News @ M-Media

Blog

  • ၂၀၁၆ ခုနှစ်အတွင်း အဖ တိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန် မွတ်စလင် အမျိုးသမီးများ – အပိုင်း (၃)

    ၂၀၁၆ ခုနှစ်အတွင်း အဖ တိုင်းပြည်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် အမေရိကန် မွတ်စလင် အမျိုးသမီးများ – အပိုင်း (၃)

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    – အခုအချိန်မှာ အမေရိကန်မွတ်စလင်တွေဟာ ဘာသာရေး သည်းမခံနိုင်မှု၊ အစ္စလာမ်ကြောက်ရောဂါတွေကိုရဲ့ ဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ရလဒ်အနေနဲ့ နိုင်ငံရေးသမားတွေ၊ ကွန်ဆာဗေးတစ်မီဒီယာတွေရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့နေရပါတယ်။ အမေရိကန်မွတ်စလင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားခံရတယ်၊ အရှက်ခွဲခံရတယ်၊ သူတို့ရဲ့ ဘာသာအယူ ယုံကြည်သက်ဝင်မှုကြောင့် အသတ်ခံရတာမျိုးတွေအထိ ရှိပါတယ်။ ခေါင်းဆောင်းပုဝါနဲ့ မွတ်စလင်အမျိုးသမီးတွေကလည်း အကြမ်းဖက်မှုတွေကို ခံနေရပါတယ်။

    ဒါပေမယ့် သူတို့တွေဟာ အရှုံးပေးသူတွေတော့ မဟုတ်ပါဘူး။ မွတ်စလင်အမျိုးသမီးတွေဟာ လူနည်းစုတွေရဲ့ အခွင့်အရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေကြတယ်၊ အမေရိကန်ရဲ့ အုတ်မြစ်ဖြစ်တဲ့ ‘လူတိုင်းအတွက် အသက်ရှင်သန်နိုင်မှု၊ လွတ်မြောက်မှုနဲ့ တရားမျှတမှု’ ဆိုတာတွေ ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါ့မလားဆိုတာ အမေရိကန်ကို စမ်းသပ်နေပါတယ်။

    အောက်မှာဖော်ပြမယ့် အမေရိကန်မွတ်စလင်အမျိုးသမီးတွေကတော့ ၂၀၁၆ ခုနှစ်ကို ကြင်နာတဲ့၊ တရားမျှတတဲ့၊ လှပတဲ့ နှစ်တစ်နှစ်ဖြစ်အောင် ပုံဖော်ခဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အဖတိုင်းပြည်ကို ကြီးကျယ်အောင် လုပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

    ၁၁။ ဟာလီမာ အေဒင်

    11

    အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဟာလီမာအေဒင်ဟာ နိုဝင်ဘာလအတွင်းက Miss Minnesota USA မယ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံး ဆိုမာလီ-အမေရိကန် မွတ်စလင်အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကိုရောက်ရှိခဲ့တဲ့ သူမဟာ ပြိုင်ပွဲမှာ ဟီဂျဘ် ခေါင်းဆောင်းပုဝါ၊ ဘုရ်ကီနီ (မွတ်စလင်အမျိုးသမီး ရေကူးဝတ်စုံ) တို့နဲ့ ယှဉ်ပြိုင်တဲ့ ပထမဆုံး ပြိုင်ပွဲဝင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

    “မီဒီယာမှာ၊ အထူးသဖြင့် အလှပြိုင်ပွဲတွေမှာ ကိုယ့်ပုံစံ (မွတ်စလင်အမျိုးသမီးတွေ လုံလုံခြုံခြုံ ၀တ်စားဆင်ယင်မှုပုံစံ) ကို မမြင်ရတာက ကိုယ်ကပဲ မလှတော့သလိုလို၊ သူတို့လိုလှအောင်ပဲ ပုံပြောင်းရတော့မလိုလို အမြင်မျိုး မြင်လာစေပါတယ်။ ဒါပေမယ့် ဒါက မှန်ကန်တဲ့အမြင်တော့ မဟုတ်ပါဘူး” လို့ အေဒင်က ပြောကြားခဲ့ပါတယ်။

    ၁၂။ မိုနာ ဟေဒါ

    12

    ကဗျာဆရာမနဲ့ တက်ကြွလှုပ်ရှားတစ်ဦးတစ်ဦဖြစ်တဲ့ မိုနာဟေဒါဟာ အစ္စလာမ်သာသနာ၊ မွတ်စလင်အကြောင်း၊ ထင်မြင်ယူဆချက်အမှားတွေရဲ့ အန္တရာယ်တွေအကြောင်းကို မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ဂ်ျက သူမရဲ့ အခမဲ့ လမ်းဘေးကော်ဖီဆိုင်ကနေ တစ်ဆင့် အသိပညာပေးနေသူဖြစ်ပါတယ်။ “မွတ်စလင်တစ်ယောက်ကို မေးကြည့်ပါ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ သူတို့ရဲ့ ကော်ဖီဆိုင်လေးမှာ ဟေဒါနဲ့ ခင်ပွန်းသည်တို့ဟာ လမ်းသွားလမ်းတာတွေကို ကော်ဖီလေးသောက်ပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ကာ အစ္စလာမ့်အသိပညာပေးလုပ်ငန်းကို လုပ်ကိုင်နေကြတာပါ။

    “လူတွေရဲ့ မျက်နှာမှာ အပြုံပန်းလေးတွေ ပွင့်စေချင်တာပါ။ နှလုံးသားချင်း နီးစေချင်တယ်။ စိတ်ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေကို ဒိုးနပ်မုန့်၊ ကော်ဖီ၊ ပန်းပွင့်လေးတွေကမ်းကာ စကားစပြည်ပြောပြီး ဖြေသိမ့်ပေးချင်ပါတယ်” လို့ ဟေဒါက ပြောကြားခဲ့ပါတယ်။

    ၁၃။ လီဆာ ဗိုဂါလ်

    13

    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အစ္စလာမ့်ဖက်ရှင်တွေဟာ H&M နဲ့ Dolce & Gabbana တို့လို ထိပ်တန်း ဖက်ရှင်ဆိုင်တွေအထိ ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်က အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ခဲ့တဲ့ ဓာတ်ပုံဆရာမ လီဗာ ဗိုဂါလ်ကတော့ ဖလော်ရီဒါက ထင်ရှားတဲ့ ရှော့ပင်းမောလ်တစ်ခုမှာ အစ္စလာမ့်ဖက်ရှင်ဆိုင်တစ်ခု ဖွင့်လှစ်ကာ ခြေလှမ်းသစ်တစ်ခုကို လှမ်းခဲ့ပါတယ်။ ဗိုဂါလ်ရဲ့ Verona Collection ဆိုင်လေးဟာ ဟီဂျဘ်ခေါင်းဆောင်းပုဝါတွေ၊ အ၀တ်အစားတွေ၊ သိုးမွှေးဆွယ်တာတွေကို ကိုယ်တိုင် ဒီဇိုင်းထုတ်ရောင်းချပြီး မေလမှာပဲ အော်လန်ဒို ဖက်ရှင်စကွဲမှာ နောက်ထပ် ဆိုင်သစ်ဖွင့်လှစ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

    ၁၄။ အမီရာဟ် ဆက်ကက်

    အမီရာဟ် ဆက်ကက်ဟာ Hip Hop အကအဖွဲ့ကို တည်ထောင်သူတစ်ဦးပါ။ We’re Muslim, Don’t Panic (ကျွန်မတို့ မွတ်စလင်ပါ။ မကြောက်စမ်းပါနဲ့) လို့ အမည်ပေးထားတဲ့ ဆန်းဆန်းပြားပြား ဒီအဖွဲ့အကြောင့် ဆက်ကက်ဟာ ဒီနှစ်အတွင်း သတင်းစာခေါင်းကြီးပိုင်းတွေမှာ မပြတ်တမ်း ဖော်ပြခံလာရပါတယ်။ အဲဒီအဖွဲ့ကို ၂၀၁၁ ခုနှစ်မှာ အမျိုးသမီးအဖွဲ့ဝင် ၃ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး Hip Hop အကရဲ့ မပြည့်စုံမှုတွေကို နီကဘ်တွေ၊ ၀တ်ရုံရှည်တွေနဲ့ ချေဖျက်ပြခဲ့ပါတယ်။ သူတို့ဟာ လက်ရှိမှာတော့ နိုင်ငံတစ်ဝှမ်း လှည့်လည်ဖျော်ဖြေတဲ့အဆင့် ရောက်နေပါပြီ။

    “ကျွန်မက အမြင်တွေကို ပြောင်းပစ်ချင်တာရှင့်။ တစ်ခြားသူတွေကို အသိပညာပေးချင်တယ်။ ပြီးတော့ ကျွန်မသိတဲ့၊ ကျွန်မနှစ်သက်တဲ့ မွတ်စလင်အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်မှု အလှတရားကိုလည်း ရောင်ပြန်ဟပ်စေချင်ပါတယ်။ မွတ်စလင်ကမ္ဘာမှာ ဖိနှိပ်ခံရတဲ့ အမျိုးသမီးတွေရှိတယ်ဆိုတာ ဟုတ်တယ်။ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတွေလည်း ဖိနှိပ်ခံနေရတာရှင့်။ ဒါဟာ ကျွန်မတို့ ပုံစံတစ်မျိုးစီ ရုန်းကန်နေရမှုပါပဲ” လို့ ဆက်ကက်က ပြောကြားခဲ့ပါတယ်။

    Ref: Huffingtonpost

    အပိုင်း (၁) ဖတ်ရန်  Link 

    အပိုင်း (၂)  ဖတ်ရန် Link

  • ဟာရာကာ အလ်-ယကင် (သို့မဟုတ်) နှစ်ရှည်ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခု

    ဟာရာကာ အလ်-ယကင် (သို့မဟုတ်) နှစ်ရှည်ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တစ်ခု

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    ရခိုင်ပြည်နယ် မောင်တောတွင် တာဝန်ထမ်းဆောင်သည့် တပ်မတော်သားတစ်ဦး

    – အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများက မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဖြစ်ပွားခဲ့သည်များနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

    အဆိုပါ တိုက်ခိုက်မှုများကို ပြလုပ်ခဲ့သည့် လက်နက်ကိုင်အုပ်စုမှ အဖွဲ့ဝင်များနှင့် International Crisis Group အဖွဲ့၏ တွေ့ဆုံမေးမြန်းမှု၊ အခြားသောရင်းမြစ်များက မြန်မာနိုင်ငံအနောက်ပိုင်းမှ အခြေအနေနှင့်ပတ်သက်၍ အရေးပါသော အသေးစိတ်ချက်အလက်များ ပေါ်ထွက်လာခဲ့သည်။

    ထိုလက်နက်ကိုင်အဖွဲ့က ၎င်းတို့ကိုယ်ကို ‘ဟာရာကာ အလ်-ယကင်’ (Harakah al-Yaqin) ဟု ရည်ညွှန်းပြီး အာရဘီဘာသာစကားအရ ‘ယုံကြက်ချက် လှုပ်ရှားမှု’ ဟု အဓိပ္ပါယ်ရသည်။ အဆိုပါ အဖွဲ့ကို လူပေါင်း ၂၀၀ ခန့် သေဆုံးပြီး ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ၂၀၁၂ ခုနှစ်က (ရခိုင်ပြည်နယ်မှ) ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများနှင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ အများစုမှာ မွတ်စလင်များဖြစ်သည်။ ထိုမွတ်စလင်အများစုမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို တင်းကျပ်စွာ ကန့်သတ်ချုပ်ချယ်ခံထားရပြီး အစိုးရ၏ ၀န်ဆောင်မှုများ ရယူခွင့်၊ အစိုးရအလုပ်များတွင် တာဝန်ထမ်းဆောင်ခွင့်တို့ကိုလည်း ကန့်သတ်ခံထားရသည်။

    ယခု လက်နက်ကိုင်အဖွဲ့ကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ရွှေ့ပြောင်းနေထိုင်ကြသည့် ရိုဟင်ဂျာများ ဖွဲ့စည်းထားသော ကော်မတီက ကြီးကြပ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ထိုအဖွဲ့၏ လုပ်ငန်းများတွင် မျက်နှာပြသူက အတ္တာ အွလ္လာဖြစ်ပြီး (အခြားအမည်များစွာ ရှိနေသည်) အဖွဲ့မှထုတ်ပြန်သည့် ဗီဒီယိုများတွင် အဓိက စကားပြောဆိုသူလည်းဖြစ်သည်။ အတ္တာ အွလ္လာဟ်မှာ ပါကစ္စတန်နိုင်ငံ ကရာချီမြို့တွင် ရိုဟင်ဂျာဖခင်တစ်ဦးမှ မွေးဖွားခဲ့သူဖြစ်ပြီး မက္ကာမြို့တွင် ကြီးပြင်းခဲ့သည်။ ၎င်းမှာ ခေတ်သစ်ပျောက်ကြားစစ်တွင် နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝသော ရိုဟင်ဂျာအယောက် ၂၀ ပါဝင်သည့် အဖွဲ့မှ တစ်ဦးဖြစ်ပြီး ရခိုင်မြောက်ပိုင်း မြေပြင်လှုပ်ရှားမှုများကို ဦးဆောင်နေသည်။ ဆော်ဒီတွင် မွဖ်သီဘွဲ့ရခဲ့ပြီး အစ္စလာမ် ဘာသာရေးပညာရှင်တစ်ဦးဖြစ်သူ ဇီယာဘူရ် ရဟ်မန်ဆိုသူလည်း ၎င်းတို့အဖွဲ့တွင် ပါဝင်ပြီး ဖသ်ဝါဓမ္မသတ်များ ထုတ်ပြန်ရေးတွင် တာဝန်ယူထားသည်။

    ဘာသာရေးအရ တရားဝင်မှု ခိုင်လုံစေရန်အတွက် အလ်-ယကင်အဖွဲ့မှာ ဆော်ဒီ၊ ယူအေအီး၊ ပါကစ္စတန်နှင့် အခြားသောနိုင်ငံများရှိ အကြီးတန်း အစ္စလာမ့်ဓမ္မပညာရှင်များထံမှ ဖသ်ဝါဓမ္မသတ်များ ရယူထားပြီး ၎င်းတို့၏ တည်ရှိမှုကို အစ္စလာမ်ဥပဒေတွင် ဘောင်ဝင်အောင် ကျားကန်ထားသည်။ ထိုသို့ ဆောင်ရွက်မှုများက ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာများအကြား သိသိသာသာ ထောက်ခံမှုကို ရရှိစေခဲ့သည်။ အနည်းဆုံး လွန်ခဲ့သည့် ၂ နှစ်လုံးလုံး ထိုအဖွဲ့မှာ ရာနှင့်ချီသော ဒေသခံများကို လူစုခဲ့ပြီး ပျောက်ကြားစစ်တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများကို သင်ပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရသည့် ရိုဟင်ဂျာများကလည်း ပြီးခဲ့သည့် သီတင်းပတ်များတွင် ထိုအဖွဲ့နှင့်ပူးပေါင်းရန် ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့ကြသည်။ လက်ရှိ အစိုးရက လုံခြုံရေးဆိုင်ရာ ပြင်းပြင်းထန်ထန်တုန့်ပြန်မှုက အလ်-ယကင်အဖွဲ့အား ချေမှုန်းနိုင်မည့် အလားအလာမရှိ။ လူထုကြားတွင် မျှော်လင့်ချင်ပျက်သုဉ်းမှုများ၊ အာဃာတများ ပိုမိုကြီးထွားလာကာ အကြမ်းဖက်တိုက်ခိုက်မှုသာ ထပ်ဖြစ်လာနိုင်သည်။

    စုစည်းမှုအားကောင်းပြီး ဘဏ္ဍာရေးလည်း တောင့်တင်းပုံရသည့် အဆိုပါ အလ်-ယကင်အဖွဲ့ ပေါ်ပေါက်လာမှုက ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသော စိန်ခေါ်မှုများကို ဖြေရှင်းရေး အစိုးရ၏ ကြိုးပမ်းမှုများတွင် လားရာအပြောင်းအလဲ ဖြစ်ခဲ့သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ငယ်တစ်ချို့ ပေါ်ပေါက်ခဲ့သော်လည်း အများစုက ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်တော့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက မည်သည့်အချိန်ကမှ အစွန်းရောက် လူ့အဖွဲ့အစည်းမဟုတ်ခဲ့။ အများစုက အကြမ်းဖက်မှုကို ရှောင်ပြီး၊ အကြမ်းဖက်မှုမှာ ၎င်းတို့၏ဘ၀ တိုးတက်ရေးနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သည်ဟု ရှုမြင်ကြသည်။ သို့သော်လည်း ဆင်းရဲနိမ့်ကျမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အသက်ရှင်သန်ရန်ပင် ရုန်းကန်နေရပြီး ၎င်းတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်ဆိုသည်မှာ မရှိသလောက် ဖြစ်နေသည်။ ပြိးခဲ့သည့်နှစ်အတွင်း ထိုကဲ့သို့ စိတ်ပျက်အားငယ်မှုများက တိုးပွားလာခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများ အကြမ်းဖက်မှုဒဏ်ကို ပိုမို ခံစားလာရခြင်း၏ အကြောင်းအရင်က ရှောင်လွှဲ၍ မရသော ကိစ္စမျိုးဆိုသည်ထက် နှစ်ပေါင်းများစွာ မူဝါဒများ အလွန်အကျွံမှားယွင်းမှုကို ရောင်ပြန်ဟပ်နေခြင်းဖြစ်သည်။

    အရေးပါသည့်အချက်တစ်ခုက အလ်-ယကင်အဖွဲ့မှာ နိုင်ငံရပ်ခြား ဂျီဟတ်အဖွဲ့များ၏ လေ့ကျင့်မှု ရရှိခဲ့သည့် လက္ခဏာ အချို့၊ ထိုအဖွဲ့များနှင့် ဆက်နွယ်မှုအချို့ ရှိနေသော်လည်း အဖွဲ့၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုက အကြမ်းဖက်ခြင်း သို့မဟုတ် နိုင်ငံရပ်ခြား ဂျီဟတ်ဝါဒီများကဲ့သို့ ရပ်တည်ခြင်းမျိုးမဟုတ်ဘဲ အစိုးရ လုံခြုံရေးတပ်ဖွဲ့များကို ဆန့်ကျင် သုပုန်ထမှုမျိုး ဖြစ်သည်။ ၎င်းတို့အဖွဲ့က အရပ်သားပစ်မှတ်များနှင့် ဘာသာရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းမရှိ။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ နိုင်ငံသားအခွင့်အရေး ရရှိရန်အတွက် ရည်ရွယ်သည်ဟု ၎င်းတို့က ဆိုသည်။ သို့သော်လည်း ၎င်းတို့၏ ထို ကြမ်းတမ်းသော ချဉ်းကပ်မှုက အခြေအနေကို အလွန်အမင်း နောက်ပြန်ရောက်သွားစေသည်။

    ၎င်းတို့၏ နည်းလမ်းများကလည်း မှန်းရခက်သည်။ အောက်တိုဘာ ၉ ရက်နေ့က လက်နက်ကိရိယာများ သိုလှောင်ရာ လုံခြုံရေးဌာနချုပ်တစ်ခုအား အတင့်ရဲသော တိုက်ခိုက်မှုအပါအ၀င် နယ်ခြားစောင့်ရဲစခန်း ၃ ခုကို အာရုံတက် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဌာနချုပ်ကို တိုက်ခိုက်မှုက ရှုပ်ထွေးသည်။ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများ ထောင်ထားခြင်းအပါအ၀င် လူရာပေါင်းများစွာက ၀င်ရောက်တိုက်ခိုက်ခြင်း၊ စစ်ကူလာရောက်မှု နှောင့်နှေးစေရန် လမ်းတွင် ခြုံခိုက်တိုက်ခိုက်ခြင်းနှင့် လက်နက်များ လုယက်ခြင်းတို့ ပါဝင်သည်။ နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် နောက်ထပ် တိုက်ခိုက်မှုတစ်ခုတွင် စစ်တပ်မှ အကြီးအတန်းအရာရှိ ၁၂ ဦး ကျဆုံးခဲ့သည်။ အဆိုပါ အဖြစ်အပျက်များက နောက်ပိုင်းတွင် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာဖွယ် ရှိနေသည့် လေ့ကျင့်သားပြည့်ဝသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကို ပြသနေသည်။

    စစ်တပ်ကတော့ အလုခံလိုက်ရသည့်လက်နက်များ ပြန်ရရေးနှင့် တိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရေးအတွက် စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်ခဲ့သည်။ ဂုဏ်သိက္ခာကို စော်ကားခံရသည်၊ ထိခိုက်မှုများပြားခဲ့သည်ဆိုသည့် ခံစားချက်များကြောင့် စစ်တပ်၏ အင်အားအသုံးပြုမှုက မလျော်ကန်ခဲ့ဘဲ အရပ်သားလား၊ တိုက်ခိုက်ရေးသမားလားဆိုသည်ကိုလည်း ခွဲခြားနိုင်ခြင်း မရှိခဲ့။ အိမ်ခြေပေါင်း အနည်းဆုံး ၁၅၀၀ ခန့်မှာ မီးရှို့ခံခဲ့ရပြီး ဂြိုဟ်တုမှ လေ့လာဆန်းစစ်ချက်အရ အားလုံးနီးပါးမှာ စစ်တပ်က ရှို့ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ လူပေါင်း ၃၀၀၀၀ မှာ ဒေသတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၂၇၀၀၀ က ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရသည်။ စစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်နေသည့် ဒေသကို လုံးဝ ပိတ်ထားသောကြာင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဆိုးဝါးဝါးဖြစ်နေသည်ဆိုသော စွပ်စွဲချက် တော်တော်များများကို အတည်ပြုနိုင်ရန် ခက်ခဲနေသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်သို့ လူအများအပြား ရောက်လာမှုက အခြေအနေကို ကွဲကွဲပြားပြား မြင်လာရမည့် အနေအထား ရှိနေသည်။

    ထိုအခြေအနေနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု မရှိသလောက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ ထိုဒေသသို့ သွားရောက်ခြင်းမရှိသလို၊ စစ်တပ်၏ စစ်ဆင်ရေးအတွက် ဝေဖန်မှုလည်း မပြုခဲ့။ သူမထိန်းချုပ်မှုအောက်တွင်ရှိသည့် နိုင်ငံပိုင်မီဒီယာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဗြောင်ငြင်းထားပြီး ထိုဆောင်ရွက်ချက်က မြေပြင်မှတပ်များ အရေးယူခံရမှု လွတ်ကင်းနေခြင်းကို အားပေးအားမြှောက်ပြုရာ ရောက်မည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့အပါအ၀င် မွတ်စလင်ကမ္ဘာတွင်လည်း တင်းမာမှုများက မြင့်တက်လာခဲ့သည်။

    ထပ်မံ၍ အင်အားအလွန်အကျွံအသုံးပြုမှုကဲ့သို့ အစိုးရက အခြေအနေကို အကိုင်အတွယ်မတတ်ပါက ထိုဒေသရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား အလ်-ယကင်အဖွဲ့ကို ထောက်ခံလာရန်အတွက် ပိုမို တွန်းအားပေးသလိုဖြစ်ကာ ထိုလက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်မှု သံသရာကို ရှည်လျားသွားစေနိုင်သည်။ ထို့ပြင် တစ်ခြားနိုင်ငံများမှ အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ အယူအဆကို မြန်မာနိုင်ငံတွင် သွတ်သွင်းရန်အတွက် အမြတ်ထုတ်နိုင်သည့် အစွန်းရောက်သော ခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အကြမ်းဖက်တိုက်ခိုက်မှုက မြန်မာနိုင်ငံအတွင်းရှိ ဘာသာရေး တင်းမာမှုများကို မီးထိုးပေးသကဲ့သို့ဖြစ်ကာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်သည့် အလားအလာလည်း ရှိနေသည်။

    လုံခြုံရေးအရ တုန့်ပြန်မှုကို လျှော့ချကာ အလွန်အမင်း စိုးရိမ်သောက ရောက်နေကြသော ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် အထိအခိုက်မခံသည့် ရိုဟင်ဂျာများအတွက် မျှော်လင့်ချက်ပေးနိုင်သည့် ပါးနပ်သော နိုင်ငံရေး မဟာဗျူနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ဒေသတွင်းနိုင်ငံများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခြင်းတို့ကို အဓိကထား ဆောင်ရွက်မှသာလျှင် ထိုကဲ့သို့ အန္တရာယ်ရှိသည့် ရလဒ်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ထိုကဲ့သို့ ဆောင်ရွက်ရန်အတွက် နိုင်ငံရေးဆိုင်ရာ အနေအထားမှာ ကျဉ်းမြောင်နေပြီဖြစ်ပြီး အခြေအနေဆိုးရွာနေမှုကို တားဆီးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံမှ ခိုင်မာပြီး၊ သြဇာရှိသော ခေါင်းဆောင်မှုကို လိုအပ်နေပြီ ဖြစ်လေသည်။

    Ref: Time

    (Time တွင် ဖော်ပြထားသော The World’s Newest Muslim Insurgency Is Being Waged in Burma ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ကမ္ဘာဖလားအိမ်ရှင်ဖြစ်ခွင့် ရုပ်သိမ်းခံရမည်ကို ရုရှား စိုးရိမ်နေ

    ကမ္ဘာဖလားအိမ်ရှင်ဖြစ်ခွင့် ရုပ်သိမ်းခံရမည်ကို ရုရှား စိုးရိမ်နေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    south
    ရုရှား ဘောလုံးသမဂ္ဂဥက္ကဌ ဒုတိယ၀န်ကြီးချုပ် ဗီတာလီ မွတ်ကို

    – လတ်တလော ရုရှားအားကစားလောကကို ရိုတ်ခတ်ခဲ့သည့် သတင်းဆိုးများကြောင့် ၂၀၁၈ ကမ္ဘာဖလားကျင်းပခွင့် ရုပ်သိမ်းခံရမည်လားဆိုသည့် သံသယများ ရှိနေသည်ဟု ဒုတိယ၀န်ကြီးချုပ် ဗီတာလီ မွတ်ကိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ရုရှား အစိုးရမှာ ၎င်းတို့၏ ထောင်နှင့်ချီသော အားကစားသမားများ တားမြစ်ဆေးသုံးစွဲမှုကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခဲ့သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီ ((WADA) မှ အစီရင်ခံစာတစ်စောင် ထွက်လာခဲ့ပြီးနောက်ပိုင်း ရုရှား အားကစားလောကမှာ ဝေဖန်မှုမျိုးစုံနှင့် ရင်ဆိုင်နေရသည်။

    ရေခဲပြင်အားကစားနည်းဖြစ်သော Bobsleigh နှင့် Skeleton ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ် (IBSF) ကလည်း လာမည့်နှစ်တွင် ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပရန်ရှိသည့် ၎င်းတို့၏ ချန်ပီယံရှစ်ပြိုင်ပွဲကို နေရာပြောင်းရန် ဆုံးဖြတ်သွားမည်ဟု အင်္ဂါနေ့က ကြေငြာခဲ့ပြီး ထိုကြေငြာချက်ကလည်း ရုရှား အားကစားကဏ္ဍကို ထိုးနှက်သကဲ့သို့ ဖြစ်ခဲ့သည်။

    “ကမ္ဘာ့ဖလားနဲ့ပတ်သက်လို့ ပြဿနာမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ တားမြစ်ဆေးကိစ္စမှာ ဘောလုံး မပါပါဘူး။ တစ်ချို့လူတွေက ဒီလိုပြောကောင်းပြောကြမှာပါ။ ဒါပေမယ့် ကမ္ဘာဖလားကတော့ (WADA အကြီးအကဲ) မက္ကလာရင်ရဲ့ အစီရင်ခံစာနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ဟာ အခြေခံအဆောက်အဦးတွေ၊ ခေတ်မီ ဘောလုံးကွင်းတွေနဲ့ ဟိုတယ်တွေကို ဆောက်လုပ်နေပါတယ်။ ကမ္ဘာဖလားက မြို့ ၁၁ မြို့ကိုး ဖွံ့ဖြိုးစေမှာဖြစ်ပြီး ပြိုင်ပွဲရဲ့ အမွေအနှစ်တွေလည်း ရှင်ကျန်စေမှာပါ။ ဒီအတွက်နဲ့ ကျွန်တော်တို့ သောကမဖြစ်ပါဘူး” ဟု မွတ်ကိုက ပြောကြားခဲ့သည်။

    ၎င်းမှာ ရုရှားဘောလုံးသမဂ္ဂ (RFU) ၏ ဥက္ကဌလည်း ဖြစ်သည်။ ထို့ပြင် မွတ်ကိုက မိမိတို့နိုင်ငံမှာ တားမြစ်ဆေးဆန့်ကျင်ရေး ခိုင်မာသည့် စနစ်တစ်ခုကို တည်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုစနစ်နှင့် ကစားသမားများကို စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Tass

  • တောင်တရုတ်ပင်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးစနစ်များ ချထားပုံရ

    တောင်တရုတ်ပင်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးစနစ်များ ချထားပုံရ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    south
    လေကြောင်းကာကွယ်ရေး လက်နက်များ ဖြစ်ပုံရသည်ဟု ဖော်ပြထားသော ဂြိုဟ်တု ဓာတ်ပုံ

    – နိုင်ငံအများအပြားနှင့် ရေပိုင်နက် အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်တွင် တရုတ်က ဆောက်လုပ်ထားသည့် ကျွန်းတု ၇ ခုစလုံးတွင် လေယာဉ်ပစ်လက်နက်နှင့် ဒုံးခွင်းလက်နက်ကဲ့သို့ လက်နက်များ တပ်ဆင်ထားပုံရသည်ဟု အာရှရေကြောင်း ပွင့်လင်းမြင်သာရေး ရှေ့ဆောင်အဖွဲ့ (AMTI) က ပြောကြားလိုက်သည်။

    ဂြိုဟ်တုပုံရိပ်များကို အခြေခံကာ အမေရိကန် တတ်သိပညာရှင်များအဖွဲ့ဖြစ်သော AMTI က ယမန်နေ့တွင် ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံကမူ ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် အဆိုပါ ပင်လယ်ပြင်ရှိ ကျွန်းများတွင် စစ်ဖက်နေရာများဖြစ်အောင် ဆောင်ရွက်လိုခြင်းမရှိဟု ယခင်က ပြောကြားထားသည်။

    AMTI ကမူ စပရက်တလေကျွန်းစုရှိ ဖာယာရီခရော့စ်၊ မစ်ချီဖ်နှင့် ဆူဘီ ကျွန်းများတွင် ဆဌဂံပုံ အဆောက်အဦးများကို ဇွန်လနှင့် ဇူလိုင်လကတည်းက စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တရုတ်မှာ အဆိုပါကျွန်းစုတွင် စစ်သုံး လေယာဉ်ကွင်းတစ်ခုကိုလည်း တည်ဆောက်ထားခဲ့သည်။

    ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါ အဆောက်အဦးများမှာ လေယာဉ်ပစ်စက်သေနက်၊ ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို ကာကွယ်သောစနစ် CIWS နှင့် တူညီသည့် အဆောက်အဦးများဖြစ်သည်ဟု AMTI က ဆိုသည်။

    အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဂရဂ်ျ ပိုလင်းကမူ မိမိတို့အနေဖြင့် အဆိုပါ အဆောက်အဦးများ၏ ရည်ရွယ်ချက်ကို သိရှိရန်အတွက် လပေါင်းများစွာ ဆန်းစစ်ခဲ့ပြီး ယခုအချိန်တွင် ယုံကြည်မှုအပြည့်ဖြင့် ထုတ်ပြောခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ စနစ်များက မည်မျှကြီးမားပြီး၊ မည်မျှ အဆင့်မြင့်သလဲဆိုသည်ကို မသိရှိသေးကြောင်း ပြောကြားခ့သည်။

    တရုတ်နိုင်ငံကမူ ထိုပြောကြားမှုအတွက် မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

    Ref : Aljazeera

  • တော်လှန်ရေးကသာ ပါလက်စတိုင်းကို လွတ်မြောက်စေမည်ဟု အီရန်အဓိပတိပြော

    တော်လှန်ရေးကသာ ပါလက်စတိုင်းကို လွတ်မြောက်စေမည်ဟု အီရန်အဓိပတိပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    iran-5

    – တော်လှန်ရေးလှုပ်ရှားမှု၊ ပါလက်စတိုင်းပြည်သူများ၊ အဖွဲ့များ၏ ရုန်းကန်ကြိုးစားမှုများဖြင့်သာ ပါလက်စတိုင်းမှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုလက်မှ လွတ်မြောက်မည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။

    အစ္စလာမ့်မစ် ဂျီဟတ် လှုပ်ရှားမှုခေါင်းဆောင် ရမဒန် အဘ်ဒူလာ ဆာလာဟ်နှင့် ယမန်နေ့က မြို့တော် တီဟီရန်၌ တွေ့ဆုံစဉ် ခါမေနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယုံကြည်ချက်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို အခြေခံသည့် ပါလက်စတိုင်းတို့၏ နိုးကြားမှုများကိုလည်းကို ချီးကျူးခဲ့သည်။

    “မြင့်မြတ်တဲ့မြို့တော် အလ်-ကွဒ်စ် လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လုံလစိုက်မှုနဲ့ တော်လှန်ရေးလှုပ်ရှားမှုပါပဲ။ အခြားနည်းလမ်းတွေက အသုံးဝင်မှာ မဟုတ်သလို အချည်းအနှီးဖြစ်မှာပါ” ဟု ခါမေနီက ပြောကြားခဲ့သည်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းလူငယ်များမှာ အရေးပါသော အကြောင်းအရင်းတစ်ခု ဖြစ်နေပြီး အစ္စရေးအစိုးရမှာ နောက်ထပ် ၂၅ နှစ်အတွင်း ပြိုလဲသွားမည်ဟု အီရန်အဓိပတိက မှတ်ချက်ပြုခဲ့သည်။

    “အရင်က ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ – ပါလက်စတိုင်း ပြည်သူတွေနဲ့ မွတ်စလင်တွေက ဇီယွန်ဝါဒီတွေကို စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်ကြမယ်ဆိုရင် ဇီယွန်အစိုးရဟာ နောက်ထပ် ၂၅ နှစ်အတွင်းမှာ ပျောက်ကွယ်သွားပါလိမ့်မယ်”

    ထို့ပြင် မိမိတို့ အီရန်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများ၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ အမေရိကန်နှင့် မဟာမိတ်များကြောင့်သာဖြစ်ပြီး ဘာသာရေးပြဿနာ၊ စွန်နီ-ရှီအာ ပြဿနာမဟုတ်ကြောင်း ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။

    “အဲလစ်ပို၊ မူဆိုးလ်နဲ့ အခြားမြို့တွေက ဆွန်နီတွေကလည်း IS ရာဇ၀တ်ကောင်တွေရဲ့ သတ်ဖြတ်မှုကို ခံနေရတာပါပဲ။ ဒါ့ကြောင့် ဒီပြဿနာတွေဟာ ဆွန်နီနဲ့ ဒါမှမဟုတ် ရှီအာနဲ့ ဘာမှကို မဆိုင်ပါဘူး”

    Ref: PressTV