News @ M-Media

Blog

  • ခရစ္စမတ်အတွက် အဟာဒါနပြုမယ့် လန်ဒန်က မွတ်စလင်စားသောက်ဆိုင်

    ခရစ္စမတ်အတွက် အဟာဒါနပြုမယ့် လန်ဒန်က မွတ်စလင်စားသောက်ဆိုင်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    london

    – အခုလအတွင်း ကျရောက်မယ့် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ခရစ္စမတ်ပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ လန်ဒန်က မွတ်စလင်ပိုင် စားသောက်ဆိုင်တစ်ခုဟာ အဟာရဒါနပြုမယ့် အစီအစဉ်ကို ကြေငြာလိုက်ပါတယ်။

    Shish Restaurant ဆိုတဲ့ စားသောက်ဆိုင်ဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၆ နာရီအထိ အိမ်ယာမဲ့တွေ၊ သက်ကြီးရွယ်အိုတွေကို အခမဲ့ အဟာရဒါနပြုသွားမှာဖြစ်ကာ တစ်ဦးကို ဟင်းပွဲ ၃ မျိုး စားသုံးနိုင်မှာ ဖြစ်ပါတယ်။

    ဒီအစီအစဉ်အတွက် ဆိုင်နံရံမှာကပ်ထားတဲ့ ပိုစတာမှာတော့ ‘ခရစ္စမတ်နေ့မှာ ဘယ်သူမှ အထီးကျန်ပြီး စားစရာမလို’ ‘ဒီမှာ ခင်ဗျားတို့ကို အဖော်လုပ်ပေးမယ်’ လို့ ရေးသားထားပါတယ်။ စားသောက်ဆိုင်က သူတို့ရဲ့ အဲဒီအစီအစဉ်အတွက် ဆိုရှယ်မီဒီယာတွေမှာ ထပ်ဆင့်မျှဝေပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကတော့ ဒီအစီအစဉ်နဲ့ပတ်သက်လို့ ချီးကျူးခဲ့ကြပါတယ်။

    “ဒါက ကျွန်တော် တွေ့ဖူးသမျှထဲမှာ တစ်ကိုယ်ကောင်းမဆန်ဆုံး အပြုအမူပါပဲ။ သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့ ဒေါက်တိုင်တစ်ခုလို့ မှတ်ယူရပါမယ်” လို့ ဗစ်ကီ လန်ဖီးယားဆိုသူက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

    ဆူဇာနာ ဟာရစ်ဆိုသူကတော့ “သိပ်ချစ်စရာကောင်းတဲ့ လုပ်ရပ်ပဲဗျ။ ခရစ္စမတ်လို ကာလမျိုးမှာ ငွေရဖို့ထက် ပြန်လည်ပေးဆပ်ရေး အဓိကထားတဲ့ စားသောက်ဆိုင်ပါ။ နှစ်သစ်မှာ အဲဒီနေရာကိုရောက်ရင် သွားလည်အုံးမှ” လို့ ချီးကျူးခဲ့ပါတယ်။

    အဟာရဒါနပြုမယ့် အစားသောက် ၃ မျိုးကတော့ အစာပြေအတွက် စွပ်ပြုတ်နဲ့ နို့ထမင်း၊ အဓိက ဟင်းဟင်းလျာက ကြက်သားဟင်းနဲ့ အသီးအရွက်ကြော်၊ ဒါမှမဟုတ် ကြက်သားခါးပတ်၊ အချိုပွဲအဖြစ် ဆီထမင်းတို့ ဖြစ်ပါတယ်။

    Ref: Independent

  • မွတ်စလင်ရဲမေအား စော်ကားသူကို အမုန်းရာဇ၀တ်မှုဖြင့် ကန် တရားစွဲ

    မွတ်စလင်ရဲမေအား စော်ကားသူကို အမုန်းရာဇ၀တ်မှုဖြင့် ကန် တရားစွဲ

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    police

    – နယူးယောက်ရှိ မွတ်စလင်ရဲမေတစ်ဦးအား စော်ကားပြောဆိုကာ၊ အသက်န္တရာယ် ခြိမ်းခြောက်ခဲ့သူတစ်ဦးကို ကန်ရဲတပ်ဖွဲ့က အမုန်းရာဇ၀တ်မှုဖြင့် ယမန်နေ့တွင် တရားစွဲဆိုခဲ့သည်ဟု သိရသည်။

    ခြိမ်းခြောက်ခံရသူမှာ အမ်လ် အလ်ဆိုကရီဆိုသူ ဖြစ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်းတွင် နယူးယောက်ရဲဌာနသို့ ၀င်ရောက်မှုထမ်းခဲ့ခြင်း ဖြစ်သည်။

    ၎င်းမှာ တာဝန်ချိန်မဟုတ်သည့် စနေနေ့က သားဖြစ်သူနှင့်အတူ အပြင်သွားစဉ် အမျိုးသားတစ်ဦးက ပုဝါဆောင်းထားသော ၎င်းကို ‘ကိုယ့်နိုင်ငံကိုယ်ပြန်’ ဟု ဟစ်အော်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် ၎င်း၏သားကိုလည်း တွန်းထိုးခဲ့သည်။ ထို့နောက် အဆိုပါ အမျိုးသားမှာ IS အကြမ်းဖက်အဖွဲ့နှင့် ၎င်းအား ချိတ်ဆက်ပြောဆိုခဲ့ပြီး လည်ပင်းလှီးမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

    ကျူးလွန်သူမှာ အသက် ၃၆ နှစ်အရွယ် ခရစ္စတိုဖာ နဲလ်ဆင်ဆိုသူ ဖြစ်သည်။

    အလ်ဆိုကရီကမူ ထိုအဖြစ်အပျက်မျိုးကို ပထမဆုံး ကြုံတွေ့ရခြင်းဖြစ်သည်ဟု ယမန်နေ့က နယူးယောက်မြို့တော်ဝန်နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    “မွတ်စလင်အမျိုးသမီးတစ်ယောက်၊ နယူးယောက်မြို့သားတစ်ယောက်ဟာ ဒီလိုအလုပ်မျိုး လုပ်လို့ရတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့အမြင်မျိုးကို ပြချင်လို့ ကျွန်မ ရဲတပ်ဖွဲ့ထဲ ၀င်ခဲ့တာပါ။ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲလုပ်လုပ် လူတိုင်းကို ကူညီဖို့ပါ။ ကျွန်မက ဒီမှာမွေးပြီး၊ ဒီမှာကြီးတာရှင့်”

    အလ်ဆိုကရီမှာ ၂၀၁၄ ခုနှစ်က အဆောက်အဦးတစ်ခု မီးအကြီးအကျယ်လောင်ရာတွင် အဆောက်အဦးအတွင်း ပိတ်မိနေသည့် ရင်ခွင်ပိုက်ကလေးတစ်ဦးကို လုပ်ဖောင်ကိုင်ဖက်တစ်ဦးနှင့်အတူ သက်စွန့်ဆံဖျား ကယ်တင်ခဲ့ဖူးသူဖြစ်သည်ဟု နယူးယောက်ရဲဌာနက ပြောကြားခဲ့သည်။

    ရဲမင်းကြီး ဂျိမ်းစ်အိုနေးလ်ကမူ ထိုအဖြစ်အပျက်အပြီး ၎င်းတို့နှစ်ဦး မီးခိုးမွှန်မှုကြောင့် ဆေးရုံတက်ခဲ့ရသည့် အချိန်တွင် သွားရောက်အားပေးမှုကို သတင်းစာရှင်းလင်းပွဲတွင် ပြန်ပြောင်းပြောပြခဲ့သည်။

    “ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းတို့က အံ့သြမှင်သက်လောက်တဲ့ အလုပ်ကို လုပ်ခဲ့ကြတာဗျ” ဟု အလ်ဆိုကရီကို ပြောကြားခဲ့သည်။

    နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက နယူးယောက်ရဲဌာနရှိ ၀န်ထမ်းပေါင်း ၃၆၀၀၀ တွင် မွတ်စလင်ရဲဝန်ထမ်း ၉၀၀ ခန့် ၀င်ရောက်အမှုထမ်းနေသည်ဟု ပြောကြားခဲ့သည်။

    “၂၀၁၄ ခုနှစ်မှ သူမ (အလ်ဆိုကရီ) ဟာ မီးလောင်နေတဲ့ အဆောက်အဦးအတွင်းကို ၀င်သွားပြီး ကလေးတစ်ဦးနဲ့ အဖွားဖြစ်သူတို့ကို ကယ်တင်ခဲ့ပါတယ်။ စနေနေ့မှာတော့ ‘နင်တို့တိုင်းပြည် နင်တို့ပြန်’ လို့ သူမနဲ့ သူ့သားက အော်ခံလိုက်ရတယ်။ ဒါ(အမေရိကန်) က အလ်ဆိုကရီရဲ့ တိုင်းပြည်ဗျ။ သူက အမေရိကန်တစ်ဦး၊ နယူးယောက်သားတစ်ဦး။ သူ့ဇာတိမှာ သူရှိနေတာဗျ” ဟု မြို့တော်ဝန်က စော်ကားမှုအတွက် တုန့်ပြန်ပြောဆိုခဲ့သည်။

    Ref: ABC News

  • ကမ္ဘာတစ်ဝှမ်း ဆော်ဒီ၏ လှူဒါန်းထောက်ပံ့မှု ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိနေ

    ကမ္ဘာတစ်ဝှမ်း ဆော်ဒီ၏ လှူဒါန်းထောက်ပံ့မှု ကမ္ဘာ့အဆင့် ၄ နေရာတွင် ရှိနေ

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    KSRELIEF အဖွဲ့မှ ယီမင်သို့ပို့မည့် ကူညီထောက်ပံ့ရေး ထရပ်ကားတစ်စီး

    – ဆော်ဒီအာရေဗျနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက် ၁၀ စုနှစ် ၄ ခုအတွင်း စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၁၄၀ လှူဒါန်းခဲ့သည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ကုလက ဆော်ဒီအနေဖြင့် ၀င်ငွေ၏ စုစုပေါင်း ၀.၇ ရာခိုင်နှုန်းကို လှူဒါန်းရန် သတ်မှတ်ထားသော်လည်း ဆော်ဒီ၏ ယခုလှူဒါန်းငွေမှာ သတ်မှတ်ချက်ထက် ကျော်လွန်ကာ ၁.၉ ရာခိုင်နှုန်း ရှိနေသည်။ ကမ္ဘာ့အဆင့်တွင်မူ ဆော်ဒီမှာ စတုတ္ထမြောက် ကူညီထောက်ပံမှုအပြုဆုံး နိုင်ငံအဖြစ် ရပ်တည်နေသည်။

    နှစ်ပေါင်း ၄၀ အတွင်း ဆော်ဒီ၏ လှူဒါန်းငွေမှာ ကန်ဒေါ်လာ ၁၃၉ ဘီလီယံ ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉၅ နိုင်ငံက အကျိုးကျေးဇူး ခံစားခဲ့ရသည်။

    ထို့အပြင် ဘုရင်ဆလ်မန် ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KSRELIEF ကလည်း နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နသည်။ စားနပ်ရိက္ခာ၊ လုံခြုံရေး၊ နေရာထိုင်ခင်းပေးရေး စသည်တို့အပါအ၀င် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းပေါင်း ၅၂ ခုအတွက် KSRELIEF မှာ ကန်ဒေါ်လာ သန်း ၆၀၀ သုံးစွဲထားပြီး လူပေါင်း ၂၂ သန်း အကျိုးကျေးဇူးများ ခံစားနေရသည်။

    Ref: Alarabiya

  • လာမည့်နှစ် ကုလက လိုအပ်မည့်ရန်ပုံငွေ စံချိန်တင်

    လာမည့်နှစ် ကုလက လိုအပ်မည့်ရန်ပုံငွေ စံချိန်တင်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    un

    – လာမည့်နှစ်အတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူ ၉၃ သန်းအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန် စံချိန်တင် ရန်ပုံငွေ ကန်ဒေါ်လာ ၂၂.၂ ဘီလီယံ လိုအပ်မည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ စတီဖင် အိုဘရိုင်ယန်က ပြောကြားလိုက်သည်။

    “ဒါဟာ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း မမြင်ခဲ့ရတဲ့ ကမ္ဘာပေါ်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်ကို ရောင်ပြန်ဟပ်နေပါတယ်” ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် အိုဘရိုင်ယန်က ထည့်သွင်းပြောဆိုခဲ့ပြီး လိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းမှာ ဆီးရီးယား၊ အီရတ်၊ ယီမင်၊ နိုက်ဂျီးရီယားနှင့် တောင်ဆူဒန်နိုင်ငံတို့ကဲ့သို့ လူသားများ ပြုလုပ်သည့် ပဋိပက္ခများကြောင့် ဖြစ်သည်ဟု ဆိုသည်။

    ကုလ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စောင့်ကြည့်လေ့လာနေသည့် Financial Trancing Service (FTS) အဖွဲ့ကမူ ၂၀၁၆ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတောင်းခံမှုအတွက် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၅၁.၄ ရခိုင်နှုန်းသာ ရရှိသည်ဟု ဆိုသည်။

    ယီမင်တွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFT) ကလည်း သန်းနှင့်ချီသော လူများမှာ အငတ်ဘေးနှင့် ရင်ဆိုင်ရမည့် အခြေအနေ ရှိနေသည်ဟု ပြောကြာခဲ့သည်။ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် ရှည်ကြာနေသည့် စစ်ပွဲများက သန်းပေါင်းများစွာသော ဒုက္ခသည်ပြဿနာနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေရသည့် ပြဿနာမျိုး ဦးတည်စေသည်။

    ကုလ၏ ရန်ပုံငွေနည်းပါးခြင်းကြောင့် UNHCR နှင့် UNICEF အနေဖြင့် အကြမ်းဖက်မှုများ၏ နောက်ဆက်တွဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် မိသားစုများအတွက် လိုအပ်ချက်များကို ပြည့်မီအောင် ဆောင်ရွက်ရန်အတွက် ရုန်းကန်နေရသည်။

    Ref: Aljazeera

  • ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာဒုက္ခသည်များ တန်ဖိုးနည်းအိမ်ယာ ၀ယ်ယူနိုင်မည်

    ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာဒုက္ခသည်များ တန်ဖိုးနည်းအိမ်ယာ ၀ယ်ယူနိုင်မည်

    ဒီဇင်ဘာ ၆၊ ၂၀၁၆
    M-Media

    2012_thailand_burmarefugees
    ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များ

    – ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများ ရန်ကုန်ရှိ တန်ဖိုးနည်းအိမ်ယာ ၀ယ်ယူနိုင်ရေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    လက်ရှိတွင် အတည်မပြုရသေးသော အဆိုပါ အဆိုပြုချက်မှာ ဒုက္ခသည်မိသားစုများအနေဖြင့် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဘန်း အိမ်ယာမှ ကျပ် ၁၀ သိန်းတန် တိုက်ခန်းများ ၀ယ်ယူနိုင်ရေးဖြစ်သည်ဟု ၀န်ကြီးဦးမြင့်အေးက ပြောကြားခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည့် ဒုက္ခသည် ၁၇ ဦးအား ရေရှည်နေထိုင်နိုင်မည့် နေရာထိုင်ခင်မျိုး စီစဉ်ပေးရန် မိမိက ညွှန်ကြားထားသည်ဟု ဆိုသည်။

    ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ရသည့် ဒုက္ခသည် ၆၀ မှာ ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး နှစ်နိုင်ငံ အစိုးရများမှ စီစဉ်ဆောင်ရွက်ပေးသည့် ပထမဆုံး နေရပ်ပြန်ပို့မှုလည်း ဖြစ်သည်။ အများစုမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်သွားရောက်ခဲ့သော်လည်း အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်သို့ ရောက်ရှိလာခဲ့သည့် ဒုက္ခသည် ၁၇ ဦးမှာ နေစရာ နေရာမရှိပေ။

    လက်ရှိတွင် ၀န်ကြီးဌာနပိုင်ဆိုင်သော မရမ်းကုန်ရှိနေရာတစ်ခုတွင် ခေတ္တ နေထိုင်ခွင့်ပေးထားပြီး ၎င်းတို့နေစရာရရေး စီစဉ်နေသည့်အချိန်အတွင်း တစ်ယောက်လျှင် ကျပ် ၃၀၀၀ ထောက်ပံ့ကြေးအဖြစ် ပေးခဲ့သည်။

    အဆိုပါ ဒုက္ခသည်များ ပြန်လာသည့်အချိန်တွင် ထိုင်းအစိုးရက လူကြီးတစ်ဦးလျှင် ကန်ဒေါ်လာ ၂၄၀ တန်ဖိုးရှိ ထိုင်းဘတ်ငွေ၊ ကလေးတစ်ဦးလျှင် ကန်ဒ်ါလာ ၁၈၂ ဒေါ်လာတန်ဖိုးရှိ ထိုင်းဘတ်ငွေတို့ကို ပေးအပ်ခဲ့ပြီး မြန်မာအစိုးရကလည်း တစ်မိသားစုလျှင် ကျပ် ၃ သိန်း ပေးအပ်ခဲ့သည်။

    လူမှုဝန်ထမ်းကယ်ဆယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးကိုကိုနိုင်ကမူ အဆိုပါ ပြန်ရောက်လာသူများအနေဖြင့် ထိုင်းနှင့် မြန်မာအစိုးရတို့မှ ရရှိသည့် ထောက်ပံ့ကြေးများကြောင့် ကျပ် ၁၀ သိန်းတန် တိုက်ခန်းများကို ၀ယ်ယူနိုင်မည်ဟု ပြောကြားခဲ့သည်။

    Ref : mmtimes