News @ M-Media

Blog

  • စက်တင်ဘာ ၂၂ ရက်နေ့ နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၂ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – အင်ဒိုနီးရှားမှ ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်ထု)

    အင်ဒိုနီးရှားတွင် ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်တု ဖွင့်လှစ်
    ———–
    မြောက်ဆူမားတြားပြည်နယ်က နာမည်ကျော် တိုဘာကန် တောင်စောင်းမှာ ၆၁ မီတာမြင့်တဲ့ ယေရှုခရစ်ရုပ်ထုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မြောက်ဆူမားတြားဟာ ခရစ်ယာန်ဘာသာ၀င် အများစုရှိရာ ဒေသဖြစ်ပြီး ဒီရုပ်တုကို နှစ်ချီ ဆောက်လုပ်ခဲ့ရတာပါ။ ကမ္ဘာပေါ်က အမြင့်ဆုံး ခရစ်တော်ရုပ်တုအဖြစ်လည်း မှတ်တမ်း၀င်ပါတယ်။

    ထိုင်းစစ်တပ်ခေါင်းဆောင်များ အပြောင်းအလဲလုပ်မည်
    ———–
    ထိုင်းစစ်တပ်က အရာရှိအရာခံ စုစုပေါင်း ၈၀၈ ဦးကို အပြောင်းအလဲလုပ်မှာ ဖြစ်ပြီး ဒီစာရင်းကို ထိုင်း၀န်ကြီးချုပ်ရုံးက နန်တော်ကို တင်သွင်းထားကာ ဘုရင်အတည်ပြုရင် အောက်တိုဘာ ၁ ရက်နေ့မှာ စတင် အသက်၀င်မှာဖြစ်ပါတယ်။ အခုပြောင်းအလဲမှာ လကုန်ပင်စင်ယူတော့မယ့် ထိုင်းကြည်းတပ်ဗိုလ်ချုပ်နဲ့ ရေတပ်ဗိုလ်ချုပ်နေရာကို အစားထိုးမှုလည်း ပါ၀င်မှာ ဖြစ်ပါတယ်။

    တရုတ်ဆော့ဖ်၀ဲသုံးကားများကို အမေရိကန်ပိတ်မည်
    ————-
    တရုတ်ထုတ်ဆော့ဖ်၀ဲတွေ ထည့်သွင်းထားတဲ့ ကားတွေအားလုံးကို တင်သွင်းခွင့် ပိတ်ပင်မယ့် အမိန့်တစ်ခုကို အမေရိကန်က နောက်တစ်ပတ်မှာ ထုတ်ပြန်ကြေငြာဖို့ ရှိပါတယ်။ အမေရိကန်ယာဥ်မောင်းတွေရဲ့ အချက်အလက်တွေကို တရုတ်ကုမ္ပဏီတွေက ခိုးယူမှာ စိုးရိမ်တာကြောင့်ဖြစ်ပြီး ဒါဟာ နိုင်ငံတော် လုံခြုံရေးကိုပါ ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ဟာ တရုတ်ထုတ် လျှပ်စစ်ကားတွေကို အခွန်တိုးကောက်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

    Ref: CNA, Jakarta Post


  • စက်တင်ဘာ ၂၁ ရက်နေ့ နိုင်ငံကတာ သတင်းတို

    စက်တင်ဘာ ၂၁ ရက်နေ့ နိုင်ငံကတာ သတင်းတို

    M-Media

    (ဓာတ်ပုံ – ဆော်ဒီမှ အာရဘီစင်တာတစ်ခုကို မြင်ရစဥ်)

    လူ ၇၀ ကျော်ကို အွမ္မရာ ဘုရားဖူးပို့ပေးမယ့် ဒူဘိုင်းရဲဌာန
    ———
    ဒူဘိုင်းရဲတပ်ဖွဲ့ဟာ လက်ရှိ၀န်ထမ်းနဲ့ အငြိမ်းစား၀န်ထမ်း စုစုပေါင်း ၇၆ ဦးကို စားရိတ်ငြိမ်း ဆော်ဒီအာရေဗျကို အွမ္မရာဘုရားဖူး ပို့ပေးဖို့ စီစဥ်နေပါတယ်။ ဒီခရီးစဥ်ဟာ ၆ ရက်တာ ကြာမြင့်မှာဖြစ်ပြီး ဘုရားဖူးကာလမှာ ကျင့်မူဆောက်တည်ရမယ့် ကျင့်စဥ်တွေကို ကာလတို သင်တန်းပေးသွားမယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အာရဘီဘာသာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု ဆော်ဒီတွင် ကျင်းပမည်
    ————–
    အောက်တိုဘာ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဆော်ဒီအာရေဗျနိုင်ငံမှာ ၃ ကြိမ်မြောက် အာရဘီဘာသာစကားဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု ကျင်းပဖို့ ရှိနေပါတယ်။ ကွန်ပျူတာနဲ့ ဉာဉ်ရည်တု နယ်ပယ်မှာ အာရဘီဘာသာစာပေကို အခုထက်ပိုပြီး ပိုမိုအသုံချနိုင်ရေး ညီလာခံမှာ ဆွေးနွေးမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံက ပညာရှင်တွေ အများအပြား တက်ရောက်ဖို့ ရှိနေပါတယ်။

    အီရန်က ဒရုန်းနှင့် ဒုံးကျည်သစ်များ ထုတ်ပြ
    ————-
    အီရန်က တိုက်ချင်းပစ်ဒုံးကျည်သစ် Jihad နဲ့ အဆင့်မြှင့်တင်ထားတဲ့ Shahed-136B အသေခံဒရုန်းတို့ကို စနေနေ့ စစ်ရေးပြပွဲမှာ ထုတ်ပြလာပါတယ်။ ဒုံးကျည်ဟာ မိုင်ပေါင်း ၆၀၀ ကျော် အကွာအ၀ေးအထိ ပစ်ခတ်နိုင်ပြီး၊ ဒရုန်းက မိုင် ၂၅၀၀ လောက် ပျံသန်းနိုင်ပါတယ်။ စစ်ရေးပြပွဲမှာ အခြား စစ်လက်နက်ပစ္စည်းတွေကိုလည်း အီရန်က ထုတ်ပြခဲ့ပါတယ်။

    Ref: Arab News


  • စက်တင်ဘာ ၂၀ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၂၀ ရက်နေ့ သတင်းတို

    M-Media

    အာဆီယံ ၄ နိုင်ငံ ဓာတ်အားလိုင်းမှ စင်ကာပူက ဓာတ်အားထပ်တိုးယူ
    —————
    လာအို-ထိုင်း-မလေးရှား-စင်ကာပူ မဟာဓာတ်အားလိုင်းကနေ ဓာတ်အား မီဂါ၀ပ် ၁၀၀ ကို စင်ကာပူက ထပ်တိုးယူခဲ့ပြီး စုစုပေါင်း မီဂါ၀ပ် ၂၀၀ ရယူ သုံးစွဲနေပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ လာအိုကနေ မီဂါ၀ပ် ၁၀၀ စင်ကာပူက စယူတဲ့အချိန် ဒီစီမံကိန်းကို စတင်ခဲ့တာပါ။ လက်ရှိမှာ မလေးရှားကလည်း ဒီမဟာဓာတ်အားလိုင်းကနေ ရယူသုံးစွဲနေပြီး နောက်ပိုင်းမှာ အာဆီယံ ၁၀ နိုင်ငံစလုံးအထိ ချိတ်ဆက်သွားဖို့ ရှိနေပါတယ်။

    ဂေါ်ဖီရှားပါးမှုကြောင့် ကိုရီယားကင်ချီလုပ်ငန်း ထိခိုက်လာ
    ———
    ကင်ချီရဲ့ အဓိကပါ၀င်ပစ္စည်းဖြစ်တဲ့ ဂေါ်ဖီဟာ တောင်ကိုရီးယား အပူလှိုင်းကြောင့် ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၇၀ ရာခိုင်နှုန်းနီးပါး စျေးတက်လာပြီး ကမ္ဘာကျော် ကင်ချီထုတ်လုပ်မှုလုပ်ငန်းပါ ထိခိုက်လာပါတယ်။ ဒီလိုအနေအထားအတိုင်း ဆက်သွားရင် ၂၀၉၀ ခုနှစ်အရောက် တောင်းကိုရီးယားမှာ ဂေါ်ဖီလုံး၀ စိုက်လို့ရတော့မှာ မဟုတ်တဲ့အတွက် ပညာရှင်တွေက နည်းလမ်းသစ်တွေရှာဖွေကာ ကင်ချီလုပ်ငန်းကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေကြပါတယ်။

    တရုတ်ပြည်တွင် ဂျပန်လူမျိုးများ စိုးရိမ်စိတ်မြင့်တက်လာ
    ———–
    ရှန်ဇန်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၁၀ နှစ်အရွယ် ဂျပန်ကလေးငယ် ဓားထိုးသတ်ဖြတ်ခံရပြီးနောက်ပိုင်း တရုတ်မှာရှိနေတဲ့ ဂျပန်လုပ်ငန်းတွေက သူတို့ရဲ့ ဂျပန်၀န်ထမ်းတွေနဲ့ မိသားစုတွေကို နေရပ်ပြန်ဖို့ ရွေးချယ်မှုတွေ ပေးလာပါတယ်။ တရုတ်မှာ ဂျပန်မုန်းတီးရေးစိတ်ဓာတ်ဟာ အခုအချိန်အထိ ကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တိုက်ခိုက်ခံရတဲ့ ဂျပန်နိုင်ငံသား အနည်းဆုံး ၂ ဦး ရှိပါတယ်။

    (ဓာတ်ပုံ- တောင်ကိုရီးယား ဂေါ်ဖီ)

  • ဘေရွတ်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်

    ဘေရွတ်တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်

    စက်တင်ဘာ ၂၀၊ ၂၀၂၄
    M-Media

    -လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအ၀င် လူ ၃ ဦးထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။

    အစ္စရေးကတော့ ဟစ်ဇ်ဘိုလာ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်တဲ့နေရာဟာ လူနေအိမ်ယာတွေ ဖြစ်ပါတယ်။

    ဟစ်ဇ်ဘိုလာအဖွဲ့၀င်တွေရဲ့ pager နဲ့ စကားပြောစက်တွေကို အစ္စရေးက ပြီးခဲ့တဲ့နှစ်ရက်မှာ ဖောက်ခွဲခဲ့ပြီးနောက်ပိုင်း တင်းမာမှုတွေ မြင့်တက်လာတာပါ။ ဒီဖောက်ခွဲမှုမှာ အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

    ဟစ်ဇ်ဘိုလာက အစ္စရေးရဲ့ ဖောက်ခွဲမှုကို တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးမြောက်ပိုင်းကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ဒုံးကျည် ၁၄၀ ကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၀)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၂၀)

    M-Media

    ၂၄ နာရီအတွင်း အနည်းဆုံး လူ ၃၀ နီးပါး အသတ်ခံရ
    ————-
    ဂါဇာကမ်းမြှောင်က နူစီရတ်ဒုက္ခသည်စခန်းအပါအ၀င် စစ်ရှောင်စခန်းတွေကို အစ္စရေးက လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာကြောင့် ၂၄ နာရီအတွင်း ကလေးငယ်တွေအပါအ၀င် အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့ပါတယ်။ တစ်နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း အသတ်ခံရသူရေအတွက်ဟာ ၄၂၀၀၀ နီးပါး ရှိလာပါပြီ။

    အနောက်ဖက်ကမ်းတွင်လည်း သတ်ဖြတ်မှုများ ဆက်ဖြစ်
    —————-
    အနောက်ဖက်ကမ်း ကွာဘာတီယာမြို့မှာ စက်တင်ဘာ ၁၉ ရက်နေ့ တစ်နေ့လုံး အစ္စရေးတပ်ဖွဲ့တွေက တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အစ္စရေးစစ်သားတွေဟာ သူတို့ သတ်ဖြတ်ထားတဲ့ ပါလက်စတိုင်းတွေရဲ့ အလောင်းကို နေအိမ်ခေါင်မိုးတွေပေါ် တင်ဆောင်ကာ ပြသခဲ့ကြပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေက ရှုတ်ချခဲ့ပြီး အစ္စရေးစစ်သားတွေ လူမဆန်ဘူးဆိုတာ ဒီလုပ်ရပ် ပြသနေတယ်လို့ ၀ေဖန် ပြောကြားခဲ့ပါတဘ်။

    အမေရိကန် လွှတ်တော်မှတ်ထမ်းထဲ ရောက်လာတဲ့ သေဆုံးသူစာရင်း
    ———-
    အစ္စရေးရဲ့ လက်ရှိ ဂါဇာလူသတ်ပွဲမှာ အသတ်ခံရတဲ့ ပါလက်စတိုင်းကလေးငယ်တွေရဲ့ အမည်စာရင်းကို အမေရိကန်အောက်လွှတ်တော်အမတ် ရာရှီဒါ တာလစ်ဘ်က အမေရိကန် အောက်လွှတ်တော်ရဲ့ မှတ်တမ်းထဲ ထည့်သွင်းလိုက်ပါတယ်။ ၆၄၉ မျက်နှာပါ၀င်တဲ့ အဲဒီစာရင်းမှာ ပထမ ၁၄ မျက်နှာက အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ တစ်နှစ်အောက်ကလေးငယ် ၇၁၀ ဦးရဲ့ စာရင်းဖြစ်ပါတယ်။ ဂါဇာမှာ တစ်နှစ်အတွင်း ကလေးငယ် အနည်းဆုံး ၁၅၀၀၀ ကျော် အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

    Ref: Aljazeera

    (ဓာတ်ပုံ – ပါလက်စတိုင်းအလောင်းများကို နေအိမ်ခေါင်မိုးပေါ်တင် ပြသနေကြသည့် အစ္စရေးစစ်သားများ)