News @ M-Media

Blog

  • ဗိုလ်လုပွဲနဲ့လွဲပေမယ့် ခြေစွမ်းမရှုံးခဲ့တဲ့ မြန်မာ

    ဗိုလ်လုပွဲနဲ့လွဲပေမယ့် ခြေစွမ်းမရှုံးခဲ့တဲ့ မြန်မာ

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    thai

    – ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘန်ကောက်မြို့က ရာဇမင်္ဂလာ အားကစားကွင်းမှာ ဒီနေ့ကစားခဲ့တဲ့ ထိုင်းနဲ့မြန်မာတို့ရဲ့ ဒုတိယကျော့မှာ မြန်မာအသင်းက ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

    လူအပြောင်းအလဲနဲ့အတူ ပွဲအစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၉ မိနစ်မှာပဲ မြန်မာက ထိုင်းအသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ထိုင်းအသင်းက ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ၃၃ မိနစ်မှာတော့ အဖွင့်ဂိုး ရခဲ့ပါတယ်။ ဒီဂိုးကို တိုက်စစ်မှူး ဆရာဝပ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

    ၃၇ မိနစ်မှာ မြန်မာတို့ ဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့ပြီး အသင်းခေါင်းဆောင် ရန်အောင်ကျော် ဂိုးစည်းထိပ်ကနေ လှလှပပ ကန်သွင်းခဲ့တာကို ထိုင်းဂိုးသမား ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ဒုတိယပိုင်းအစမှာတော့ မြန်မာတိုက်စစ် ပိုသွက်ခဲ့ပြီး ၄၇ မိနစ်မှာ သန်းပိုင်ရဲ့ အပိုင်ကန်သွင်းချက် တိုင်တိထွက်ခဲ့ပါတယ်။ မိနစ် ၆၀ မှာလည်း မျိုးကိုထွန်းရဲ့ ပိတ်သွင်းချက်ကို ထိုင်းဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ၆၄ မိနစ်မှာ ဆာရာဝပ်ကို ရန်အောင်ကျော်က ဂိုးစည်းတွင်းမှာ အဖျက်ကြမ်းတဲ့အတွက် ပင်နယ်တီပေးခဲ့ရပြီး သီရာသွန် ဘူမာသန်က အမှားအယွင်းမရှိကန်သွင်းကာ တစ်ဂိုး၊ ၇၆ မိနစ်မှာ ဆီရို့ခ်ျက မြန်မာနောက်တန်းကစားသမားတွေကို လိမ်ခေါက်ပြီးတစ်ဂိုး၊ ၈၃ မိနစ်မှာ ထိုင်းကစားသမားတွေ ဂိုးစည်းထဲ အပေးအယူကနေတစ်ဆင့် ချာနာသစ်က တစ်ဂိုး သွင်းယူခဲ့ပြီး ၄ ဂိုး ဂိုးမရှိနဲ့ ပွဲပြီးခဲ့ပါတယ်။

    ဒါ့ကြောင့် ထိုင်းအသင်းဟာ နှစ်ကျော့ပေါင်း ၆ ဂိုး ဂိုးမရှိနဲ့ ဗိုလ်ပွဲတက်ခဲ့ပြီး အင်ဒိုနီးရှားနဲ့ ဒီဇင်ဘာ ၁၄၊ ၁၇ တို့မှာ ၂ ကျော့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

    မြန်မာအသင်းကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံးခြေစွမ်းနဲ့ အကောင်းဆုံးတိုက်စစ်ကို ပြသွားခဲ့ပြီး ကံတရားရဲ့ ဖေးမမှုမရှိခဲ့တာနဲ့ ထိုင်းဂိုးသမားကောင်းလွန်းတာ၊ မြန်မာနောက်တန်းက လူကပ်ကစားပုံ မသေသပ်တာကြောင့် လိုချင်တဲ့ရလဒ်ကို မရခဲ့တာဖြစ်ပါတယ်။

  • ဆော်ဒီက ဗီဇာကြေးရုပ်သိမ်းမှုသတင်း မဟုတ်မှန်

    ဆော်ဒီက ဗီဇာကြေးရုပ်သိမ်းမှုသတင်း မဟုတ်မှန်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    umrah

    – အောက်တိုဘာ ၂ ရက်နေ့မှစ၍ အကျုံးဝင်သည့် ဆော်ဒီအာရေဗျ၏ ဗီဇာကြေး တိုးမြှင့်သတ်မှတ်မှုကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်၏ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ထိုသတင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံတကာ သတင်းစာမျက်နှာ၌ ပြန့်နှံ့ခဲ့ပြီး ရီယာ့ဒ်ရှိ မလေးရှားသံရုံးက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းမှုတွင် ဒီဇင်ဘာ ၆ ရက်နေ့အထိ အစိုးရက ထိုကဲ့သို့ ဗီဇာကြေးရုပ်သိမ်းသည့် သတင်းမျိုး ထုတ်ပြန်ခဲ့ခြင်းမရှိဟု ဆိုသည်။

    ကွာလာလမ်ပူရှိ ဆော်ဒီသံရုံးကလည်း ဆော်ဒီအစိုးရထံမှ ဗီဇာနှင့်ပတ်သက်သည့် ညွှန်ကြားမှုအသစ် ရရှိခြင်းမရှိဟု အတည်ပြုခဲ့သည်။

    “ဒါ့ကြောင့် ရှုပ်ထွေးမှုတွေမဖြစ်အောင် မခိုင်မာတဲ့သတင်းတွေကို မယုံကြည်ဖို့ မီဒီယာနဲ့ ပြည်သူလူထုကို တိုက်တွန်းပါတယ်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ဗီဇာနှင့်ပတ်သက်၍ မည်သည့်ပြောင်းလဲမှုမျိုးမဆို ဆော်ဒီအစိုးရက ၎င်းတို့၏ သံရုံးများနှင့် တရားဝင်မီဒီယာမှတစ်ဆင့် ကြေငြာသွားမည်ဖြစ်ကြောင်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီက အောက်တိုဘာ ၂ ရက်နေ့ကစ၍ ပြင်ဆင်သတ်မှတ်လိုက်သည့် ဗီဇာကြေးမှာ နိုင်ငံအားလုံးအပေါ် သက်ရောက်မည်ဖြစ်သည်။

    အဆိုပါ ဗီဇာကြေားတွင် ပထမဆုံး ဟဂ်ျနှင့် အွမ္မရာဟ် လာရောက်သည့်သူမှလွဲ၍ အခြားလည်ပတ်သူများမှာ တစ်ဦးလျှင် ဗီဇာကြေး ရီယဲလ် ၂၀၀၀ (ကန်ဒေါ်လာ ၈၀၀) ခန့် ပေးဆောင်ရမည်ဖြစ်သည်။

    Ref: Freemalaysiatoday

  • ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီ (သို့မဟုတ်) အာဖဂန်အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှု ပြယုဂ်

    ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီ (သို့မဟုတ်) အာဖဂန်အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှု ပြယုဂ်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    afghan
    အာဖဂန်နစ္စတန်၏ ဒုတိယမြောက် အမျိုးသမီးလေယာဉ်မှူး ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီ

    – ကလေးငယ်ဘ၀ကို ဒုက္ခသည်အဖြစ် ဖြတ်သန်းခဲ့ရသည့် ဗိုလ်ကြီး ဆာဖီယာ ဖေရိုဇီတစ်ယောက် ယခုတွင်တော့ နိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီး လေယာဉ်မှုးအဖြစ် အာဖဂန်လေတပ်၏ သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ကိုင်တွယ်မောင်းနှင်နေရသည်။ ထိုအချင်းအရာက အာဖဂန် အမျိုးသမီးများ စစ်တပ်သို့ ပိုမိုဝင်ရောက်လာစေရေး ကြိုးပမ်းမှု၏ လက္ခဏာတစ်ရပ်လည်း ဖြစ်လေသည်။

    အသက် ၂၆ နှစ်အရွယ်ရှိ ဖေရိုဇီ၏ ဘ၀လက်တွဲဖော်က တပ်ဖွဲ့တစ်ခုတည်းမှ လေယာဉ်မှူးဖြစ်ပြီး၊ ၎င်းတို့မှာ တာလီဘန်များ၏ သူပုန်ထမှုကို တွန်းလှန်ရာတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် ကြိုစားနေသော အာဖဂန်လေတပ်၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

    “စစ်ယူနီဖောင်းကို ၀တ်လိုက်တဲ့အခါမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မ အရမ်းအရမ်းကို ဂုဏ်ယူမိပါတယ်” ဟု မြို့တော်ကဘူးလ်ရှိ လေတပ်အခြေစိုက်စခန်းတွင် လောဉ်မောင်းနှင်ရန် ပြင်ဆင်နေသည့် ဖေရိုဇီက ပြောကြားခဲ့သည်။ သူမ မောင်းနှင်သည့် လေယာဉ်က စစ်တပ်အတွက် သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုသည့် C-208 လေယာဉ် ဖြစ်သည်။

    ၂၀၀၁ ခုနှစ်က အမေရိကန်ဦးဆောင်သည့် ကျူးကျော်တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွအစိုးရ ပြုတ်ကျပြီး ၁၆ နှစ်နီးပါး ကြာညောင်းလာသည့်အချိန်တွင် အာဖဂန်အမျိုးသမီးများမှာ လွှတ်တော်၊ အစိုးရအဖွဲ့နှင့် စစ်တပ်တို့အပါအ၀င် လူ့အဖွဲ့အစည်းတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် စိုင်းပြင်းနေကြသည်။ သို့သော် အမျိုးသမီးများမှာ အိမ်တွင်းပုန်းရမည်ဟု အများစုက ယူဆနေပြီး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် အာဖဂန် ရှေးရိုးစွဲလူ့အဖွဲ့အစည်းတွင် ၎င်းတို့မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ပင် ရှိနေသေးသည်။

    ၁၉၉၀ ပြည့်နှစ်များက အာဖဂန် စစ်ဘုရင်များအကြား ပြည်တွင်းစစ်ဖြစ်စဉ် ဖေရိုဇီမှာ ကလေးသာ ရှိသေးပြီး ၎င်း၏မိသားစုမှာ ကဘူးလ်ရှိနေအိမ်မှ ထွက်ပြေးကာ ပါကစ္စတန်တွင် ခိုလှုံခဲ့ရသည်။ ထို့နောက် တာလီဘန်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အာဖဂန်သို့ ပြန်လာခဲ့သည်။

    တာလီဘန်အလွန် အာဖဂန်တွင် အထက်တန်းကျောင်းတက်ခဲ့သည့် ဖေရိုဇီမှာ အမျိုးသမီးများ စစ်တပ်ထဲသို့ဝင်ရန် တိုက်တွန်းသည့် တီဗီကြော်ငြာတစ်ခုကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဘွဲ့ရပြီးနောက်ပိုင်းတွင် သူမမှာ စစ်တက္ကသိုလ်သို့ တက်ရောက်ရန် စာရင်းပေးခဲ့ပြီး ဆက်သွယ်ရေးအရာအရှိတစ်ဦးအဖြစ် လေ့လာသင်ယူခဲ့သည်။ ထို့နောက် လေတပ်တွင် အမျိုးသမီး လေယာဉ်မှူးများ အလိုရှိနေသည်ဟု စစ်တက္ကသိုလ်တွင် ကြေငြာမှုနှင့် ကြုံတွေ့ရပြန်သည်။

    သူမနှင့် အခြား အမျိုးသမီး ၁၂ ဦးမှာ ထိုနေရာအတွက် လျှောက်ထားခဲ့ကြပြီး သင်တန်းတက်ရောက်ရန် စမ်းသပ်မှုကိုတော့ ဖေရိုဇီတစ်ယောက်တည်းသာ အောင်မြင်ခဲ့သည်။

    နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်ရှိ လေတပ်စခန်းတွင် သင်တန်းတက်နေစဉ် ဖေရိုဇီမှာ ဗိုလ်ကြီး မိုဟာမက် ဂျာဝဒ် နာဂျာဖီနှင့် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် သူမ၏ခင်ပွန်း ဖြစ်လာခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ လွန်ခဲ့သည့် ၂ နှစ်က အိမ်ထောင်ကျခဲ့ခြင်းဖြစ်ပြီး၊ နာဂျာဖီက ဇနီးသည်၏ ရည်ရွယ်ချက်အတွက် အပြည့်အ၀ ထောက်ခံအားပေးခဲ့သည်။

    ၂၀၁၅ ခုနှစ် သင်တန်းအောင်မြင်ခဲ့ပြီးနောက် ဖေရိုဇီမှာ နာဂစ်ဟုခေါ်သည့် သမီးငယ်လေးတစ်ဦးကို မွေးဖွားခဲ့သည်။ သမီးငယ်လေးမှာ ယခုအတွင် အသက် ၈ လ ရှိပြီဖြစ်ပြီး ဖေရိုဇီမှာလည်း လေယာဉ်မှူးအဖြစ် အလုပ်ပြန်ဝင်နေလေပြီ။ အာဖဂန်စစ်တပ်တွင် ဖေရိုဇီမှာ ဒုတိယမြောက် အမျိုးသမီးလေယာဉ်မှူးဖြစ်ပြီး လက်ရှိတွင် အခြားအမျိုးသမီး ၅ ဦးမှာလည်း လေယာဉ်မှူးသင်တန်း တက်ရောက်နေ၏။

    ၂၀၁၃ ခုနှစ်က ဗိုလ်ကြီး နီလိုဖာရ် ရဟ်မာနီမှာ နှစ်ပေါင်း ၃၀ အတွင်း အာဖဂန်၏ ပထမဆုံး အမျိုးသမီးလေယာဉ်မှူး ဖြစ်လာခဲ့သည်။ သူမမှာ နိုင်ငံတွင် ဂျက်လေယာဉ်မောင်းရသည့် ပထမဆုံး အမျိုးသမီးလေယာဉ်မှူးလည်း ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်မှ ကျောထောက်နောက်ခံပြုထားသည့် အစိုးရလက်ထက်တွင် အာဖဂန်၌ ရဟတ်ယာဉ်မောင်းနှင်သော အမျိုးသမီး လေယာဉ်မှူးများ ရှိခဲ့သည်။ ရဟ်မာနီမှာ လက်ရှိတွင် ပိုကြီးမားသော C-130 သယ်ယူပို့ဆောင်ရေးလေယာဉ် မောင်းနှင်နိုင်ရန်အတွက် အမေရိကန်တွင် သွားရောက် သင်တန်းတက်နေသည်။

    ဖေရိုဇီကတော့ အခြားအမျိုးသမီးများအနေဖြင့် သူမကိုကြည့်၍ အားကျစေချင်သည်ဟု ပြောကြားခဲ့သည်။

    “အမျိုးသမီးတစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေ တော်တော်များများကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို တစ်နည်းနည်းနဲ့တော့ ရင်ဆိုင်ဖြေရှင်းရတာပါပဲ”

    အာဖဂန်၏ ၁၉၅၀၀၀ သော စစ်အင်အားတွင် အမျိုးသမီးစစ်သည်မှာ ၁၈၀၀ ၀န်းကျင်ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး မိုဟာမက် ရဒ်မာနစ်ရှ်က ဆိုပြီး၊ အမေရိကန်နှင့် နေထိုးအဖွဲ့တို့က ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်စစ်တပ်မှာ လာမည့် ၇ နှစ်အတွင်း လက်ရှိ အရေအတွက်၏ ၁၀ ရာခိုင်နှုန်းအထိ တိုးလာရေး ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။

    အာဖဂန်၏ လေတပ်မှာ လေယာဉ် အစီး ၁၀၀ ကျော်သာရှိသည့် တပ်ငယ်လေးဖြစ်ပြီး နှစ်ပေါင်းများစွာကြာ လစ်လျူရှုခြင်း ခံခဲ့ရသည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်တွင် နေတိုးအဖွဲ့နှင့် အမေရိကန်တို့က သင်တန်းများပေးခြင်း၊ လက်နက်ကိရိယာများ တပ်ဆင်ပေးခြင်းဖြင့် အင်အားကြီးမားလာစေရန် အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ အာဖဂန်လေတပ်ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ အပေါ့စား တိုက်လေယာဉ်များမှာ ယခုနှစ်အတွင်း စစ်ဆင်ရေးများတွင် ပါဝင်နေသော်လည်း သူပုန်များအား အဓိကတိုက်ခိုက်မှုကို နေတိုးအဖွဲ့ကသာ ပြုလုပ်နေခြင်းဖြစ်သည်။

    အာဖဂန်လေတပ်၏ အဓိကအခန်းကဏ္ဍမှာ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေကြီးရေလျှံခြင်း၊ ရေခဲတောင်များ ပျော်ဆင်းခြင်း၊ မြေပြိုခြင်းနှင့် အခြားသော ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသူများကို ကူညီပေးလျက် ရှိနေသည်။

    Ref: AP

  • ရခိုင်ပြဿနာကို IS က အမြတ်ထုတ်နိုင်သည်ဟု မလေးရှားကာချုပ် သတိပေး

    ရခိုင်ပြဿနာကို IS က အမြတ်ထုတ်နိုင်သည်ဟု မလေးရှားကာချုပ် သတိပေး

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    malysia
    မလေးရှား စစ်တပ်အကြီးအကဲ ဇူလ်ကီဖလီ မိုဟာမက် ဇာအင်

    – ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ ကြုံတွေ့နေရသည့် ပြဿနာကို IS အကြမ်းဖက်အဖွဲ့က အမြတ်ထုတ်ကာ အရှေ့တောင်အာရှတွင် ၎င်းတို့၏ သြဇာလွှမ်းမိုးမှု ချဲ့ထွင်နိုင်သည်ဟု မလေးရှား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇူလ်ကီဖလီ မိုဟာမက် ဇာအင်က မြန်မာစစ်တပ်ခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု သိရသည်။

    ရာထူးမှ အနားမယူခင် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခုသီတင်းပတ် အစောပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ကာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုပြဿနာကို သင့်သင့်မြတ်မြတ် ကိုင်တွယ်ဖြေရှင်းရန်လည်း တိုက်တွန်းခဲ့သည်။

    ထို့ပြင် မလေးရှားနိုင်ငံအနေဖြင့် အခြေအနေကို အလေးထား စောင့်ကြည့်နေကြောင်း၊ ထိုခြိမ်းခြောက်မှုကို ကိုယ်တွယ်ဖြေရှင်းရန်မှာ အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်နေကြောင်း မလေးရှား ကာကွယ်ရေးဦးစီးချုပ်က အလေးထား ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည်တစ်ပတ်က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ပါဝင်ခဲ့ပြီးနောက် မလေးရှားနှင့် မြန်မာအကြား သံတမန်ရေးအရ တင်းမာမှု ဖြစ်ပွားခဲ့သည်။

    အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်းတွင် မြန်မာစစ်တပ်က ပြုလုပ်သော စစ်ဆင်ရေးများတွင် ဒေသခံမွတ်စလင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ တရားလက်လွတ်သတ်ဖြတ်မှုများ ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီး မြန်မာစစ်တပ်ကမူ ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။

    Ref: Freemalaysiatoday

  • ပါလက်စတိုင်းပြည်သူများအတွက် အိန္ဒိယက ဒေါ်လာ ၁.၂၅ သန်း ကူညီမည်

    ပါလက်စတိုင်းပြည်သူများအတွက် အိန္ဒိယက ဒေါ်လာ ၁.၂၅ သန်း ကူညီမည်

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    india-4

    – အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု၊ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အတိဒုက္ခရောက်နေကြသော ပါလက်စတိုင်းပြည်သူများအား ကူညီပေးနေသည့် ကုလ၏ UNRWA အဖွဲ့သို့ ကန်ဒေါ်လာ ၁.၂၅ သန်း ကူညီထောက်ပံ့သွားမည်ဟု အိန္ဒိယက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    UNRWA ၏ ၂၀၁၇ ခုနှစ် ဘက်ဂျက်အတွက် ကူညီပေးမည်ဟု ယမန်နေ့တွင် နိုင်ငံပေါင်း ၂၀ ကျော်က ကတိပြုခဲ့ပြီး အိန္ဒိယမှာ ထိုအထဲတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပခဲသော UNRWA ၏ အစည်းအဝေးတွင် ကုလဆိုင်ရာ အိန္ဒိယ၏ အမြဲတမ်းကိုယ်စာလှယ်အဖွဲ့မှ ပထမအတွင်းဝန် မာဟက်ရှ်ကူးမားရ်က ပါလက်စတိုင်းပြဿနာအတွက် သင့်မြတ်သည့်အဖြေမျိုး မတွေ့ရခြင်း၊ သာမန်ဘ၀ကို ရရှိရန် ပါလက်စတိုင်းဒုက္ခသည်များ၏ မျှော်လင့်ချက်များကို မဖြည့်ဆည်းပေးနိုင်ခြင်းတို့အတွက် ၀မ်းနည်းရသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် UNRWA အနေဖြင့် ဘဏ္ဍာရေးနှင့် လက်တွေ့ဆောင်ရွက်ရေးပိုင်းတွင် မကြုံစဖူး စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပြီး မိမိတို့ အိန္ဒိယအနေဖြင့် ပါလက်စတိုင်း တရားမျှရေးအတွက် ထောက်ခံကာ၊ ပါလက်စတိုင်းပြည်သူများနှင့် အတူအကွရှိနေကြောင်း ထပ်မံပြောကြားလိုသည်ဟု ဆိုသည်။

    UNRWA မှာ ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယား၊ အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောက်တို့ရှိ ပါလက်စတိုင်းပြည်သူ ၅.၃ သန်းကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ကယ်ဆယ်ရေး လူမှုဝန်ဆောင်မှုများ၊ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ၅၆ နှစ်ကြာ ပေးအပ်ခဲ့ရသည်။

    Ref: outlookindia