News @ M-Media
Blog
  • ထရမ့်နဲ့ ပူတင်တို့ရဲ့ နျူလေသေနတ်နဲ့ စိုးရိမ်မှုမြင့်တက်လာတဲ့ ကမ္ဘာကြီး
    ထရမ့်နဲ့ ပူတင်တို့ရဲ့ နျူလေသေနတ်နဲ့ စိုးရိမ်မှုမြင့်တက်လာတဲ့ ကမ္ဘာကြီး
    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    nu
    – မိမိတို့နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမယ်လို့ ရုရှားသမ္မတ ပူတင်နဲ့ လာမယ့်လမှာ အာဏာရယူမယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်တို့က ပြောကြားလိုက်ပြီး ကမ္ဘာကြီးကတော့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
    ပူတင်ဟာ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးအကြီးအကဲတွေနဲ့ နှစ်ပတ်လည်တွေ့ဆုံမှုမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရုရှားစစ်တပ်ဟာ ဘယ်လိုရန်သူမျိုးကိုမဆို ချေမှုန်းနိုင်ပေမယ့် မိမိတို့ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုကိုတော့ ပိုမိုအားကောင်းအောင် လုပ်ရမယ်လို့ ပြောကြားလိုက်တာပါ။
    ၂၀၁၇ ခုနှစ်မှာ အဓိကလုပ်ဆောင်သွားမယ့် ရည်မှန်းချက်ကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကို တိုးမြှင့်တာ ဖြစ်တယ်လို့လည်း ပူတင်က ဆိုပါတယ်။
    “ကျွန်တော်တို့ဟာ မဟာဗျူဟာကျတဲ့ စစ်ဖက်ရေးရာ နျူကလီးယားအင်အားကို ဖွံ့ဖြိုးအောင်လုပ်ဖို့ လိုပါတယ်။ အထူးသဖြင့် လက်ရှိ ရှိနေတဲ့၊ နောက်ထပ်ရှိလာမယ့် ဒုံးခွင်းစနစ်တွေကို သေသေချာချာ ဖောက်ထွက်နိုင်မယ့် ဒုံးပျံတွေပါ”
    အမေရိကန်သမ္မတစ် ဒေါ်နယ်ထရမ့်ကလည်း တိုင်းပြည်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ချဲ့ထွင်ပြီး အားကောင်းအောင်ပြုလုပ်သွားမယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပြီး ကျန်ကမ္ဘာကြီးက နျူလက်နက်နဲ့ပတ်သက်လို့ နားလည်သဘောပေါက်လာတဲ့အချိန်အထိ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
    ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ကတော့ တိုင်းပြည်ရဲ့ကာကွယ်နိုင်စွမ်း ထိရောက်နေစေဖို့အတွက် ထရမ့်ဟာ တိုင်းပြည်ရဲ့ နျူလက်နက်တွေကို အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အမေရိကန်ဟာ လက်ရှိမှာ နျူထိပ်ဖူး ၇၀၀၀ လောက်ရှိနေပြီး ကမ္ဘာ့အများဆုံးဖြစ်ကာ ရုရှားကတော့ နျူထိပ်ဖူး ရာပေါင်းများစွာနဲ့ ဒုတိယလိုက်နေပါတယ်။
    အမေရိကန်ရဲ့ nuclear triad လို့ခေါ်တဲ့ နျူလက်နက်သုံးမျိုး (ရေငုပ်သင်္ဘောမှ ပစ်နိုင်သည့် တိုက်ချင်းပစ် နျူလက်နက်၊ ဗုံးကြဲလေယာဉ်ဖြင့် ကြဲနိုင်သည့် နျူလက်နက်၊ မြေပြင်ပစ် နျူလက်နက်) တွေဟာ လာမယ့် ၁၀ စုနှစ်တစ်ခုအတွင်းမှာ အသက်ဝင်မှု ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
    ဒါ့ကြောင့် အမေရိကန်အနေနဲ့ နျူလက်နက်တွေကို အဆင့်မြှင့်တင်ဖို့ နှစ်ပေါင်း ၃၀ အတွင်း ကန်ဒေါ်လာ ၁ ထရီလီယံလောက် ကုန်ကျမှာပါ။
    ၂၀၀၉ ခုနှစ် ချက်နိုင်ငံ ပရေ့ဂ်မြို့မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက နျူလက်နက်တွေ လုံးဝ ဖျက်သိမ်းဖို့ ပြောခဲ့တဲ့ စကားနဲ့ဆိုရင်တော့ ထရမ့်ရဲ့ ရည်ရွယ်ချက်ဟာ လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။
    “ဒီလို တာသွားတဲ့ကြေငြာချက်မျိုးကို ဘာရှင်းပြမှုမှမရှိဘဲ ပြောတာဟာ သိပ်ကို တာဝန်မဲ့ရာကျလွန်းတယ်ရှင့်။ နျူကလီးယားကပ်ဆိုးကြီး တကယ်ဖြစ်လာနိုင်တဲ့ စစ်အေးခတ်အကြောင်းကို ကျွန်မတို့ ပြောနေရမှလား။ ရုရှားရဲ့ ပြောဆိုမှုကလည်း ဒီလမ်းကြောင်းခင်းနေတာမျိုးပါ။ စစ်အေးခေတ်ပြန်ရောက်ဖို့ သိပ်မကြာတော့ဘူး”
    ထရမ့်ဟာ ဗုဒ္ဓဟူးနေ့က ပင်တဂွန်အကြီးအကဲတွေနဲ့ တွေ့ခဲ့သလို နိုင်ငံရဲ့အကြီးဆုံး ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တဲ့ Lockheed Martin Corp၊ Boeing Co တို့နဲ့လည်း တွေ့ခဲ့ပါသေးတယ်။
    စိုးရိမ်မှုမြင့်တက်
    အမေရိကန်ဟာ ၂၀၁၁ ခုနှစ်က ရုရှားနဲ့ New START ဆိုတဲ့ သဘောတူညီချက်တစ်ခုကို ရရှိထားပြီး၊ အမေရိကန်ရဲ့ မဟာဗျူဟာကျ လက်နက်တွေနဲ့ တပ်ဖြန့်ချထားမှုတွေကို ကန့်သတ်ထားတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။
    ထရမ့်ရဲ့ မနေ့ကမှတ်ချက်ဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်ချင်တာလား၊ ဒါမှမဟုတ် တပ်ဖြန့်မချထားတဲ့ လက်နက်တွေကို ချဲ့ထွင်ချင်နေတာလားဆိုပြီး ကျွမ်းကျင်သူတွေကတော့ မေးခွန်းတွေ ထုတ်ထားပါတယ်။
    အမေရိကန်ဟာ နျူကလီးယားလက်နက် မပြန့်ပွားရး စာချုပ်အရ နျူလက်နက်တွကို ပိုင်ဆိုင်ခွင့်ရှိနေတဲ့ ၅ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး ကျန်တဲ့ ၄ နိုင်ငံကတော့ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်တို့ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟွာ ချန်ယင်းက တရုတ်အစိုးရအနေနဲ့ ထရမ့်အစိုးရသစ်ရဲ့ နျူပေါ်လစီကို စောင့်ကြည့်နေပြီး မိမိတို့ကတော့ နျူကလီးယာလက်နက် ဖျက်သိမ်းရေးမူကို စွဲကိုင်ထားတယ်လို့ ဆိုပါတယ်။
    “နျူလက်နက်အများဆုံးရှိတဲ့ နိုင်ငံတွေက နောက်ဆုံးမှာ နျူလက်နက်တွေ လုံးဝ ဖျက်သိမ်းရေး၊ နျူလက်နက် သိသိသာသာလျှော့ချရေး ဦးဆောင်ဖို့ အဓိကတာဝန်ရှိပါတယ်”
    Ref: Aljazeera, CNA
  • တူရကီစစ်သားများအား မီးရှို့သတ်သည့် ဗီဒီယိုကို IS ထုတ်ပြန်
    တူရကီစစ်သားများအား မီးရှို့သတ်သည့် ဗီဒီယိုကို IS ထုတ်ပြန်
    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    is
    – ဖမ်းဆီးထားသော တူရကီစစ်သားနှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည့် ဗီဒီယိုကို IS အကြမ်းဖက်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်လိုက်ပြီး၊ ဆီးရီးယား၌ တူရကီ စစ်သား ၁၆ ဦး သတ်ဖြတ်ခံရမှုအတွက် အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားမည်ဟု တူရကီက ပြောကြားခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
    ၁၉ မိနစ်တာ ကြာမြင့်သည့် အဆိုပါဗီဒီယိုတွင် ယူနီဖောင်းဝတ်ထားသည့် စစ်သားနှစ်ဦးကို လှောင်အိမ်ထဲမှ ဆွဲထုတ်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ခြင်းဖြစ်ကာ ဆီးရီးယားမြောက်ပိုင်း အဲလစ်ပိုရှိ IS က သိမ်းပိုက်ထားသောနေရာတွင် ဖြစ်မည်ဟု ယူဆရသည်။
    အဆိုပါစစ်သားနှစ်ဦးကို သတ်ဖြတ်သူက တူရကီသမ္မတ အာဒိုဂန်ကို ဝေဖန်ခဲ့ပြီး၊ တူရကီနိုင်ငံကို ဖျက်ဆီးရန်လည်း တိုက်တွန်းခဲ့သည်။
    IS မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာကလည်း လေယာဉ်ပျက်ကျပြီးနောက် ၎င်းတို့ဖမ်းဆီးထားသည့် ဂျော်ဒန်တိုက်လေယာဉ်မှူး မိုအဇ် အလ်-ကာဆက်ဘာဟ်ကို လှောင်အိမ်ထဲတွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။
    ယခု အသတ်ခံလိုက်ရသည့် တူရကီစစ်သားနှစ်ဦးမှာ ပြီးခဲ့သည့်လက IS ၏ ပြန်ပေးဆွဲမှုကို ခံခဲ့ရသူများ ဖြစ်သည်။
    ဗုဒ္ဓဟူးနေ့က ဆီးရီးယားနိုင်ငံ အလ်-ဘဘ်မြို့တွင် အသေခံဗုံးခွဲမှု ၃ ခု အပါအ၀င် IS ၏ တိုက်ခိုက်မှုများကြောင့် တူရကီစစ်သား ၁၆ ဦး သေဆုံးခဲ့ပြီး၊ ဆီးရီးယားပြဿနာတွင် ပါဝင်ပြီးနောက်ပိုင်း တူရကီတပ်ဖွဲ့၏ အကြီးမားဆုံး ဆုံးရှုံးမှုလည်း ဖြစ်သည်။
    Ref: Aljazeera
  • မလိုတစ်​မျိုး လိုတစ်​မျိုး ဥပ​ဒေကြားက သား​ကောင်​များ (သူ့အမြင်)
    မလိုတစ်​မျိုး လိုတစ်​မျိုး ဥပ​ဒေကြားက သား​ကောင်​များ (သူ့အမြင်)
    ဒီဇင်ဘာ ၂၃ ၊ ၂၀၁၆
    ဆွေမွန်ရေးသည်။
    20161223
    နိုင်ငံတော်ပုန်ကန်မှုချင်းတူတယ်။ ပုဒ်မတူတယ်။ ဒါပေမယ့် ပြစ်ဒဏ်မတူပါချေ။
    .
    ဖြစ်စဉ်-၁
    ———–
    KIA တပ်မတော်နှင့်ဆက်သွယ်ပြီး  နိုင်ငံတော်ကို ပုန်ကန်ရန်ပြုလုပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရ သူများဖြစ်ကြတဲ့ ကိုဇော်မင်းထွေး ၊ ကိုမြင့်သိန်း ၊ Aရာမန်နှင့် ကိုခင်မောင်ရွှေတို့ ပြစ်ဒဏ်ချ မန္တလေးခရိုင် တရားရုံးကနေ ဒီဇင်ဘာ ၂၃ ရက်နေ့က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကိုချမှတ်လိုက်ပါတယ်။
    .
    ဖမ်းတယ်။ အထောက်အထား မရှိဘူး။ သက်သေမခိုင်လုံဘူး။ စစ်ကြောခံနေရချိန် စရဖရုံးမှာ ရိုက်နှက်ပြီး စစ်ချက် ယူတယ်။ လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတဲ့စာရွက်တွေမှာ ဘာတွေရေးထားလဲဆိုတာ ဖတ်ခွင့်တောင် မရှိပါဘူးလို့ ပြစ်ဒဏ်ချမှတ် ခံရသူတွေက လျောက်လဲခဲ့သော်လည်း တရားရုံးက ဒီလျောက်လဲချက်ကို လက်မခံဘဲ နိုင်ငံတော်ပုန်ကန်မှုပြုရာတွင် အထမြောက်သည် ဖြစ်စေ မမြောက်သည်ဖြစ်စေ ပူးပေါင်းကြိုးစားအားထုတ်တာ တွေ့ရတယ် ဆိုပြီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းပြစ်ဒဏ်ချတယ်။
    ဖြစ်စဉ်-၂
    ————–
    ရခိုင်တပ်မတော် AA က တပ်သားကို လက်နက်နဲ့တကွ လက်ပူးလက်ကြပ်မိတယ်။ လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတယ်။ သူကိုယ်တိုင် AA တပ်သားဖြစ်တာကို ၀န်ခံပါတယ်။ လက်နက်ကိုင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်နေသူကို နိုင်ငံတော် ပုန်ကန်မှုအပြင် လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်၅နှစ်ချပါတယ်။
    .
    ဘာကြောင့်ပါလဲခင်ဗျာ။ နိုင်ငံသားချင်းတူတာတောင် ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ဘာကြောင့်တန်းတူ မရကြပါသလဲ။ လက်နက်နဲ့ မိတဲ့လူက ၅ နှစ် ထောင်ကျပြီး လက်နက်မမိတဲ့ သာမန်ပြည်သူကို ထောင်တစ်သက် တစ်ကျွန်းချတဲ့ နိုင်ငံတော်ပုန်ကန်မှု ဥပဒေကြီးက အင်မတန် အံ့သြစရာပါခင်ဗျား။
    .
    နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတစ်ခုနဲ့ လက်ရှိတရားစီရင်မှုကိုပဲ နှိုင်းယှဉ်ပါရစေ …
    .dassk
    တရားမျှတရုံနဲ့မလုံလောက်ဘူး။
    .
    ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိစေချင်တယ် ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားများအားလုံးဟာ တရားဥပဒေရဲ့ ကာကွယ်မှုအောက်မှာ လုံလုံခြုံခြုံနေနိုင်ခြင်းကို ကျွန်မတို့ဦးတည်တာကို ပြောတာပါ။
    .
    တရားဥပဒေဆိုတာဟာ တရားမျှတရမယ်။ ကောင်းမွန်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ဥပဒေတွေရှိရမှာဖြစ်ပါတယ်။
    .
    ကျွန်မတို့ တရားစီရင်ရေးမဏ္ဍိုင်ကြီးဟာ တည့်မတ်ဖို့၊ ထိရောက်ဖို့အင်မတန်မှ အရေးကြီးပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် တရားမျှတမှုရှိရမယ်။ နိုင်ငံတကာက လက်ခံထားတဲ့စံနှုန်းတွေနဲ့ ကိုက်ညီရမယ်။
    တရားမျှတမှုဆိုတာဟာ မျှတတဲ့တရားစီရင်ခြင်းဆိုတာဟာ အဆိုရှိပါတယ်။
    .
    လုပ်ရုံတင်နဲ့မပြီးဘူး။ လုပ်ပါတယ်ဆိုတာ ထင်ရှားရမယ်။
    .
    တရားမျှတရုံနဲ့ မလုံလောက်ဘူး။ တရားမျှတခြင်း ရှိပါတယ်ဆိုတာ ထင်သာမြင်သာဖြစ်ရပါလိမ့်မယ်။
    .
    အဲဒါကတော့ အခြေခံတစ်ခုပါပဲ။
    .
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ဧပြီလက ပြောခဲ့တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှ ကောက်နှုတ်ချက် ကလေးဖြစ်ပါတယ်။
    .
    နိုင်ငံခေါင်းဆောင်ဖြစ်စေချင်တဲ့ တရားစီရင်ရေး စနစ်နဲ့ လက်ရှိဖြစ်နေတဲ့ တရားစီရင်ရေးစနစ်ဟာ ရှိသင့်တာနဲ့ ဖြစ်နေတာ ဘယ်လောက် ကွာဟနေပြီလဲ ဆိုတာကို ပြသနေပါပြီ။
    .
    လက်နက်ကိုင်သူကို ထောင် ၅ နှစ်ချပြီး လက်နက်မကိုင်သူကို ထောင်တစ်သက် တစ်ကျွန်းချတဲ့ ဒီလို သားရေကွင်း ဥပဒေတွေသာ မြန်မာနိုင်ငံထဲမှာ အမှန်တကယ် ထွန်းကား လက်ခံနေကြပြီဆိုရင် တစ်သက် တစ်ကျွန်းပြစ်ဒဏ်ကျခံရနိုင်တဲ့ပြစ်မှု ကျူးလွန်မယ့်သူတိုင်းဟာ လက်နက်ကိုင် လမ်းစဉ်ကိုသာ ရွေးချယ်စရာ ကျန်ကြပါတော့မယ်။
    .
    အင်မတန် လွဲချော်နေတဲ့ တရားစီရင်ရေးစနစ်ကြီးကို အချိန်မီ ပြန်လည်တည့်မတ်ဖို့ဟာ ပြည်သူတွေမှာ လုပ်ပိုင်ခွင့်အာဏာ မရှိပါဘူးလို့သာ ဆိုပါရစေ။
    .
    SM
    ၂၃ ဒီဇင်ဘာလ ၂၀၁၆
    ဆက်စပ်သတင်းများ
  • ယူကေမွတ်စလင်များနှင့် ခရစ်ယာန်များပူးပေါင်းကာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်
    ယူကေမွတ်စလင်များနှင့် ခရစ်ယာန်များပူးပေါင်းကာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်
    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media
    uk
    – ခရစ္စမတ်ပွဲတော်ကာလအတွင်း နိုင်ငံအတွင်းရှိ အိမ်ယာမဲ့များနှင့် ချို့တဲ့သူများအား ကူညီရန်အတွက် ဗြိတိန်ရှိ မွတ်စလင်များနှင့် ခရစ်ယာန်အဖွဲ့များမှာ ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။
    အဆိုပါ ပရဟိတ လှုပ်ရှားမှုတွင် Muslim Aid၊ Al-Khair Foundation နှင့် Streetlytes ကဲ့သို့ အသင်းအဖွဲ့များ၊ မြို့တော်လန်ဒန်အခြေစိုက် ခရစ်ယာန်ဘုရားကျောင်းများ ပါဝင်ပြီး အိမ်ယာမဲ့များနှင့် ချို့တဲ့သူများအတွက် အစားအသောက်များ၊ အိမ်ယာများ၊ ရွက်ဖျင်တဲများ ပေးအပ်သွားမည်ဖြစ်သည်။
    ၎င်းတို့၏ ရည်ရွယ်ချက်မှာ ခရစ္စမတ်အထိမ်းအမှတ် ရက်ရှည်အားလပ်ရက်အတွင်း ဈေးဆိုင်များ၊ ၀န်ဆောင်မှုလုပ်ငန်းများ ပိတ်မည်ဖြစ်သောကြောင့် အိမ်ယာမဲ့များ ကြုံတွေ့ရနိုင်သည့် ဆာလောင်မွတ်သိပ်မှုများနှင့် နေစရာအခက်အခဲများကို ဖြေရှင်းပေးရန်ဖြစ်သည်။
    အဆိုပါ မွတ်စလင်နှင့် ခရစ်ယာန်အဖွဲ့များက လန်ဒန်အနောက်ပိုင်းရှိ စိန့်စတီဖင် ဘုရားကျောင်း၊ စိန့်သောမတ်စ်ဘုရားကျောင်းတို့တွင် ပြုလုပ်ခဲ့သည့် ခရစ္စမတ်ညစာစားပွဲသို့ အိမ်ယာမဲ့ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
    “အိမ်နီးချင်းက ဆာလောင်မွတ်သိပ်နေတဲ့အချိန် ကိုယ်က ဗိုက်အ၀စားပြီး အိပ်နေမယ်ဆိုရင် စစ်မှန်တဲ့ မွတ်စလင်မဟုတ်ဘူးလို့ အစ္စလာမ်က သွန်သင်ထားပါတယ်။ မွတ်စလင်တွေလည်း ဒီလို ပရဟိတအလုပ်တွေလုပ်တယ်ဆိုတာကို ပြသဖို့အတွက် ကျွန်တ်ာတို့ဟာ တစ်ခြားဘာသာဝင်တွေနဲ့ ပေါင်းပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်တင်မဟုတ်ဘဲ လူတိုင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းချင်ပါတယ်” ဟု Al-Khair Foundation မှ ဆယဒ်ဟူစိန်က ပြောကြားခဲ့သည်။
    Streetlytes အဖွဲ့မှ စေတနာ့ဝန်ထမ်းဖြစ်ပြီး ခရစ်ယာန် ပရက်စ်ဘက်တေးရီးယန်းအသင်းတော်မှ ဘုန်းတော်ကြီးဖြစ်သူ ခရစ္စဟက်ခ်ျက ပါဝင်သူများမှာ ဘာသာရေးတာဝန်တစ်ခုကို အကောင်အထည်ဖော်ခြင်း ဖြစ်သော်လည်း ၎င်းတို့၏ လှုပ်ရှားမှုက ဘာသာရေးကို အခြေခံခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။
    “မွတ်စလင်နဲ့ ဂျူးအသင်းအဖွဲ့တွေလည်း ကူညီမှုမှာ ပါဝင်ကြပါတယ်။ ဒါ့ကြောင့် ဒီလှုပ်ရှားမှုဟာ ဘာသာတစ်ခုအတွက် ကန့်သတ်ထားတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အဓိကရည်ရွယ်ချက်က လိုအပ်နေသူတွေကို ကူညီဖို့ပါ” ဟု ဟက်ခ်ျက ဆိုသည်။
    Muslim Aid အဖွဲ့ကမူ အိမ်ယာမဲ့များအတွက် ရွက်ဖျင်တဲနှင့် အိပ်ယာခင်းများကို လှူဒါန်းခဲ့သည်။ အဖွဲ့၏ စီအီးအိုဖြစ်သူ ဂျီဟန်ဂီရ်မာလစ်က ယူကေတွင် အိမ်ယာမဲ့အရေအတွက် များပြားလာမှုအတွက် တုန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။
    ၎င်းတို့အဖွဲ့မှာ အိမ်ယာမဲ့များအတွက် အိပ်ရာလိပ် ၁၀၀၀ ကျော် လှူဒါန်းခဲ့ပြီး၊ ထောင်ပေါင်းများစွာကိုလည်း အစားအသောက်များ ဝေငှရန် အစီအစဉ်ရှိနေသည်။
    “ယူကေမှာ နေစရာနေရာမရှိတဲ့သူက သန်းဝက်လောက်ရှိတယ်ဗျ။ ဒီလိုချို့တဲ့မှုတွေကို ကျွန်တော်တို့ ဖြေရှင်းပေးချင်ပါတယ်” ဟု Muslim Aid မှ အဖွဲ့ဝင် အေကင်မ်က ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ်ကလည်း Muslim Aid နှင့် အရှေ့လန်ဒန် ဗလီဝတ်ကျောင်းတော်တို့ ပူးပေါင်းကာ အိမ်ယာမဲ့များအတွက် စားသောက်ဖွယ်ရာပေါင်း ၁၀ တန်ကို လှူဒါန်းခဲ့သည်။
    Ref: Aljazeera
  • ပြည်တွင်းမှ ဗလီများ ဖောက်ခွဲဖို့ ကြံစည်မှုကြောင့် ဖမ်းခံရသူ ၃ ဦးအနက် ၁  ဦး ရက်စေ့၍ ပြန်လွတ်
    ပြည်တွင်းမှ ဗလီများ ဖောက်ခွဲဖို့ ကြံစည်မှုကြောင့် ဖမ်းခံရသူ ၃ ဦးအနက် ၁ ဦး ရက်စေ့၍ ပြန်လွတ်
    ဒီဇင်ဘာ ၂၂ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    bomb-to-masjid
    ၂၀၁၃ နှစ်က သတင်းထုတ်ပြန်ခဲ့စဉ်က
    ၂၀၁၃ ခုနှစ် အတွင်း ရန်ကုန်မြို့က ဗလီ ဝတ်ကျောင်းတော်တွေကို ဖောက်ခွဲဖို့ ကြံစည်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီး ထောင်ချခံရသူ  ၃ ဦးအနက် တင်မောင် (ခ) ခိုင်နေမင်း မှာ ထောင်ဒဏ် (၄) နှစ် ပြစ်ဒဏ်ချခံရပြီး လွတ်ရက်စေ့ သဖြင့် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီက စစ်တွေ အကျဉ်းထောင်ကနေ ပြန်လွတ်လာပြီ ဖြစ်ကြောင်း သိရသည်။ အခြား ၂ ဦးမှ ဖြစ်သည့် ဘိုဘိုထွန်းနှင့် သိန်းညွန့်တို့ နှစ်ဦး မှာ ထောင်ဒဏ် (၆) နှစ်အထိ အပြစ်ပေးခံခဲ့ရသည်။
    .
    “ ကျွန်တော်လက်ထဲမှာ အဲဒီအချိန်က ဘာဖောက်ခွဲရေးပစ္စည်းမှလဲ မရှိဘူး။ ကျွန်တော်က တိုင်းရင်းသား အဖွဲ့စည်းတွေ နဲ့ ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးတာတွေ လုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အ ချိန်မှာ ကျွန်တော်ကို အပေါ်မော့ခိုင်းပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။ မျက်စိဖွင့်ကြည့်လိုက်တဲ့အချိန်မှာ အဲဒီပစ္စည်းတွေ က ကျွန်တော်ရှေ့မှာ   တွေ့ရတာဖြစ် ပါတယ် ”ဟု ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အား ကိုခိုင်နေမင်းက ပြောကြားကြောင်း မဇ္ဈိမ သတင်း တရပ်မှာ ဖော်ပြထားပါသည်။
    .
    ၂၀၁၃ ခုနှစ်  နိုဝင်ဘာလ ၁၃ ရက်နေ့ က လှိုင်သာယာ SKY အအေးခန်း ဧည့်ရိပ်သာကို ၀င်ရောက်ရှာဖွေရာ မြောက်ဦးမြို့နယ်မှ  ကိုခိုင်နေမင်းကို ဖောက်ခွဲရေး ပစ္စည်းများ နှင့် ဖမ်းမိခဲ့တာဖြစ်ပြီး၊ ကွင်းဆက်တရားခံ သာယာဝတီမြို့နယ်မှ ကိုသိန်းညွှန့် ၊ အခြားဆက်စပ်သူ ကိုဘိုဘိုထွန်းကို စစ်တွေမြို့တွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြိး ခိုင်နေမင်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှ စ၍ နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ၄င်းတို့ကို ဖမ်းဆီးခဲ့စဉ်က  ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ ဖမ်းဆီးပြီး ၁၁ လ အကြာ  ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့ပါသည်။
    .
    အဆိုပါဖြစ်စဉ် အတွက် ဖောက်ခွဲရေး လုပ်ရန် ကြံစည်သူများသည် “ဘာသာရေး အဆောက်အဦများ”အား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ပြီး နောက်ကွယ်တွင် ဆက်စပ်ပါဝင်သူများ ရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်း အချို့နှင့် ဆက်စပ်မှုများပါ ရှိနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။
    ကိုးကား- မဇ္ဈိမ၊ RFA
    ဆက်စပ်သတင်းများ
    ——————–