News @ M-Media
Blog
  • အိမ်ကွင်းအရှုံးနဲ့မြန်မာ ဗိုလ်လုပွဲရောက်ဖို့ ရုန်းကန်ရတော့မည်
    အိမ်ကွင်းအရှုံးနဲ့မြန်မာ ဗိုလ်လုပွဲရောက်ဖို့ ရုန်းကန်ရတော့မည်
    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media
    suzuki
    – AFF ဆူဇီကီးဖလား ဆီးမီးဖိုနယ် ပထမအကျော့အဖြစ် ဒီနေ့ညနေ သုဝဏ္ဍကွင်းမှာ ကစားတဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ပွဲမှာတော့ ထိုင်းအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
    ပွဲအစကတည်းက ထိုင်းအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာရဖို့ ကြိုးစားခဲ့ပြီး ၉ မိနစ်မှာ မြန်မာအသင်းရဲ့ တိုက်စစ်ဆင်မှုကနေ ကောင်းဆက်နိုင် ကန်သွင်းခွင့်ရခဲ့ပေမယ့် ထိုင်းဂိုးသမား ဖမ်းမိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထိုင်းက ပွဲကို ထိန်းကစားသွားခဲ့ပြီး ၂၃ မိနစ်မှာ နံပါတ် ၁၀ တီရာစီလ် ဒန်ဒါ အဖွင့်ဂိုးမသွင်းခင် ၂ ကြိမ်လောက် အပိုင်ဂိုးသွင့်ခွင့် ရခဲ့ပါသေးတယ်။
    ၃၇ မိနစ်မှာ မောင်မောင်လွင်ရဲ့ အပိုင်ပိတ်သွင်းမှု လူကျွံနေတာကြောင့် အိမ်ရှင်မြန်မာတို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ထိုင်းသာ ဘောလုံးပိုင်ဆိုင်မှု ပိုများခဲ့ပြီး ၅၅ မိနစ်မှာ ဒန်ဒါကပဲ ဂိုးစည်းထိပ်ကနေ ဘယ်ခြေနဲ့ လှလှပပကန်သွင်းကာ ဒုတိယဦးဆောင်ဂိုး ရယူခဲ့ပါတယ်။
    ဒုတိယဂိုးပေးလိုက်ရပြီးနောက်ပိုင်း မြန်မာအသင်းက အချိတ်အဆက်မိမိနဲ့ ထိုင်းဘက်ကို ပိုပြီး ထိုးဖောက်လာနိုင်ကာ သန်းပိုင်၊ အောင်သူတို့ရဲ့ ကန်သွင်းချက်ကို ထိုင်းဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ထိုင်းကတော့ နောက်ပိုင်းမှာ အဝေးကန်ချက်တွေနဲ့ဘဲ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ပြီး မြန်မာဂိုးသမား ကျော်ဇင်ဖြိုး အပိုင် ၂ လုံးလောက်ကို ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။
    ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဒီဇင်ဘာ ၈ ရက်နေ့ ဘန်ကောက်မြို့က ရာဇမင်္ဂလာ အားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မြန်မာအသင်းဟာ ဗိုလ်လုပွဲတက်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
  • ဂါဇာ-အီဂျစ် လျှို့ဝှက်လှိုဏ်ခေါင်းပြိုကျ၍ ပါလက်စတိုင်း ၄ ဦး သေဆုံး
    ဂါဇာ-အီဂျစ် လျှို့ဝှက်လှိုဏ်ခေါင်းပြိုကျ၍ ပါလက်စတိုင်း ၄ ဦး သေဆုံး
    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media
    gaza
    – အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်နှင့် အီဂျစ်တို့ကို သွယ်တန်းထားသော မြေအောက်လှိုဏ်ခေါင်းတစ်ခု ပြိုကျမှုကြောင့် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    အစ္စရေးနှင့် အီဂျစ်တို့က ပိတ်ဆို့ထားမှုကြောင့် အတိဒုက္ခရောက်နေကြသည့် ဂါဇာပြည်သူများမှာ ဂါဇာနှင့် အီဂျစ်ရှိ ဆိုင်းနိုင်းကျွန်းဆွယ်တို့အကြား လျှို့ဝှက်ဖောက်လုပ်ထားသည့် မြေအောက်လှိုင်ခါင်းများမှ တင်သွင်းသော ပစ္စည်းများဖြင့် အသက်ဆက်နေရခြင်းဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သော အဆိုပါ လှိုဏ်ခေါင်းပြိုကျမှုမှာ ရေလျှံမှုကြောင့်ဖြစ်ပြီး လူ ၄ ဦး ပျောက်ဆုံးခဲ့ပြီးနောက် ၃ ဦး၏ အလောင်းကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။ ကျန်ရှိသည့် တစ်ဦးကိုမူ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။
    ယခုနှစ်အစပိုင်းကတည်းက အဆိုပါ လျှို့ဝှက်လှိုဏ်ခေါင်းများ ပြိုကျမှုကြောင့် ပါလက်စတိုင်းပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည်။
    ၂၀၁၄ ခုနှစ် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် အလ် စီစီလက်ထက်မှစ၍ အဆိုပါလှိုဏ်ခေါင်းများကို ဖြိုချဖျက်ဆီးမှုများ ပိုမို ပြုလုပ်လာခဲ့ပြီး ရေဆိုးများ၊ လှိုဏ်ခေါင်အတွင်းဖြည့်ကာ ဖြိုချခြင်းဖြစ်သည်။
    ၎င်းအာဏာမရခင်အချိန်က အီဂျစ်နှင့် ဂါဇာတို့ကို ဆက်သွယ်ထားသော အဆိုပါ လျှို့ဝှက်လှိုဏ်ခေါင်းများမှာ ၁၈၀၀ အထိရှိခဲ့ပြီး ပါလက်စတိုင်းပြည်သူများအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သော အစားအသောက်၊ ရေသန့် ဆေးဝါး၊ အ၀တ်အထည်နှင့် ကားအစိတ်အပိုင်းများကို အဆိုပါလှိုဏ်ခေါင်းများမှ တင်သွင်းကာ အသက်ဆက်နေရခြင်းဖြစ်သည်။
    Ref: Aljazeera
  • တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းကို ဆန့်ကျင်ကာ ဒေသမှုပြု အစ္စလာမ်ဖြစ်ရေး အင်ဒိုနီးရှား ဦးတည်လာ
    တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းကို ဆန့်ကျင်ကာ ဒေသမှုပြု အစ္စလာမ်ဖြစ်ရေး အင်ဒိုနီးရှား ဦးတည်လာ
    ဒီဇင်ဘာ ၄၊ ၂၀၁၆
    M-Media
    indo-2
    ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်နေသော အင်ဒိုမွတ်စလင် အမျိုးသမီးများ
    – အင်ဒိုနီးရှားရှိ အကြီးဆုံး အစ္စလာမ့်ရေးရာအဖွဲ့ဖြစ်သော နဟ်ဒ်လာသွလ် အိုလမာ ( Nahdlatul Ulama – NU) မှာ သောကြာဒေသနာများ၊ ပွင့်လင်းဆွေးနွေးပွဲများမှတစ်ဆင့် အင်ဒိုနီးရှားမှုပြု အစ္စလာမ်သာသနာ သဘောတရားများ ဖြစ်ထွန်းလာရေး ရည်ရွယ်ဆောင်ရွက်လျက် ရှိနေ၏။
    ‘အင်ဒိုကျွန်းဆွယ်မှ အစ္စလာမ်’ ဟု အဓိပ္ပါယ်ရသည့် အစ္စလာမ် နူဆန်တာရာ (Islam Nusantara) အယူအဆက အင်ဒိုနီးရှားမှာ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ယဉ်ကျေးမှုအရ ကွဲပြားခြားနားပြီး၊ မိမိတို့ယဉ်ကျေးမှုကို ခြုံငုံမိသော ကိုယ်ပိုင် အစ္စလာမ့်ဖွင့်ဆိုချက်ကို လိုက်နာသည်သင့်ဟု ထောက်ပြခဲ့သည်။ အလယ်အလတ်ကြပြီး၊ ထိုင်းရင်းသားယဉ်ကျေးမှုများ၊ အမျိုးသမီးအခွင့်အရေးတို့ကို အထောက်အပံ့ဖြစ်စေသော ဖွင့်ဆိုချက်မျိုး ဖြစ်သည်။ အဖွဲ့ဝင် သန်း ၄၀ ရှိသည့် နဟ်ဒ်လာသွလ် အိုလမာအဖွဲ့က မိမိတို့နှင့် အစွန်းရောက်ဝါဒအကြား မည်သို့မှ မသက်ဆိုင်ဟုလည်း ဆိုသည်။
    “အရှေ့လယ်ပိုင်းနဲ့နွယ်နေတဲ့ အခက်အခဲတွေထဲက တစ်ခုက သူတို့မှာ ကြီးကျယ်တဲ့ သမိုင်းကြောင်း ရှိတာပါပဲ။ ဒါ့ကြောင့် လူတွေက ဒီသမိုင်းကြောင်းကို အားမကျဘဲ မနေနိုင်ကြပါဘူး။ ကံကောင်းတာတစ်ခုက ကျွန်တော်တို့မှာ ဒီလိုအစွဲမျိုး သိပ်မရှိတာပါ။ ကမ္ဘာတစ်ဝှမ်းက ကျန်တဲ့ မွတ်စလင်လူ့အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအသိုက်ဝန်းရဲ့ အနေအထားအစစ်အမှန်နဲ့ အဆက်မပြတ်ဖို့၊ လူမှုဆက်ဆံရေးဓလေ့ကို ထိန်းသိမ်းထားဖို့၊ နိုင်ငံရပ်ခြားက အယူအဆတွေကြောင့် အဲဒါတွေကို မစွန့်လွှတ်ဖို့အတွက် Islam Nusantara အယူအဆကို မြှင့်တင်နေတဲ့ ကျွန်တော်တို့က တိုက်တွန်းပါတယ်” ဟု NU အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ယဟ်ယာ ချိုလီလ် စတာကွတ်ဖ်က ပြောကြားခဲ့သည်။
    (Islam Nusantara ဆိုသည်မှာ အစ္စလာမ်သာသာနာ၏ စစ်မှန်သော သွန်သင်မှုများဖြစ်သည့် ငြိမ်းချမ်းရေး၊ သည်းခံရေး၊ တစ်ဖက်သားအပေါ် လေးစားမှုရှိရေးနှင့် မိမိတို့နှင့်၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရေးကို အဓိကထားသည့် အယူအဆမျိုးဖြစ်သည်။)
    ဆော်ဒီအာရေဗျတွင် ၀ါဟာဘီဝါဒ ပေါ်ထွက်လာမှုကို တုန့်ပြန်ရန်နှင့် နိုင်ငံအတွင်း အစ္စလာမ်သာသနာကို ခေတ်မီအောင် ဆောင်ရွက်ရန်အတွက် စွန်နီမွတ်စလင်အဖွဲ့ဖြစ်သည့် UN ကို ၁၉၂၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
    နိုင်ငံ၏ သန်းပေါင်း ၂၅၀ သော လူဦးရေတွင် အစ္စလာမ်ဘာသာဝင် ၈၈ ရာခိုင်နှုန်းနီးပါးရှိပြီး၊ ၁၉၅၀ ပြည့်နှစ်များက အစွန်းရောက် သူပုန်ထမှုတစ်ခု ပေါ်ပေါက်ခဲ့ကာ အဖွဲ့ခေါင်းဆောင်ကို ကွပ်မျက်လိုက်ပြီးနောက်ပိုင်းတွင် ထိုသူပုန်ထမှု အဆုံးသတ်သွားခဲ့သည်။ သို့သော်လည်း အစ္စလာမ့်နိုင်ငံတစ်ခုဖြစ်အောင် ငြိမ်းချမ်းစွာကြိုးပမ်းလာမှုများကို အင်ဒိုနီးရှားက ထပ်မံ ရင်ဆိုင်လာခဲ့ရသည်။
    သမ္မတဟောင်း ဆူဟာတို၏ အာဏာရှင် သက်တမ်း ၃၂ နှစ်တွင်း မွတ်စလင်တက်ကြွလှုပ်ရှားသူများမှာ အကြီးအကျယ် နှိပ်ကွပ်ခံခဲ့ရသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း စီးပွားရေး ခက်ခဲကြပ်တည်းနေသည့်အချိန် ဒီမိုကရေစီစတင်ခဲ့သည့် ကာလမှစ၍ အဆိုပါ တက်ကြွလှုပ်ရှားမှုက တစ်ကျော့ပြန် ပေါ်ပေါက်လာခဲ့သည်။
    ထိုပေါ်ထွက်လာမှုက အဘူ ဘာကာရ် ဘရှီးရ်ကဲ့သို့ စစ်သွေးကြွများ တိုင်းပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်မှုကို ဖြစ်စေခဲ့ပြီ ‘အစ္စလာမ်ခေါင်းစဉ်တပ် အကြမ်းဖက်ဝါဒ’ လည်း ထပ်မံပြန့်နှံ့လာခဲ့သည်။ ထိုနောက်ပိုင်း ၁၀ စုနှစ်တစ်ခုအတွင်း ဂျကာတာနှင့် နာမည်ကျော် အပန်းဖြေကျွန်း ဘာလီတို့တွင် ဆက်တိုက် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုများကြောင့် လူပေါင်း ၂၉၀ ကျော် သေဆုံးခဲ့သည်။
    ယခင်က မွတ်စလင်နှင့် လူနည်းစုခရစ်ယာန်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည့် နိုင်ငံ၏ အကြီးဆုံး ကျွန်များဖြစ်သော မူလူကူနှင့် ဆူလာဝေစီတို့တွင် လူ့အဖွဲ့အစည်းအတွင်း ကြောက်စရာကောင်းသည့် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် လူထောင်ကျော် သေဆုံးခဲ့လေသည်။
    အဆိုပါ သွေးထွက်သံယိုမှုများကို နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း အစွန်းရောက်အကြမ်းဖက်ဝါဒနှင့် ပတ်သက်၍ ရုန်းကန်ရမှုများကတော့ ဆက်ရှိနေခဲ့ပြီး အင်ဒိုနီးရှား၏ ဘာသာရေးသည်းခံနိုင်မှုဂုဏ်ပုဒ်ကို ထိခိုက်နိုင်စေမည့် ခြိမ်းခြောက်မှုအပေါ် အစ္စလာမ့်ဓမ္မပညာရှင်က စိုးရိမ်လာခဲ့ကာ စိတ်ငြိမ်းအေးရာ ရှာဖွေမှုကို တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်သော်လည်း နိုင်ငံအတွင်းရှိ အစ္စလာမ့်ဓမ္မဆရာများနှင့် ပညာရှင်များကတော့ ၎င်းတို့မှာ အစ္စလာမ်သာသနာသန္ဓေတည်ရာဒေသမှ မဟုတ်သောကြာင့် အရှေ့အလယ်ပိုင်းရှိ ဓမ္မပညာရှင်များရှေ့တွင် သိမ်ငယ်မှုကို ခံစားနေရသည်။
    အရှေ့အလယ်ပိုင်းနိုင်ငံအများစုက စစ်ပွဲများ၊ ပဋိပက္ခများနှင့် လုံးပန်းနေရသည့် ယခုအချိန်တွင်တော့ NU နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်း မိုဟာမက်ဒီယာ (Muhammadiyah) တို့မှာ ငြိမ်းချမ်းသော အယူဝါဒဖြစ်သည့် အစ္စလာမ်၏ မူရင်းသရုပ်သကန်မှာ ပျက်ဆီးသွားခဲ့ပြီဟု ကျယ်ကျယ်လောင်လောင် ပြောလာကြသည်။
    အင်ဒိုနီးရှားတွင် ခရစ်ယာန်များနှင့် အဟ်မဒ်ဒီယာအယူဝါဒ နောက်လိုက်များမှာ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ သို့သော် အရှေ့အလယ်ပိုင်းမှ အကွဲအပြဲများကြောင့် သဘောထားတင်းမာသည့် စွန်နီအုပ်စုများနှင့် နိုင်ငံ၏ လူနေအထူထပ်ဆုံး ဂျာဗားကျွန်းအရှေ့ပိုင်းတွင် အဓိကနေထိုင်သည့် ရှီအာလူနည်းစုများအကြား မယုံကြည်မှု၊ အမုန်းတရားများကလည်း နက်ရှိုင်းလာခဲ့သည်။
    တင်းကြပ်သည့် သဘောထားဖြင့် ချဉ်းကပ်မည့်အစား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် အဓိကသော့ချက်က ဥက္ကဌဟောင်း အဘ်ဒူလ် ရဟ်မန် ၀ါဟစ် အပါအ၀င် လေးစားကြည်ညိုဖွယ်ကောင်းသည့် ယခင်ခေါင်းဆောင်ဟောင်းများ၏ သဘောထားများတွင် တွေ့ရသည်ဟု NU က ယုံကြည်နေသည်။
    “အင်ဒိုနီးရှားက မွတ်စလင်တွေအနေနဲ့ သူတို့ရဲ့ ယုံကြည်မှုကို ကျင့်သုံးတဲ့နေရာမှာ Islam Nusantara အယူအဆကို ငြိမ်းချမ်းရေး၊ မတူကွဲပြားစွာညီညွတ်မှု၊ သည်းခံမှုနဲ့ ထူးခြားမှု သင်္ကေတ လက္ခဏာအဖြစ် လက်ခံသင့်ပါတယ်” ဟု ပဋိပက္ခအဖြေရှာရေး ကျွမ်းကျင်သူဖြစ်ပြီး အာချေးမှ ဘာသာတရားကိုင်းရှိုင်းသူ မူဖီဇာ မိုဟာမက်က ပြောကြားခဲ့သည်။ အာချေးပြည်နယ်မှာ ဗဟိုအစိုးရကို ဆန့်ကျင် သူပုန်ထခဲ့သည့် သမိုင်းကြောင်းရှိခဲ့ပြီး ရှရီအာ ဥပဒေကို ကျင့်သုံးသည့် တစ်ခုတည်းသော အစိတ်အပိုင်းလည် ဖြစ်သည်။
    “အစ္စလာမ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ၀င်ရောက်စွက်ဖက်တာမျိုး လက်သင့်မခံတဲ့ အင်ဒိုနီးရှားဟာ မွတ်စလင်ကမ္ဘာမှာ သည်းခံနိုင်မှုအရှိဆုံး တိုင်းပြည်တစ်ခုအဖြစ် အမြဲတမ်း ရပ်တည်ခဲ့ပြီး၊ ရိုးရာယဉ်ကျေးမှုကို ဘာသာတရားကနေ ခွဲထုတ်လို့ မရဘူးဆိုတဲ့ အယူအဆကို လက်ခံထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလို သမိုင်းနဲ့ချီ ခိုင်မာတဲ့ ရပ်တည်ချက်တွေနဲ့ပဲ ဒီတိုင်းပြည်ကို ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်” ဟု မူဖီဇာက ထည့်သွင်းပြောဆိုခဲ့သည်။
    Transparncy International မှ နိုင်ငံတကာ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ နာတာလီယာ ဆိုဘဂ်ဂျိုတွင်လည်း ထိုကဲသို့ အယူအဆမျိုး ရှိသည်။
    “Islam Nusantara အယူအဆက အင်ဒိုနီးရှားရဲ့ ကြွယ်ဝတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ပွင့်လင်းမှု၊ လူ့အဖွဲ့အစည်းတိုင်းကို လက်ခံမှုနဲ့ ပါဝင်နိုင်မှုလို သမိုင်းနဲ့ချီပြီးရှိခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ ဓလေ့တွေကို ရောင်ပြန်ဟပ်စေပါတယ်” ဟု သူမက ပြောကြားခဲ့သည်။
    အစ္စလာမ်သာသနာမှာ အင်ဒိုနီးရှားသို့ ကုန်သွယ်မှုဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဓားမိုး၍ ရောက်လာခြင်းမဟုတ်ဟုလည်း နာတာလီယာက ထောက်ပြခဲ့သည်။ အစ္စလာမ်သာသနာမရောက်မီက အင်ဒိုနီးရှားပြည်သူများမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ တိုင်းရင်းသားများ၏ ယုံကြည်မှုများ၊ ဒဿနများဖြင့် ထိတွေ့ခဲ့ကြပြီး အဆိုပါယုံကြည်မှုများမှ အယူအဆများမှာ ယခုအချိန်အထိ တိုင်းပြည်၏ လူ့အဖွဲ့အစည်းတွင် ခိုင်ခိုင်မာမာ ကိန်းဝပ်နေဆဲဖြစ်သည်ဟုလည်း သူမက ဖွင့်ဟခဲ့သည်။
    “ဒါ့ကြောင့်ပဲ တမန်တော်မိုဟာမက်ရဲ့ သွန်သင်မှုတွေကို ကျွန်မတို့ ပြန်ဆိုကျင့်သုံးပုံဟာ အရှေ့အလယ်ပိုင်း ဒါမှမဟုတ် ကမ္ဘာပေါ်က အခြားဘယ်နေရာကမဆို အစ္စလာမ်ကို နားလည်ကျင့်သုံးတာမျိုးနဲ့ ခြားနားတာ ဖြစ်ပါတယ်”
    ရှရီအာ အခြေခံသည့် နိုင်ငံရေးပါတီ ၃ ခုမှ ပူးပေါင်းပါဝင်မှု မရှိခြင်း၊ အင်ဒိုနီးရှားမွတ်စလင်များအကြား ပုံသေ သဘောထားမျိုး ရှိနေခြင်းကြောင့် ဒေသမှုပြု အစ္စလာမ်သာသနာဖြစ်ရေးအတွက် နဟ်ဒ်လာသွလ် အိုလမာ (NU) ၏ ကြိုးပမ်းမှုမှာ အလွန်မတ်ဆောက်သော တောင်ပေါ်သို့ ဧရာမကျောက်တုံးကြီးကို တွန်းတင်ရသကဲ့သို့ ဖြစ်နေသည်။
    သာသနာရေးရာဝန်ကြီး လွတ်ကမန် ဆိုက်ဖွဒ်ဒင်က ရရှီအာအခြေပြု PPP ပါတီဘက်ယိမ်းသော်လည်း လူနည်းစုများကို လစ်လျူရှုကာ၊ အစွန်းရောက်ဝါဒ ကြီးထွားလာမှုကို ရင်မဆိုင်သည့် အရင့်အရင် ၀န်ကြီးများနှင့် မတူကြောင်း ပြုပြင်ပြောင်းလဲမှုများဖြင့် သက်သေပြခဲ့သည်။
    အစ္စလာမ်တွင် အရှေ့အလယ်ပိုင်းယဉ်ကျေးမှုကသာ တရားဝင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားမှုကို သူကလည်း မနှစ်မြို့။
    “ကမ္ဘာ့ဘယ်နေရာမှာမဆို အစ္စလာမ်ရဲ့တန်ဖိုးတွေက ဒေသယဉ်ကျေးမှုကို အခြေခံထားတာပါ။ ဥပမာအားဖြင့် အိန္ဒိယ၊ ဆူဒန်၊ တရုတ်နိုင်ငံတွေမှာ အစ္စလာမ့်တန်ဖိုးတွေဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု အစိတ်အပိုင်းမျိုး ဖြစ်နေပါပြီ” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။
    မဲအရေအတွက် ၁၂-၁၃ ရာခိုင်နှုန်းထက်ကျော်၍ မရဖူးသော ရှရီအာ အခြေပြုပါတီများ၏ ပုံသေထောက်ခံမှုကြောင့် တင်းကြပ်မှုဝါဒ ဖော်ဆောင်ရေးနှင့် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်များကို ကန့်သတ်ရေးအတွက် ဥပေဒများ၊ စည်းမျဉ်းစည်းကမ်းများ ပြဌာန်းရန် ဥပဒေပြုအဖွဲ့များ၏ စိတ်အားထက်သန်မှုက အင်ဒိုနီးရှားလူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးသော ယဉ်ကျေးမှုကို နိုင်ငံရေးသမားများက နားလည်နိုင်မှု ကင်းဝေးသည့် အခြေအနေသို့ ရောက်စေသည်။
    အင်ဒိုနီးရှားမှ ၃၃ ခုသော ပြည်နယ်များ၏ ၃ ပုံ ၁ ပုံခန့်တွင် ရှရီအာ စည်းမျဉ်းစည်းကမ်းများ ထွန်းကားလာပြီး အမျိုးသမီးများ ညဘက်အပြင်ထွက်မှုကို တားမြစ်ခြင်း၊ အစ္စလာမ့်ဝတ်စုံပြည့်ဝတ်ရန်၊ မပြတ်မကွက် ဘုရားဝတ်ပြုရန်နှင့် ကုရ်အာန်သင်တန်းများ တက်ရောက်ရန် တောင်းဆိုခြင်းတို့ ဖြစ်လာခဲ့သည်။
    ထိုကဲ့သို့ ဒေသန္တရဥပဒေများ ပြဌာန်းသည့် အကြောင်းအရင်းက မဲပေးသူများအပေါ် လွှမ်းမိုးမှုရှိသည်ဟု မှတ်ယူခံရသည့် ရှေးရိုးစွဲ ဘာသာရေးခေါင်းဆောင်များ၏ အကြိုက်ကိုလိုက်သော ပါတီကြီးများမှ ထောက်ခံမှုကို ရရှိခြင်းကြောင့် ဖြစ်သည်။
    သို့သော်လည်း အဆိုပါ ပြဌာန်းချက်များက တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုသော ပြဌာန်းချက်မျိုးဖြစ်ပြီး၊ အင်ဒိုနီးရှားမှာ ဘာသာရေးမစွက်သည့် တိုင်းပြည်ဖြစ်ရမည်ဟူသော အခြေခံအုတ်မြစ် ‘ပန်ကျာဆီလာ’ (Pancasila) သဘောထားနှင့်လည်း ဆန့်ကျင်နေသည်။
    သို့သော်လည်း မိမိတို့မှာ ခေတ်မီသည်၊ တိုးတက်သည်ဟု ယူဆသည့် အင်ဒိုနီးရှားပြည်သူအချို့ကလည်း Islam Nusantara အယူအဆကို မနှစ်သက်ကြ။
    “အစ္စလာမ်နဲ့ မွတ်စလင်တွေကြားထဲမှာ ပိုင်းခြားကန့်သတ်လိုက်မယ်ဆိုတာနဲ့ ဒါဟာ အစ္စလာမ်သာသာနာအတွင်း သွေးကွဲစေမှာပါ။ လူမျိုးရေး ဒါမှမဟုတ် ဘယ်ပေါ်မှာပဲ အခြေခံသည်ဖြစ်ပါစေ – ဒါမျိုးကတော့ မှားယွင်းတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု နည်းပညာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဖာဂျာရ် ရက်ဆိုပရိုဂျိုက ပြောကြားခဲ့သည်။
    Ref: The National
    (The National ၀ဘ်ဆိုက်တွင် ဖော်ပြထားသည့် Indonesians champion their own way of practising Islam ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • လေယာဉ်ပျက်ကျသေဆုံးခဲ့သည့် ဘောလုံးအသင်းမှ ရုပ်အလောင်းများ ဘရာဇီးလ်သို့ရောက်ရှိ
    လေယာဉ်ပျက်ကျသေဆုံးခဲ့သည့် ဘောလုံးအသင်းမှ ရုပ်အလောင်းများ ဘရာဇီးလ်သို့ရောက်ရှိ
    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media
    brazil
    – ယခုတစ်ပတ်အစောပိုင်းက လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သည့် ဘရာဇီးလ်ကလပ် Chapecoense အသင်းမှ ကစားသမားများ၊ နည်းပြများနှင့် ၀န်ထမ်း စုစုပေါင်း ၅၀ ၏ ရုပ်အလောင်းများမှာ ယနေ့တွင် ဘရာဇီးလ်သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
    အသင်းအခြေစိုက်ရာ နိုင်ငံတောင်ပိုင်း ချာပီကိုမြို့သို့ ပြန်လည် ဆိုက်ရောက်လာခြင်းဖြစ်ပြီး၊ မြို့ခံပြည်သူများက ၀မ်းနည်းပူဆွေးမှုနှင့်အတူ ဆီးကြိုခဲ့ကြသည်။ အလောင်းသယ်ဆောင်လာသည့် လေယာဉ်များ လေယာဉ်ကွင်းသို့ ဆင်းသက်သည်နှင့် တစ်ပြိုင်နက် Chapecoense အသင်း၏ ကွင်းမှ မီးရှူးမီးပန်းများကို ပစ်လွှတ် ဂုဏ်ပြုခဲ့ကြသည်။
    ဘရာဇီးပထမတန်းတွင် ကစားနေသည့် အသင်းငယ်လေးဖြစ်သော Chapecoense မှာ ယခုနှစ်တွင် အံ့သြလောက်ဖွယ် စွမ်းဆောင်မှုမျိုးကို ပြသခဲ့ပြီး တောင်အမေရိက၏ ဒုတိယအဆင့်အမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည်အထိ အောင်မြင်ခဲ့သည်။
    သို့သော်လည်း ဗိုလ်လုပွဲ ပထမအကျော့ ကစားရန် ကိုလံဘီယာသို့ စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်စဉ် ယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ခဲ့ရကာ အသင်းတစ်သင်းလုံးတွင် ၃ ဦးသာ အသက်ရှင်ခဲ့သည်။ ၎င်းတို့ ၃ ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
    Chapecoense ၏ အိမ်ကွင်း Conda Arena တွင် ပြုလုပ်မည့် ဈာပနအခမ်းအနားသို့ ချာပီကိုမြို့၏ လူဦးရေ ထက်ဝက်ဖြစ်သော လူပေါင်း ၁ သိန်းခန့် တက်ရောက်မည်ဟု ခန့်မှန်းထားပြီး၊ ဖီဖာဥက္ကဌ ဂီယာနီ အင်ဖန်တီနိုလည်း တက်ရောက်ရန် ရှိနေသည်။
    လေယာဉ်မှူးနှင့် မြေပြင်ထိန်းချုပ်ရေးစခန်းတို့၏ နောက်ဆုံး ဆက်သွယ်ပြောကြားမှုအရ လေယာဉ်ပျက်ကျမှု အကြောင်းအရင်းမှာ ဆီကုန်သွားခြင်းကြောင့် ဖြစ်နိုင်ပြီး၊ အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။ လေယာဉ်ပျက်မှုတွင် သေဆုံးသွားခဲ့သည့် ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလား နိုင်ငံသားများ၏ ရုပ်အလောင်းများကိုလည်း ကြာသာပတေးနှင့် သောကြာနေ့များတွင် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးခဲ့သည်။
    Ref: Aljazeera
  • ထရမ့်က ထိုင်ဝမ်သမ္မတကို ဖုန်းဆက်စကားပြောမှု တရုတ် ကန့်ကွက်
    ထရမ့်က ထိုင်ဝမ်သမ္မတကို ဖုန်းဆက်စကားပြောမှု တရုတ် ကန့်ကွက်
    ဒီဇင်ဘာ ၃၊ ၂၀၁၆
    M-Media
    us
    – အမေရိကန်၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သမ္မတအား ဖုန်းခေါ်ဆို စကားပြောမှုကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပြီး ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာ ရှိသည်ဟု ပြောကြားခဲ့သည်။
    တရုတ်မှာ ထိုဝမ်အား ၁၉၇၉ ခုနှစ်ကတည်းမှစ၍ ပြည်မကြီး၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး အမေရိကန်ကလည်း အဆိုပါ သဘောထားကို အသိအမှတ်ပြုကာ ‘တရုတ်တစ်နိုင်ငံတည်း’ ပေါ်လစီကို အခြေခံ၍ နှစ်နိုင်ငံ အပြန်အလှန် သံတမန်ရေးရာအရ ဆက်သွယ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်နှင့် ထိုင်ဝမ်တို့မှာ သီးသန့် သံအဆက်အသွယ် မရှိပေ။
    ထရမ့်၏ အသွင်ကူးပြောင်းရေးအသင်းက ထရမ့်မှာ ထိုင်ဝမ်သမ္မတ တိုင်ယင်ဝမ်နှင့် သောကြာနေ့က ဖုန်စကားပြောဆိုခဲ့ပြီး နှစ်နိုင်ငံအကြား ရှိပြီးသား စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများအကြောင်း ဆွေးနွေးခဲ့ကာ ထရမ့်ကလည်း ထိုင်ဝမ်သမ္မ၏ ယခုနှစ်အစောပိုင်း ရွေကောက်ပွဲတွင် အနိုင်ရရှိမှုအတွက် ဂုဏ်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    အဆိုပါဖုန်းခေါ်ဆိုမှုမှာ ၁၉၇၉ ခုနှစ် တရုတ်နှင့် အမေရိကန်တို့အကြား သံတမန်အဆက်အသွယ် စတင်ပြီးကတည်းက ထိုင်ဝမ်ခေါင်းဆောင်နှင့် အမေရိကန်ခေါင်းဆောင်တို့အကြား ပထမဆုံး စကားပြောဆိုမှုလည်း ဖြစ်သည်။
    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုလုပ်ရပ်ကို ကန့်ကွက်ကြောင်း အမေရိကန်ဖက်သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။
    “ကမ္ဘာမှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းရှိတယ်လို့ ကျွန်တော် ပြောလိုပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်နဲ့ ခွဲလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ တရုတ်တစ်နိုင်ငံတည်း ပေါ်လစီကလည်း တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ နိုင်ငံရေး အုတ်မြစ်ပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျန်ရွှမ်းက ပြာကြားခဲ့သည်။
    ထို့ပြင် တရုတ်-အမေရိကန် အမိန့်ပြန်တမ်း ၃ ခုတွင် ဖော်ပြထားသည့် ကတိကဝတ်များနှင့်အညီ တရုတ်တစ်နိုင်ငံတည်းပေါ်လစီအား မစွန့်လွှတ်ရန်၊ မိမိတို့နှစ်နိုင်ငံ ဆက်ဆံရေးတွင် မလိုလားအပ်သော အနှောက်အယှက်များ မဖြစ်စေရေးအတွက် ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စများကို ဂရုတစိုက် ကိုင်တွယ်ဆောင်ရွက်ရန်လည်း ဂျန်ရွှမ်းက တိုက်တွန်းပြောကြားခဲ့သည်။
    Ref: CNN