News @ M-Media

Blog

  • ဗလီဆောက်ခွင့်မပြုသည့် ဒေသ ၃ ခုကို အမေရိကန်တရားရေးဌာနက တရားစွဲ

    ဗလီဆောက်ခွင့်မပြုသည့် ဒေသ ၃ ခုကို အမေရိကန်တရားရေးဌာနက တရားစွဲ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    dep
    အမေရိကန် တရားရေးဌာန

    – ပြည်နယ် ၃ ခုတွင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ပိတ်ပင်သည့် မြို့နယ်များနှင့် ခရိုင်များကို အမေရိကန်တရားရေးဌာနက တရားစွဲဆိုခဲ့သည်ဟု သိရသည်။

    နောက်ဆုံး တရားစွဲဆိုခဲ့သည့် ဒေသမှာ ဗာဂျီးနီးယားပြည်နယ် ကာလ်ပက်ပါခရိုင်ဖြစ်ပြီး ဗလီဝတ်ကျောင်းတော်အဖြစ် အသုံးပြုမည့်နေရာတွင် ရေဆိုးစွန့်စနစ် ဆောက်လုပ်ရေးအတွက် ခွင့်ပြုချက်ပေးရန် အစိုးရတာဝန်ရှိသူများက ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ စနစ်အတွက် ၁၉၉၂ ခုနှစ်ကတည်းက ၂၆ ကြိမ်တိုင်တိုင် ခွင့်ပြုချက်ထုတ်ပေးထားပြီး ဘာသာရေးနှင့် ကုန်သွယ်ရေးဆိုင်ရာတွင် ယခုကဲ့သို့ ငြင်းဆန်ခဲ့ခြင်းမျိုး မရှိချေ။

    အမေရိကန်တရားရေးဌာနကမူ ခရိုင်အာဏာပိုင်များမှာ အခြေခံဝန်ဆောင်မှုများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ခြင်းအားဖြင့် အမေရိကန်လူ့အဖွဲ့အစည်းတစ်ခု၏ ဘာသာအယူကျင့်သုံးမှုကို ၀န်ထုတ်ဝန်ပိုးမဖြစ်စေရ – ဟူသည့် တားမြစ်ချက်ကို ချိုးဖောက်သည့်အတွက် တရားစွဲဆိုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နိုဝင်ဘာလက နယူးဂျာဆီပြည်နယ် ဘားနဒ် မြို့နယ်ကိုလည်း ထို စွဲချက်ဖြင့် တရားစွဲဆိုခဲ့သည်။ တရားရုံးတွင် လျှောက်လဲရာ၌ ဘားနဒ်မြို့စီမံကိန်းဘုတ်အဖွဲ့မှာ ဘက်စ်ကင်းရစ်ဂ်ျ အစ္စလာမ့်လူ့အဖွဲ့အစည်း (ISBR) က ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ခွင့်ပြုရန် လျှောက်ထားမှုကို အချိန်ဆွဲထားပြီး မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ခွဲခြားဆက်ဆံခဲ့သည်ဟု တရားရေးဌာနက ပြောကြားခဲ့သည်။

    အစိုးရရှေ့နေများကမူ မြို့နယ် တာဝန်ရှိသူများက အခြားသော ၀တ်ပြုရာအဆောက်အဦးများအတွက် သတ်မှတ်ထားခြင်းမရှိသော စံနှုန်းများကို ဗလီအတွက် သတ်မှတ်ခဲ့သသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မြို့နယ်ကောင်စီ အစည်းအဝေးဝေးတွင် ဗလီဝတ်ကျောင်းတော်အတွက် အဆိုပြုသူများ တင်ပြသည့်အချိန် နည်းစေရန်အတွက် ကန့်သတ်မှု ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

    သို့သော်လည်း မြို့နယ်အာဏာပိုင်များကမူ ၎င်းတို့အနေဖြင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် အခွင့်အရေးမြောက်များစွာ ပေးအပ်ခဲ့သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    ပင်ဆဲလ်ဗားနီးယားပြည်နယ်၊ ဘက်စ်ခရိုင်ရှိ လူဦးရေ ၆၀၀၀၀ ရှိသော ဘန်စလင်းမြို့နယ်မှာလည်း တရားရေးဌာန၏ တရားစွဲဆိုမှုကို ခံထားရပြီး အခြားသော ဘာသာရေးအဆောက်အအုံများအတွက် မြေအသုံးပြုခွင့် ပုံမှန်ပေးသော်လည်း ဗလီဝတ်ကျောင်းတော်အတွက် လျှောက်ထားရာ ခွင့်မပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

    အဆိုပါမှာမြို့မှာ အခြား မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုဖြစ်သော Faith Unity အတွက် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ခွင့်ပြုထားသည်။ တရားရုံး ကြားနားမှုအတွင်း မြို့နယ်တာဝန်ရှိသူများက ကားပါကင်နှင့် ယာဉ်ကျောပိတ်ဆို့မှု၊ လူနေဧရိယာတွင် တည်ဆောက်မည့် အဆိုပါဗလီ၏ အရွယ်စား စသည့် စိုးရိမ်မှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ထိုကိစ္စအတွက် တရားရေးဆိုင်ရာများကို ပင်ဆဲလ်ဗားနီးယယား အရှေ့ပိုင်းခရိုင် တရားရုံးတွင် ဆောင်ရွက်နေသည်။

    Ref: Dailycaller.com

  • အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၅)

    အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၅)

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    ကျွန်မရဲ့ဆံနွယ်ဟာ ကျွန်မရဲ့အဓိကအစိတ်အပိုင်းပါ

    5
    ဟိဂျာ့ဗ်ကို ဖယ်ခွာလိုက်ဖို့ အချိန်ကာလကို ပြန်ပြောင်းပြောဆိုနေတဲ့ ရီဟမ်းအလ်ကောင်စာ

    – ရီဟမ်းအလ်ကောင်စာကတော့ ဆီးရီးယားအကြောင်းနဲ့ ဥရောပကဒုက္ခသည်များအကြောင်းရေးသားနေတဲ့ ဆီးရီးယား-ပါလက်စတိုင်းလူမျိုး ဂျာနယ်လစ်တစ်ဦးပါ။ သူမက ဒီလိုပြောကြားပါတယ်။

    ကျွန်မရဲ့ဟိဂျာ့ဗ်ကို ချွတ်လိုက်ဖို့ ၂ နှစ်ကျော်ကြာအောင် အချိန်ယူဆုံးဖြတ်ခဲ့ရတယ်။ ကျွန်မ ဆီးရီးယားကနေ ပထမဆုံးထွက်ခွာလာတဲ့ ဘာလင်ခရီးစဉ် လေယာဉ်ပေါ်မှာပေါ့။ အာရှနွယ်သက်ကြီးလင်မယားဘေးမှာ ကျွန်မ ထိုင်နေတယ်။ သူတို့ အိပ်မောကျနေခဲ့တယ်။ ဖရင့်ဖတ်နိုင်ငံတကာလေဆိပ်မှာ ခရီးတစ်ထောက်နားစဉ် ကျွန်မ ဟိဂျာ့ဗ်ကို ချွတ်လိုက်ပါတယ်။ သူတို့ကတော့ ဒါကို သတိထားမိပုံတောင် မပေါ်ပါဘူး။

    ဥရောပရောက်တဲ့အထိ ကျွန်မက စောင့်နေရဦးမှာလား။ ဖခင်အနေနဲ့စိတ်မကောင်းဖြစ်သွားမှာစိုးလို့ ဆီးရီးယားမှာ ဟိဂျာ့ဗ်ကို ချွတ်လိုက်ဖို့ ကျွန်မ သတ္တိ မရှိခဲ့ဘူး။ ကျွန်မရဲ့ဆန္ဒကိုပြောတော့ ဖခင်က ဒီလိုပြောပါတယ်။ သမီး ဒီနိုင်ငံက ခွာတဲ့အခါမှာ တစ်ပါးသူတွေရဲ့အတင်းအဖျင်းစကားတွေကနေ ကင်းရှင်းအောင်နေနိုင်တယ်ဆိုရင် လုပ်လိုက်ပါတဲ့။

    ကျွန်မရဲ့ဖခင်က မိခင်လောက် ဘာသာရေးကိုင်းရှိုင်းမှု မရှိပါဘူး။ ဒါပေမယ့် လူထုအမြင်ပိုင်းဆိုင်ရာတွေမှာ တော်တော်နှံ့စပ်ပါတယ်။

    ဒီလိုဆုံးဖြတ်ဖို့ အကြောက်ကြီးကြောက်နေခဲ့တာကို ကျွန်မ ကောင်းကောင်းမှတ်မိနေပါတယ်။ ဒါဟာ ကျွန်မဘ၀ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ခုလို့ ကျွန်မ ထင်မြင်ခဲ့မိတယ်။ ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။

    ကျွန်မ ဒါကို ဖယ်ရှားချင်တာက ပိုပြီး သဘာဝဆန်ချင်လို့လေ။ ဦးခေါင်းခြုံထားပြီး မျက်နှာမှာ မိတ်ကပ်အဖွေးသားနဲ့ ကောလိပ်သွားတက်မယ့် ကျွန်မဟာ အိပ်ရာထသွားတိုက်နေတဲ့ မှန်ထဲက ကျွန်မပုံနဲ့ လုံးဝကွဲပြားနေတာမျိုး ကျွန်မ မနှစ်သက်ပါဘူး။ ကျွန်မဟာ ကျွန်မသိတဲ့ ရီဟမ်းဆိုတဲ့ ကျွန်မပင်ကိုယ်ပုံစံအတိုင်းပဲ တတ်နိုင်သမျှ ဖြစ်နေချင်ပါတယ်။

    ပထမရက်ပိုင်းတွေမှာ စိတ်ရှုပ်ထွေးနောက်ကျိနေခဲ့တယ်။ ရှေ့ဆက်ရမှာကိုလည်း ပူပန်စိုးရိမ်နေခဲ့တယ်။ ၁၀ နှစ်ကျော် ဖုံးကာထားခဲ့ပြီးနောက် ကျွန်မရဲ့ဆံပင်ကို ဘယ်လို ကရုစိုက်ရမယ်ဆိုတာ ကျွန်မ တကယ်ကို မသိခဲ့ဘူး။ ရုတ်တရက်ဆိုတော့ ကြောင်စီစီ ဖြစ်နေသလိုပါပဲ။ လပေါင်းများစွာလွန်မြောက်ပြီးတဲ့အခါမှာ ကျွန်မ နေသားကျသွားခဲ့ပါတယ်။

    ခုဆိုရင် ကျွန်မရဲ့ဆံနွယ်က ကျွန်မရဲ့အဓိကအစိတ်အပိုင်းတစ်ခုဖြစ်နေပါပြီ။ ရှုပ်ပွနေသည်ဖြစ်စေ သန်စွမ်းနေသည်ဖြစ်စေ အဲ့ဒါက ကျွန်မရဲ့စရိုက်လက္ခဏာကို ထင်ဟပ်နေစေပါတယ်။ ဒါကို နောင်တရမနေပါဘူး။ တစ်နေ့နေ့ ကျွန်မ ဟိဂျာ့ဗ် ပြန်ဆောင်းပါဦးမလားလို့ မေးရင် ပြန်ဝတ်ကောင်းဝတ်ပါလိမ့်မယ်၊ ဒါပေမယ့် အဲ့ဒီလိုအမြင်မျိုး ယခုချိန်မှာ မရှိသေးပါဘူးလို့ ပြောချင်ပါတယ်။

    (မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

    ပြန်ဆိုသူ – သြရသ ရေချမ်း

    ဖော်ပြခဲ့ပြီးသော အပိုင်းများ

    အပိုင်း(၁)

    အပိုင်း(၂)

    အပိုင်း(၃)

    အပိုင်း(၄)

     

  • ဂျာနယ်လစ်များ နှိပ်ကွပ်ခံရမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

    ဂျာနယ်လစ်များ နှိပ်ကွပ်ခံရမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

    ဒီဇင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    jouranl

    – ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အစိုးရများ၏ ဖမ်းဆီးအကျဉ်းချခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၂၅၉ ဦး ရှိခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးဖြစ်သည်ဟု ဂျာနယ်လစ် ကာကွယ်ရေးကော်မတီ (CPJ) က ပြောကြားလိုက်သည်။

    CPJ မှာ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေသည့် အကျိုးအမြတ်မယူသော အဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ဖမ်းဆီးအကျဉ်းကျခံရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၁၉၉ ဦး ရှိသော်လည်း ယခုနှစ်အရေအတွက်မှာ ၎င်းတို့ စတင် စစ်တမ်းကောက်ယူခဲ့သည့် ၁၉၉၀ နောက်ပိုင်း အမြင့်ဆုံးပမာဏဟု ဆိုသည်။

    ယခု အရေအတွက်တွင် ပျောက်ဆုံးသွားသူများ၊ သို့မဟုတ် အစိုးရမဟုတ်သည့် အဖွဲ့များမှ ဖမ်းဆီးထားသူများ မပါဝင်ပေ။

    ဂျာနယ်လစ်များကို ဖမ်းဆီးအကျဉ်းချမှုတွင် တူရကီနှင့် တရုတ်နိုင်ငံတို့က ဦးဆောင်နေပြီး အီဂျစ်နိုင်ငံက တတိယနေရာလိုက်နေသည်။ ယခုနှစ်တွင် ထူခြားချက်တစ်ခုမှာ ၂၀၀၈ ခုနှစ်ကတည်းက ဂျာနယ်လစ်များအား အကျဉ်းချသည့် ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သောအီရန် ပြုတ်သွားခြင်းဖြစ်သည်။

    CPJ ကမူ ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲအပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့် ဂျာနယ်လစ်များမှာ အပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်သွားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

    တူရကီနိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်နေ့အထိ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် ဂျာနယ်လစ်အရေအတွက်မှာ ၈၁ ဦးရှိနေပြီး အားလုံးမှာ နိုင်ငံတော်ပုန်ကန်မှုစွဲချက်ကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံတွင်မူ ဂျာနယ်လစ်စုစုပေါင်း ၃၈ ဦး ဖမ်းဆီးခံထားရပြီး ၂ နှစ်အတွင်း ဂျာနယ်လစ်များကို အနှိပ်ကွပ်ဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

    Ref: Aljazeera

  • “NV Card နှင့် သမိုင်းဝှက်ဖဲ” (ကဗျာ)

    “NV Card နှင့် သမိုင်းဝှက်ဖဲ” (ကဗျာ)

    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၆
    သိန်းမိုးဝင်း (Sydney) ရေးသည်။

    လ၀က အတွင်းဝန်မှ အစ္စလာမ်ဘာသာဝင်တွေကို သီးသန့်ခေါ်ယူတွေ့ဆုံ၍ National Verification Card (NVC) ထုတ်ပေးမည့်ကိစ္စ ဆွေးနွေးခြင်းအပေါ် ယခင့်ယခင် ခေတ်အဆက်ဆက် မြန်မာတွေ၏ စည်းလုံးမှုကို ခွဲလိုလျှင် လူနည်းစု ဘာသာဝင်များအား Target ထား အစီအမံတွေ ပြုခဲ့ဖူးသည်တို့ကို မီးမောင်းထိုးပြရင်း.. ဤကဗျာလေးကို ရေးမိသည်။ စိတ်ရှည်သည်းခံပြီး အဆုံးထိဖတ်ပေးပါလို့…

    no-nvc

    “NV Card နှင့် သမိုင်းဝှက်ဖဲ”

    နယ်ချဲ့ကျွန်သပေါက် လွတ်မြောက်ပုံ
    စည်းလုံးကုန် မြန်မာ့အားမာန်ကြောင့်ဟု
    ဗိုလ်နေ၀င်း အတွေးပေါက်လေတော့
    ခွဲခြား-အုပ်ချူပ် မင်းသက်ဆိုး ရှည်ရေး
    ဘာသာမတူ လူနည်းစုတွေအား
    ပစ်မှတ်ထား ကြံစည်ကာလို့
    နယ်ချဲ့ကုလားဖြူ သယောင်
    “ကုလား” ဟဲ့ “ကုလား” ဟု
    ခွဲခြားကာ တွင်တွင်သုံးလာတော့
    နောက်ရာက နှောက်သွား
    ဟော အမှားက အမှန်ဖြစ်လို့
    တို့မြန်မာတွေ အသိမကူခင်
    အက်ကြောင်းမျှင် ထင်ခဲ့ပြီပေါ့။

    8888 အရေးတော်ပုံ
    အလုံးစုံ ပြည်သူ့အားမာန်ကြောင့်
    အာဏာရှင် တံတိုင်းပြိုလေတော့
    ပြည်သူကွဲ စစ်အာဏာမြဲဖို့အရေး
    ဘာသာမတူ လူနည်းစုတွေအား
    မြန်မာတွေအကြား ဗလာတွေပါလို့
    ပလီပလာ ရွှီးသယောင်
    “ဧည့်သည်” ဟဲ့ “ဧည့်သည်”
    သွေးနှောတဲ့ ထို “ဧည့်သည်”
    လူမျိုးခြား ထိုလူရှုတ်တွေရယ်
    သာကီ နဲ့ ကွာလှတယ် ဟု
    ရည်ရွယ်ကာ ၀ါဒဖြန့်လေတော့
    နဲ့ရာက နှဲ့သွား
    ဟော စကားက တရားဖြစ်လို့
    တို့မြန်မာတွေ သတိမမူခင်
    အက်ကြောင်းမျှင် ထင်ခဲ့ပြန်ပြီပေါ့။

    အရေးရှိ သွေးနီးကြပုံ
    ညီညွတ်ဆုံ ထိုခွန်အားတွေကြောင့်
    သက်ဆိုးမရှည် ကံခေမှာကြောက်လေတော့
    တစ်သက်မထွက် အာဏာဆက်ရန်အရေး
    နိုင်-ကဒ်ပြား အသွင်သစ်အောက်
    တိုင်းရင်းသား “မြန်မာ-မူဆလင်” ကိုဖျောက်လို့
    နယ်ခြားလူမျိုးစုံအမည် ထည့်သွင်းလေတော့
    နစ်ရာက နှစ်သွား
    ဟော မရှိက အရှိဖြစ်လို့
    တို့မြန်မာတွေ ကြည့်အတူထင်နေစဉ်
    အက်ကြောင်းမျှင် ထပ်ထင်ခဲ့ပြီပေါ့။

    2015 ရွေးကောက်ပွဲ အကုန်
    မဲပေးပုံ တို့လက်သန်းမှင်တွေကြောင့်
    စစ်တစ်ပိုင်း အစိုးရ ဈာန်ကျပြီဆိုတော့
    လူမျိုးစုံ ခွန်အားကုန်သုံး
    ရုန်းထဖို့ တို့မြန်မာပြင်
    နှစ် 20 သံဓိဌာန် ခင်းချိန်
    လာပြန်ပြီ NV ကဒ်ဗျို့
    ရည်ရွယ်ကာ လူနည်းစုဘာသာဝင်တို့
    ပြည်တွင်းနှင့် နယ်စပ်အရေးမို့ပါဟု
    အတွင်းဝန် စကားချိုသွေးပြန်လေတော့
    မွေးရာပါ နိုင်ငံသားတွေမို့
    ဤဘာသာ၊ ထိုလူမျိုး မထည့်စေလို
    ခြေဥကိုတည် မြန်ဆန်စိစစ်ပြီးဆိုက
    တန်းတူညီ နိုင်-ကဒ်သာပေးစေလိုကြောင်း
    သီလ သမာဓိရှင်
    အမေစုကို အသနားလွှာတင်ရင်း
    ဟော ဥာဏ်နှင့်သမိုင်း ယဉ်လို့
    အက်ကြောင်းမျှင် ထပ်မထင်ခင်
    တို့မြန်မာ အသိသညာဝင်သင့်ပြီပေါ့။

    သိန်းမိုးဝင်း (Sydney) 14-ဒီဇင်ဘာ-2016

    ** M-Media သို့ စာရေးသူမှ အီးမေးလ်မှ တဆင့် ဆက်သွယ်ပေးပို့လာသော ကဗျာ ဖြစ်ပါသည်။

  • အခြေခံဥပဒေပြင်ဆင်ရေး ငှက်ဆိုးထိုးသံ

    အခြေခံဥပဒေပြင်ဆင်ရေး ငှက်ဆိုးထိုးသံ

    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၆
    ပြည်ချစ်ပို ရေးသည်။
    2008
    ငှက်ဆိုးထိုးသံကြားလျှင် နိမိတ်မကောင်း၊ သေမင်းတမန်ပင် တံခါးဝရောက်လာနိုင်သည်ဟူ၍ မြန်မာတို့ အယူ အဆရှိကြသည်။ မြန်မာပြည်သူလူထုအများစုက ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်လိုကြသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအသံကြားတိုင်း ငှက်ဆိုးထိုးသံကြားဘိအလား၊ စိုးရိမ်ကြသည့်အစု သုံးစုရှိသည်။ အစုသုံးစုတို့မှာ စိုးရိမ်မှုအသီးသီးရှိကြသော်လည်း စိုးရိမ်ကြပုံခြင်းမတူညီကြပေ။ အစုသုံးစုတို့က ဘယ်သူတို့နည်း၊ ဘာကို ဘာ့ ကြောင့်စိုးရိမ်ကြသနည်း။
    ထိုအစုများအနက် တစ်စုမှာ အခြေခံဥပဒေပြင်ဆင်မည်ကိုလုံးဝ လိုလားခြင်းမရှိသော အစုဖြစ်သည်။  စစ်ဗိုလ်ချုပ် များနှင့်၎င်းတို့၏အဆက်အနွယ်များအစုဖြစ်သည် ။

    စစ်ဗိုလ်ချုပ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၁၃ နှစ်ကြာအချိန်ယူ၍ ၎င်းတို့ ကမကထပြု ရေးဆွဲခဲ့သည်။ ၎င်းတို့မှ နိုင်ငံရေးအာဏာ ထိန်းချုပ်ထားနိုင်ရန် ထိုအခြေခံဥပဒေအားဖြင့် အခိုင်အမာ ပြုထား သည်။ အခြေခံဥပဒေအရ အရပ်သားများ သမ္မတဖြစ်ကောင်းဖြစ်နိုင်သော်လည်း စစ်ဦးစီချုပ်က ထိုသမ္မတထက် အာဏာပိုရှိစေရန် ဖန်တီးထားသည်။ ဤကဲ့သို့ အာဏာအခိုင်အမာပြုထားသော  အခြေခံဥပဒေအား လူထုမှ ပြင်ဆင်လိုက်မည်ကို၎င်းတို့ အထူးစိုးရိမ်သည်။ ပြင်ဆင်လိုက်လျှင် အနှစ်၅၀ ကျော်ကိုင်စွဲလာသော အာဏာ သေသွားမည်ဖြစ်သည်။ ထို့အပြင် အရပ်သားအစိုးရ လက်အောက်တွင် အမှုထမ်းရမည်ကို ၎င်းတို့ လုံးဝမလို လားပေ။ မည်သို့ဆိုစေ တချိန်မဟုတ်တချိန်၊ တနေ့မဟုတ်တနေ့တွင် ပြည်သူများက အခြေခံဥပဒေကို မြေကြီး လက်ခတ်မလွဲ ပြင်ဆင်းသွားကြမည်ဖြစ်ပေသည်။ သို့သော် စစ်ဗိုလ်များက ရသမျှအချိန်ဆွဲထား လိုသည်။ ထိုကြောင့်လည်း အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက် ရေးသည် တပ်မတော်၏ တာဝန် ဟုကြွေးကြော် ထားသည်။ လိုအပ်သလို အသုံးချနိုင်ရန်အရပ်သား ကျောထောက်နောက်ခံ အင်အားစုကိုလည်း ဖန်တီးထား သည်။ အခြေခံဥပဒေပြင်ဆင်ရန် တာစူနေမှုများ ကိုလည်း ၎င်းတို့က မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ အခြေခံဥပဒေပြင်ဆင်ရန် အသံများပေါ်ထွက်လာသောအခါ များတွင် ပြည်သူတို့၏အာရုံတွင် တပ်မတော်ကို မြင်ယောင်လာစေရန် ဖေါ်ဆောင်ပြသလေ့ရှိသည်။

    အခြေခံဥပဒေ ပြင်ဆင်ရေး အသံပေါ်လာတိုင်း စိုးရိမ်စိတ်ဖြစ်ပေါ်လေ့ရှိသော အခြားအစုတစ်စုမှာ တိုင်းရင်းသား အင်အားစုများ အထူးသဖြင့်လက်နက်ကိုင် အင်အားစုများ ထိန်းချုပ်ရာဒေသများမှတိုင်းရင်းသားများဖြစ်သည်။

    ၎င်းတို့သည် ၂၀၀၈ အခြေခံဥပဒေကိုမနှစ်သက်သူများဖြစ်သော်လည်း  အခြေခံဥပဒေပြင်ဆင်ရေးကို စိုးရိမ်သူ များ မဟုတ်သလို အခြေခံဥပဒေမပြင်ရေးအတွက် စိုးရိမ်သူများလည်းမဟုတ်ကြပေ။ အခြေခံဥပဒေပြင်ဆင် ရေး လေသံမြှင့်လာတိုင်း ၎င်းတို့ဒေသတွင် တပ်မတော်ထိုးစစ် နှင့်ကြုံရတတ်သောကြောင့်စိုးရိမ်ကြခြင်းဖြစ်သည်။

    ၂၀၁၀ ခုနှစ်အကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လူထုအကြား အခြေခံဥပဒေပြင်ဆင်ရေး လေသံမြှင့်လာသည့်ကာလတွင် ကေအိုင်အို ကချင် ထိန်းချုပ်နယ်မြေမှာ  တပ် မတော်မှ ထိုးစစ် (လေကြောင်းတိုက်ခိုက်မှု အပါအဝင်) ကြုံခဲ့ရလေသည်။ နောက်ပိုင်းတွင် ပလောင်ဒေသ၊ ရှမ်းပြည်လက်နက်ကိုင်အင်အားစု ထိန်းချုပ်ရာဒေသများလည်း ထိုးစစ်နှင့်ကြုံခဲ့ရပေသည်။

    ၂၀၁၂ ခုနှစ်  ကြား ဖြတ်ရွေးကောက်ပွဲအပြီးတွင်လည်း ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာပတ်ဝန်း ကျင်အား လေယာဉ်ဖြင့်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ (ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်တွင်းမှ အခြေခံဥပဒေပြင်ဆင်သွားမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ရွေးကောက်ပွဲဝင်ရာတွင်  အမတ်နေရာ ၄၄  နေရာအတက် ၄၃ နေရာတွင် အနိုင် ရရှိခဲ့သည်)

    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှဦးဆောင်ကာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပသည်။ ထိုညီလာခံတွင် အခြေခံ ဥပဒေပြင်ဆင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း ပြီးနောက် ရွေးကောက်ပွဲပြုလုပ်သွားရန် လမ်းကြောင်း ချခဲ့သည်။ ထိုညီလာခံနှင့် မရှေးမနှောင်းတွင် ကေအိုင်အို နယ်မြေတွင် စစ်ပွဲအရှိန်မြှင့်လာခဲ့သည်။ ပလောင်နယ်မြေ၊ ရှမ်းနယ်မြေများတွင် လည်း စစ်ပွဲပြင်းထန်လျက် ရှိသည်။ အခြေခံဥပဒေ ပြင်ဆင်မည့်အသံ ထွက်ပေါ်လာလေတိုင်း တိုင်းရင်းသားပြည်နယ်များ အထူးသဖြင့် လက်နက်ကိုင် အင်အားစုများထိန်းချုပ်ရာနယ်မြေများရှိ တိုင်းရင်းသားကျေးရွာများမှ ပြည်သူများမှာ ဘေးဒုက္ခ ကျရောက်မည်ကို စိုးရိမ်ပူပန်ကြရသည်။

    တတိယအစုမှာ- မွတ်စလင်များ (အထူးသဖြင့်ရိုဟင်ဂျာမွတ်စလင်များ) ဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး လေသံကျယ်လောင် လာတိုင်း အဆိုပါအစုမှာလည်း အတွေ့အကြုံများ အရ ထိလွယ်ရှလွယ် အန္တရာယ်နှင့် ကြုံရနိုင်ကြောင်းတွက်ဆ၍ စိုးရိမ်လေ့ရှိကြသည်။
    ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်နေရာ ၄၄ အနက် ၄၃ နေရာ အနိုင်ရသည်။ မေလတွင်  ရခိုင်မိန်းကလေး မသီတာထွေး မုဒိမ်းကျင့် အသတ်ခံရသည့်သတင်း တနိုင်ငံလုံးသို့ ပြန့်နှံ့ စေခဲ့သည်။ သမ္မတရုံး ညွန်ကြားရေးအရာရှိ ဦးဇော်ဌေး (မှူးဇော်)သည် ၎င်း၏ ဖေစ်ဘုတ်မှတဆင့် အဆိုပါကိစ္စကို မီးထိုးပေးခဲ့သည်။ အကျိုးဆက်အနေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌ လူမျိုးရေးအဓိကရုန်းစတင်ဖြစ် ပွားသွားလေတော့သည်။ ၂၀၁၂ အောက်တိုဘာလမှ အစွန်းရောက် ဗုဒဘာသာတို့မှ မြန်မာမွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။ ၆ လအတွင်း အဓိကရုန်းကြောင့် မွတ်စလင်အများအပြားသေဆုံးပြီး အိုးမဲ့ အိမ် မဲ့ဖြစ်ကြရသည်၊ ရိုဟင်ဂျာ တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကာ စခန်းသွင်းခံကြရသည်။

    ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ၂၁ ရာစုပင်လုံညီ လာခံကျင်းပသည်။ ထိုညီလာခံပြီးနောက် မကြာမီတွင် မောင်းတောမြို့ နယ်တွင် နယ်ခြားစောင့်တပ်စခန်း ၃ခု ကို အမည်မသိ အကြမ်းဖက်အုပ်စုမှ ဝင်တိုက်သဖြင့် တပ်မတော်နှင့် ပြည်သူ့ရဲများ ပူးပေါင်းကာ နယ်မြေရှင်း လင်းရေးဆောင်ရွက်ရာရိုဟင်ဂျာ မွတ်စလင်ရွာများ မီးရှို့ခံကြရကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။ ပြည်တွင်းနှင့်နိုင်ငံခြား သတင်းထောက်များ ထိုဒေသသို့ သွားရောက်ခွင့်မပြုသောကြောင့် ယုံကြည်ရသော အဖြစ်မှန်သတင်းကို သိနိုင်ခွင့် မရကြသော်လည်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရိုဟင်ဂျာ အမျိုးသမီးများ၊ ကလေးများ အသတ် ခံရသည့်သတင်းများ၊ ရိုဟင်ဂျာရွာသားများ အတိဒုက္ခရောက်ရသည့် သတင်းများနေ့စဉ် ထွက်ပေါ်လျှက်ရှိသည်။

    ခြုံ၍ဆိုရပါလျှင် ၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီ အခြေခံများနှင့်မကိုက်ညီ၊ နိုင်ငံတကာအခြေခံ ဥပဒေစံနှင့် မကိုက်ညီသောကြောင့် ပြင်ဆင်ပစ်ရမည်မှာ အမှန်ပင်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရေးလေသံ မြှင့်တက်လာတိုင်း တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်သည့်ဒေသနေပြည်သူများမှာမူ တပ်မတော် ထိုးစစ်နှင့်ကြုံရလေ့ရှိကြသည်။ ထို့အတူ မွတ်စလင်များ အထူးသဖြင့် ရခိုင်ပြည်ရှိ  ရိုဟင်ဂျာမွတ်စလင်များမှာ တစ်မျိုးမဟုတ်တမျိုး ပြသနာရှာခံရလေ့ရှိကာ အတိဒုက္ခရောက်ကြရသည်။

    အခြေခံဥပဒေ ပြင်ဆင်ရေးလေသံ သည် တိုင်းရင်းသားလက်နက်ကိုင်ဒေသပြည်သူများနှင့် မွတ်စလင် (ရိုဟင်ဂျာမွတ်စလင်) တို့အတွက် ငှက်ဆိုး ထိုးသံများဖြစ်နေလေရော့သလားဟုတွေးမိသည်။

    အခြေခံဥပဒေပြင်ဆင်ရေးကြိုးပန်းနေသူများသည်  စိုးရိမ် ထိတ်လန့်နေသူများအတွက် အကာအကွယ်ရစေမည့် နည်းလမ်းများကိုရှာဖွေကာ အကာအကွယ်ပြုပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို လျင်မြန်စွာဆောင်ရွက်သွားသင့်ပေသည်။

    ပြည်ချစ်ပို (ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၆)

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်။