News @ M-Media

Blog

  • မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    မန်ယူတွင် မည်သူ့အတွက်မှ နေရာပုံသေမရှိဟု ဟာရဲရားပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mn-u

    – မိမိအနေဖြင့် အနာဂတ်မန်ယူအသင်းတွင် နေရာတစ်နေရာ ရရှိရန်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အသင်းတွင် မည်သူအတွက်မှ နေရာပုံသေရှိမနေဟု ကွင်းလယ်လူ အန်ဒရေ ဟာရဲရားက ပြောကြားလိုက်သည်။

    မော်ရင်ဟိုလက်အောက်တွင် ဟာရဲရားမှာ အသင်း၏ အဓိကအစိတ်အပိုင်း ဖြစ်လာခဲ့ပြီး ကစားပုံ တက်လာသောအသင်းတွင် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ပါဝင်ခွင့် ရလာခဲ့သည်။

    မန်ယူသို့ လွန်ခဲ့သည့် ၂ နှစ်ခွဲအရင်က ရောက်လာခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဟာရဲရားက ကမ္ဘာ့ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်စွမ်း ရှိနေသည့် မန်ယူတွင် မည်သူ၏နေရာမှ မသေချာဟု ပြောကြားခဲ့သည်။

    “အသင်းက ဘယ်လိုကစားသမားမျိုးကိုမဆို ခေါ်ယူနိုင်တဲ့အစွမ်း ရှိနေတယ်။ ဒါ့ကြောင့် အသင်းမှာ ဆက်ကစားချင်ရင်တော့ ကစားသမားတစ်ယောက်ဟာ အမြဲတမ်း စွမ်းဆောင်မှု အမြင့်ဆုံးမှာ ရှိနေရမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်မယ်လို့ထင်တယ်။ အဲဒီအတွက်လည်း တိုက်ပွဲ ၀င်သွားမှာပါ” ဟု ဟာရဲရားက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း ကစားသမားဘ၀ စတင်ခဲ့သည့် လာလီဂါနှင့် ပရီးမီးယားလိဂ်တို့၏ ကွာခြားချက်မှာ အမြန်နှုန်းဖြစ်သည်ဟုလည်း ဖွင့်ဟခဲ့သည်။

    Ref: Goal

  • ဘ၀တစ်ခုလုံးကို ရင်သားကင်ဆာတိုက်ဖျက်ရေးတွင် မြှုပ်နှံထားသည့် ဆော်ဒီမှ သာဖွားမီးယပ် ပါရဂူ

    ဘ၀တစ်ခုလုံးကို ရင်သားကင်ဆာတိုက်ဖျက်ရေးတွင် မြှုပ်နှံထားသည့် ဆော်ဒီမှ သာဖွားမီးယပ် ပါရဂူ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    samiya
    ဒေါက်တာ ဆာမီယာ ဘင်သီ မိုဟာမက် အလ်-အာမူဒီ

    – ရင်သားကင်ဆာ ရောဂါ နှစ်ကြိမ်တိုင်တိုင် ခံစားခဲ့ရပြီး အသက်ဘေးမှလွတ်မြောက်လာသူ ဆော်ဒီမှ သားဖွားနှင့် မီးယပ်ပါရဂူတစ်ဦးက သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွှတ်ပြီး ကင်ဆာရောဂါ တိုက်ဖျက်ရေးအတွက် ဘ၀တစ်ခုလုံးကို နှစ်မြှုပ်ခဲ့လေသည်။

    ဒေါက်တာ ဆာမီယာ ဘင်သီ မိုဟာမက် အလ်-အာမူဒီဖြစ်ပြီး အမျိုးသမီးများ၏ ကျန်းမာရေး ပြဿ နာများအတွက် အသိပညာပေးနေခြင်းသာမက၊ အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်တို့အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး တိုက်ပွဲဝင်နေသည်။

    ပါမောက္ခဆာမီယာမှာ ဂျစ်ဒါမြို့ရှိ ဘုရင် အလ်ဒူလ်အဇစ်ဆေးရုံ ကျန်းမာရေးတက္ကသိုလ်မှ သားဖွားနှင့် မီးယပ် အကြံပေးတစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ရှိခ် မိုဟာမက် ဟာဆန် အလ်-မူဒီ ကင်ဆာ အထူးစောင့်ရှောက်မှုစင်တာတွင် အမှုဆောင်အရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်နေကာ ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေသော Memoirs of a Saudi Woman နှင့် ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေသော Empowering Girls စာအုပ် အပါအ၀င် စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူလည်းဖြစ်သည်။

    ကင်ဆာကို တိုက်ဖျက်မည်

    အလ်အာရေဗျသတင်းဌာနှင့် အင်တာဗျူးတွင် ဆာမီယာက သူမ၏ ဘ၀ဖြတ်သန်းမှုတွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ပြောပြခဲ့ပြီး၊ ကလေးဘ၀တွင် ဖခင်ဆုံးရှုံးခဲ့ရမှု၊ အိမ်ထောင်ကျမှု၊ ကိုယ်ဝန်ဆောင်မှု အခက်အခဲများမှ ၂၀၀၆ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရင်သားကင်ဆာရောဂါ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သည့် အကြောင်းများအထိ ပါဝင်သည်။ ထိုကဲ့သို့ ကင်ဆာရောဂါ ဖြစ်ပွားမှုက သူမဘ၀၏ အလှည့်အပြောင်းဖြစ်ခဲ့သည်။

    သူမ၏ ထိုဘ၀အတွေ့အကြုံကို တစ်ခြားအမျိုးသမီးများ သိရှိစေရန် ရည်ရွယ်၍ ကိုယ်တိုင်ရေးအထုပ္ပတ္တိတစ်အုပ်ကို ရေးသားခဲ့ပြီး Memoirs of a Saudi Woman ဟု အမည်ပေးခဲ့သည်။ အဆိုပါစာအုပ်က ဆော်ဒီအာရေဗျတွင် အရောင်းရဆုံးစာအုပ်စာရင်း ၀င်ခဲ့သည်ဟု ဆာမီယာက ပြောကြားခဲ့သည်။

    အလ်-မဒီနာသတင်းစာတွင် သူမ၏ ရောဂါအကြောင်းကို ရေးသားဖော်ပြမှု အကြောင်းအရင်းနှင့်ပတ်သက်၍ မေးမြန်းရာ “ကျွန်မက စာရေးရတာနဲ့ မီဒီယာအပေါ်မှာ ခင်တွယ်တယ်ရှင့်။ ဒါ့ကြောင့် အဲဒီအချိန်တုန်းက အပတ်စဉ်ရေးနေတာပေါ့။ မီဒီယာမှာ ကျွန်မရဲ့ ပြောကြားချက်တွက ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကိုမဆို အသိပညာပေးရာ ရောက်နိုင်တာကြောင့် ကျွန်မ ရောဂါကြောင်းကို ရေးသားချင်တာပါ။ ကျွန်မကို စံနမူနာယူဖို့မျှော်လင့်တယ်။ ကျွန်မဟာ ကိုယ်ခံစားရတဲ့ ရင်သားကင်ဆာအကြောင်း မြိုသိပ်ထားမှုကို ချိုးဖျက်ပြီး၊ ပွင့်ပွင့်လင်းလင်းချပြတဲ့ ပထမဆုံး အာရပ်အမျိုးသမီးပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    အမျိုးသမီး သတ္တိခဲဆု

    ဆာမီယာမှာ သူမ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က သူမအား နိုင်ငံတကာအမျိုးသမီးသတ္တိခဲဆု ‘International Women of Courage Award’ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆာမီယာမှာ အဆိုပါဆုကို ပထမဆုံးရရှိသည့် အာရပ်အမျိုးသမီး ဖြစ်လာခဲ့သည်။

    “ဒီဆုကြောင့်၊ အသိအမှတ်ပြုခံရတာကြောင့် ကျွန်မ ဂုဏ်ယူပါတယ်။ ဒါက ပြဿနာကို အာရုံစိုက်လာစေမယ့် အချက်ပေးခေါင်းလောင်းလိုပါပဲ။ ကျွန်မရဲ့ အသံ၊ ကျွန်မရဲ့ ခံစားရမှုတွေက တစ်နေ့မှာ ဒီလို ကမ္ဘာ့လူသားထုဆီ ရောက်ရှိလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး” ဟု သတ္တိခဲဆုနှင့်ပတ်သက်၍ ဆာမီယာက ပြောကြားခဲ့သည်။

    Ref: Alarabiya

  • ရုရှားသံအမတ်ကို လုပ်ကြံသူက ဆီးရီးယားပြည်သူများ ထိခိုက်ခံစားရမှုများကို ရည်ညွှန်းပြောဆိုခဲ့

    ရုရှားသံအမတ်ကို လုပ်ကြံသူက ဆီးရီးယားပြည်သူများ ထိခိုက်ခံစားရမှုများကို ရည်ညွှန်းပြောဆိုခဲ့

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    russia
    လုပ်ကြံခံလိုက်ရသည့် တူရကီဆိုင်ရာ ရုရှားသံအမတ် အန်ဒရေး ကာရ်လော့ဗ်

    – တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို လုပ်ကြံခဲ့သည့် သေနတ်သမားမှာ ပစ်ခတ်မှုအပြီးတွင် ဆီးရီးယားနိုင်ငံ အဲလစ်ပိုတွင် ဆီးရီးယားအစိုးရနှင့် ရုရှားတို့ ပူးပေါင်းကာ သူပုန်များအား တိုက်ခိုက်နေမှုကို ရည်ညွှန်းပြောဆိုသွားခဲ့သည်ဟု သိရသည်။

    အသက် ၆၂ နှစ်အရွယ်ရှိ ရုရှားသံအမတ် အန်ဒရေး ကာရ်လော့ဗ်မှာ ယမန်နေ့က အန်ကာရာ၌ ရုရှားသံရုံးမှ ဦးစီးပြုလုပ်သော ဓာတ်ပုံပြပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် အနောက်ဖက်မှ အနီးကပ်ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

    လုပ်ကြံသူမှာ အသက် ၂၂ နှစ်အရွယ် အန်ကာရာအခြေစိုက် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တာဝန်ချိန်ပြင်ပ၌ ယခုကဲ့သို့ ကျူးလွန်ခြင်းဖြစ်သည်။ တူရကီ ရဲတပ်ဖွဲ့မူ အဆိုပါလုပ်ကြံသူကို နောက်ပိုင်းတွင် အသေဖမ်းဆီးခဲ့သည်။

    “အဲလစ်ပိုကို မမေ့ပါနဲ့၊ ဆီးရီးယားကို မမေ့ပါနဲ့။ ဒီလိုရက်စက်ကြမ်းကြုတ်မှုမှာ ပါဝင်သူတွေဟာ ပြန်ပေးဆပ်ကြရလိမ့်မယ်။ ဒီနေရာကနေ ကျုပ်ကို အရှင်ဖမ်းလို့ရမှာ မဟုတ်ဘူး” ဟု အဆိုပါ သေနတ်သမားက ဟစ်အော်ပြောကြားခဲ့သည်။

    ကာရ်လော့ဗ်မှာ သံတမန် အသိုင်းအ၀ိုင်းထဲသို့ ၁၉၇၆ ခုနှစ်တွင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မြောက်ကိုရီးယား သံအမတ်အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ တူရကီသံအမတ်အဖြစ် ၂၀၁၃ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရုရှားနှင့် အီရန်တို့ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားအစိုးရတပ်များမှာ သူပုန်များထိန်းချုပ်ထားရာ အဲလစ်ပိုမြို့အား တိုက်ခိုက်မှုများကို တရစပ် ပြုလုပ်ခဲ့ပြီး ပြည်သူအများအပြား သေဆုံးခဲ့ရသည်။

    Ref: Aljazeera

  • ဂျာမနီခရစ္စမတ်ဈေးကို ကားဝင်တိုက်မှုကြောင့် လူ တစ်ဒါဇင် သေဆုံး

    ဂျာမနီခရစ္စမတ်ဈေးကို ကားဝင်တိုက်မှုကြောင့် လူ တစ်ဒါဇင် သေဆုံး

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    berlin

    – ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ရှိ ခရစ္စမတ်ဈေးတစ်ခုမှ လူအုပ်အတွင်းသို့ ထရပ်ကားတစ်စီးက အပြင်းမောင်းနှင် ၀င်တိုက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ဂျာမနီရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် ဒဏ်ရာရရှိသူမှာလည်း အနည်းဆုံး ၅၀ ခန့်ရှိနေပြီး ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ကာ ထရပ်ကားမှာ ပိုလန်လိုင်စင်ဖြစ်သည်ဟု ဆိုသည်။

    ဂျာမနီတရားရေးဝန်ကြီး ဟီကို မက်စ်ကမူ အကြမ်းဖက်ကိစ္စများကို ကိုင်တွယ်နေသည့် တာဝန်ရှိသူများက ယခုကိစ္စအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ဂျာမနီ ပြည်ထဲရေးဝန်ကြီး သောမတ်စ် ဒီ မိုင်ဇီရီက ၎င်းအနေဖြင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရှိနေသည်ဟု ပြောကြားခဲ့ပြီး မတော်တဆ ဖြစ်ရပ်လား၊ တိုက်ခိုက်မှုလားဆိုသည်ကို မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

    ချက်နှင့် ပြင်သစ်အာဏာပိုင်များကလည်း ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း တိုင်းပြည်အတွင်း လုံခြုံရေး တိုးမြှင့်ထားသည်ဟု ဆိုသည်။ အိမ်ဖြူတော်ကမူ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်သည့် ထိုကိစ္စကို ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘာပြောခဲ့သလဲ

    ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘာပြောခဲ့သလဲ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    asean

    – ရခိုင်ပြည်နယ်ရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေထံ ရှင်းလင်းတင်ပြမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ ဒီကနေ့ ရန်ကုန်မြို့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    မလေးရှား

    တက်ရောက်လာကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို တင်ပြခဲ့ကြကာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အန်နီဖာဟ် အေမန်ကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်ပြဿနာဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာအစိုးရက ရခိုင်ပြည်နယ်ကိစ္စဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ စောစောပိုင်းကပြောကြားမှုကို တုန့်ပြန်လိုက်တာဖြစ်ပြီး၊ အေမန်က ရခိုင်ပြည်နယ်မှာ ဖိနှိပ်မှုတွေကြောင့် မလေးရှားကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာအရေအတွက်ာ ၅၆၀၀၀ လောက်ရှိနေပြီလို့ ဆိုပါတယ်။

    နောက်ပြီး ဒီပြဿနာကို အာဆီယံနိုင်ငံတွေနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ခါးစီးခံလာခဲ့ရတာ အချိန်အတော်ကြာခဲ့ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

    “အခြေအနေက အခုအချိန်မှာ ဒေသတွင်းပြဿနာ ဖြစ်လာတယ်လို့ ကျွန်တော်တို့ယုံကြည်ပြီး၊ အတူတကွ ဖြေရှင်းရမှာပါ”

    ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ တိုးတက်မှုတွေက ‘တော်တော်လေး နှေးနေတယ်’ လို့ အန်နီဖာဟ်ကဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်က ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်မှုကိုလည်း ထောက်ပြခဲ့သလို မလေးရှားအနေနဲ့ ဒီသတင်းတွေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း ပြာကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေပြုလုပ်ရာမှာ၊ စစ်တပ်က ကျူးလွန်တယ်ဆိုတဲ့ ကိစ္စတွေအတွက် စုံစမ်းစစ်ဆေးရာမှာ ပူးပေါင်းပါဝင်ဖို့အတွက်လည်း အန်နီဖာဟ်က အာဆီယံနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ တင်ပြမှုထဲမှာ ထိခိုက်ခံစားနေရတဲ့ ဒေသတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဟန့်အတားမရှိ ၀င်ရောက်ခွင့်ပေးဖို့လည်း ပါဝင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က အခြေအနေတွေကို စုံစမ်းဖော်ထုတ်ဖို့ ကျွမ်းကျင်သူတွေ ဒါမှမဟုတ် ထင်ရှားသူတွေပါဝင်တဲ့ လွတ်လပ်တဲ့အဖွဲ့တစ်ခု ဖွဲ့စည်းဖို့လည်း အန်နီဖာက အဆိုပြုခဲ့ပါတယ်။

    “‘လူမျိုးစုလိုက် သုတ်သင်နေတယ်’ ဒါမှမဟုတ် ‘လူမျိုးတုန်းသတ်ဖြတ်နေတယ်’ ဆိုတဲ့ စွပ်စွဲချက်တွေ ပပျောက်သွားအောင် ပွင့်လင်းမြင်သာမှုရှိဖို့၊ တိကျတဲ့သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီပေးဖို့၊ ထိခိုက်ခံစားရတဲ့ဒေသတွေကို ၀င်ရောက်ခွင့်ပြုဖို့ အစိုးရအပေါ်မှာ လုံးလုံး တာဝန်ရှိပါတယ်။

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီကတော့ မြန်မာဟာ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကို အာဆီယံနိုင်ငံတွေဆီ ပုံမှန် သတင်းပို့ပေးဖို့ သဘောတူခဲ့သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရေး ၀င်ရောက်ခွင့်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရက်အတိအကျတော့ မပေးသေးဘူးလို့ ဆိုပါတယ်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေး အကျဉ်းချုံးတင်ပြမှုအတွက် ကျေနပ်မိပြီး အမြင်တွေကို ပွင့်လင်းမြင်သာစွာ၊ ရိုးသားစွာ ဖလှယ်ခဲ့ကြတယ်လို့လည်း မာဆူဒီက ဖွင့်ဟခဲ့ပါတယ်။

    စင်ကာပူ

    စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလက်ခရစ်ရှ်နန်က ရခိုင်ကိစ္စဟာ ပြည်တွင်းရေးဖြစ်ပေမယ့်၊ အဲဒီဒေသမှာ မတည်ငြိမ်မှုတွေကြောင့် ဒေသတွင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်စေတယ်လို့ CNA ကို ပြောကြားခဲ့ပါတယ်။

    “(ရခိုင်ကိစ္စက) အကြမ်းဖက်အုပ်စုတွေ ဆွယ်တရားဟောဖို့ ဒါမှမဟုတ် အခြေစိုက်ဖို့ ရေခံမြေခံဖြစ်နေတယ်။ ဒါက ကျွန်တော်တို့ အားလုံးအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒုတိယတစ်ခုက ဒုက္ခသည် တွေရှိလာမယ်ဆိုရင် နယ်စပ်ဖြတ်ကျော် ရိုက်ခတ်မှုတွေ ရှိလာမယ်။ ဒါဆိုရင် ဒါဟာ ဒေသတွင်း ပြဿနာ ဖြစ်လာတာပါပဲ” လို့ ၀န်ကြီးက ဆိုပါတယ်။

    ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ အဓိကတာဝန်ရှိသူကတော့ မြန်မာအစိုးရဖြစ်ပြီး၊ မြန်မာနိုင်ငံကို ပံ့ပိုးပေးဖို့က အာဆီယံနိုင်ငံတွေရဲ့ တာဝန်ဖြစ်ကြောင်း၊ ငါ့လူမျိုး၊ ငါ့ဘာသာစကားနဲ့ ငါ့ဘာသာတရားဆိုတာတွေဟာ အရှေ့တောင်အာရှရဲ့ ပြဿနာဖြစ်ပြီး အမြဲတမ်း အမြတ်ထုတ်ခံရမယ့် အန္တရာယ်ရှိနေကြောင်း၊ အခြေအနေတွေ မဆိုးရွားသွားအောင် သတိထားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတ
    ယ်။

    Ref: CNA, Washintong Post