News @ M-Media

Blog

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၇)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၇)

    M-Media

    (ဓာတ်ပုံ – သတ်ဖြတ်ခံထားရသူ ပါလက်စတိုင်းများ၏ စျာပန)

    ဂါဇာတွင် ထိခိုက်သူအများစုက ကလေးငယ်များဖြစ်နေ
    —————
    ဂါဇာကမ်းမြှောင်က ဥရောပ-ဂါဇာ ဆေးရုံမှာ သြဂုတ်လက ၂ ပတ်တာ တာ၀န်ထမ်းဆောင်ခဲ့မှုအတွင်း ကုပေးခဲ့ရတဲ့ လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ၁၆ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်လို့ ယူကေ ဆရာ၀န် ဗစ်တိုးရီးယားရို့စ်က ပြောပါတယ်။ သူမဟာ အခုနှစ် မတ်လကလည်း ဒီဆေးရုံမှာ တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။ ၁၁ လ ကြာမြင့်နေပြီဖြစ်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ၄၁၀၀၀ နီးပါးရှိလာပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    အဟာရပြတ်လပ်သေဆုံးသည့် ကလေးငယ်အရေအတွက် ၃၇ ဦးအထိ ရှိလာ
    ——————
    စက်တင်ဘာ ၇ ရက်နေ့မှာ ဂါဇာက ကလေးငယ်တစ်ဦး အဟာရပြတ်လပ် သေဆုံးခဲ့ပြီး၊ ၁၁ လအတွင်း အဟာရပြတ်သေဆုံးသူ ကလေးငယ် ၃၇ ဦးအထိ ရှိလာတာ ဖြစ်ပါတယ်။ အစ္စရေးဟာ လူသတ်ပွဲဆင်နွှဲနေသလို တစ်ဖက်မှာလည်း ဂါဇာကို နိုင်ငံတကာကပေးပို့တဲ့ အစားအသောက်၊ ဆေး၀ါး အကူအညီတွေ ၀င်ရောက်လို့မရအောင် နှောက်ယှက်ဟန့်တားနေပါတယ်။ ဂါဇာမှာ ကလေးငယ် ၅ သောင်းလောက်ဟာ အဟာရ ပြတ်လတ်မှုဒဏ်ကို ကာကွယ်ဖို့အတွက် ချက်ခြင်း ဆေးကုသမှုခံယူဖို့ လိုအပ်နေတယ်လို့ ကုလက ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။

    ဂါဇာတွင် တက္ကသိုလ် ၁၂ ခုစလုံး ဖျက်ဆီးခံထားရ
    ———————-
    ဂါဇာမှာ စာသင်ကျောင်းပေါင်း ၅၆၄ ကျောင်း ရှိတဲ့အနက် ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ ၄၇၇ ကျောင်းကို အစ္စရေးက လုံး၀ သုံးလို့မရအောင် ဖျက်ဆီးထားပါတယ်။ ကျန်ရှိနေတဲ့ ကျောင်းတွေလည်း တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံထားရပါတယ်။ ကမ်းမြှောင်အတွင်း တက္ကသိုလ် စုစုပေါင်း ၁၂ ခုရှိပြီး အားလုံးကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ ဂါဇာက တက္ကသိုလ်ကျောင်းသား ၈၈၀၀၀ လောက်ဟာ ပညာဆက်လက်သင်ယူနိုင်ခွင့် မရှိတော့ပါဘူး။


    Ref: Aljazeera

  • စက်တင်ဘာ ၆ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၆ ရက်နေ့ သတင်းတို

    M-Media

    မွတ်စလင်နိုင်ငံများတွင် အရောင်းကျလာပြီဖြစ်တဲ့ Coke နှင့် Pepsi
    —————
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့လူသတ်ပွဲ နောက်ဆက်တွဲ မွတ်စလင်နိုင်ငံတွေမှာ Coke နဲ့ Pepsi တို့ကို သပိတ်မှောက်မှုကြောင့် ပြည်တွင်းထုတ် အချိုရည်စျေးကွက် ပိုမို အားကောင်းလာပါတယ်။ ဂျူးလုပ်ငန်းတွေဖြစ်ကြတဲ့ Coke နဲ့ Pepsi တို့ဟာ အစ္စရေးကို ဒေါ်လာသန်းရာထောင်ချီ ထောက်ပံ့နေကြတာဖြစ်လို့ မွတ်စလင်နိုင်ငံတွေက သပိတ်မှောက်ကြတာပါ။ အီဂျစ်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေမှာ ဒေသထုတ် အချိုရည်တွေဟာ Coke နဲ့ Pepsi တို့နေရာမှာ သိသိသာသာကို နေရာယူလာပြီ ဖြစ်ပါတယ်။

    ဟာလာလ်စျေးကွက်တွင် ရုရှား၀င်လာပါက မလေးရှား ကူညီမည်
    ——————-
    မလေးရှားဟာ အစ္စလာမ့်ဘဏ်လုပ်ငန်းနဲ့ ဟာလာလ်စျေးကွက်မှာ အတွေ့အကြုံ ကြွယ်၀နေပြီဖြစ်တာကြောင့် ရုရှားနိုင်ငံက ဒီလုပ်ငန်းတွေမှာ ပါ၀င်လုပ်ကိုင်ချင်ရင် ကူညီပေးမယ်လို့ ၀န်ကြီးချုပ် အန်၀ါရ်အီဘရာဟင်က ပြောပါတယ်။ လက်ရှိ ရုရှားကိုရောက်နေတဲ့ အန်၀ါရ်ဟာ သမ္မတပူတင်၊ ရုရှားမွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

    အစ္စလာမ်သာသနာကို အမြတ်မထုတ်ရေး ပါကစ္စတန်ဆော်သြ
    ———————-
    အကြမ်းဖက်၀ါဒ လှုံ့ဆော်ရေးမှာ အစ္စလာမ်သာသနာကို တစ်လွဲအသုံးချ အမြတ်ထုတ်နေတာကို ရပ်တန့်ဖို့ ပါကစ္စတန် ပြည်ထဲရေး၀န်ကြီး မိုရှင်နက်ဗီက တိုက်တွန်းလိုက်ပါတယ်။ ပါကစ္စတန်မှာ ခွဲထွက်ရေး အစွန်းရောက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု လတ်တလောမှာ မြင့်တက်နေတာဖြစ်ပါတယ်။ ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်းကြားမှာ ညီညွတ်ရေး ကူညီပေးကြဖို့လည်း ပါကစ္စတန်အစိုးရက ဘာသာရေးခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။

    Ref: Reuters, The Star

  • ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၆)

    ပါလက်စတိုင်းနိုင်ငံမှ နောက်ဆုံးရသတင်းများ (စက်တင်ဘာ ၆)

    M-Media

    (အနောက်ဖက်ကမ်းမှ တူလ်ကရင်မ်မြို့ကို အစ္စရေးက ဖျက်ဆီးထားမှု)

    ဂါဇာတွင် ပိုလီယိုကာကွယ်ဆေးထိုးနှံမှု အောင်မြင်စွာပြီးဆုံး
    ——————-
    ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံတွေ ဦးဆောင်ပြီး ဂါဇာကမ်းမြှောင်မှာ ပထမအသုတ် ပိုလီယို ကာကွယ်ဆေး ထိုးနှံမှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ကလေးငယ် ၃၅၅၀၀၀ လောက် ဆေးရရှိခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းမှာ ဂါဇာတောင်ပိုင်းက ကလေးငယ် ၃ သိန်းလောက်ကို ထပ်မံထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဂါဇာကျန်းမာရေးဌာနက အစ္စရေးဟာ ဂါဇာတောင်ပိုင်းမှာ ဆေး၀ါးတင်သွင်းမှုကို တားဆီးထားတဲ့အတွက် ခက်ခဲနိုင်တယ်လို့ သတိပေးထားပါတယ်။

    တရားမ၀င်အခြေချသူများ၏ တိုက်ခိုက်မှု ပိုမိုမြင့်တက်လာ
    —————
    ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ ကျူးကျော်အိမ်ယာမှာ နေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုဟာ အခုသီတင်းပတ်တွေမှာ ပိုမိုမြင့်တက်လာတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။ အနောက်ဖက်ကမ်းမှာ အစ္စရေးစစ်တပ်ရဲ့ စီနင်းတိုက်ခိုက်မှုကို အကာအကွယ်ယူကာ အကြမ်းဖက်မှုတွေ ပိုမိုတိုးလုပ်လာတာ ဖြစ်ပါတယ်။ အစ္စရေးရဲ့ စီးနင်းမှုအတွင်း အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

    အမေရိကန် တက်ကြွလှုပ်ရှားသူ အမျိုးသမီး အသတ်ခံရ
    ——————
    အနောက်ဖက်ကမ်း ဘိုက်တာမြို့က ကျူးကျော်အိမ်ယာဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ တူရကီနွယ်ဖွား အမေရိကန်နိုင်ငံသား တက်ကြွလှုပ်ရှားသူ အသက် ၂၆ နှစ်အရွယ် အဇ်ဂီ အိုင်ဂီဟာ အစ္စရေးရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ သူမဟာ အင်္ဂါနေ့ကမှ ပါလက်စတိုင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာဆောက်လုပ်မှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ISM မှာ နိုင်ငံခြား တက်ကြွလှုပ်ရှားသူတွေ ပါ၀င်လေ့ရှိပြီး အစ္စရေးက ဒီလှုပ်ရှားမှုမှာ ပါ၀င်တဲ့ နိုင်ငံခြားသား ၃ ဦးအထိ သတ်ဖြတ်ထားပါတယ်။ ၂၀၀၃၊ ၂၀၀၄ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ ဖြစ်ပါတယ်။

    Ref: Aljazeera


  • စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    အကျဥ်းသားကိစ္စ ကူညီခဲ့သည့် ဆော်ဒီကို ရုရှား ကျေးဇူးတင်
    —————–
    သြဂုတ်လ ရုရှားနဲ့ အမေရိကန်တို့ အကျဥ်းသား အပြန်အလှန် လဲလှယ်ရေးမှာ ကူညီပေးခဲ့တဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ကျေးဇူးတင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောပါတယ်။ နှစ်ဖက် အကျဥ်းသား ၂၄ ဦး ပါ၀င်တဲ့ ဒီလဲလှယ်ရေးဟာ စစ်အေးနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား အကြီးဆုံးလဲလှယ်မှုလည်း ဖြစ်ပါတယ်။

    အစ္စရေးကို အီရန်၏ တုန့်ပြန်မှု ထူးထူးခြားခြားဖြစ်မည်ဟုဆို
    ————–
    ဟားမက်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာကို သြဂုတ်လအတွင်း တီဟီရန်မှာ အစ္စရေးက လုပ်ကြံမှုအတွက် တုန့်ပြန်မှုဟာ ထူးခြားပြီး အံ့သြစရာဖြစ်လာလိမ့်မယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် မိုရှန် ချိုင်ဇာရီက ပြောပါတယ်။ တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့ အချိန်တစ်ခုကို စောင့်နေတာလို့လည်း ချိုင်ဇာရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စင်ကာပူ-အိန္ဒိယ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    —————–
    ကွန်ပျူတာချစ်ပ်နဲ့ ဒစ်ဂျစ်တယ်နည်းပညာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အိန္ဒိယနဲ့ စင်ကာပူတို့ စက်တင်ဘာ ၅ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အိန္ဒိယဟာ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်နေပြီး စာချွန်လွှာဟာ ဒီရည်မှန်းချက် ပိုမိုအားကောင်းလာရေး အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ အိန္ဒိယက ပြောပါတယ်။

    Ref: Arab News, CNA

  • အရှေ့တောင်အာရှအကြီးဆုံးဗလီမှ ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာကြီးအတွက် သတင်းစကား

    အရှေ့တောင်အာရှအကြီးဆုံးဗလီမှ ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာကြီးအတွက် သတင်းစကား

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ပုရဟန်းမင်းကြီး ဖရန်စစ်ကို ရှေ့ဆောင်အီမာမ် နဆာရုဒ်ဒင်း အူမာရ်နှင့်အတူ တွေ့ရစဥ်)

    -စစ်ပွဲနဲ့ ပဋိပက္ခတွေမှာ ဘာသာရေးကို လောင်စာအဖြစ် အသုံးမပြုကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အရှေ့တောင်အာရှက အကြီးဆုံးဗလီဖြစ်တဲ့ Istiqlal ဗလီ၀တ်ကျောင်းတော်ကို စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဗလီ၀တ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် နဆာရုဒ်ဒင်း အူမာရ်နဲ့ ပူးတွဲကာ ဘာသာရေး သဟာဇတဖြစ်မှုနဲ့ သဘာ၀ပတ်၀န်းကျင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကိုလည်း ပုပ်ရဟန်းမင်းကြီးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

    Istiqlal ဗလီက မိန့်ခွန်းမှာ လူသားအားလုံးဟာ ညီရင်းအစ်ကိုများဖြစ်ကြောင်း၊ မိမိတို့နည်း မိမိတိုဟန်နဲ့ ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်နေကြတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ လက်ရှိကမ္ဘာကြီးမှာ လူသား၀ါဒဟာ ဆိုဆိုးရွားရွား ပြဿနာမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

    ပုရဟန်းမင်းကြီးဟာ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းကျရင် ဂျကာတာက ဘောလုံးကွင်းမှာ အင်ဒိုနီးရှားလူထုနဲ့ တွေ့ဆုံမိန့်ခွန်းပြောမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပါပူအာ နယူးဂီနီ၊ တီမောလက်စ်တေနဲ့ စင်ကာပူတို့ကို ခရီးဆက်မှာပါ။

    ပုပ်ရဟန်းမင်းကြီးရဲ့ အခုတစ်ခေါက် အာရှခရီးစဥ်ဟာ ၁၁ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။

    Ref: BBC