News @ M-Media

Blog

  • တောင်တရုတ်ပင်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးစနစ်များ ချထားပုံရ

    တောင်တရုတ်ပင်လယ်တွင် တရုတ်က လေကြောင်းကာကွယ်ရေးစနစ်များ ချထားပုံရ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    south
    လေကြောင်းကာကွယ်ရေး လက်နက်များ ဖြစ်ပုံရသည်ဟု ဖော်ပြထားသော ဂြိုဟ်တု ဓာတ်ပုံ

    – နိုင်ငံအများအပြားနှင့် ရေပိုင်နက် အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်တွင် တရုတ်က ဆောက်လုပ်ထားသည့် ကျွန်းတု ၇ ခုစလုံးတွင် လေယာဉ်ပစ်လက်နက်နှင့် ဒုံးခွင်းလက်နက်ကဲ့သို့ လက်နက်များ တပ်ဆင်ထားပုံရသည်ဟု အာရှရေကြောင်း ပွင့်လင်းမြင်သာရေး ရှေ့ဆောင်အဖွဲ့ (AMTI) က ပြောကြားလိုက်သည်။

    ဂြိုဟ်တုပုံရိပ်များကို အခြေခံကာ အမေရိကန် တတ်သိပညာရှင်များအဖွဲ့ဖြစ်သော AMTI က ယမန်နေ့တွင် ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံကမူ ကုန်သွယ်ရေးအရ မဟာဗျူဟာကျသည့် အဆိုပါ ပင်လယ်ပြင်ရှိ ကျွန်းများတွင် စစ်ဖက်နေရာများဖြစ်အောင် ဆောင်ရွက်လိုခြင်းမရှိဟု ယခင်က ပြောကြားထားသည်။

    AMTI ကမူ စပရက်တလေကျွန်းစုရှိ ဖာယာရီခရော့စ်၊ မစ်ချီဖ်နှင့် ဆူဘီ ကျွန်းများတွင် ဆဌဂံပုံ အဆောက်အဦးများကို ဇွန်လနှင့် ဇူလိုင်လကတည်းက စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တရုတ်မှာ အဆိုပါကျွန်းစုတွင် စစ်သုံး လေယာဉ်ကွင်းတစ်ခုကိုလည်း တည်ဆောက်ထားခဲ့သည်။

    ဂြိုဟ်တုဓာတ်ပုံများအရ အဆိုပါ အဆောက်အဦးများမှာ လေယာဉ်ပစ်စက်သေနက်၊ ခရုဇ်ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို ကာကွယ်သောစနစ် CIWS နှင့် တူညီသည့် အဆောက်အဦးများဖြစ်သည်ဟု AMTI က ဆိုသည်။

    အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဂရဂ်ျ ပိုလင်းကမူ မိမိတို့အနေဖြင့် အဆိုပါ အဆောက်အဦးများ၏ ရည်ရွယ်ချက်ကို သိရှိရန်အတွက် လပေါင်းများစွာ ဆန်းစစ်ခဲ့ပြီး ယခုအချိန်တွင် ယုံကြည်မှုအပြည့်ဖြင့် ထုတ်ပြောခြင်းဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါ စနစ်များက မည်မျှကြီးမားပြီး၊ မည်မျှ အဆင့်မြင့်သလဲဆိုသည်ကို မသိရှိသေးကြောင်း ပြောကြားခ့သည်။

    တရုတ်နိုင်ငံကမူ ထိုပြောကြားမှုအတွက် မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်သေးပေ။

    Ref : Aljazeera

  • တော်လှန်ရေးကသာ ပါလက်စတိုင်းကို လွတ်မြောက်စေမည်ဟု အီရန်အဓိပတိပြော

    တော်လှန်ရေးကသာ ပါလက်စတိုင်းကို လွတ်မြောက်စေမည်ဟု အီရန်အဓိပတိပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    iran-5

    – တော်လှန်ရေးလှုပ်ရှားမှု၊ ပါလက်စတိုင်းပြည်သူများ၊ အဖွဲ့များ၏ ရုန်းကန်ကြိုးစားမှုများဖြင့်သာ ပါလက်စတိုင်းမှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုလက်မှ လွတ်မြောက်မည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီ ခါမေနီက ပြောကြားလိုက်သည်။

    အစ္စလာမ့်မစ် ဂျီဟတ် လှုပ်ရှားမှုခေါင်းဆောင် ရမဒန် အဘ်ဒူလာ ဆာလာဟ်နှင့် ယမန်နေ့က မြို့တော် တီဟီရန်၌ တွေ့ဆုံစဉ် ခါမေနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယုံကြည်ချက်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို အခြေခံသည့် ပါလက်စတိုင်းတို့၏ နိုးကြားမှုများကိုလည်းကို ချီးကျူးခဲ့သည်။

    “မြင့်မြတ်တဲ့မြို့တော် အလ်-ကွဒ်စ် လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လုံလစိုက်မှုနဲ့ တော်လှန်ရေးလှုပ်ရှားမှုပါပဲ။ အခြားနည်းလမ်းတွေက အသုံးဝင်မှာ မဟုတ်သလို အချည်းအနှီးဖြစ်မှာပါ” ဟု ခါမေနီက ပြောကြားခဲ့သည်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင်နက်များ လွတ်မြောက်ရေးအတွက် ပါလက်စတိုင်းလူငယ်များမှာ အရေးပါသော အကြောင်းအရင်းတစ်ခု ဖြစ်နေပြီး အစ္စရေးအစိုးရမှာ နောက်ထပ် ၂၅ နှစ်အတွင်း ပြိုလဲသွားမည်ဟု အီရန်အဓိပတိက မှတ်ချက်ပြုခဲ့သည်။

    “အရင်က ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ – ပါလက်စတိုင်း ပြည်သူတွေနဲ့ မွတ်စလင်တွေက ဇီယွန်ဝါဒီတွေကို စည်းစည်းလုံးလုံးနဲ့ ဆန့်ကျင်ကြမယ်ဆိုရင် ဇီယွန်အစိုးရဟာ နောက်ထပ် ၂၅ နှစ်အတွင်းမှာ ပျောက်ကွယ်သွားပါလိမ့်မယ်”

    ထို့ပြင် မိမိတို့ အီရန်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော ပြဿနာများ၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ အမေရိကန်နှင့် မဟာမိတ်များကြောင့်သာဖြစ်ပြီး ဘာသာရေးပြဿနာ၊ စွန်နီ-ရှီအာ ပြဿနာမဟုတ်ကြောင်း ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။

    “အဲလစ်ပို၊ မူဆိုးလ်နဲ့ အခြားမြို့တွေက ဆွန်နီတွေကလည်း IS ရာဇ၀တ်ကောင်တွေရဲ့ သတ်ဖြတ်မှုကို ခံနေရတာပါပဲ။ ဒါ့ကြောင့် ဒီပြဿနာတွေဟာ ဆွန်နီနဲ့ ဒါမှမဟုတ် ရှီအာနဲ့ ဘာမှကို မဆိုင်ပါဘူး”

    Ref: PressTV

  • ရာဇ၀တ်မှုသံသယရှိသူများကို ကိုယ်တိုင်သတ်ခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ၀န်ခံ

    ရာဇ၀တ်မှုသံသယရှိသူများကို ကိုယ်တိုင်သတ်ခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတ ၀န်ခံ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    duterte-2

    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ဒါဗာအိုမြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ် ရာဇ၀တ်မှုအတွက် သံသယရှိသူများကို သတ်ပစ်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။

    “ဒါဗာအိုမှာတုန်းက ကျွန်တော်ဟာ ဒါမျိုး (သတ်ဖြတ်မှု) ကို ကိုယ်တိုင် လုပ်ပြခဲ့ပါတယ်။ ကျွန်တော်တောင် လုပ်နိုင်တယ်ဆိုရင် သူတို့လဲ ဘာဖြစ်လို့ မလုပ်နိုင်ရမလဲဆိုတာ ကျွန်တော့်တပည့်တွေကို ပြချင်လို့ပါ။ ပြီးတော့ မော်တော်ဆိုင်ကယ်နဲ့ ဒါဗာအိုမြို့ကို ကျွန်တော်ပတ်တယ်။ လမ်းတွေကို လျှောက်ကြည့်ပြီး ပြဿနာကို လိုက်ရှာတယ်။ ကျွန်တော် သတ်လို့ရအောင် ရန်ရှာမယ့်တစ်ယောက်ယောက်ကို ကျွန်တော် တကယ်လိုက်ရှာတာပါ” ဟု တနင်္လာနေ့က မနီလာမြို့တွင် ပြုလုပ်ခဲ့သည့် Wallace Business Forum ၌ ပြောကြားခဲ့သည်။

    ဇွန်လက အာဏာရပြီးနောက်ပိုင်း ဒူတာတေးမှာ မူယစ်ဆေးဝါးလုပ်ငန်းကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပြီး ၆ လအတွင်း လူပေါင်း ၅၉၀၀ ကျော် သေဆုံးခဲ့သည်။

    ဒူတာတေး၏ မူးယစ်နှိမ်နှင်ရေးတွင် တရားလက်လွတ် သတ်ဖြတ်မှုများ ရှိခဲ့လားဆိုသည်ကို ဆန်းစစ်ရန် ဖွဲ့စည်းထားသည့် ဖိလစ်ပိုင်အထက်လွှတ်တော်မှ စုံစမ်းရေးကော်မတီတွင် ဒူတာတေးမှာ ဒါဗာအို သတ်ဖြတ်မှုများတွင် ကိုယ်တိုင် ပါဝင်ခဲ့သည်ဟုသော စွပ်စွဲချက်များကို တင်ခဲ့မှုများလည်း ရှိသည်။

    မိမိကိုယ်ကို ကြေးစားလူသတ်သမားဟုဆိုသူ အဒ်ဂါ မာတိုဘာတိုက ဒူတာတေး ဒါဗာအိုမြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ်က အာဏာပါးကွက်သားများဖြင့် လူပါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး ဒူတာတေးကိုတိုင် စက်သေနတ်ဖြင့် ကျည်ဆံ ၂၀၀ ကုန်အောင် ပစ်သတ်ခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

    သို့သော်လည်း စုံစမ်းရေးကော်မတီ၏ အကြီးအကဲဖြစ်ပြီး ဒူတာတေးကို ဝေဖန်သူ အထက်လွှတ်တော်အမတ် ဒီ လီမာ ရာထူးမှ အစားထိုးခံရပြီးနောက်ပိုင်းတွင် စုံစမ်းမှုမှာလည်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ရပ်တန့်ခဲ့သည်။

    ဒူတာတေးက မိမိအနေဖြင့် ပြုတ်ကျမှုတစ်ခုအတွင်း ဦးခေါင်းကို ပြင်းထန်စွာ ရိုက်မိခဲ့ပြီး ခေါင်းကိုက်ဝေဒနာစွဲကာ ခေါင်းကိုက်ပျောက်ဆေးများကို အများအပြား သောက်သုံးရကြောင်း၊ ထို့ပြင် ဆေးလိပ်အလွန်သောက်ခြင်းကြောင့် ခြေထောက်သို့ သွေးမရောက်သည့်ရောဂါလည်း ခံစားရကြောင်း အဆိုပါ ဖိုရမ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNN

  • ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့ အင်ဒိုအနိုင်ရ

    ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့ အင်ဒိုအနိုင်ရ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    suzuki-2

    – အာဆီယံရဲ့ အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့ဖြစ် ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

     အိမ်ကွင်းမှာ ပွဲအစကတည်းက အင်ဒိုနီးရှားတို့ ဖိကစားခဲ့ပေမယ့် ဦးဆောင်ဂိုး ရသွားတာကတော့ ထိုင်းအသင်းဖြစ်ပြီး ၃၂ မိန်မှာ နံပါတ် (၁၀) သီရာသွန်က ခေါင်းတိုက် သွင်းယူသွားခဲ့တာပါ။

    ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် အင်ဒိုနီးရှားဟာ ကစားပုံ ကျမသွားခဲ့ဘဲ ချေပဂိုးရဖို့ ပိုမို ကြိုးစားလာခဲ့ပါတယ်။ ၆၅ မိနစ်မှာတော့ လိုအပ်နေတဲ့ ချေပဂိုးကို နံပါတ် (၁၄) ရစ်ဇ်ကီ ပိုရာက သွင်းယူပေးခဲ့ပြီး ဧရိယာအပြင်ဘက်က ကန်သွင်းချက် ထိုင်းနောက်ခံလူနဲ့ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာ ဖြစ်ပါတယ်။

    မိနစ် ၇၀ မှာ အိမ်ရှင်တို့ ဒုတိယဂိုး ရရှိခဲ့ပြီး ဒေါင့်ကန်ဘောကနေတစ်ဆင့် နံပါ (၂၃) ဟန်ဆာမူက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

    ဒုတိယအကျော့ကိုတော့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ဘန်ကောက်က ရာဇမင်္ဂလာ အားကစားကွင်းမှာ ကစားရမှာဖြစ်ပြီး ထိုင်းအသင်းက ၁ ဂိုး ဂိုးမရှိ အနိုင်ရယုံနဲ့ အဝေးဂိုးကြောင့် ဖလားရရှိမှာ ဖြစ်ပါတယ်။

  • ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းတို့တွင် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်မည်

    ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းတို့တွင် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်မည်

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    dala

    – ရန်ကုန်တိုင်းဒေသကြီးတွင် ဒုတိယမြောက် စီးပွားရေးဇုန်တစ်ခု တည်ဆောက်ရန် ရှိနေပြီး အဆိုပါ စီးပွားရေးဇုန်တွင် နိုင်ငံတကာ လေဆိပ်တစ်ခုနှင့် ရေနက်ဆိပ်ကမ်းတစ်ခုတို့ ပါဝင်မည်ဟု တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ရန်ကုန်တောင်ပိုင်း မြို့နယ်များဖြစ်သော ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့များတွင် အကောက်အထည်ဖော်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်နှင့်ပတ်သက်၍ ယခုလအစောပိုင်းက ပြုလုပ်ခဲ့သည့် အထူးအစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်အမတ်များကို အသိပေးခဲ့သည်ဟု ဆိုသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စုအစိုးရနှင့် အစည်းအဝေးတွင် မိမိနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က ထိုစီမံကိန်းကို တင်ပြခဲ့သည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

    ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်၊ စက်မှုနှင့် ပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်ကမူ အဆိုပါ အထူးစီးပွားရေးဇုန် ဆောက်လုပ်ရန် ဆောင်ရွက်နေမှုအတွက် အတည်ပြုခဲ့ပြီး ဦးမောင်မောင်စိုးကလည်း အဆိုပါ စီမံကိန်းကို ပြည်ထောင်စုအစိုးရက အတည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုစီးပွားရေးဇုန် အကောင်အထည်ပေါ်လာပါက သီလ၀ါ အထူးစီးပွားရေးဇုန်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင် ဒုတိယမြောက် ဖြစ်လာမည်ဖြစ်သည်။ လက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း အနည်းဆုံး ၁၄ နိုင်ငံမှ ကုမ္ပဏီ ၇၀ ကျော် လာရောက်လုပ်ကိုင်နေသည်။

    ဒလ၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်တို့တွင် ဆောက်လုပ်မည့် အဆိုပါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာ လေယာဉ်ကွင်းတစ်ခုနှင့် ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်းကို ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းတွင် တည်ဆောက်မည်ဖြစ်သည်။ လက်ခုပ်ကုန်းနှင့် ဒလကို ၆ လမ်းသွားလမ်းနှင့် ဆက်သွယ်မည်ဟု ဆိုသည်။

    Ref: mmtimes