းရင်းသားစာရင်းက လျော့ခံလိုက်ရတဲ့ ပသျှူး၊ ပန်းသေးတို့ အပြင် နိုင်ငံဖွား အခြား အိန္ဒိယတိုက်နွယ်ဖွားတွေလည်း ပါဝင်ပါတယ်။

    အဲ့ဒီ့တော့ လူ့အသိုင်းအဝိုင်းနှစ်ခုစလုံးဟာ ယခုလက်ရှိအချိန်ထိကို နိုင်ငံသား အခွင့်အရေးအပြည့်အဝရရှိရေး တိုက်ပွဲဝင်နေရတုန်းပါပဲ။ စိန်ခေါ်မှု အတိုင်းအတာ ဒီဂရီတော့ ကွာကောင်း ကွာနိုင်ပါတယ်။

    မြန်မာမွတ်စလင်မ်တွေ အနေနဲ့ နိုင်ငံအနှံ့မှာ ဗလီဝတ်ကျောင်းတွေ ဘာသာရေးစာသင်ကျောင်းတွေ ဖျက်ဆီးခံရတာ၊ ပိတ်ခံရတာ၊ ပြန်ဖွင့်ခွင့်မရသေးတာတွေ ခံစားရသလို မြန်မာ့ခရစ်ယာန် အသိုင်းအဝိုင်းမှာလည်း အလားတူ အဖြစ်ဆိုးတွေ တွေ့ကြုံနေရဆဲပါ။

    တရားဥပဒေစိုးမိုးမှုအားနည်းသေးတဲ့ အပေါ် အမျိုးသားဘာသာရေးအစွန်းရောက်တွေရဲ့ အမုန်းဖြန့်တီးခံရမှုရဲ့ သားကောင်တွေ အဖြစ်လည်း ခံရနေသေးတာ အတူတူပါပဲ။

    KIA KNU အစပြုတဲ့ လက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်ကြားက ပဋိပက္ခတွေရဲ့ ကြားမှာ အခြားခရစ်ယာန်လူ့အဖွဲ့အစည်း ညှပ်သလို မြန်မာမွတ်စလင်မ်တွေလည်း ရိုဟင်ဂျာတွေရဲ့ တိုင်းရင်းသား အခွင့်ရေးတိုက်ပွဲနဲ့ တလောက ရိုဟင်ဂျာလက်နက်ကိုင်လှုပ်ရှားမှုရဲ့ ရိုက်ခတ်မှုတွေကို ပိုကြုံလာရဖို့လည်း ရှိနေပါတယ်။

    အကျဉ်းပြောရရင်တော့ အတိုင်းအတာကွာပေမယ့် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကတော့ ဘုံဖြစ်နေတယ်ဆိုတာပါပဲ။

    ဘာသာရေး ဘုံတူညီချက်တွေနဲ့ လူ့အသိုင်းအဝိုင်းကြီးနှစ်ခုက ရင်ဆိုင်နေရတဲ့ ဘုံစိန်ခေါ်မှုတွေအတွက်ရော ပိုမိုကောာင်းမွန်တဲ့ လူ့အဆောက်အဦးတည်ဆောက်မှုမှာရော အချင်းချင်းကူညီကြမယ်။

    ပြီးရင် တစ်ဖက်မှာလည်း နိုင်ငံတွင်း လူများစုဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းထဲက စစ်မှန်တဲ့ ဒီမိုကရေစီတန်ဖိုးတွေကို တန်ဖိုးထားတဲ့၊ ခန္တီနဲ့ မေတ္တာကို အခြေခံတဲ့ မြတ်ဗုဒ္ဓရဲ့ တရားစစ်မှန်ကို မြတ်နိုးကျင့်သုံးတဲ့ လူအများနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒါဟာ မြန်မာနိုင်ငံရဲ့ လှပတဲ့ အနာဂတ်ဆီ လမ်းကြောင်းမှန်ပါပဲ။

    အဲ့လိုလုပ်ခြင်းအားဖြင့် တစ်ချိန်တည်းမှာပဲ အခြားလူနည်းစုတွေဖြစ်တဲ့ ဟိန္ဒူတွေ၊ ဘဟာအီတွေ စတဲ့သူတွေကိုလည်း ကူညီပြီးသား လက်တွဲခေါ်ပြီးသား ဖြစ်သွားပါမယ်။

    မြန်မာမွတ်စလင်မ်ကို အခြေပြုဆွေးနွေးတာဖြစ်လို့ ဒီဆက်ဆံရေးတိုးမြှင့်မှုကို မွတ်စလင်မ်တွေဖက်က အစပြုသင့်တယ်လို့ပဲ ဆိုပါရစေ။

    ရှေ့တိုးဖို့ဆိုရင် လက်ရှိဆက်ဆံရေးကို သုံးသပ်ဖို့ လိုပါမယ်။ လက်ရှိဆက်ဆံရေးကတော့ သိရ မြင်ရသလောက် အပြုသဘောဆံပြီး ရှေ့ဆက်မြှင့်တင်လို့ရမယ်လို့ မြင်ပါတယ်။

    ခရစ်ယာန်ကမ္ဘာမှာ မြန်မာ့ဂုဏ်ဖြစ်တဲ့ ခရစ်ယာန်ဗမာကြီး ကာဒီနယ်လ်ချားစ်ဘိုလ်ရဲ့ ဘာသာတရားမခွဲခြားဘဲ နိုင်ငံတကာမှာ လူနည်းစုတွေအတွက် အမှန်တရားပေါ် ရပ်တည်ပေးမှုတွေဟာ သမိုင်းမှတ်တိုင်တွေပါပဲ။

    နိုင်ငံတော်အဆင့်မှာ အစိုးရကပဲဖြစ်ဖြစ် အခြားအရပ်ဖက် အဖွဲ့အစည်းတွေကနေပဲဖြစ်ဖြစ် ကမကထလုပ်တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုတွေမှာ နှစ်ဖက်လူ့အသိုင်းအဝိုင်းက ဘာသာရေး ခေါင်းဆောင်တွေကြား နီးကပ်နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်။

    အောက်ခြေလူထု အဆင့်မှာလည်း မကြာခဏ မြန်မာမွတ်စလင်မ် အဖွဲ့အစည်းတွေငယ်တွေနဲ့ YMCA ခရစ်ယာန် ကလျာဏယုဝ အသင်းတို့ကြား ပူးပေါင်းမှုမျိုး၊ ဘာသာပေါင်းစုံချစ်ကြည်ရေး အောက်ခြေ လှုပ်ရှားမှုတွေမှာ အသင်းအဖွဲ့အလိုက်၊ ဘာသာရေးခေါင်းဆောင်တွေ ပုဂ္ဂိုလ်ရေးအဆင့်အလိုက် ပူပေါင်းရိုင်းပင်းမှုတွေလည်း ရှိနေပါတယ်။

    ဒါပေမယ့် ရိုးသားပွင့်လင်းစွာ သုံးသပ်ရရင် လက်ရှိအခြေအနေဟာ နိုင်ငံရဲ့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ဘာသာရေး သဟဇတဖြစ်မှု လူ့မှုအဆောက်အအုံကြီး တည်ဆောက်ရေးမှာ အားတစ်ခုဖြစ်လောက်အောင်အထိ မရောက်ရှိသေးပါ။

    တစ်သီးပုဂ္ဂလအဆင့်၊ အသင်းအဖွဲ့အဆင့်မှာ ပုံမှန်မဟုတ်သေးတဲ့ ပူးပေါင်းမှုမျိုးသာရှိနေပါသေးတယ်။ နှစ်ဖက်အသိုင်းအဝိုင်း စလုံး ဘုံစိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ ဘုံရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ နည်းဗျူဟာအဆင့် ဗဟိုအဆင့် ပူးပေါင်းမှုမျိုး၊ တစ်ဖက်နဲ့တစ်ဖက် ပိုမိုကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းဖြစ်စေမယ့် လူမှုအဆောက်အအုံအဆင့် (Institutional Level) ပူးပေါင်းဆောင်ရွက်မှုမျိုးကို တက်လှမ်းရပါမယ်။

    အဲ့ဒီလိုတက်လှမ်းရာမှာ ဗဟိုအဆင့်ကစလို့ အောက်ခြေအဆင့်ထိ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံမှုမျိုးရှိဖို့နဲ့ ရှိနေတဲ့  အခက်အခဲအတားအဆီး (Bottlenecks) တွေကို ခြေဖျက်မယ်ဆိုတဲ့ သတ္တိရှိဖို့လိုပါမယ်။ အတားအဆီးက နှစ်ပိုင်း ရှိပါမယ် Internal အတွင်းနဲ့ External အပြင်ပေါ့။ Internal ကတော့ သံသယပါပဲ။ ကိုယ်တွေခေတ်က မဟုတ်တဲ့ သမိုင်းထဲကနဲ့ ကိုယ်တွေဆီမှာ မဟုတ်တဲ့ အခြားနိုင်ငံတွေက လာတဲ့ မှတ်ထားကျက်ထားတဲ့၊ မွေးစားထားတဲ့ လုပ်ယူထားတဲ့ သံသယတွေပါ။ အဲ့ဒီဟာကို လက်တွေ့ကျတဲ့ အဖြေတွေ ချဉ်းကပ်မှုတွေနဲ့ ကျော်ဖြတ်ရပါမယ်။ နို့မိုဆို External လို့ပြောရမယ့် ဒီလူ့အဖွဲ့အစည်းနှစ်ခု ခိုင်မာစွာပူးပေါင်းမှုကို မလိုတဲ့ ပယောဂတွေက အဲ့ဒီသံသယတွေကို အသုံးချသွားပါလိမ့်မယ်။

    မြန်မာမွတ်စလင်မ်ဖက်ကိုပဲ ပြောကြရအောင်ပါ။ အမုန်းနဲ့ချယ်ထားတဲ့ ကရူးဆိတ်ပုံပြင်တွေနေရာမှာ အနာဂတ်အတွက် သမိုင်း သင်ခန်းစာယူမယ်ဆိုတဲ့ မျက်မှန်းစိမ်းမတတ်တဲ့ ကရူးဆိတ်ခွဲခြမ်းလေ့လာမှုနဲ့ အစားထိုးရပါမယ်။ ခရစ်ယာန်နစရာနီတွေဆိုပြီး သိမ်းကျုံး တရားဟောချက်တွေ၊ ဘာမှန်းမသိဘဲ မုန်းတာတွေရဲ့ နေရာမှာ ခရစ်ယာန်တွေဟာ မိတ်ဖွဲ့ဖို့ အနီးစပ်ဆုံးသူတွေဆိုတဲ့ ဟောချက်တွေ (ကုရ်အာန် ၅း၈၂) မုဟမ္မဒ်သခင်(မေတ္တာပို့သအပ်ပါ၏)ရဲ့ ချစ်လှစွာသော သားတော်လေးရဲ့ အမေဖက် ဆွေမျိုးတွေ (အီဂျစ်ကော့ပ်တစ်ခရစ်ယာန်)၊ မဒီနာရွှေမြို့တော် တမန်တော်မြတ် ဗလီဝတ်ကျောင်းထဲမှာ ခရစ်ယာန်သံအဖွဲ့ကို တမန်တော်မြတ် ဝတ်ပြုခွင့်ပေးခဲ့တာတွေ၊ တမန်တော်မြတ်က ဆိုင်းနိုင်းချာ့ခ်ျကျောင်းနဲ့ ရဟန်းတွေကို စောင့်ရှောက်ပေးပြီး အခွန်အတုပ် ကင်းခွင့်ပေးခဲ့တာတွေစတဲ့ သမိုင်းတွေနဲ့ ရဲရဲဝံ့ဝံ့အစားထိုးဖို့လိုမယ်။

    ခေတ်သစ်ကရူးဆိတ်ဝါဒီတွေက ဇီယွန်ဝါဒီတွေနဲ့ ပေါင်းပြီး ကမ္ဘာ့မွတ်စလင်မ်တွေကို မကောင်းကြံတယ်ဆိုတဲ့ conspiracy theory နဲ့ အတွေးအရိပ်တွေကို ပြည်တွင်းကို ယူလာပြီး မြန်မာ ခရစ်ယာန်အသိုင်းအဝိုင်းပေါ်ကို အထင်မှားတွေ မမြင်ဖို့ လိုပါမယ်။
    မြန်မာမွတ်စလင်မ်တွေ အနေနဲ့ကတော့ မြန်မာခရစ်ယာန်အသိုင်းအဝိုင်းဆီက လူ့အဆောက်အဦး တည်ဆောက်ရေးပိုင်းမှာ ဘာသာရေးပိုင်းရော လူ့မှုရေးပိုင်းမှာပါ သင်ယူလေ့လာစရာတွေ အများကြီးပါ။

    ပွင့်ပွင့်လင်းလင်းပြောပါရစေ။

    မြန်မာမွတ်စလင်မ် လူမှု ဘာသာရေး အဖွဲ့အစည်းတွေက သမိုင်းကြောင်းရှိခဲ့ပေမယ့် လက်ရှိအနေအထားမှာ အဖွဲ့အစည်းပိုင်းဆိုင်ရာ စနစ်ကျနမှုပိုင်းမှာ လေ့လာသင်ယူဖို့ လိုပါတယ်။

    ဘာသာရေးပိုင်းနဲ့ ပညာရေးပိုင်းမှာ ခရစ်ယာန်တွေက နိုင်ငံတကာက အသိအမှတ်ပြုတဲ့ မဟာဘွဲ့အဆင့် တက္ကသိုလ်ပညာရေးကို ဘာသာလူမျိုးမခွဲ သင်ကြားပေးနိုင်တဲ့ အချိန်၊ မွတ်စလင်မ်တွေရဲ့ ဘာသာရေးပညာက ဘယ်နိုင်ငံကမှာ အသိအမှတ်ပြုဖို့(accredit)နေနေသာသာ အိန္ဒိယ၊ပါကီ၊အီဂျစ်၊ ဆော်ဒီတို့ရဲ့ ဘာသာရေးတက္ကသိုလ်တွေကို သွားဆက်တဲ့အခါ ပြည်တွင်း မော်လဝီဘွဲ့ရက တစ်ဖက်က ရှစ်တန်းကိုးတန်းကို ပြန်တက်နေရတဲ့ အခြေအနေ။

    လူမှုစီးပွားနဲ့ ပညာရေးနဲ့ပတ်သက်ပြီး ခရစ်ယာန် အသိုင်းအဝိုင်းက သုတေသနတွေကို စနစ်တကျပြုနေနိုင်ချိန်မှာ မြန်မာမွတ်စလင်မ်မှာ သုတေသနဆိုတာ အစပြုစပဲ ရှိနေပါသေးတယ်။

    လူအဖွဲ့အစည်းတစ်ခုရဲ့ အဓိကအုတ်မြစ်တွေဖြစ်တဲ့ ဘာသာရေးပိုင်း ပညာရေးပိုင်း သုတေသနပိုင်းနဲ့ အဖွဲ့အစည်းပိုင်းကို သုံးသပ်ပြရုံနဲ့ မြန်မာမွတ်စလင်မ်တွေ ခရစ်ယာန်ညီနောင်တွေဆီက များစွာလေ့လာဖို့လိုနေသေးတယ်ဆိုတာ ပေါ်လွင်ပါတယ်။

    အဲ့ဒီ့မှာ အရေးကြီးလာတာက မြန်မာမွတ်စလင်မ် ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေအနေနဲ့ ပြင်ဆင်ထားရမှာက ကိုယ့်ဖက်ကရော တစ်ဖက်လူ့အသိုင်းအဝိုင်းကို ဘာတွေ ပေးနိုင်မလဲပေါ့။ Win Win ဖြစ်မယ့် ဆက်ဆံရေးကို မတည်ဆောက်နိုင်ရင် ရေရှည်မှာ လူ့အဖွဲ့အစည်းနှစ်ခု ခိုင်မြဲဖို့ ခက်ပါမယ်။  ဒီ့ထက်အရေးကြီးတာက ဘယ်လိုဘယ်ပုံနည်းနဲ့ မိတ်ဖက်ပြုမယ့် ဘယ်အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ (institution) လူမှုအဆောက်အဦးအဆင့် ပူးပေါင်းမှု နည်းဗျူဟာပိုင်းပါ။ ခရစ်ယာန်ညီနောင်တွေကို ပူးပေါင်းဖို့ ဆက်ဆံရေးတိုးဖို့ လမ်းမစခင် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေ ဒါတွေကို ဦးစွာ ပြန်လည်သုံးသပ် ပြင်ဆင်ထားရပါမယ်။

    မြန်မာမွတ်စလင်မ်လူ့အဖွဲ့အစည်းနဲ့ မြန်မာခရစ်ယာန်လူ့အဖွဲ့အစည်းတို့ရဲ့ နွေးထွေး ခိုင်မာ စနစ်ကျတဲ့ ပူးပေါင်းမှုမှသည် မြန်မာဗုဒ္ဓဘာသာ အသိုင်းအဝိုင်းမှ သဘောထားမှန်သည့် လူများစုကြီးနဲ့ အားဖြည့်ပြီး အခြားမြန်မာ့ လူနည်းစုများကိုပါ စောင့်ရှောက်ရင်း စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ သဟဇတ မြန်မာ့လူမှုအဆောက်အဦးကြီးဆီသို့ ဆန္ဒမွန်ပြုလျက်… (အာမီန်း၊ အာမင်)။

  • အိန္ဒိယတွင် ကမ္ဘာ့အမြင့်ဆုံးရုပ်တု တည်ဆောက်မည်

    အိန္ဒိယတွင် ကမ္ဘာ့အမြင့်ဆုံးရုပ်တု တည်ဆောက်မည်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    statue
    အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းဖြစ်သော ဆာဒါရ် ဗာလ်လာဘိုင် ပါတေးလ်၏ ရုပ်ထု

    – ကမ္ဘာပေါ်တွင် အမြင့်ဆုံးရုပ်တု ဖြစ်လာမည့် ရုပ်တုတစ်ခု တည်ဆောက်ရန် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ယမန်နေ့တွင် အုတ်မြစ်ချခဲ့ပြီး ဒေါ်လာသန်းရာချီ ကုန်ကျမည့် အဆိုပါစီမံကိန်းအတွက် ပြည်သူများက ဝေဖန်ကန့်ကွက်မှုများ ရှိနေသည်။

    ၁၇ ရာစု ဟိန္ဒူပြည့်ရှင် ချက်ထရာပတီ ရှီဝါဂျီ (Chhatrapati Shivaji) ၏ ရုပ်တုဖြစ်ပြီး အမေရိကန်ရှိ လေဘာတီရုပ်တု၏ အရွယ်အစားထက် ၂ ဆကြီးကာ၊ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးရှိ ခရစ်တော်ရုပ်ထုထက် ၅ ဆ ပိုမြင့်မည်ဖြစ်သည်။

    ၁၉၂ မီတာ (ပေပေါင်း ၆၃၀) မြင့်မည့် အဆိုပါရုပ်တုကို မွန်ဘိုင်းမြို့ အနောက်ဖက်ကမ်းရိုးတမ်းမှ အရေဗျပင်လယ်အတွင်းရှိ ကျွန်းတစ်ခုတွင် တည်ဆောက်သွားမည်ဖြစ်သည်။

    ဆောက်လုပ်ပြီးစီးသွားပါက လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုဖြစ်သော တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ၁၂၈ မီတာမြင့်သည့် Spring Temple Buddha ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ထက် ပို၍ မြင့်မည်ဖြစ်သည်။

    ထိုရုပ်တုအတွက် ရူပီး ၃၆ ဘီလီယံ (ကန်ဒေါ်လာ သန်း ၅၃၀) ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ မွန်ဘိုင်းမြို့တည်ရှိရာ မဟာရက်ရှ်ထရာပြည်နယ်အစိုးရက ကျခံရမည်ဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။

    သို့သော်လည်း တိုင်းပြည်အတွက် လိုအပ်နေသော အခြေခံအဆောက်အဦးများ၊ ပညာရေးကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လစ်လျူရှုကာ ရုပ်တုတစ်ခုအား ဒေါ်လာသန်းရာချီ သုံးစွဲမှုအတွက် အိန္ဒိယပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

    အဆိုပါစီမံကိန်း ရပ်ဆိုင်းရန်အတွက် အိန္ဒိယပြည်သူများမှာ အွန်လိုင်းတွင် တောင်းဆိုလွှာတစ်စောင်ကို ရေးသားခဲ့ပြီး စနေနေ့ ညနေပိုင်းအထိ လူပေါင်း ၂၇၀၀၀ ကျော် လက်မှတ်ထိုးထားသည်။

    “ပိုက်ဆံဖြုန်းတာတင်မကဘဲ ဒီရုပ်တုကြီးဟာ သဘာဝပတ်ဝန်းကျင်တွက်၊ ဘုံဘေမြို့တောင်ပိုင်းက ယာဉ်ကျောအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်မှာဖြစ်သလို လုံခြုံရေးဆိုင်ရာ အိပ်မက်ဆိုးလည်း ဖြစ်ပါတယ်” ဟု အဆိုပါတောင်းဆိုလွှာတွင် ဖော်ပြထားသည်။

    မဟာရက်ရှ်ထရာပြည်နယ်တွင် အဆိုပါ ရှီဝါဂျီဘုရင်ကို အထွဋ်အမြတ်ထားကြပြီး ရထားဘူတာတစ်ခုနှင့် လေယာဉ်ကွင်းတစ်ခုတို့ကို ၎င်း၏အမည် ပေးထားသည်။

    မိုဒီမှာ ယခင်ကလည်း ၎င်း၏ ဇာတိပြည်နယ် ဂူဂျာရတ်တွင် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းဖြစ်သော ဆာဒါရ် ဗာလ်လာဘိုင် ပါတေးလ်၏ ရုပ်ထုကို တည်ဆောက်ရန် စီစဉ်ခဲ့ပြီး၊ ၁၈၂ မီတာမြင့်ကာ  ရူးပီး ၂၅ ဘီလီယံ (ကန်ဒေါ်လာ ၃၆၈ သန်း) ကုန်ကျမည့် အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သည်။

    Ref: The Star