News @ M-Media

Blog

  • Time မဂ္ဂဇင်း၏ တစ်နှစ်တာအကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် ထရမ့်ရွေးချယ်ခံရ

    Time မဂ္ဂဇင်း၏ တစ်နှစ်တာအကျော်ကြားဆုံးပုဂ္ဂိုလ်အဖြစ် ထရမ့်ရွေးချယ်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    time

    – အမေရိကန်၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်မှာ Time မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ်အတွက် တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

    အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်ပြီး၊ TV အစီအစဉ်တင်ဆက်သူလည်းဖြစ်သည့် ထရမ့်မှာ နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီကလင်တန်အား အနိုင်ယူက နိုင်ငံရေးသမိုင်းတွင် မှတ်တမ်းသစ်ရယူနိုင်ခဲ့သည်။

    ထရမ့်ကမူ ထိုကဲ့သို့ Time မဂ္ဂဇင်းမှ ရွေးချယ်မှုမှာ ကြီးမားသည့် ဂုဏ်ပြုမှုတစ်ခုဖြစ်ပြီး မိမိအတွက် အလွန်အမင်း အဓိပ္ပါယ်ရှိသည်ဟု ပြောကြားခဲ့သည်။ ထရမ့်မှာ ဇကာတင်စာရင်းမှ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်၊ ဟီလာရီကလင်တန်တို့ကို ကျော်ဖြတ်ကာ ယခုကဲ့သို့ ရွေချယ်ခံခဲ့ရခြင်းဖြစ်သည်။

    ဟီလာရီကလင်တန်ကမူ ဒုတိယနေရာတွင် ရှိခဲ့သည်ဟု Time မဂ္ဂဇင်း၏ မန်းနေးဂျင်းအယ်ဒီတာဖြစ်သူ နန်ဇီ ဂစ်ဘ်က ပြောကြားခဲ့သည်။ Time ကမူ ထရမ့်မှာ အမေရိကန်၏ နိုင်ငံရေး စည်းမျဉ်းများကို ထူးခြားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ရွေးချယ်ရန်အတွက် စာဖတ်သူများထံမှ ဆန္ဒမဲ တောင်းခံခဲ့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို အယ်ဒီတာများက ပြုလုပ်ခြင်းဖြစ်သည်။

    Ref : BBC

  • မုံးကိုးရှိ ခရစ်ယာန်ဘုရားကျောင်း လေကြောင်းမှ တိုက်ခိုက်ခံရ

    မုံးကိုးရှိ ခရစ်ယာန်ဘုရားကျောင်း လေကြောင်းမှ တိုက်ခိုက်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၁၆
    M-Media

    kat

    – အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် နိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်တွင် ခရစ်ယာန်ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ဗုံးကြဲခံခဲ့ရသည်ဟု ခရစ်ယာန်ကက်သလစ် သတင်းဝဘ်ဆိုက်တစ်ခုဖြစ်သော UCA News တွင် ဖော်ပြထားသည်။

    မုံးကိုးမြို့ရှိ စိန့်ဖရန်စစ် ဇာဗီယာ ကက်သလစ်ဘုရားကျောင်းဖြစ်ပြီး စိန့်ဇာဗီယာအထိမ်းအမှတ် ပွဲတော်နေ့ဖြစ်သော ဒီဇင်ဘာ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီး၊ သီလရှင်များနှင့် ကက်သလစ်ဘာဝင် ၁၀၀၀ ခန့်မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

    မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း နေ့လည်အထိ မီးလောင်ခဲ့သည်ဟု ဆိုသည်။

    လားရှိုးမှ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး Philip Lasap Za Hawng ကမူ အချက်အလက်များ ရရှိပါက မိမိအနေဖြင့် အာဏာပိုင်များ၊ စစ်တပ်အကြီးအကဲနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ထံ စာတင်ရန် စီစဉ်ထားသညဟု ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန်လည်း အဆိုပါ ကချင်ဘုန်းတော်ကြီးက တိုက်တွန်းခဲ့သည်။

    “ဘုန်းကြီးတို့က လက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်စေချင်တာပါ”

    ၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး ကျိုးပျက်သွားပြီးကတည်းက ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု ဗြိတိန်အခြေစိုက် Christian Solidarity Worldwide အဖွဲ့က ပြောကြားခဲ့သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ကျော့ပြန်ဖြစ်ပွားလာသော တိုက်ခိုကှ်ုများကြောင့် ဒေသခံအရပ်သားများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး၊ တရုတ်ကလည်း ၎င်းတို့၏စစ်တပ်ကို နယ်စပ်တွင် တပ်ဖြန့်ချထားသည်။

    Ref : catholicphilly.com

  • လတ်တလော ရခိုင်အရေး ကျွန်တော့ အတွေး (သူ့အမြင်)

    ဒီဇင်ဘာ ၇ ၊ ၂၀၁၆
    မြင်သစ် ရေးသည်။

    _sai3865small
    ဘင်္ဂလားဒေရှ်နယ်စပ်မှ နယ်ခြားစောင့်တပ်

    အပိုင်း (၁)

    ရခိုင်အရေးက Hot topic ဖြစ်နေတော့ နည်းနည်း ရေးပါဦးမယ်။ သမိုင်းကြောင်းချီရေးတာထက် လတ်လလော အဖြစ်အပျက်ကိုပဲ သုံးသပ်ရေးမှာပါ။

    လက်နက်ကိုင်ပြီ

    နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အန်တီစု ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ကိုဖွဲ့ပြီး မကြာခင်မှာ ရခိုင်မှာရှိတဲ့ ရဲစခန်းနဲ့ ရဲကင်းတွေကို လက်နက်ကိုင် လူစုတွေက ဝင်ရောက်တိုက်ခိုက်တယ်၊ ရဲတွေရော ဝင်ရောက်တိုက်ခိုက်သူတွေထဲကရော သေတာ ထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်၊ ရဲစခန်းက လက်နက်တွေ ပါသွားတယ်။ အဲ့ဒီမှာ တပ်မတော်ဘက်ကရော NLD အစိုးရကပါ အကြမ်းဖက်ဆိုပြီး နာမည်တပ်ခဲ့ပြီး စစ်ကြောင်းရဲကြောင်းနဲ့ လိုက်လံရှင်းလင်းခဲ့ကြတယ်။

    အဲ့ဒီ့အတောအတွင်းမှာပဲ YouTubeနဲ့ လူမှုမီဒီယာမှာ ရိုဟင်ဂျာလို့ ယူဆရသူအချို့ လက်နက်တွေကိုင်ပြီး သူ့တို့ဘာသာစကားနဲ့ ဗီဒီယိုပျံ့နှံ့ခဲ့တယ်။

    အဲ့ဒီအချိန်မှာ လူမှုမီဒီယာမှာ ရို အရေးလှုပ်ရှားသူလို့ယူဆရတဲ့ သူတွေရဲ့ စာမျက်နှာတွေမှာ ဒါနဲ့ ပတ်သက်ပြီး မသေချာ မရေရာသေးတဲ့ သဘောတွေ၊ အချို့လည်း လုံးဝကို နှုတ်ဆိတ်နေတာတွေ သတိထားမိပါတယ်။ Conspiracy theory ကို ကိုင်ဆွဲပြီး တပ်မတော် ဘက်ကပဲ အတင်းအဓမ္မ ဇာတ်တိုက် လုပ်ခိုင်းတာ မျိုးဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေကိုလည်း တွေ့ရခဲ့ပါတယ်။

    အန်တီစုကလည်း တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ပြီး တရားဥပဒေနဲ့ အညီလုပ်ဖို့ တွေ့ဆုံပြောခဲ့တာမျိုး ရှိခဲ့ပါတယ်။

    နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိုးရိမ်မှုပြခဲ့ပြီး တရားမျှတစွာ လုပ်ဆောင်ဖို့ပြောကြားရင်း အစိုးရနဲ့အတူရပ်တည်ကြောင်း အစပိုင်းထုတ်တဲ့ ကြေညာချက်တွေမှာ ဖော်ပြခဲ့ကြတာကို တွေ့ရပါတယ်။

    အဲ့ဒီအချိန်မှာ ပြည်မဖက် မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းဖက်က လူသားချင်းစာနာထောက်ထားဖို့ စစ်တပ်နဲ့ အစိုးရကို အရင်အတိုင်း တောင်းဆို ဆန္ဒပြုရင်း ရိုဟင်ဂျာ အသိုင်းအဝိုင်းဖက်ကိုလည်း လက်နက်ကိုင်စွဲတာဟာ လမ်းမှန် မဟုတ်ကြောင်း အရင်အတိုင်း လူအခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်အတိုင်း ဆက်ဖို့ ဝေဖန်အကြံပြုတာတွေ တွေ့ရတယ်။ အချို့လူနည်းစုလည်း လက်နက်ကိုင်တာကို ထောက်ခံကြောင်း လူမှုမီဒီယာအရ တွေ့နိုင်ပါတယ်။

    အဲ့ဒီမှာ ရိုအရေးလှုပ်ရှားသူတွေ အပိုင်းကို ကြည့်ရင် နှစ်အုပ်စုကွဲနေတယ်လို့ ယူဆလို့ရတယ်။ အရင်အတိုင်း အကြမ်းမဖက် လူ့အခွင့်အရေးနဲ့ ဒီပြဿနာကို ချဉ်းကပ်လိုတဲ့ အုပ်စုနဲ့ လက်နက်ကိုင် အဖြေရှာမယ်ဆိုတဲ့ အုပ်စု ပါ။

    ပေါ်ထွက်လာတဲ့ ဗီဒီယိုတွေအရ လက်နက်ကိုင်တွေထဲမှာ ငယ်ရွယ်တဲ့ လူငယ်လေးတွေပါနေတာတွေ့ရတယ်။ နောက်ခံတွေကလည်း ရပ်ရွာ အခင်းအကျင်းနဲ့ဆိုတာကို တွေ့ရတယ်။

    လက်နက်မကိုင်ရေးသွား လိုသူတွေ တားနေလျက်သားနဲ့ပဲ ကျွံထွက်လာတာလား ယူဆစရာရှိပါတယ်။ ဒါပေမယ့် နှုတ်ဆိတ်နေတာကတော့ တစ်ဖက်သတ်ဖြစ်တယ် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ပဲ ပြောရမှာပါ။

    အဲ့ဒီ့အချိန်တုန်းက ပြန်ဝန်ဟောင်း ဦးရဲထွဋ်နဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့က ကိုဖီအာနန် မစ်ရှင်ဖွဲ့နိုင်တဲ့ အပေါ် နိုင်ငံတကာမှာ ရိုအရေးရဲ့ အရှိန်ကျသွားလို့ အာရုံစိုက်မှုရအောင် ဒီလိုရဲကင်းဝင်စီးတာမျိုး လုပ်တာဖြစ်နိုင်ကြောင်း လူမှုမီဒီယာမှာ သုံးသပ်ပြတာမျိုးရှိခဲ့တယ်။ ဒီသုံးသပ်ချက်ဟာလည်း အရေးအရာယူစဉ်းစားဖို့ ကောင်းပါတယ်။

    ဘယ်လိုပဲ ပြောပြောအဲ့ဒီ့အချိန်မှာ လက်နက်မကိုင်ဘူး၊ လူ့အခွင့်အရေးအရ ချဉ်းကပ်မယ်ဆိုပြီး တောက်လျှောက်လုပ်လာရာကနေ ရိုအရေးဟာ ဘောလုံးပွဲလောကစကားနဲ့ ပြောရင် လူကျွံဘောမိသွားတဲ့ အနေအထားပါ။

    နိုင်ငံတကာက ဒီမို NLD အစိုးရနဲ့ ပြောင်းလဲရေးကို အထိုက်အလျောက် လက်ခံတဲ့ တပ်မတော်နဲ့ ရပ်တည်မှုပြခဲ့တယ်။

    အကြမ်းဖက်လား လက်နက်ကိုင် ပုန်ကန်မှုလား

    နောက်ပိုင်း တပ်မတော်က စစ်ကြောင်း လိုက်ထိုးရင်း အချို့ ရိုဟင်ဂျာရွာတွေမှာ တိုက်ခိုက်မှုတွေ ထိပ်တိုက်တိုးပြီး အပြန်အလှန် တိုက်ခိုက်တာမျိုးတွေ သတင်းတွေ အရ သိရပါတယ်။

    စစ်တပ်နဲ့ အစိုးရဖက်က သတင်းတွေနဲ့ ရိုထောက်ခံသူတွေနဲ့ အရေးလှုပ်ရှားသူတွေရဲ့ သတင်းတွေကို ခြုံကြည့်ရင် ရိုးရိုးသားသားယူဆရင် နှစ်ဖက်စလုံးမှာ တစ်ဖက်သတ်ဆန်မှုတွေ ရှိနေပါတယ်။ ဒါလည်း ယုတ္တိတော့ဆန်ပါတယ်။ သတင်းဆိုတဲ့ အတိုင်း နီးစပ်ရာကို ပေးတာ စီးဆင်းတာဆိုတော့ တစ်ဖက်သတင်းကို တစ်ဖက်ကရဖို့ဆိုတာ ဒီလို မငြိမ်းချမ်းတဲ့ အခြေအနေမှာ ခက်ခဲမှာပါ။

    ဒါပေမယ့် သတိထားမိတာက အစိုးရက ထုတ်ပြန်တဲ့ သတင်းတွေမှာကိုက ခေတ်မီလက်နက်ကိုင် လုံခြုံရေးတပ်သားတွေကို ရရာ ဓားတုတ်လိုမျိုးနဲ့ ရိုအမျိုးသမီးတွေက သေမှာ သိလျက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းမျိုးပါ။

    နောက်ပြီး စစ်တပ်က မီဒီယာကို ဝန်ခံတဲ့ သတင်းတွေမှာပါတဲ့ လက်နက်ကိုင်စစ်သားတွေကို ဓားတုတ်နဲ့ ရို (သူတို့ကတော့ ဘင်္ဂလီတွေလို့ ပြောတာပေါ့) ရွာသားတွေက ဝိုင်းတယ်ဆိုတာမျိုးတွေပါ။

    တဆက်တည်းမှာပဲ လုံခြုံရေးတပ်သားအချို့ထပ်သေတာမျိုး၊ နောက်ဆက်တွဲ လူမှုမီဒီယာပေါ်မှာ တက်လာတဲ့ ဗီဒီယိုတွေမှာ ပထမဗီဒီယိုထဲက ရိုလို့ယူဆရတဲ့ လူတွေပဲ ဒဏ်ရာရတာမျိုး လက်နက်ကိုင်ထားမျိုး ရွာခင်းကျင်းနောက် ခံဖြစ်နေတာမျိုးတွေ တွေ့ရပါတယ်။

    စစ်တပ်နဲ့ အစိုးရဘက်က ရိုလက်နက်ကိုင်တွေဟာ လူနေရွာတွေထဲမှာ ပုန်းနေတယ်၊ အဲ့ကနေ တိုက်ခိုက်တယ်၊ ရွာတွေကို မီးရှို့တယ်လို့ သတင်းထုတ်တယ်။ တစ်ဖက်ကလည်း စစ်တပ်က အရပ်သားတွေ အပြစ်မဲ့တွေကိုပါ ပစ်ခတ်သတ်ဖြတ်တာတွေ၊ လူနေရွာတွေကို မီးရှို့တယ်၊ အပြစ်မဲ့ ရိုရွာသူရွာသားတွေကို နှိပ်စက်ညှင်းပမ်း အဓမ္မကျင့်တာတွေရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့အတူ သတင်းနဲ့ ဓါတ်ပုံတွေ ပေါ်ထွက်လာပါတယ်။

    ရသလောက်သတင်းတွေကို ကြည့်ရင် သတင်းစာဆရာ ကိုစည်သူအောင်မြင့် သုံးသပ်ပြသလိုပဲ ရိုအကြမ်းဖက်ဆိုတာထက် လှုံ့ဆော်မှု သို့မဟုတ် ဖိနှိပ်မှုတွေကြောင့် မခံမရနိုင်ဖြစ်ပြီး ထပေါက်ကွဲတဲ့ ရရာလက်နက်စွဲ ပုန်ကန်မှုမျိုး ပိုဆန်ပါတယ်။ ပိုသိသာတာက ခုထက်ထိ အစိုးရဖက်က သတင်းထုတ်ပြန်မှုတွေအထဲမှာကို စစ်တပ်သတင်းပေးကို ဒုက္ခပေးတာမျိုးကလွဲလို့ soft targets ခေါ် လက်နက်မဲ့ အရပ်သား ရခိုင်ဖြစ်ဖြစ် ရိုဖြစ်ဖြစ် ဘယ်သူကိုမှ ပစ်မှတ်ထား တိုက်ခိုက်မှု မရှိသေးတဲ့ အပေါ်မှာ ဒီရိုတွေရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုကို အကြမ်းဖက်ဆိုတာထက် ပုန်ကန်မှုလို့ လက်နက်ကိုင်မှုလို့ပဲ သတ်မှတ်သင့်ပါသေးတယ်။

    ဒါဆို ဒီလက်နက်ကိုင်မှုက နိုင်ငံတကာခေါ် စစ်သွေးကြွတွေနဲ့ လုံးဝပတ်သက်မှု မရှိဘူးလားဆိုတော့၊ အဲ့ဒီမှာ ပြဿနာက ပျံ့နှံ့တဲ့ ဗီဒီယိုတွေထဲမှာ သူတို့လှုပ်ရှားမှုကို ဘာသာရေးနဲ့ ချိတ်ဆက်မှုတွေပါထားတာပါ။ ဒါပေမယ့် soft targets တွေကို ရန်မမူသရွေ့တော့ အကြမ်းဖက်ဆိုတဲ့ စကားလုံးချည်းကို တွင်ကျယ် မသုံးသင့်သေးဘူးလို့ မြင်မိပါတယ်။

    တပ်ရဲ့ သတင်းထုတ်ပြန်မှုတွေအရ ဒီတိုက်ခိုက်ရေးသမားတွေဟာ ရွာတွေထဲမှာ ပုန်းနေပြီး လူမျိုးတူ ရွာသူရွာသားတွေကို လူတံတိုင်းယူထားစွပ်စွဲပါတယ်။

    ဒီနေရာမှာ NLD အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နဲ့ အဖွဲ့သွားတဲ့ အချိန်မှာ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေရဲ့ လက်နက်ကိုင်မှုကို သူတို့ မထောက်ခံဘူးလို့ ရပ်တည်ခဲ့တာကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ လက်နက်မကိုင်ရေး ရပ်တည်ထောက်ခံခဲ့တဲ့ Conspiracy Theory ရိုအရေးလှုပ်ရှားသူအချို့ ရပ်တည်မှုပြောင်းပြီး မခံမရပ်နိုင်ဖြစ်လို့ ကိုင်တာ ကိုင်ကြ ရပ်တည်မယ်ဆိုပြီး ပြောင်းလဲသွားတာကိုလည်း မှတ်တမ်းတင်ထားဖို့လိုပါတယ်။

    စဉ်းစားစရာ ဗျူဟာ

    နောက်အရေးအကြီးတာက တပ်မတော်ရဲ့ နည်းဗျူဟာပိုင်းပါ။ လုံခြုံရေး အကြောင်းပြချက်နဲ့ သတင်းမီဒီယာနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အစပိုင်းမှာ ပိတ်ပင်ခဲ့တဲ့ဟာပါ။ အဲ့ဒီဟာက နိုင်ငံတကာမှာ အငြင်းပွားစရာ စိုးရိမ်စရာတွေ ဖြစ်စေခဲ့ပါတယ်။ တချိန်တည်းမှာပဲ စောစောက ပြောခဲ့သလို လက်နက်ကိုင်နဲ့မဆိုင်တဲ့ အပြစ်မဲ့ ရိုရွာသူရွာသားတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာနိုင်ငံရေး လူသားချင်းစာနာထောက်ထားမှုအသိုင်းအဝိုင်းနဲ့ သတင်းမီဒီယာတွေ ယုံကြည်ရလောက်တဲ့ အထောက်အထားမျိုးတွေ ရောက်လာပုံရပါတယ်။

    အဲ့ဒီ့အချိန်က ချိန်ခွင်လျှာအပြောင်းအလဲပါ။ အစောပိုင်းက အစိုးရနဲ့ စစ်တပ်ကို ရပ်တည်ပေးခဲ့တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ မြန်မာ့ ဒီမိုအပြောင်းအလဲ အတွက် ယခင်စစ်အစိုးရကို ဖိအားပေး ညှိနှိုင်းပြီး အန်တီစုနဲ့ အတိုက်အခံအင်အားစုအတွက် ရပ်ပေးခဲ့ပြီး မြန်မာ့ဒီမို အပြောင်းအလဲမှာ ကူညီခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းပါ။ သူတို့က အပြစ်မဲ့အရပ်သားတွေ ထိခိုက်နစ်နာတဲ့ အပေါ်မှာ စိုးရိမ်မှုရှိတယ် လူသားချင်းစာနာထောက်ထားမှု တန်ဖိုးတွေကို အရေးပြုဖို့ အန်တီစု၊ NLD အစိုးရနဲ့ တပ်မတော်ကို နိုင်ငံရေးအရဖိအားပေးတာတွေ စပြုလာပါတယ်။ အဲ့ဒီမှာ အရေးကြီးတာက သမိုင်းကြောင်းအရ သူတို့ဘယ်ဖက်ကို ရပ်ရပ် ကိုယ့်ဖက်မရပ်လို့ဆိုပြီး သူတို့အမြင်နဲ့ တောင်းဆိုမှုကို သုညတန်ဖိုးပေးဖို့တော့ မသင့်ပါ။

    အဲ့ဒီတောတွင်းမှာ အစိုးရက နိုင်ငံတကာသံတွေကို ဒေသတွင်းခေါ်ပြတာမျိုးကတော့ ပုဂ္ဂလိက အမြင်အရပြောရရင် မြန်မာနိုင်ငံလို အပြောင်းအလဲကာလမှာ ကြိုတင်စီစဉ်ထားတဲ့ နေရာကို ခေါ်ပြတာ သွားကြည့်တာဟာ အခြေအနေတစ်ခုကို ကောက်ချက်ချဖို့ မလုံလောက်ဘူးလို့ ထင်ပါတယ်။

    ဆက်ပြောရရင် အခြေအနေက လူကျွံဘောဖမ်းကစားရင်း လူကျွံသွားတဲ့ အဖြစ်မျိုးလားပေါ့။ ဒီမှာ အရေးပါတာာက နည်းဗျူဟာပိုင်းပါ။ ဘာဖြစ်လို့များ ရိုလက်နက်ကိုင်တွေကိုပဲ အရေးယူနှိမ်နှင်းမယ်၊ အရပ်သားရိုတွေကို မထိခိုက်အောင်လုပ်မယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကို ဆက်ယူထားမယ်၊ အဲ့ဒါမျိုး ဘာလို့မလုပ်တာလဲပေါ့။

    အဲ့ဒီမှာ စဉ်းစားရမယ့် အရေးကြီးအချက်တွေက လက်ရှိ NLD အစိုးရနဲ့ တပ်မတော်ကြားမှာ ဗျူဟာပိုင်း မချိတ်ဆက်မိတာလားပေါ့။

    အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေဦးစီးတဲ့ ကြံ့ဖွံ့အစိုးရရဲ့ ဦးဆုံးရပ်တည်ချက်ဖြစ်တဲ့ ရိုဟင်ဂျာတွေကို တတိယနိုင်ငံ ပို့ပစ်ရေး၊ နောက် အမျိုး၊ဘာသာ အစွန်းရောက်နဲ့ ရခိုင် အမျိုးသားနိုင်ငံရေးအုပ်စုတွေထဲက အသံထုတ်နေတဲ့ အစ္စရေး ပါလက်စတိုင်းလို လုပ်မယ်ဆိုတာမျိုးကို ရည်ရွယ်ထားလို့လားပေါ့။

    အဲ့ဒါမျိုးဆိုရင်တော့ ရိုရွာတွေကို ရသလောက် ဖျက်သိမ်းလိုက်မယ်။ ပြီးရင် camp တွေထဲမှာ နိုင်ငံမဲ့ ဒုက္ခသည်အဖြစ် ထည့်လိုက်မယ်။ နောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုပြောတဲ့ တိုက်တွန်းတဲ့ အဖွဲ့တွေ နိုင်ငံတွေကို အဲ့ဒီ့ camps တွေကို ကျန်းမာရေးနဲ့ လူသားချင်းထောက်ထားမှု အကူအညီတွေကိုတော့ လာကူ ခွင့်ပေးမယ်။ ခေါ်ချင်တဲ့ နိုင်ငံ ရှိလည်း ခေါ်သွားဆိုတာမျိုးလည်း စီမံချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။

    ဒါမှမဟုတ် နိုင်ငံရေး သုတေသီတွေ သုံးသပ်သလို စစ်တပ်ထဲမှာကို နှစ်အုပ်စုကွဲနေပြီး သဘောထားတင်းမာတဲ့ အုပ်စုက ဒေါ်စု ဦးဆောင်တဲ့ NLD အစိုးရကို နိုင်ငံရေး အရ သတ်ချင်လို့ပဲ တမင်ပြန် လူကျွံခံလိုက်တာမျိုးလားဆိုတာလဲ တွေးစရာပါ။

    ဒါမှမဟုတ် အစိုးရနဲ့ တပ်မတော်နဲ့ ဗျူဟာပိုင်း ချိတ်ဆက်မိပေမယ့် နှစ်ငါးဆယ်ကျော် စစ်အစိုးရလက်ထက်မှာ နည်းစနစ်နဲ့ ကျင့်ဝတ်ပိုင်း capacity building လုပ်ခွင့်မရခဲ့တဲ့ စစ်တပ်ရဲ့ အောက်ခြေ operation ပိုင်းက ဟိုးယခင်ရိုက်သွင်းထားတဲ့ အတိုင်း လက်ရှိ မူဝါဒနဲ့ မချိတ်ဆက်မိဘဲ ကျွံသွားတာလားပေါ့။

    Al Jazeera မီဒီယာက အထောက်အထားနဲ့ ဖော်ထုတ်တင်ပြခဲ့တဲ့ မှတ်တမ်းမှာ စစ်တပ် အရာရှိပိုင်း စည်းရုံးရေး သင်တန်းတွေမှာ ဘင်္ဂလီ မုန်းတီးရေး သင်ရိုးတွေ ပါခဲ့တာမျိုးတွေ ရှိခဲ့တော့ အပေါ်က အချက်က စဉ်းစားစရာပါ။

    ကမ္ဘာဒီယားနိုင်ငံမှာဆို ခေတ်ပြောင်းမှာ လက်နက်ကိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး ကျင့်ဝတ်တွေ ပြန် သင်တန်းပေးခဲ့ရတဲ့ နမူနာမျိုးရှိပါတယ်။ အစောပိုင်း တစ်ပါတီတစ် ခေါင်းဆောင်အောက်မှာ နေခဲ့ပြီး တစ်ဦးတစ်ပါတီက ပြောထားတဲ့ သို့မဟုတ် သူတို့နဲ့ မတူသူတိုင်းကို ရန်သူလို့ သတ်မှတ်တဲ့ အစွဲကို ပြန်ဖျောက်ဖို့ သင်တန်းပေးရတာမျိုးပါ။

    သို့သော် တစ်သွေးတစ်သံတစ်မိန့်ကို ကျင့်သုံးတဲ့ စစ်တပ်အဖို့တော့ အပေါ်မူဝါဒက အောက်ခြေ operation level ကို မသက်ရောက်တာဟာ ဖြစ်နိုင်ချေ တော်တော်နည်းပါတယ်။ ဒါပေမယ့် လတ်တလော တခြားဒေသတွေမှာ စစ်စည်းကမ်းဖောက် အရပ်သားတွေ ထိခိုက်နစ်နာလို့ စစ်တပ်အရာရှိ အရာခံ စစ်သားတွေကို စစ်ခုံရုံးတင် ပြစ်ဒဏ်ချ သတင်းတွေရှိနေတဲ့ အပေါ် လုံးဝ ရာခိုင်နှုန်းပြည့် မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပြန်ပါ။

    ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနိုင်တဲ့ အခင်းအကျင်းကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြည့်အဝဖြစ်ထွန်းမှုကို မလိုလားတဲ့ ပြည်ပအိမ်နီးချင်းနိုင်ငံတခုနဲ့ပြည်တွင်း နိုင်ငံရေးလက်မဲကြီးတွေပဲ ပါဝင် ပတ်သက် နေသလားဆိုတာဟာ စဉ်းစားစရာကောင်းတဲ့ အချက်ပါ။

    တဆက်တည်းမှာပါ ဒီဖက် ရခိုင်ကိစ္စကြောင့် ကချင်နဲ့ ရှမ်းဖက်က ပြည်တွင်းစစ်ပွဲတွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေအရေး စတာတွေနဲ့ ပတ်သက်ပြီး NLD အစိုးရရော နိုင်ငံသူနိုင်ငံသားတွေရော နိုင်ငံတကာပါ အာရုံစိုက်မှု လျော့နည်းနေတာကိုလည်း သတိထားမိဖို့လည်း လိုပါတယ်။

    အပိုင်း (၂)

    အငြင်းပွားဖွယ် အာဆီယံတွင်း တုန့်ပြန်မှု

    နည်းဗျူဟာပိုင်းနဲ့ပတ်သက်အပြီးမှာ လောလောလတ်လတ် အငြင်းပွားစရာဖြစ်နေတဲ့ ဒီအရေးအပေါ် အာဆီယံနိုင်ငံတွင်းက တုန့်ပြန်မှုပါ။ အဓိကကတောာ့ မလေးရှားနိုင်ငံရဲ့ တွန်းအားပါ။ ဒီရက်ပိုင်းအတွင်းမှာကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ကိုယ်တိုင် ဦးစီးပြီး လူသောင်းချီ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဆန္ဒပြ နိုင်ငံရေးဖိအားပေးခဲ့ပါတယ်။

    ဒီမှာလည်း ဆွေးနွေးစရာတွေ ရှိပါတယ်။ မလေးရှားဟာ အာဆီယံမှာ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ နိုင်ငံရေး စီးပွားရေး ဆက်ဆံမှုတွေ ရှိခဲ့ ရှိဆဲဖြစ်တယ်။ မြန်မာ အာဆီယံထဲ ရောက်လာရာမှာ အရေးပါတဲ့ player ဖြစ်တယ်။ မြန်မာနိုင်ငံတွင်း အခွင့်အလမ်းရှားပါးခဲ့တဲ့အပေါ် မြန်မာပြောင်းရွှေ့လုပ်သား သိန်းချီရဲ့  မိသားစုအတွက် အလုပ်လုပ်ပိုက်ဆံရှာနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ အခြား(လက်ရှိမြန်မာနိုင်ငံတွင်းအသိမှတ်ပြု)တိုင်းရင်းသား ဒုက္ခသည် သောင်းချီကိုလည်း လက်ခံထားတဲ့ နိုင်ငံဖြစ်တယ်။

    ပြီးတော့ မလေးရှားဝန်ကြီးချုပ်နာဂျစ် အစိုးရဟာ ဒီမိုကရေစီအပြောင်းအလဲမှာ သမ္မတ(ဟောင်း)ဦးသိန်းစိန်နဲ့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင် ဘွဲ့ပေးခဲ့သူလည်း ဖြစ်နေပြန်တယ်။ အဲ့ဒီမှာ အကောင်းဖက်ကတွေးရင်တော့ အဲ့ဒီ့အချိန်တုန်းက အပြောင်းအလဲကို ပိုအရှိန်တင်ပေးတဲ့ အနေနဲ့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    ဒါ့အပြင် မစ္စတာ နာဂျစ်ဟာ ဒီနှစ်ပိုင်းမှာ နိုင်ငံတွင်း နိုင်ငံတကာမှာရော ဟိုလေးကျော်ဖြစ်ခဲ့ရတဲ့ 1MBD ငွေကြေးအလွဲသုံးစား အငြင်းပွားမှုနဲ့ ရင်ဆိုင်နေရပြီး လောလောဆယ်မှာကို ဝန်ကြီးချုပ်ဟောင်း မဟာသီ ကိုယ်တိုင် ဦးဆောင်တဲ့ အတိုက်အခံအင်အားစုရဲ့ နိုင်ငံရေးဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ခံနေရသူလည်းဖြစ်နေတယ်။

    ရခိုင်အရေးဟာ အခုမှ ဖြစ်တာမဟုတ်ဘဲ ၂၀၁၂တုန်းကလည်း အလားတူ ပြင်းထန်ခဲ့ပြီး အဲ့ဒီ့အချိန်က ဦးသိန်းစိန် အစိုးရနဲ့ မြန်မာ့တပ်မတော်အပေါ် သူရဲ့ တုန့်ပြန်မှုကို အခုဖြစ်ရပ်နဲ့ ယှဉ်ကြည့်ရင် နိုင်ငံရေးပယောဂ မကင်းဘူး၊ သူ့နိုင်ငံရေးသြဇာပြန်လည်တည်ဆောက်ရေး အခွင့်အလမ်း တစ်ခုအနေနဲ့ သုံးတယ်ဆိုတယ်လို့ ယူဆနိုင်စရာရှိပါတယ်။

    မဟာသီကလည်း နာဂျစ်ရဲ့ ဆန္ဒပြပွဲမူကို ဆန့်ကျင်ခဲ့ပြီး အစိုးရတစ်ရပ်အနေနဲ့ သံရေးတမန်ရေးနဲ့ ဖြေရှင်းဖို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ တပ်မတော်အနေနဲ့ ရခိုင်အရေးကို ဒီထက်ပိုကောင်းမွန်စွာ ကိုင်တွယ်ဖို့ အရေးတကြီးလိုအပ်တယ်ဆိုတဲ့ မူပိုင်းမှာတော့ မဟာသီရော (အတိုက်အခံအုပ်စု) နာဂျစ်ပါ အငြင်းမပွား ဘုံတူညီပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် နာဂျစ်ရဲ့ တပြိုင်နက်တည်း သံရေးတမန်ရေး ခြေလှမ်းကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။ ဒီရက်ပိုင်းအတွင်းကို မလေးစစ်ဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတဦးထင်ကျော်ကို လာတွေ့ဆုံခဲ့တယ်။ မလေးနိုင်ငံခြားရေး ဝန်ကြီးကလည်း အန်တီစုကို တွေ့ဆုံဖို့ ကြိုးပမ်းခဲ့တယ်။ မတွေ့ဖြစ်တာကတော့ တစ်ပိုင်းပေါ့။ နောက်ပြီး နာဂျစ်အနေနဲ့ အင်ဒိုနီးရှားကို ဒီအရေးဖြေရှင်းရေးမှာ ပါဝင်ဖို့ တွန်းအားပေးနိုင်ခဲ့တယ်။

    ဒါတွေကိုကြည့်ခြင်းဖြင့် သမိုင်းကြောင်းအရရော လက်ရှိအနေအထားအရပါ မလေးရှားရဲ့ အရွေ့ဟာ မြန်မာလက်ရှိအစိုးရနဲ့ စစ်တပ်ရဲ့ ရခိုင်အရေးကိုင်တွယ်မှုအပေါ် နိုင်ငံရေးဖိအားတော်တော် သက်ရောက်စေတယ်ဆိုတာ သတိထားမိပါတယ်။

    အန်တီစုနဲ့ NLD အစိုးရက နာဂျစ်ရဲ့ ချဉ်းကပ်မှုဟာ အာဆီယံမူကိုကျော်ပြီး သူတစ်ပါးနိုင်ငံရေးကို ဝင်ရောက် စွက်ဖက်တဲ့လို့ ဝေဖန်နေပေမယ့် နာဂျစ်ရဲ့ ထောက်ပြမှုဖြစ်တဲ့ ရိုဟင်ဂျာအရေးဟာ နိုင်ငံတကာ အရေးဖြစ်နေတယ် ဆိုတဲ့ ပြန်လည်ချေပချက် ကတော့ ယုတ္တိကျပါတယ်။ နောက်ပြီး နာဂျစ်က ရိုအရေးကို ဘာသာရေးအနေနဲ့ မဟုတ်ဘဲ လူသားချင်း စာနာမှုအရေးလို့တော့ သူပြောခဲ့ပါတယ်။

    ဘာလို့လဲဆိုတော့ အပေါ်မှာ ပြောထားတဲ့ အတိုင်း သူ့နိုင်ငံကိုက ရိုတွေ တိုင်းရင်းသားဒုက္ခသည်တွေကို လက်ခံထားရတဲ့ နိုင်ငံ၊ တလောကပဲ လှေစီးဒုက္ခသည်တွေဆိုပြီး ရိုအရေးဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့အထိပါ ရိုက်ခတ်ခဲ့ရတဲ့ ပြဿနာပါ။

    ဘယ်လိုပဲဖြစ်ဖြစ် နာဂျစ်အနေနဲ့ သံတမန်ရေးအရပဲ ဆက်ပြီး ချဉ်းကပ်သင့်တယ် ကူညီသင့်တယ်လို့ မြင်ပါတယ်။

    အင်ဒိုရဲ့ ကမ်းလှမ်းမှုနဲ့ ချဉ်းကပ်မှုကတော့ ပိုသံတမန်ဆန်ပြီး ဘယ်လောက်ထိ ဒီအရေးပေါ်မှာ မြန်မာနိုင်ငံကို ကူညီနိုင်မလဲ၊ မြန်မာနိုင်ငံဖက်ကရော ဘယ်လိုတုန့်ပြန်မလဲဆိုတာတော့ စောလွန်းနေသေးပြီး ဆက်စောင့်ကြည့်ရမှာပါ။  နောက်စောင့်ကြည့်ရမှာက မြန်မာနိုင်ငံစစ်တပ်အသိုင်းအဝိုင်းအပေါ်ရော နိုင်ငံရေးအသိုင်းအဝိုင်းအပေါ်ပါ နှစ်ဆယ်ချီ သြဇာညောင်းတဲ့ အိမ်နီးချင်း နဂါးကြီးရဲ့ ခြေလှမ်းကိုပါ။ ရခိုင်ဒေသတွင်းမှာကလည်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ ရှိနေတယ်မဟုတ်လား။

    အန်တီစုနဲ့ NLD အတွက် ဖြေစရာ

    တစ်နေ့က အန်တီစုနဲ့ NLD အစိုးရအတွက် သက်သာစေရာတစ်ခုက နိုင်ငံတွင်းက ဘာသာလူမျိုးမခွဲ လူမှုကူညီရေးတွေ လုပ်နေတဲ့ မြန်မာမွတ်စလင်မ် အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့က ပေါင်းပြီး ထုတ်တဲ့ စာပါ။ အိတ်ဖွင့် ထုတ်ပြန်စာမျိုးပေါ့။

    ပြည်တွင်းက အစိုးရသတင်းစာ အပါအဝင် မီဒီယာကြီးတွေက ဒီစာနဲ့ ဆက်စပ်သတင်းတွေကို ထုတ်ပြန်ခဲ့ပေးပါတယ်။ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း သူ့ လူမှုမီဒီယာစာမျက်နှာမှာ ဘာသာပြန်နဲ့ တွဲပြီးကို မျှဝေခဲ့ပါတယ်။

    ဒီစာရဲ့ အချုပ်ကတော့ မလေးရှား ဝန်ကြီးချုပ်နာဂျစ်နဲ့ အာဏာရာပါတီအနေနဲ့ ရခိုင်အရေးကို ဆန္ဒပြတာဟာ နိုင်ငံရေး အကျိုးအမြတ်အတွက် သုံးတာလို့ ထင်လို့ လက်မခံကြောင်းနဲ့ ဘာသာရေးနဲ့ ချိတ်ဆက်တာကို လက်မခံကြောင်း၊ အာဆီယံရဲ့ ညီညွတ်မှုကို ထိခိုက်နိုင်ကြောင်း၊  ဒီအရေးဟာ ဘာသာရေး ညှင်းပမ်းမှုမဟုတ်ဘဲ အငြင်းပွားဖွယ် တိုင်းရင်းသားပြဿနာဖြစ်ကြောင်း၊ ဒီအရေးကိုဖြေရှင်းဖို့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖက်ဖက်မှ ချဉ်းကပ်ဖြေရှင်းဖို့လိုကြောင်း၊ လက်ရှိအစိုးရအနေနဲ့လည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပေမယ့် အဖက်ဖက်က အရင်းအမြစ်ကန့်သတ်မှုအပေါ် အားလုံးကျေနပ်နိုင်တဲ့ အတိုင်းအတာအထိတော့ မရောက်သေးကြောင်း၊ ဒါပေမယ့် ဘာသာရေး လူမျိုးရေးနဲ့ တိုင်းရင်းသားအရေးပေါ်ခြေခံ ခွဲခြားဆက်ဆံမှုမျိုးကိုတော့ လုံးဝလက်မခံကြောင်း၊ နိုင်ငံရဲ့ အချုပ်အခြာကို မထိခိုက်တဲ့ ကူညီမှုမျိုးကို လက်ခံကြောင်း ပဲဖြစ်ပါတယ်။

    ဒါနဲ့ပတ်သက်ပြီး NLD အစိုးရနဲ့ NLD အစိုးရကို ထောက်ခံတဲ့ နိုင်ငံသူ နိုင်ငံသား အများစုကတော့ ဝမ်းပန်းတသာ ကြိုဆိုကြတာတွေ့ရပါတယ်။ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေနဲ့ သူတို့ကို ထောက်ခံသူတွေကတော့ ဘာသာရေး သစ္စာဖောက်ခြင်းအဖြစ် သတ်မှတ်နေကြပါတယ်။ နိုင်ငံတကာနဲ့ နိုင်ငံတွင်းပြည်မ ဖက် မြန်မာမွတ်စလင်မ်အသိုင်းအဝိုင်းမှာကတော့ ထောက်ခံသူ ကြားနေသူ ဆန့်ကျင်သူဆိုပြီး သုံးအုပ်စု ရှိနေပါတယ်။ အမြင်ကွဲပြားတာကိုက ဒီမိုကရေစီရဲ့ တန်ဖိုးဖြစ်တယ်လို့ မြင်မိပါတယ်။

    NLD အစိုးရနဲ့ စစ်တပ်အသိုင်းအဝိုင်းအတွက် နောက်ဖြေစရာတစ်ခုကတော့ ကိုဖီအာနန်ရဲ့ နောက်ဆုံး မှတ်ချက်ပါ။ ရိုဟင်ဂျာကိစ္စမှာ ဖိနှိပ်ညှင်းပမ်းမှုတွေရှိနေပေမယ့် ဂျီနိုဆိုက်ခေါ် လူမျိုးတုန်း သတ်ဖြတ်မှု လို့ သတ်မှတ်ဖို့ တရားရုံးရဲ့ အဆုံးဖြတ်လိုအပ်ကြောင်းနဲ့ သေချာ စုံစမ်းဖို့ ပြောခဲ့ပါတယ်။ အဲ့ဒီမှတ်ချက်က အစပိုင်းက ကင်တာနားတို့ ပြောခဲ့တဲ့ ဂျီနိုဆိုက်မြောက်နေပြီဆိုတဲ့ မှတ်ချက်တွေကို အားလျော့သွားစေမလား ဆိုတာကတော့ ဆက်စောင့်ကြည့်ဖို့လိုသေးပါတယ်။ ရိုအရေးလှုပ်ရှားသူတွေနဲ့ အချို့သူတွေ မကျေနပ်ကြဖြစ်ပေမယ့် ကိုဖီအာနန်လို လူမျိုးရဲ့ မှတ်ချက်ကို အလျင်စလို ငြင်းပယ်မယ့်အစား စဉ်းစားပေးဖို့တော့ လိုပါမယ်။ ရခိုင်တွေဖက်က ပူးပေါင်းမှု အားနည်းနေသေးတယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာကိုလည်း အရေးအရာယူဖို့လိုပါမယ်။ လူ့အသိုင်းအဝိုင်းနှစ်ခု မပူးပေါင်း သရွေ့ တိကျကောင်းမွန်တဲ့ အဖြေရမှာ မဟုတ်လို့ပါပဲ။ အဲ့ဒါဆို အသိုင်းအဝိုင်းနှစ်ခုလုံးရော ပြည်နယ်ရော နိုင်ငံပါ နစ်နာ ပါမယ်။ အခုတောင် တော်တော် နစ်နာနေရပါပြီ။ အရင်းအမြစ်တွေ အားလုံး ဒီဘက်ကို ပေးထားရပြီး အခြား အရေးကြီး ကိစ္စတွေမှာ လစ်ဟင်းနေပါပြီ။

    ရှေ့လျှောက်

    သို့ပေမယ့် NLD အစိုးရနဲ့ စစ်တပ်က သတိပြုရမှာက ဖိနှိပ်မှုတွေရှိခဲ့တယ် ရှိနေတယ်ဆိုတာကိုပါပဲ။ အခြား နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့လည်း ဒါကို အသိအမှတ်ပြုပေးဖို့လိုအပ်ပါမယ်။ ဘာလို့လဲဆိုတော့ ဒေသတစ်ခုရဲ့ တည်ငြိမ်ဖွံ့ဖြိုးမှုဟာ ဒေသကြီးတစ်ခုရဲ့ တည်ငြိမ်ဖွံ့ဖြိုးမှုနဲ့ တိုက်ရိုက်ပတ်သက်နေတယ်၊ အလားတူ ဒေသကြီးတစ်ခုရဲ့ တည်ငြိမ်ဖွံ့ဖြိုးမှုဟာ နိုင်ငံရဲ့ တည်ငြိမ်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်နေလို့ပါပဲ။ အဲ့ဒီနေရာမှာ အလျင်စလို victim blaming မဖြစ်ဖို့လိုအပ်ပါတယ်။ မင်းတို့ ရိုတွေ မင်းတို့ ဘင်္ဂလီတွေကြောင့်ဆိုပြီး လက်ညှိုးထိုး ပြစ်တင်တာဟာ အဖြေဖြစ်လာမှာ မဟုတ်လို့ပါပဲ။ လူသားချင်းစာနာထောက်ထားမှုတန်ဖိုး ဒီမိုတန်ဖိုးတွေနဲ့ ရိုဟင်ဂျာတွေရဲ့ လူသားဖြစ်မှုကို အသိအမှတ်ပြုပြီး ဒီဘက်ခေတ်မှာ ပထမဆုံး ဒီမိုအစိုးရဖြစ်တဲ့ အန်တီစုဦးဆောင်တဲ့ NLD အစိုးရကို ဒီကိစ္စမှာ အကောင်းဆုံးဖြေရှင်းနိုင်အောင် ဝိုင်းဝန်းပေးရပါမယ်။

    အန်တီစုနဲ့ NLDအစိုးရအနေနဲ့လည်း ကန့်သတ်မှုတွေ ရှိနေပေမယ့် လုပ်ပိုင်ခွင့် အာဏာမူဘောင်တွေထဲ ကနေ မြန်မာမွတ်စလင်မ်တွေ အပါအဝင် လူနည်းစုဘာသာဝင်တွေကို ပိုပြီးထိတွေ့နားလည်ဖို့၊ ပိုပြီး စောင့်ရှောက်ဖို့၊ မတူကွဲပြားမှုရဲ့ အလှတရားနဲ့ အားကို ပိုပြီး အသိအမှတ်ပြုဖို့ လိုအပ်ပါမယ်။ NLD အစိုးရရဲ့ အာဏာသက်ရောက်ရာ အုပ်ချုပ်ရေးယန္တရားထဲက လူနည်းစုနိုင်ငံသားတွေ အပေါ်မှာ ခွဲခြား သက်ရောက်မှုတွေဖြစ်နေတာတွေကို တိုးတက်ပြင်ဆင်စေဖို့လိုအပ်ပါမယ်။ ပြိုကွဲခြင်းရဲ့ မီးစာတွေဖြစ်တဲ့ အမုန်းတရားဖြန့်ချီမှုတွေက ၂၀၁၂ကတည်းက အရေးယူမှုအားနည်းခဲ့ရာက အချိန်မရွေး ထလောင်နိုင်တဲ့ အနေအထားအထိ ပြန်နှံ့အားကောင်းနေပြီး အဲ့ဒီ့အမှန်းပွားမှုတွေကို offline ရော online မှာပါ ထိရောက်စွာ အရေးယူဖို့ လိုပါမယ်။ လူမျိုး၊ဘာသာ၊နိုင်ငံရေးအစွန်းရောက်မှုတွေကိုလည်း ထိရောက်စွာ တားဆီးကာကွယ်ဖို့ လိုပါမယ်။ အန်တီစုပြောပြောနေတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာကို တရားမျှတစွာ တရားမျှတစွာဆိုတာလေး ထပ်ဖြည့်ပြီး တရားမျှတစွာတရားဥပဒေစိုးမိုးရေးကို ဒီ့ထက်ပိုမိုလုပ်ဆောင်ဖို့ လိုပါမယ်။

    ရို မဟုတ်တဲ့ နိုင်ငံသား ဘင်္ဂလီ

    နောက်တစ်ခုက သတိရလာလို့ပါ။ ရခိုင်အရေးနဲ့ ဆက်စပ်ပြီး တလောက ခိုးဝင်ဘင်္ဂလီဆိုပြီးတော့ တစ်နိုင်ငံလုံး ဖမ်းဆီးတာတွေ၊ မှတ်ပုံတင်နဲ့ နိုင်ငံသားစီစစ်ရေးကဒ်မှာ ဘင်္ဂလီပါတဲ့သူတွေကို တင်းကြပ်တာတွေ ဒါတွေဟာ ရခိုင်အရေးအတွက် အဖြေမဟုတ်ဘူး ဆိုတာကို NLD အစိုးရရော ပြည်ထောင်စုလွှတ်တော် တပ်မတော်ရော အခြားနိုင်ငံသားတွေအနေနဲ့ပါ အမြင်ရှင်းဖို့လိုပါတယ်။ နိုင်ငံတွင်းမှာ မိမိတို့ ကိုယ်ကိုယ် ဘင်္ဂလီပါ ဘင်္ဂလီကပြားပါဆိုပြီး ခံယူ ဂုဏ်ယူတဲ့ ကပြားနိုင်ငံသားတွေရှိနေပါတယ်။ သူတို့က ဟိုရှေးယခင်ကတည်းက ကုန်သွယ်ရေးကြောင်းကနေ တစ်ဆင့် ကမ်းရိုးတန်းဒေသတွေမှာ အခြေကျနေထိုင်နေခဲ့ကြတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့သူတွေပါ။

    ယခင် အစိုးရ လက်ထက် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီကိုယ်တိုင်လဲ နိုင်ငံသား ဘင်္ဂလီလူမျိုး အမြောက်အများရှိကြောင်းနဲ့ မီဒီယာတခုကို တရားဝင်ပြောကြားဘူးပါတယ်။ စစ်အစိုးရကစလို့ ခုချိန်ထိ ခွဲခြားဆက်ဆံရေးမူတွေကြောင့် သူတို့မှာ နိုင်ငံသားကဒ်ရရေး အခက်အခဲတွေရှိကောင်းရှိနေပေမယ့် ရခိုင်ပြည်နယ်က သို့မဟုတ် ပြောင်းလာတဲ့ ဘင်္ဂလီလို့ ခေါ်တာကို လက်မခံဘဲ ရိုဟင်ဂျာလို့ပဲ ခေါ်ခံနိုင်တဲ့ သူတွေနဲ့ လုံးဝမတူပါ။

    မြန်မာမွတ်စလင်မ်အသိုင်းအဝိုင်းသို့

    မြန်မာမွတ်စလင်မ်လူ့အသိုင်းအဝိုင်း အနေနဲ့က ဒီကိစ္စကို ချဉ်းကပ်ရာမှာ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေရဲ့ Identity approach (ရိုဟင်ဂျာလို့ အသိအမှတ်ပြုပေးရေး)ထက် ဘာသာတူ ညီအစ်ကိုဖြစ်မှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုမျိုးနဲ့ပဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် အကျိုးထက် အန္တရာယ်နဲ့ ရှုပ်ထွေးမှုတွေကိုပဲ ဖြစ်စေမယ့် လက်နက်ကိုင်မှုမျိုးကို လုံးဝဆန့်ကျင်ကြရပါမယ်။ အရင် မြန်မာမွတ်စလင်မ်ဘိုးဘွားတွေက နိုင်ငံအပေါ်သစ္စာရှိခဲ့တဲ့မူနဲ့ ကျင့်ဝတ်ကို ဆက်ထိန်းသွားဖို့ လိုပါမယ်။ ဘာသာလူမျိုးရေး ခွဲခြားဆက်ဆံမှုတွေကတော့ မြန်မာမွတ်စလင်မ်တွေလည်း ခံစားနေရတုန်းပါပဲ။ လက်ရှိ NLD အစိုးရရဲ့ အခွင့်အာဏာမှာ ကန့်သတ်ချက်ရှိနေတာတွေကို အသိအမှတ်ပြုရင်း ဒီခွဲခြား ဆက်ဆံမှုတွေပျောက်သွားဖို့ လက်ရှိဒီမိုအစိုးရကို အခြားနိုင်ငံသားညီအစ်ကိုမောင်နှမတွေနဲ့ အတူ ကူညီပေးရင်း ထိန်းကျောင်းပေးရင်း စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီဆီကို အားမလျော့တမ်း ဆက်ချီတက်ရပါမယ်။

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • အင်္ဂလိပ်ဘောလုံးလောကရှိ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပွင့်အံထွက်လာ

    အင်္ဂလိပ်ဘောလုံးလောကရှိ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပွင့်အံထွက်လာ

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    sex
    လူငယ်ကစားသမားဘ၀တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရသည်ဟု ဖွင့်ဟခဲ့သော ကစားသမားများ (၀ဲမှယာ – ပေါလ်စတီးဝပ်၊ ဒေးဗစ်ဝှိုက်၊ စတီဗ် ဝေါလ်တာနှင့် အန်ဒီ ၀ုဒ်ဝ့ါဒ်)

    – အင်္ဂလန်က ဘောလုံးအသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ခရူဝီအသင်း နောက်ခံလူဟောင်း အန်ဒီ ၀ုဒ်ဝါ့ဒ်က ဘောလုံးသမားပေါက်စအရွယ်မှာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတယ်လို့ ပြောကြားအပြီး ၃ ပတ်မပြည့်တပြည့်မှာတော့ ဒီလို အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ ဘောလုံးသမား ၂၀ ကျော် ရှိလာခဲ့ပါတယ်။

    အဲဒီအထဲမှာ လူငယ်ကစားသမားဟောင်းတွေ၊ နည်းပြတွေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေ ပါဝင်ပြီး အင်္ဂလိပ် ဘောလုံးလောကမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ သမိုင်းနဲ့ချီ ရှိခဲ့တယ်ဆိုတာကို ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကတော့ သူတို့ရဲ့ သိုသိုသိပ်သိပ် စုံစမ်းမှုအတွင်းမှာ ဘောလုံးသမားပေါင်း ၃၅၀ လောက်ဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုရဲ့ သားကောင်ဖြစ်ခဲ့ရပြီး၊ အပျော်တမ်းနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးအသင်း ၅၅ သင်းလောက်က ဒီစွပ်စွဲချက်တွေနဲ့ ဆက်နွယ် ပတ်သက်နေတယ်လို့ ဆိုပါတယ်။

    FA ဥက္ကဌ ဂရက်ဂ်ျ ကလာကီက ဒီပြဿနာဟာ FA မှာ သူမှတ်မိသမျှထဲက အကြီးမားဆုံး အကြပ်အတည်းကြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သတင်းတွေ ဘယ်လို ထွက်လာသလဲ

    နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဘူရီနဲ့ ရှက်ဖီးယူနိုက်တက်ကစားသမားဟောင်း အသက် ၄၃ နှစ်အရွယ် ၀ုဒ်ဝ့ါဒ်ဟာ သူ့အနေနဲ့ လူငယ်ကစားသမားဘ၀မှာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတယ်လို့ ဂါးဒီယန်းသတင်းစာကို ဖွင့်ဟခဲ့ပါတယ်။ အဲဒီပြောကြားမှုအတွက် သူ့အမည်ကို ဖုံးထားလို့ရပေမယ့် သူက ဖုံးမထားခဲ့ပါဘူး။

    အဲဒီနောက်ပိုင်းမှာတော့ အင်္ဂလန်နဲ့ စပါးကစားသမားဟောင်း ပေါလ်စတီးဝပ်၊ မန်ယူတိုက်စစ်မှူးဟောင်း ဒေးဗစ်ဝှိုက်တို့ အပါအ၀င် ကစားသမာတော်တော်များများဟာ သူတို့လည်း ဒီလို ကျူးလွန်ခံခဲ့ရတယ်ဆိုတာ လူသိရှင်ကြား ဖွင့်ဟလာခဲ့ပါတယ်။

    တနင်္လာနေ့မှာတော့ ခရူဝီအလက်ဇန်းဒါး ကစားသမားဟာင်း ၀ုဒ်ဝါ့ဒ်နဲ့ စတိဗ်ဝေါလ်တာ၊ မန်စီးတီး လူငယ်ကစားသမားဟာင်း ခရစ် အန်စ၀ါ့သ်တို့ဟာ လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပြီး ထိခိုက်ခံစားခဲ့ရသူတွေအတွက် အားပေးကူညီသွားမှာဖြစ်သလို တရားမျှတရေးအတွက်လည်း တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

    Offisede Trust လို့ အမည်ပေးထားတဲ့ အဲဒီအဖွဲ့ဟာ အင်္ဂလိပ်ဘောလုံးလိဂ်၊ FA၊ ပရီးမီးယားလိဂ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းနဲ့ ဘောလုံးပွဲကနေ အကျိုးအမြတ်တွေရနေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အလှူငွေထည့်ဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။

    ဘယ်ကလပ်တွေပါလဲ

    ဒီလိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ဆက်နွယ်နေတဲ့ ကလပ်အသင်းတွေကတော့ လက်ရှိမှာ အပျော်တမ်းနဲ့ ပရော်ဖက်ရှင်နယ် စုစုပေါင်း ၅၅ သင်းရှိနေပြီး၊ အသင်းတော်တ်ာများများကလည်း သူတို့ကလပ်အသင်းထဲမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ဒီအဖြစ်အပျက်တွေ ရှိခဲ့တယ်ဆိုတာ ၀န်ခံခဲ့ပါတယ်။

    ကစားသမားဟောင်း ဂယ်ရီ ဂျွန်ဆင် ၁၉၇၀ ပြည့်နှစ်တွေမှာ ခံစားခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် အနူးအညွတ်တောင်းပန်တယ်လို့ ချယ်ဆီးအသင်းက ပြောကြားခဲ့ပြီး အဲဒီကိစ္စအတွက် အသင်းက ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

    ကျူပီအာရ်အသင်းကလည်း အလုပ်သမားဟောင်း ခရစ် ဂီးလား စော်ကားမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေအတွက် အဓိကထား ဆောင်ရွက်နေပြီး လာမယ့် စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အမည်မဖော်လိုတဲ့ ကျူပီအာရ်ကစားသမားဟောင်း တစ်ဦးကတော့ ဘီဘီစီရဲ့ Victoria Derbyshire အစီအစဉ်မှာ သူ့အသက် ၁၅ နှစ်အရွယ် ၁၉၈၀ ပြည့်နှစ်လောက်တုန်းက မစ္စတာ ဂီးလားဟာ သူ့ရဲ့ငယ်ပါကို ကိုင်တွယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ချာလ်တန်၊ ခရူဝီ အလက်ဇန်းဒါးနဲ့ မန်စီးတီးအသင်းတွေဟာ ဒီလို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    နယူးကာဆယ်အသင်းကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပြီး ဆောက်သက်တမ်အသင်းကတော့ ဟမ့်ရှိုင်းယားရဲတပ်ဖွဲ့က ပြုလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုကို အပြည့်အ၀ ပံ့ပိုးသွားမယ်လို့ ပြောထားပါတယ်။

    အင်္ဂါနေ့က ဆောက်သက်တမ်ကြယ်ပွင့်ဟောင်း မတ် လီ တစ်စီယာက နည်းပြဟောင်း ဘော့ဘ်ဟစ်ဂင်ဟာ သူ့ကို ကိုယ်လုံတီးပုံ မက်ဆေ့ခ်ျပို့ခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဟစ်ဂင်ကတော့ ဒီပြောကြားချက်ကို ငြင်းဆိုခဲ့ပါတယ်။

    အရေးယူမှုလုပ်မလား

    FA ကလည်း လက်ရှိမှာ အဖွဲ့အတွင်း သုံးသပ်မှုတွေပြုလုပ်နေပြီး ဘယ်အသင်းတွေ၊ ဘယ်တာဝန်ရှိသူတွေက ဒါမျိုးတွေကို သိခဲ့သလဲဆိုတာကို စုံစမ်းနေပါတယ်။ FA အနေနဲ့ ဘယ်လိုအချက်အလက်တွေရမလဲ၊ ဘယ်လိုအရေးယူမှုတွေ လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

    သူတို့အနေနဲ့ ရဲတပ်ဖွဲ့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ရာဇ၀တ်မှုလုပ်ငန်းတွေအတွက်တော့ ကြားဝင်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဘောလုံးလောကမှာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဖြစ်စေဖို့ FA ကို ၂၀၀၀ ပြည့်နှစ်ကတည်းက ကူညီခဲ့တဲ့ The Child Protection in Sport Unit က FA ရဲ့ ဆောင်ရွက်မှုတွေအတွက် လွတ်လပ်တဲ့ သုံးသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    လက်ရှိမှာ ရဲတပ်ဖွဲ့ ၂၁ ခုက ဒီစွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး အခြားသော အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း ဒီကိစ္စတွေကို ဖော်ထုတ်ဖို့ သက်ဆိုင်သူတွေကို ကူညီပေးနေကြပါတယ်။

    ပတ်ဝန်းကျင်မှာလည်း ရှိနေ

    လူငယ်နည်းပြဟောင်းတစ်ဦးဖြစ်ပြီး ထိပ်တန်းလက်ထောက်ဒိုင်တစ်ဦးဖြစ်တဲ့ ဟုဂ်ျစတီဗင်ဆန်ဟာ စကော့တလန်မှာ လူငယ်ကစားသမားတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    အသက် ၅၀ အရွယ် ပီတီ ဟေးနက်စ်က ၁၉၇၉ ခုနှစ်ကစလို့ နောက်ပိုင်း ၃၊ ၄ နှစ်အတွင်း စတီဗင်ဆန်ဟာ သူ့ကို လိုင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ရှိခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ စတီဗင်ဆန်ကတော့ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

    စတော့တလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ အမှုဆောင်အကြီးအကဲ စတီးဝတ် ရေဂန်က ဟေးနက်စ်ကို အနူးအညွတ် တောင်းပန်ခဲ့ပြီး ယခင်က ကလေးငယ်တွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာတွေအတွက် အပြည့်အ၀တာဝန်ယူမယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

    ဝေးလ်နိုင်ငံရဲ့ ရဲတပ်ဖွဲ့ ၄ ခုက ၃ ခု၊ မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့တွေကလည်း ဘောလုံးအသင်းတွေမှာ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    ဘယ်လောက်များနိုင်မလဲ

    စပါးကွင်းလယ်လူဟောင်း စတီးဝပ်ကတော့ ဘောလုံးလောကဟာ ယခင် ဒီဂျေနဲ့ တီဗီအစီအစဉ်ကြေညာသူဟောင်း ဆာဗီလီရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြဿနာလိုမျိုး အကြပ်အတည်းတစ်ခုကို ကြုံရနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

    လူအများရဲ့ ဂုဏ်ပြုမှုကိုခံခဲ့ရတဲ့ ဆာဗီလီ ကွယ်လွန်သွားပြီးတဲ့နောက်မှာ သူရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ရာပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ရဲတပ်ဖွဲ့က ဆာဗီလီကို လိင်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    Offside Trust အတွက် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ကလင်အသင်းတွေဟာ လျော်ကြေပေးကာ နှုတ်ပိတ်စာချုပ်ကို အတင်းလက်မှတ်ထိုးခိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖုန်းနဲ့တစ်မျိုး၊ အီးမေးလ်နဲ့တစ်ဖုံ ပြောကြားတဲ့သူတွေ ရှိနေတယ်လို့ဖွင့်ဟခဲ့ပါတယ်။

    Ref: BBC

    (BBC တွင်ဖော်ပြသည့် Football child sex abuse claims: What has happened so far? ဆောင်းပါးကို လေးမောင်မှ
    ကောက်နှုတ်ပြန်ဆိုသည်။)

  • ပါကစ္စတန် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျ

    ပါကစ္စတန် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျ

    ဒီဇင်ဘာ ၇၊ ၂၀၁၆
    M-Media

    paki-2

    – လူ ၄၇ ဦးကို တင်ဆောင်သွားခဲ့သည့် ခရီးသည်တင်လေယာဉ်တစ်စင်းမှာ နိုင်ငံတောင်ပိုင်းတွင် ယနေ့မနက်ပိုင်းက ပျက်ကျသွားခဲ့သည်ဟု ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း PIA က ပြောကြားလိုက်သည်။

    လေယာဉ်အမှတ် PK661 ဖြစ်ပြီး ပြည်တွင်းခရီးစဉ်အဖြစ် မြောက်ပိုင်းရှိ ချစ်ထရယ်မြို့မှ မြို့တော် အစ္စလာမ်မာဘတ်သို့ ပျံသန်းလာစဉ် ဟာဗီလီယံမြို့အနီးရှိ တောင်ထူထပ်ရာနေရာ၌ ပျက်ကျသွားခဲ့ကာ မီးလောင်ပေါက်ကွဲခဲ့သည်။

    အခင်းဖြစ်ပွားရာနေရာသို့ ရောက်နေသည့် ပါကစ္စတန်အစိုးရ တာဝန်ရှိသူ တဂ်ျ မိုဟာမက်ခန်းကမူ လေယာဉ်အပျက်အဆီးများကြားမှ အလောင်း ၇ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ အသက်ရှင်သူ မရှိနိုင်ကြောင်း၊ အလောင်းများမှာ မမှတ်မိနိုင်လောက်အောင် မီးလောင်ပျက်ဆီးနေကြောင်း ပြောကြားခဲ့သည်။

    PIA က တာဝန်ရှိသူတစ်ဦးကမူ လေယာဉ်ပျက်ကျရသည့် အကြောင်းအရငးကို တိတိကျကျပြောရန်အတွက် စောလွန်းနေသည်ဟုဆိုသည်။

    အဆိုပါလေယာဉ်တွင် အဆိုတော်ဘ၀မှ တရားဟောဆရာ ဖြစ်လာခဲ့သူ ဂျူနိုက် ဂျိမ်ရှက်ဒ်နှင့် ၎င်း၏ ဇနီး၊ ချစ်ထရယ်မြို့၏ လက်ထောက် ကော်မရှင်နာမင်းကြီး အိုစာမာ ၀ါရာအစ်ခ်ျတို့လည်း လိုက်ပါသွားခဲ့သည်။

    Ref: Aljazeera