News @ M-Media

Blog

  • “နိုင်ငံသား ဥပဒေနှင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အကြောင်း” ဟောပြောပွဲပြုလုပ်မည်။

    “နိုင်ငံသား ဥပဒေနှင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အကြောင်း” ဟောပြောပွဲပြုလုပ်မည်။

    ဒီဇင်ဘာ ၂၄ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    tec
    “နိုင်ငံသား ဥပဒေနှင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အကြောင်း သိကောင်းစရာ ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အစီအစဉ်တရပ်ကို ရန်ကုန်မြို့ ရှိ  ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှု ဖွံ့ဖြိုးရေး စင်တာ တွင်  တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ဟောပြောပို့ချမည့် သူများမှာ ဆရာဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေနှင့် ဆရာ ဂျက်ဖရီ တင်အုံး (RIT) တို့ ဖြစ်ပါသည်။

    စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ပြီး ဟောပြောပွဲကို  ဒီဇင်ဘာလ ၂၅ ရက် နေ့လည့် (၂ နာရီမှ ၄ နာရီ) အထိ အမှတ် ၁၅၇ (မြေညီ) ၃၇ လမ်း (အလယ်)၊ ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

  • ရခိုင်အရေး ပြန်ဝန်ဟောင်းဦးရဲထွဋ်အမြင် အရင်နဲ့မတူ ကွာခြားမှုတွေရှိနေပြီလား?

    ရခိုင်အရေး ပြန်ဝန်ဟောင်းဦးရဲထွဋ်အမြင် အရင်နဲ့မတူ ကွာခြားမှုတွေရှိနေပြီလား?

    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    ye-htut
    ၂၀၁၅ ခုနှစ် မေလ ၁၈ ရက် MPC စင်တာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်

    – ပြန်ကြားရေးဝန်ကြီးဟောင်းနှင့် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲထွဋ်သည် ယခုအခါ စင်္ကာပူအခြေစိုက် Institute for Southeast Asian Studies တွင် အဆင့်မြင့်ဧည့်သည်တော် အဖွဲ့ဝင်တစ်ဦးအဖြစ် ဘ၀ဖြတ်သန်းလျက်ရှိသည်။ လုပ်ငန်းသစ်နှင့်အတူ ရခိုင်ပြည်နယ်ပြဿနာနှင့်စပ်လျဉ်း၍ သူ၏ အမြင်သစ်မှာလည်း အံ့သြစရာ စာမျက်နှာတစ်ရပ်ကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

    “အာဆီယံ၏ ၀င်ရောက်မစွက်ဖက်ရေးမူကို စိန်ခေါ်လျက်ရှိသည့် ရခိုင်ပြည်နယ်ပြဿနာ” ခေါင်းစဉ်တပ် ISEAS ၏ စာတမ်းသစ်တစ်ခုတွင် – ရိုဟင်ဂျာ ဟူသော အမည်နာမကို အသုံးပြုခြင်းအပေါ် နှိပ်ကွပ်ထားမှုမှာ ထိုလူ့အဖွဲ့အစည်း၏ နိုင်ငံသားဖြစ်ခြင်းကို ငြင်းပယ်ရာရောက်ကြောင်း၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်နေခြင်းဖြစ်ကြောင်း ဦးရဲထွဋ်က လမ်းဟောင်းမှခွဲထွက်၍ ဆိုထားသည်။ သို့သာမက စာမျက်နှာ ၇ မျက်နှာအတွင်း ရိုဟင်ဂျာ ဟူသော စကားလုံးကို ၃၃ ကြိမ်တိုင်တိုင် အသုံးပြုထားသည့်အပြင် လူနည်းစုဝင်မွတ်စ်လင်မ်များအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရေး၊ ဖိနှိပ်ညှင်းဆဲမှုအဆုံးသတ်နိုင်ရန် အာဆီယံမှ လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်ရေးအတွက် နှိုးဆော်ထားသည်။

    မြန်မာနိုင်ငံ၏ အငြင်းအပွားရဆုံးအရေးတစ်ခုအပေါ် မိမိ၏နှလုံးသားပြောင်းလဲလာစေရန် စင်္ကာပူပညာရှင်အသိုင်းအ၀ိုင်းက များစွာ အထောက်အကူပြုခဲ့ကြောင်း ရန်ကုန် Coconuts သတင်းဌာနသို့ ဦးရဲထွဋ်မှ အီးမေးလ်ပေးပို့ပြောကြားခဲ့သည်။

    တစ်နှစ်တာအတွင်း ရှားပါးသည့်အပြောင်းအလဲတစ်ခုကို မြင်တွေ့ရခြင်းဟု ဆိုနိုင်ပေသည်။ ဦးရဲထွဋ်နှင့် ပူးတွဲရေးသားသူ Hoang Thi Ha က ရိုဟင်ဂျာတို့၏ ကိုယ်ပိုင်ရွေးချယ်ချက်အမည်နာမအား မြန်မာအစိုးရ၏ငြင်းပယ်ချက်အပေါ် ဝေဖန်မှုဖြင့် စာတမ်းအစပြုထားသည်။

    “ပြဿနာကို ဖန်တီးနေခြင်းက ပြဿနာဖြေရှင်းရေး ဒေသတွင်းချဉ်းကပ်ချက်တစ်ရပ် ဖြစ်လာအောင် တွန်းပို့ပေးပါတယ်။ အဲ့ဒါကိုက ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်စေပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ပယ်ချထားခြင်းမျိုးဖြစ်ပါတယ်” ဟု သူတို့က ရေးသားသည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိ၍ ဦးရဲထွဋ်သည်လည်း သတင်းနှင့်ပြန်ကြားရေးဝန်ကြီး ရာထူးကို လက်လွှတ်ခဲ့ရသည်။ ၎င်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ချက်တစ်ရပ်ဟု ထင်စရာရှိသည်။ သို့သော်လည်း ဒေါ်စုကြည်အနိုင်ရသော ရွေးကောက်ပွဲ၏အလျင် မြန်မာအစိုးရက ဤလူမျိုးရေးဝိသေသကို ပယ်ချထားပြီးဖြစ်သည်။

    ဦးရဲထွဋ်ကိုယ်တိုင်က ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ အာဆီယံနိုင်ငံခြားရေးဝန်ကြီးစည်းဝေးပွဲအပြီး၌ မြန်မာပြည်သူလူထုနှင့် အစိုးရတို့သည် ရိုဟင်ဂျာ ဟူသော အမည်နာမကို လက်မခံကြောင်း၊ ယခင်နှစ်များစွာကပင် မြန်မာနိုင်ငံရှိ ဘာသာကွဲများစွာအကြား ပြဿနာဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့မှာ ပြည်တွင်းရေးသာဖြစ်၍ မြန်မာအစိုးရနှင့် ပြည်သူတို့မှ ကိုင်တွင်ဖြေရှင်းပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနှစ်မတ်လတွင် ၎င်းတို့သည် ရိုဟင်ဂျာအဖြစ် ခံယူပါက မြန်မာအစိုးရမှ သန်းကောင်စာရင်းကောက်ခံမှုထဲ ထည့်သွင်းမည်မဟုတ်ကြောင်း သူက ကြေငြာခဲ့သည်။ များမကြာမီ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် သူနှင့်သူ့ပါတီ ရှုံးနိမ့်ပြီးသည့်နောက် သူက “ရိုဟင်ဂျာ အမည်နာမ သုံးနှုန်းခြင်းကို အပြည့်အ၀ကန့်ကွက်ပါတယ်။ ဒါက ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဖြစ်တယ်” ဟုလည်း ပြောဆိုခဲ့သေးသည်။

    ရိုဟင်ဂျာအသုံးအနှုန်းနှင့်စပ်လျဉ်း၍ စေ့စပ်မရနိုင်သော နှစ်ဦးနှစ်ဖက်အနေအထားအပေါ် သူက ဖျန်ဖြေပြေလည်မှုတံတားထိုးရန် အမြင်ကို တင်ပြထား၏။ ရိုဟင်ဂျာအား (တရုတ်၊ အိန္ဒိယ၊ နီပေါ ကဲ့သို့) လူ့အသိုင်းအ၀ိုင်းတစ်ရပ်၏အမည်တစ်ခုအနေဖြင့် အသုံးပြုရန် အဆိုပြုချက်တစ်ခုကို ထည့်သွင်းထားသည်။ အဖက်ဖက်မှသုံးသပ်ပြီး အမြင်နှစ်ရပ်ကိုလည်း ချပြထား၏။ (က) ရိုဟင်ဂျာတို့အနေဖြင့် တိုင်းရင်းသားစာရင်း၌ပါဝင်ရေးကို စွန့်လွှတ်၍ နိုင်ငံသားဖြစ်ရေးကိုသာ အားထုတ်သင့်သည်။ (ခ) မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိမွတ်စ်လင်မ်တို့ထံ ကိုယ်ပိုင်သတ်မှတ်ချက်ပြုခွင့်ရှိကြောင်း လက်ခံသင့်သည်၊ ထို့ပြင် ၎င်းတို့အတွက် တိကျသေချာပွင့်လင်းမြင်သာသော နိုင်ငံသားနှင့်တိုင်းရင်းသားဆိုင်ရာ လုပ်ငန်းစဉ်အစီအမံတစ်ရပ်ကို အရှိန်မြှင့်ဆောင်ရွက်သင့်သည်။

    Coconuts သတင်းဌာနသို့ ဦးရဲထွဋ်၏ပြောကြားချက်များအနက် အချက်အချို့ကို အောက်ပါအတိုင်း စိတ်ဝင်စားဖွယ်ရာ တွေ့ရသည်။

    – ရိုဟင်ဂျာများအနေနှင့် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးစာရင်းထဲပါဝင်အောင် ကြိုးစားခြင်းမှာ အချည်းနှီးသာ ဖြစ်မည်၊ မြန်မာနိုင်ငံတွင်း ပြောင်းရွှေ့ဝင်ရောက်လာသည့် အခြားအုပ်စုများကဲ့သို့ နိုင်ငံသားဖြစ်ရေးအတွက် ကြိုးစားမှုသာလျှင် ပြဿနာ၏တစ်ခုတည်းသောအဖြေဖြစ်သည်။
    – မြန်မာအစိုးရနှင့်ပြည်သူတို့သည် ရိုဟင်ဂျာကို အခြားတိုင်းရင်းသားများနည်းတူ တိုင်းရင်းအုပ်စုဝင်တစ်ခုအနေဖြင့် လက်ခံနိုင်မည်မဟုတ်၊ ဗြိတိသျှလက်ထက် တရားဝင်သန်းကောင်စာရင်း၌ ရိုဟင်ဂျာ ဟူသော အမည်နာမကို အသုံးပြုထားခြင်း မတွေ့ရ၊ ၎င်းအသုံးအနှုန်းသည် ၁၉၅၀ ခုနှစ်များအတွင်းမှ ပေါ်ထွက်လာခြင်းဖြစ်သည်၊ အနောက်တိုင်း သံရုံးများသည်ပင်လျှင် ၁၉၉၂ ခုနှစ်အထိ ဘင်ဂါလီ ဟုသာ သုံးနှုန်းခဲ့ကြသည်။
    – ရိုဟင်ဂျာတို့သည် ယင်းကွဲပြားမှုအပေါ် အထိမခံဖြစ်မည့်အစား ပြေလည်ရေးဖက်သို့ ဦးလှည့်သင့်သည်။
    – ဘင်ဂါလီ အားလုံးနီးပါးတို့သည် တိုင်းရင်းသားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးအကြား ကွဲပြားချက်ကို နားမလည်ကြ၊ ၎င်းတို့ ဘာသာရေးဆရာများ၏မှိုင်းတိုက်မှုကြောင့် တိုင်းရင်းသားဖြစ်မှသာလျှင် နိုင်ငံသားအခွင့်အရေးရလိမ့်မည်ဟု ယုံကြည်နေကြသည်။
    – ရိုဟင်ဂျာတို့၏ နိုင်ငံသားဆိုင်ရာအခွင့်အရေးအား ၁၉၈၂ နိုင်ငံသားအက်ဥပဒေအရ ပေးအပ်သင့်သည်။
    – အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေမှာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။ ၂၀၁၂ အကြမ်းဖက်မှုဖြစ်စဉ်၏နောက်ဝယ် သာမန်ရွာသားတို့မှာ ပိုပြီး အစွန်းရောက်သွားခဲ့ရာ ဤပြဿနာကိုဖြေရှင်းရန် ခြေလှမ်းသစ်တစ်ရပ် လိုအပ်နေသည်။ ISIS သည် မလေးရှားနှင့် အင်ဒိုနီးရှားမှ မွတ်စ်လင်မ်များကို စုစည်း၍ ရခိုင်ပြဿနာအား အသုံးချရန် ကြံစည်နေသည်။ မြန်မာနိုင်ငံအနေနှင့် ပြည်တွင်းရေးသက်သက်အဖြစ်သာ သဘောမထားဘဲ အကြမ်းဖက်ဆန့်ကျင်ရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်။
    – ရခိုင်ပြည်နယ်ပြဿနာများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစွာ ချပြသင့်သည်။

    နိုင်ငံရေးနှင့် လုံခြုံရေးဆက်နွှယ်ချက်ကြောင့် ယမန်နှစ်မှစပြီး ရိုဟင်ဂျာကိစ္စမှာ အာဆီယံအသိုင်းအ၀ိုင်းထဲအထိ ဂယက်ရိုက်လာခဲ့ကြောင်း သူ၏ စာတမ်းတွင်လည်း ရေးသားထားသည်။

    “ရိုဟင်ဂျာတို့ရဲ့ တိုင်းရင်းသားဖြစ်ရေးတောင်းဆိုချက်နဲ့ ပတ်သက်လို့ ကျွန်တော့်ယူဆချက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ISEAS က ပညာရှင်အသိုင်းအ၀ိုင်းက ကျွန်တော့်ကို အရှိတရားအပေါ် ပိုပိုပြီး သိမြင်နားလည်လာစေပါတယ်” ဟူသော စကားဖြင့် ရိုဟင်ဂျာများနိုင်ငံသားဖြစ်ရေးတွန်းအားပေးသော လှုံ့ဆော်မှုပြုရန် မိမိ၏လူထုနှင့်ထိတွေ့မှု၌ အသုံးချသွားမည်မဟုတ်ကြောင်း၊ မိမိသည် လှုပ်ရှားတက်ကြွသူတစ်ဦးမဟုတ်ကြောင်း၊ မိမိ၏ပညာရပ်အမြင်ကို မျှဝေခြင်းသာဖြစ်ကြောင်း ဦးရဲထွဋ်က အဆုံးသတ်ပြောကြားသွားသည်။

    အကျယ်ကို http://yangon.coconuts.co/2016/12/23/u-ye-htut-or-how-i-learned-stop-hating-and-accept-rohingya-citizenship တွင် ဖတ်ရှုနိုင်ပါသည်။

  • အစ္စလာမ် သာသနာ၌ ခရစ်တော်၏ အရေးပါမှုကို ဖော်ကျူးထားသည့် ဓမ္မတေး ထွက်ရှိ

    အစ္စလာမ် သာသနာ၌ ခရစ်တော်၏ အရေးပါမှုကို ဖော်ကျူးထားသည့် ဓမ္မတေး ထွက်ရှိ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    christ
    I believe in Jesus ဓမ္မတေးကိုဖန်တီးသည့် ဆော်ဒီမှ မွတ်စလင်တရားဟောဆရာ အေအီဒ် အလ် ကာရ်နီ

    – ယေရှုခရစ်တော်အပေါ် အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြည်ညိုလေးစားမှုကို ဖော်ကျူးတဲ့ ဓမ္မတေးတစ်ပုဒ်ကို ဆော်ဒီက ထင်ရှားတဲ့ မွတ်စလင် တရားဟောဆရာတစ်ဦးက ခရစ္စမတ်အမီ ထုတ်ပြန်လိုက်ပါတယ်။

    I believe in Jesus လို့အမည်ပေးထားတဲ့ အဲဒီ ဓမ္မတေးကို မွတ်စလင်တရားဟောဆရာ အေအီဒ် အလ် ကာရ်နီက အဆိုတော် မူဆာ အိုမိုင်ရာနဲ့ ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး ၆ မိနစ်တာကြာမြင့်တဲ့ MTV ကို တူရကီမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဓမ္မတေးရဲ့ တစ်ချို့အပိုဒ်တွေကို အဆိုတော် အိုမိုင်ရာက သီဆိုပေးထားပါတယ်။

    သီချင်းရဲ့ ရည်ရွယ်ချက်က အစ္စလာမ်ဘာသာတရားမှာ ယေရှုခရစ် (မွတ်စလင်များက တမန်တော် အီဆာဟု ခေါ်ဝေါ်သည်) ရဲ့ အရေးပါမှုကို သိရှိစေပြီး၊ မတူညီတဲ့ဘာသာဝင်တွေကြားမှာ သည်းခံနိုင်မှုတွေ မြင့်တက်လာရေး ပညာပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ၎င်းတို့ နှစ်ဦးစလုံးက ပြောကြားခဲ့ပါတယ်။

    ယေရှုခရစ်တော်ဟာ လူသားတွေကို တရားလမ်းမှန်ပြဖို့ ထာဝရဘုရားသခင်က ရွေးချယ်တဲ့ တမန်တော်တွေထဲက တစ်ပါးဖြစ်တယ်လို့ မွတ်စလင်တွေက ယုံကြည်ကြပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာလည်း ခရစ်တော်ရဲ့မိခင် မယ်တော် မေရီ (မရ်ယမ်သခင်မ) ရဲ့ အမည်နာမနဲ့ ကဏ္ဍတစ်ခုပါဝင်ပြီး၊ အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ ဒီပုဂ္ဂိုလ်မွန် နှစ်ဦးစလုံးကို ယုံကြည်လက်ခံမှု မရှိဘူးဆိုရင်တော့ စစ်မှန်တဲ့ ဘာသာဝင်မဟုတ်ဘူးလို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။

    Ref: Alarabiya

    (ဓမ္မတေးကို အောက်ပါလင့်တွင် နားထောင်နိုင်ပါသည် )

    https://www.youtube.com/watch?v=0yM8reUWdf

  • တရားမျှတရုံနဲ့ မလုံလောက်ဘူး (သူတို့ပြောစကား)

    တရားမျှတရုံနဲ့ မလုံလောက်ဘူး (သူတို့ပြောစကား)

    ဒီဇင်ဘာ ၂၄ ၊ ၂၀၁၆
    M-Media
    ကောက်နှုတ်တင်ဆက်သူ- ဆွေမွန်

    dassk

    ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ် ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ဦးတည်တာကို ပြောတာပါ။
    .
    တရားဥပဒေဆိုတာဟာ တရားမျှတရမယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာဖြစ်ပါတယ်။
    .
    ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် တရားမျှတမှုရှိရမယ်။ နိုင်ငံတကာက လက်ခံထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။
    တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။
    .
    လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။
    .
    တရားမျှတရုံနဲ့ မလုံလောက်ဘူး။ တရားမျှတခြင်း ရှိပါတယ်ဆိုတာ ထင်သာမြင်သာဖြစ်ရပါလိမ့်မယ်။
    .
    အဲဒါကတော့ အခြေခံတစ်ခုပါပဲ။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ဧပြီလက ပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှ ကောက်နှုတ်ချက်

  • ဂမ်ဘီယာအာဏာရှင် ရာထူးမစွန့်လျှင် အာဖရိကတပ်များ ၀င်မည်

    ဂမ်ဘီယာအာဏာရှင် ရာထူးမစွန့်လျှင် အာဖရိကတပ်များ ၀င်မည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    gambia
    ဂမ်ဘီယာအာဏာရှင် ယာယဟ် ဂျာမေဟ်

    – ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်အနေဖြင့် လာမည့်လတွင် သမ္မတသစ်ကို အာဏာမလွှဲပါက အနောက်အာဖရိကနိုင်ငံများမှာ စစ်တပ်များ စေလွှတ်သွားမည်ဟု အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့ ( ECOWAS) ၏ ဥက္ကဌ မာဆဲလ် ဒီ ဆူဇာက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဂျာမေဟ်မှာ ဒီဇင်ဘာ ၁ ရက်နေ့  ရွေးကောက်ပွဲတွင် ပြိုင်ဘက် အဒမ်ဘာရိုးကို ရှုံးနိမ့်ခဲ့ပြီး အစပိုင်းတွင် ရွေးကောက်ပွဲရလဒ်ကို လက်ခံသည်ဟု ကြေငြာခဲ့သော်လည်း နောက်ပိုင်း ရွေးကောက်ပွဲတွင် မသမာမှုရှိသည်ဟုဆိုကာ ရာထူးမှ ဆင်းပေးရန် ငြင်းဆန်ခဲ့သည်။

    “ဂျာမေဟ်ရဲ့ သက်တမ်းက ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ကုန်မှာပါ။ တကယ်လို့ သူမဆင်းဘူးဆိုရင် ကျွန်တော်တို့က တပ်တွေကို အဆင်သင့်လုပ်ထားပြီး တပ်လှန့်ထားပါတယ်။ (ဂမ်ဘီယာ) ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည်ဖော်ရေး ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့် တပ်တွေပါ” ဟု ဆူဇာက သတင်းထောက်များကို ပြောကြားခဲ့သည်။

    ထိုသို့ဖြစ်လာပါက အနောက်အာဖရိကနိုင်ငံများမှာ ဒေသတွင်း ပြဿနာကို ပထမဆုံး အင်အားသုံး ဖြေရှင်းခြင်း ဖြစ်လာမည်။ ဆူဇာက မိမိတို့ ECOWAS အဖွဲ့မှာ ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲရလဒ်အား ဂျာမေဟ်လက်ခံလာရန်အတွက် သံတမန်နည်းလမ်းဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

    Ref : Aljazeera