News @ M-Media

Blog

  • မလေးရှားမှ တရားမ၀င်ကလေးရာင်းချမှုလုပ်ငန်းအတွက် ဖမ်းဆီးမှု စတင်

    မလေးရှားမှ တရားမ၀င်ကလေးရာင်းချမှုလုပ်ငန်းအတွက် ဖမ်းဆီးမှု စတင်

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    baby-2

    – မလေးရှားတွင် မွေးကင်းစကလေးများ ရောင်းချနေသည့် တရားမ၀င်ဈေးကွက်အကြောင်းကို အလ်ဂျာဇီးရား သတင်းဌာနက ဖော်ထုတ်ခဲ့ပြီးနောက် ထိုလုပ်ငန်းတွင် ပါဝင်သည်ဟု သံသယရှိသူ ၃ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး ကွာလာလမ်ပူ ဆင်ခြေဖုံးရှိ ဆေးခန်းများ၊ နေအိမ်များကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ အလ်ဂျာဇီးရား လျှို့ဝှက်သတင်းထောက်များ၏ စုံစမ်းမှုဖြင့် 101 East အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည့် မလေးရှားမှ မှောင်ခိုကလေးဈေးကွက် မှတ်တမ်းတွင် ပါဝင်ခဲ့သူ အမျိုးသမီးလည်းဖြစ်သည်။ အခြား ၂ ဦးမှာ ထိုအမျိုးသမီး၏ သားနှင့် ပုဂ္ဂလိကဆေးခန်းတွင် အလုပ်လုပ်နေသူ ဆေးဘက်ဆိုင်ရာ အကူတစ်ဦး ဖြစ်သည်။

    မလေးရှား တော်ဝင် ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာနမှ တာဝန်ရှိသူ ရိုဟိုင်မီ မိုဟာမက် အီဆာကမူ ၎င်းတို့ ၃ ဦးအား လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပြောင်းရွှေ့အခြေသူများအား ကုန်ကူးမှု တိုက်ဖျက်ရေး အက်ဥပဒေများဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    “စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုပြီး မွေးကင်းစကလေးငယ်များအား ရောင်းဝယ်မှုတွင် ပါဝင်သူများကို ထပ်မံဖမ်းဆီးရန်ရှိနေသည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

    အလ်ဂျာဇီးရားမှ ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်လွှင်ခဲ့သည့် မလေးရှားမှ ကလေးငယ် တရားမ၀င်ဈေးကွက်အကြောင်းတွင် မွေးကင်းစကလေးငယ်တစ်ဦးကို ကန်ဒေါ်လာ ၄၀၀ မှ ၇၅၀၀ အထိ ဈေးပေါက်ပြီး ဆရာဝန်များနှင့် လူကုန်ကူးသူများပေါင်းက ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့သည့် အမျိုးသမီးကမူ ၎င်းအနေဖြင့် မလေးရှားနိုင်ငံတစ်ဝှမ်းတွင် ကိုယ်ဝန်ဆောင် အင်ဒိုနီးရှားအမျိုးသမီး ၇၈ ဦးကို ထာဝန်ယူထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

    ဘွန်ဒါဟုဆိုသည့် ထိုအမျိုသမီးက ၎င်းမှာ ကိုယ်ဝန်ဆောင် အင်ဒိုနီးရှားအမျိုးသမီးများ၏ ဓာတ်ပုံ ကက်တလောက်ကို ၀ယ်ယူမည့်သူများထံသို့ ပေးပို့ကာ ရွေးချယ်စေပြီး ကလေးတစ်ဦးလျှင် ကန်ဒေါ်လာ ၁၅၀၀ ခန့် ဈေးခေါ်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့ရောင်းချမှုတွင် မွေးဖွားသည့်မိခင်များအနေဖြင့် ၎င်းတို့၏ကလေးကို နောက်ပိုင်းတွင် ပြန်မရှာဟူသော ကတိ ပေးရသည်ဟုလည်း ဆိုသည်။

    ဘွန်ဒါကမူ ၎င်းအနေဖြင့် ထိုအလုပ်အတွက် အင်ဒိုနီးရှားအမျိုးသမီး ၁၀၀၀ ကျော်နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ဖူးပြီး မည်သည့်ပြဿနာမှ မရှိခဲ့ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera

  • အာဖရိကမှ သမိုင်းဝင် လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်အကြောင်း တစေ့တစောင်း

    အာဖရိကမှ သမိုင်းဝင် လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်အကြောင်း တစေ့တစောင်း

    ဒီဇင်ဘာ ၁၊ ၂၀၁၆

    M-Media

    a-1
    ဂါနာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်

    – သက္ကရာဇ် ၁၄၀၀ ပြည့်နှစ်လောက်မှာ တည်ဆောက်ခဲ့တဲ့ ဒီဗလီဝတ်ကျောင်းတော်ကို လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်လို့ခေါ်ပြီး ဂါနာနိုင်ငံမှာ တည်ရှိတာဖြစ်ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်ဟာ ဂါနာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး အနောက်အာဖရိမှာတော့ အရေးပါတဲ့ သမိုင်းဆိုင်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီဗလီကို သက္ကရာဇ် ၁၄၀၀ ပြည့်နှစ်တွေက မဒီနာကနေ ရောက်ရှိလာတဲ့ အိုက်ယူဘာ အလ်-အန်ဆာရီက ဆောက်လုပ်ခဲ့တာပါ။

    ရွှံ့နဲ့ဆောက်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ ပူပြင်းလှတဲ့ အာဖရိက အပူန်ချိန်ကို အံ့တုကာ အေးမြမှုပေးနိုင်ပြီး၊ အဆောက်အဦးခိုင်ခံဖို့အတွက်တော့ ဒေသထွက် သစ်ပင်တွေရဲ့ပင်စည်ကို အသုံးပြုထားပါတယ်။ ဒီပင်စည်တွေဟာ အင်မတန်မာကျောပြီး ခေါက်ကြည့်လိုက်တဲ့အခါမှာ သတ္တုလိုအသံမျိုး ထွက်ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်မှာ ယနေ့အချိန်အထိ နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုနဲ့၊ တစ်ပတ်တစ်ခါ သောကြာဝတ်ပြုမှုတွေကို ပြုလုပ်နေဆဲဖြစ်ပြီး ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းမှာတော့ ၀တ်ပြုသူ အမျိုးသား၊ အမျိုးသမီး ၁၀၀ ကျော်လောက်သာ ဆန့်ပါတယ်။ ကျန်တဲ့သူ အများစုကတော့ ဗလီဝတ်ကျောင်းတော်ဝန်းကျင်မှာ ၀တ်ပြုရတာပါ။

    ဗလီဝတ်ကျောင်းတော်ကိုဆောက်လုပ်တဲ့ အိုက်ယူဘာ အလ်-အန်ဆာရီကို ဒီဗလီဝတ်ကျောင်းတော်မှာပဲ မြှုပ်နှံခဲ့ပြီး သူ့ကို မြှုပ်နှံထားတဲ့နေရာမှာ သစ်ပင်ကြီးတစ်ပင်ကို ယခုထက်တိုင် တွေ့နိုင်ပါသေးတယ်။ အလ်-အန်ဆာရီဟာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ရဲ့ မိခင်အမျိုးအနွယ်ဖြစ်တဲ့ ဘနူ အလ်-နက်ဂျာရ် မျိုးနွယ်ကနေ ဆင်းသက်လာတယ်လို့ ပြောစမှတ် ရှိကြပါတယ်။

    a-9
    ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ခဲ့သည့် အလ်-အန်ဆာရီ တရားထိုင်ရာ နေရာ

    အလ်-အန်ဆာရီကို မြှုပ်နှံထားတဲ့နေရာမှာ ပေါက်နေတဲ့ နှစ်ပေါင်း ၅၀၀ သက်တမ်းရှိ သစ်ပင်က သစ်ရွက်နဲ့ အသီးတွေကို နှစ်စဉ်နှစ်တိုင်း ဒေသခံတွေက ခူးဆွတ်ကာ မျှဝေယူငင်ကြပြီး ငြိမ်းချမ်းမှု၊ သဟာဇတဖြစ်မှု၊ ညီရင်းအစ်ကိုစိတ်ဓာတ်ရင့်သန်မှု စတာတွေ တိုးပွားစေလိုတဲ့ အထိမ်းအမှတ်နဲ့ ဆောင်ရွက်ကြတာပါ။

    မိုးရာသီရောက်တိုင်း လာရာဘန်ဂါက ဒေသခံတွေဟာ ဗလီတ်ဝကျောင်းတော်ကို ရွံ့တွေနဲ့ ပြန်ကျံရပြီး ဆေးပြန်သုတ်ကြရပါတယ်။

    ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုမှုကို ဦးဆောင်ရတဲ့ ရှေ့ဆောင်အီမာမ်ရဲ့အမည်ဟာ အိုစမန် ဆူလိုင်မန်ဖြစ်ပြီး လာရာဘန်ဂါ ဒေသတစ်ခုလုံးမှာ ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုပေးတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    a-6
    ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ခဲ့သည့် အလ်-အန်ဆာရီကို မြှုပ်နှံထားရာနေရာတွင် ပေါက်နေသည့် သစ်ပင်

    ဗလီဝတ်ကျောင်းတော်က ရှေ့ဆောင်အီမာမ် ၀တ်ပြုရာနေရာရဲ့ အပေါ်မှာ အခန်းလေးတစ်ခု ရှိနေပြီး ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့သူ အလ်-အန်ဆာရီ တစ်ယောက်တည်း ကုရ်အာန်ဖတ်ခြင်း၊ တရားထိုင်ခြင်းနဲ့ ၀တ်ပြုခြင်းတို့ ပြုလုပ်တဲ့ အခန်းလေး ဖြစ်ပါတယ်။

    a-3
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း
    a-8
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ် အိုစမန် ဆူလိုင်မန် (၀ဲဘက်မှ ဒုတိယမြောက်)
    a-4
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း
    a-5
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အတွင်းပိုင်း
    a-2
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ ၀င်ပေါက်
    a-7
    လာရာဘန်ဂါ ဗလီဝတ်ကျောင်းတော်၏ အပြင်ပိုင်း

    Ref: ilmfeed.com

  • “သမိုင်းကော်မရှင်ကို ဦးစီးမည့် ဝန်ကြီးမင်း မှတ်ကျောက်တင်ခံရစေဖို့ ပြည်သူ့အသံများ နားထောင်ကြည့်စေလို” (နိဂုံးပိုင်း)

    “သမိုင်းကော်မရှင်ကို ဦးစီးမည့် ဝန်ကြီးမင်း မှတ်ကျောက်တင်ခံရစေဖို့ ပြည်သူ့အသံများ နားထောင်ကြည့်စေလို” (နိဂုံးပိုင်း)

    ဒီဇင်ဘာ ၁ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ် R.I.T ) ရေးသည်။

    8888

    အပိုင်း ၁ ဖတ်ရန်

    စစ်အာဏာရှင်စနစ်အောက် နှစ်၅၀ကျော် နေခဲ့ရသည့် မြန်မာပြည်သူလူထုကြီးသည် ယခုလို NLD ဦးဆောင်သည့် အရပ်သားအစိုးရလက်ထက်တွင် မိမိတို့ရဲ့ ရင်တွင်းဖြစ် ခံစားချက် သမိုင်းအဖြစ်အပျက် မှတ်တမ်းများကို ဝန်ကြီးမင်း၏ မြန်မာ့သမိုင်း  စာမျက်နှာတွင် ထည့်သွင်းဖော် ပြစေလိုပါသည်။ ယင်းတို့မှာ

    ၁။ ၁၉၆၂ မတ်လ ၂ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အစိုးရသည် ပါလီမန် ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်းခဲ့သည်။ ပြည်သူလူထုရွေးကောက် တင်မြှောက်ထားသော အစိုးရ တစ်ရပ်ကို လက်နက်အားကိုး အာဏာသိမ်းခဲ့ရသည့်ဖြစ်ရပ်များ။

    ၂။ ၁၉၆၂ ခု ဇူလိုင်လ (၇) ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သော သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အပ်တိုတစ်ချောင်းမျှ မရှိသော ဆန္ဒပြတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို  ရက်ရက်စက် စက်သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်း အကြမ်းဖက် သတ်ဖြတ်ဖမ်းဆီးထောင်ချခဲ့သည့်ဖြစ်ရပ်များ။

    ၃။ ၁၉၄၇ခု နိုဝင်ဘာလ ၂၅ ရက်၌ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ တတိယမြောက် အတွင်းရေးမှူးဟောင်း ဦးသန့်၏ ရုပ်ကလပ် ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ထားပြီးသာမန်င်္သချိုင်း၌ သင်္ဂြိုလ်ရန် ဦးနေဝင်း၏ အစီအမံကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများက မကျေနပ်၍ ဆန္ဒပြခဲ့ခြင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံအနီး ဂူဗိမာန်ဆောက်လုပ်ရာ ညအချိန်မတော်ကြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စစ်တပ်အင်အားဖြင့် အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှု့ မှတ်တမ်း များကို ဖန်တီးခဲ့သည့်ဖြစ်ရပ်များ။

    ၅။ ပြည်သူလူထုသုံးစွဲနေသော  ၇၅ကျပ်၊ ၃၅ကျပ်၊ ၂၅ကျပ်တန် ငွေစက္ကူများကို မဆလ တစ်ပါတီ အာဏရှင်ဦးနေဝင်းက ၁၉၈၇ခု တွင် တရားမဝင်ငွေများအဖြစ် နိုင်ငံပိုင် မီဒီယာများတွင် ကြေညာခဲ့ပြီး ပြန်လည်၍ လှဲလှယ်ပေးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပြည်သူလူထု ၏မကျေနပ် ပေါက်ကွဲမှုကိုအာရုံလွှဲသည့်အနေဖြင့် ပဲခူးတိုင်းပြည်မြို့နှင့်ရှမ်းပြည်နယ် တောင်ကြီး မြို့များတွင် ကုလား-ဗမာ အဓိကရုဏ်းများကို ဖန်တီးခဲ့သည့်မှတ်တမ်းများ။

    ၆။၁၉၈၈ခု မတ်လ (၁၃) ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကို ကျောင်းဝင်းအတွင်း အကြမ်းဖက် ဖြိုခွင်းသတ်ဖြတ်ခဲ့သည့် လုံထိန်းရဲများကို ပွင့်လင်းမြင်သာစွာ အရေးယူ အပြစ်ပေးခြင်းမရှိခဲ့သည့် ဖြစ်ရပ်များ။
    ၇။၁၉၈၈ ခု မတ်လအတွင်း  ရန်ကုန်မြို့ အင်းယားကန်အနီး တံတားဖြူမှတ်တိုင်အနီး ဆန္ဒပြ ကျောင်းသား၊ကျောင်းသူများကို လုံထိန်းများက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုကြောင့် အင်းယားကန်ထဲပြုတ်ကျကာ သေခဲ့ရသည့်ဖြစ်ရပ်များ။ ထောင်ကားများထဲ ကျောင်းသားများကို ပြွတ်သိပ်ထည့်ကာ လူမဆန်စွာပြုမူ မှုကြောင့် အသက်ရှုကြပ်ပြီး ကျောင်းသား၊ကျောင်းသူ အမြောက်အမြား မရှုမလှ သေပွဲဝင်ခဲ့ရသည့်ဖြစ်ရပ်များ။

    ၈။ ၈.၈.၁၉၈၈ ခု (ရှစ်လေးလုံး) ဒီမိုကရေစီ တောင်းဆိုဆန္ဒပြခဲ့သည့် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ ကျောင်းသား ကျောင်းသူများနှင့် တက္ကသိုလ် ကောလိပ်နယ်ပယ်စုံမှကျောင်းသား၊ ကျောင်းသူများအား မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) သမ္မတ၊ ဥိးစိန်လွင်၏အမိန့်အရ တပ်မ-၂၂ ကပစ်ခတ်ဖြိုခွင်းပြီး ကျောင်းသား၊ကျောင်းသူများ၏ အလောင်းများအား အစဖျောက် ဖျက်ခဲ့သည့် သမိုင်းဖြစ်ရပ်အကျည်းတန်လုပ်ရပ်များ။

    ၉။ ၁၉၈၈ခု စက်တင်ဘာလ ၁၈ ရက်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) မှ အာဏာသိမ်းခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ ရှိ သပိတ်စခန်း၌ ဆန္ဒပြနေကြသည့် ရဟန်းရှင်လူ ကျောင်းသား၊ပြည်သူလူထုကြီးအား စစ်တပ်မှ အင်အားသုံးအကြမ်းဖက်ဖြိုခွင်းခဲ့သည့်လုပ်ရပ်များ။

    ၁၀။ ၁၉၉၀ခုနှစ် မေလ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးပြီးလျှင် အနိုင်ရပါတီ အား အာဏာလွှဲပြောင်းပေးမည်။ “မိမိတို့တပ်မတော်အနေဖြင့် စစ်တပ်လျား ပြန်မည်” ဟုတိုင်းသိ၊ ပြည်သိ၊ကမ္ဘာသိ၊ ကတိပြု ပြောကြားခဲ့သော နဝတ စစ်အစိုးရ ခေါင်းဆောင်ဗိုလ်မှူးကြီးစောမောင် ၏ ကတိစကားကို မထီမဲ့မြင် ပြုကျင့်ခဲ့ကြသည့် စစ်အရာရှိများ၏ လုပ်ရပ်များ။

    ၁၁။ ထိုစဉ်က NLD ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်ချခဲ့ပြီး ၊ ၁၉၉၀ခု မေလ ပါတီစုံ ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ခြင်း။ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည့် NLD ပါတီအား၊ လွှတ်တော်ခေါ်ခွင့်မပေးဘဲ အစိုးရဖွဲ့ခွင့်မပေးဘဲ ရွေးကောက်ပွဲအနိုင်ရ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ၊ ဒီမိုကရေစီအင်အား စုများအား ရာဇဝတ်မှု ပုဒ်မများလိုသလိုတပ် ဖမ်းဆီးထောင်ချခဲ့သည့်လုပ်ရပ်များ။

    ၁၂။ အချို့သော ရွေးကောက်ပွဲ အနိုင်ရပြည်သူ့ကိုယ်စားလျယ်များအား စစ်ထောက်လှမ်းရေးများက မြှောက်လုံး၊ ခြောက်လုံး၊ ချော့လုံး၊ စီးပွားရေးမက်လုံးများပေးကာ NLD ပါတီမှ နှုတ်ထွက်စေရန် ဖိအားပေး အကြပ်ကိုင်စေခဲ့သည့်သမိုင်းများ။

    ၁၃။ နိုင်ငံပိုင် ပုံနှိပ်မီဒီယာများနှင့် ရုပ်သံ မီဒီယာများကို မိမိတို့စစ်အာဏာရှင်များ၊ အာဏာတည်မြဲ ရေး၊သက်ဆိုးရှည်စေရေး အတွက် နှစ်ပေါင်းများစွာ အသုံးချခဲ့သည့် သမိုင်းကြောင်းများ။

    ၁၄။ ၂၀၀၈ခု မေလ နာဂစ်မုန်တိုင်းကျရောက်ရာ ဒေသများကို အချိန်နှင့်တပြေးညီ သွားရောက် ကယ်ဆယ်ခြင်းမရှိခြင်း။ နိုင်ငံတကာမှအကူအညီများ ကမ်းလှမ်းပါလျှက်နှင့် အချိန်နှင့်တပြေးညီ လက်မခံခြင်း။ လေယာဉ်၊ရေယာဉ်များဖြင့် နိုင်ငံတကာမှရောက်ရှိလာသော နိုင်ငံတကာကယ်ဆယ် ရေးအဖွဲ့များကို လုံခြုံရေး အကြောင်းပြကာ ကူညီခွင့်မပြုခဲ့ခြင်း။ ပိတ်ပင်တားဆီးခြင်းကြောင့် လူ ၂ သိန်းကျော် နာဂစ်မုန်တိုင်းသင့်ကာ ပိုးဆိုးပက်စက် သေပွဲဝင်ခဲ့ရသည်။ လူသန်းပေါင်းများစွာ အိုးမဲ့ ၊အိမ်မဲ့ ဒုက္ခသည် ဘဝနဲ့ ရင်ဆိုင်ခဲ့ရသည့်ဖြစ်ရပ်ဆိုး သမိုင်းမှတ်တမ်းများ။

    ၁၅။ ၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံပွဲများကို နာဂစ်မုန်တိုင်းဖြစ်ခဲ့သည့် အချိန်ကာလ နှင့် နီးနီးကပ်ကပ်ကျင်းပခဲ့ခြင်း။ ပြည်ခိုင်ဖြိုးရပ်ကွက် ကျေးရွာစည်းရုံးရေးမှူးများက ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပရာ မဲရုံအသီးသီးကို အကြောင်းအမျိုးမျိုးကြောင့် မလာရောက်ခဲ့သည့် လူထုကို ပြည်သူလူထုကိုယ်စားလှယ်ဆိုပြီး ထောက်ခံမဲလက်မှတ်ရေးထိုး မရိုးမသားသော ဥပဒေမဲ့လုပ်ရပ်များကို ဗြောင်ကျူးလွန်ခဲ့ခြင်းမှတ်တမ်းများ။

    ၁၆။ “နအဖ” စစ်ခေါင်းဆောင်များ ဦးစီးကျင်းပသည့် ၂၀၁၀ပါတီစုံ ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း အနည်းငယ်အတွင်း စစ်ခေါင်းဆောင်များသည် မိမိတို့နှင့် ပုလဲနံသင့်သည့် တန်ဆိုး လက်ဆောင်များ မိမိတို့အားဆက်သလေ့ရှိသည့် လာဘ်ပေးလာဘ်ယူ ပြုလေ့ရှိသည့် အတ္တ စီးပွားရေးမုဆိုး၊အတ္တခရိုနီများအားနိုင်ငံတော်ပိုင် မြေပေါ်မြေအောက်၊ရေပေါ်ရေအောက်တွင်းထွက် သံယံဇာတများ၊ လယ်ယာမြေများ၊ ကျွန်းသစ်များကို ဈေးပေါပေါနှင့် ရောင်းချခဲ့သည့်လုပ်ရပ်များ။

    ၁၇။ ၂၀၀၃ ခု မတ်လ ၃၀ ရက် တနင်္ဂနွေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ခေါင်းဆောင်များ၊ NLD ပါတီဝင်များ စစ်ကိုင်းတိုင်းဒီပဲယင်းရွာအနီး  စည်းရုံးရေး ခရီးထွက်စဉ် ကျူပင်ခုတ်၊ ကျူငုတ်မကျန်အောင် အမြစ်ပြတ်သုတ်သင် ဒီပဲယင်းလူသတ်ပွဲကြီးကို အဓိက ပဲ့ကိုင်လှုပ်ရှား တာဝန်ရှိသူများကို ဖော်ထုတ်ရဦးမည့် တာဝန်များကို ဥပေက္ခာပြုခဲ့သည့် မှတ်တမ်း များ။

    ၁၈။ နိုင်ငံတော်ပိုင် သတင်းမီဒီယာများမှတဆင့် တရားဝင်ကမ္ဘာကို ကြေညာခဲ့သည့် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွိ့ဖြိုးရေးအသင်းကြီးသည် လူမှု့ရေးဆောင်ရွက်မည့် အသင်းကြီး ဖြစ်ပါသည်” ဟုနိုင်ငံတော်အကြီးအကဲဆိုသူများက တရားဝင်ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲဝင်ခဲ့သည့် ပါတီကြီးတစ်ခုအသွင် အတင်းအဓမ္မ ဖန်တီးခဲ့ခြင်း။ နိုင်ငံတော်ပိုင်ငွေကြေးအမြောက်အများနှင့် အဆောက်အဦး၊မြေ စသည့်ပစ္စည်းတို့ကို “ပြည်ခိုင်ဖြိုးပါတီ” အတွက် အသုံးပြုခဲ့ခြင်း။ သန်း၅၀ ကျော်ပြည်သူလူထုကို ကိုယ်စားပြုသည့် နိုင်ငံဝန်ထမ်း (ပြည်သူ့ဝန်ထမ်း)များအား ပြည်ခိုင်ဖြိုး ပါတီဝင်များအဖြင့် သွတ်သွင်းစေခဲ့ခြင်းများ။

    ၁၉။ “ဝန်ထမ်းများ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။ သို့မဟုတ်ပါက ထိရောက်စွာအရေးယူမည်” ဟု ဥပဒေပြဌာန်းထားသော်လည်း ပြည်ခိုင်ဖြိုးပါတီအား ကင်းလွတ်ခွင့်ပြုထားခြင်းများ။

    ၂၀။မဆလ တစ်ပါတီအာဏာရှင်ခေတ် “နဝတ” စစ်အစိုးရခေတ်၊ “နအဖ” စစ်အစိုးရခေတ် တစ်လျှောက်လုံးတွင် ရပ်ကွက်၊ကျေးရွာ လူမှုရေးအဖြာဖြာတို့ကို ကူညီဖြေရှင်းပေးသည့်  ပြည်သူပိုင်ရပ်ကွက်၊ကျေးရွာရုံးအဆောက်အဦးများ အတွင်း ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ရုံးများအဖြင့် ပူးတွဲအသုံးပြုခဲ့သည့် ဖြစ်စဉ်များ။ ပြည်ခိုင်ဖြိုးရုံးခန်းများအဖြင့်သိမ်းပိုက်ခဲ့သည့် သမိုင်းများ။

    ၂၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် လုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာအရေးယူ အပြစ်ပေးမည့် ဆုံးဖြတ်ချက်ကို အလှည့်ကျ အဖွဲ့ဝင်နိုင်ငံများက မဲခွဲဆုံးဖြတ်ရာတွင် တရုတ်နိုင်ငံ၏ ဗီတိုအာဏာသုံးစွဲပေးမှု့ကို “မြစ်စုံစီမံကိန်း” ဖြင့်လာဘ်ထိုးပေးကြွေးခဲ့သည့်လုပ်ရပ်များ။

    ၂၂။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုမေလမှစ၍ စတင်ခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကြောင့်လည်း ၂၀ရက် မတ်လ ၂၀၁၃ခု မိတ္ထီလာမြို့ဈေးကြီး နယူးဝိန့်စိန် ရွှေဆိုင်မှ စတင်ခဲ့သော လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းများကြောင့် လည်းကောင်း၊ မြန်မာ နိုင်ငံ၏ ပုံရိပ်စုတ်ပြတ်သတ်ခဲ့ရခြင်းသည် “နောက်ကွယ်က လက်မဲကြီးအုပ်စု” ဟု သမတ္တ ဦးသိန်းစိန်ကိုယ်တိုင် ပြောကြားခဲ့သော်လည်း ဘာသာရေး၊လူမျိုးရေးတို့ကို ခုတုံးလုပ်ကာ “ဒိုင်း” လုပ်ကာ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ မဟာစီမံကိန်းသဖွယ် ဖန်တီးခဲ့သော “ပဲ့ကိုင်ရှင်” တို့ကို  ယနေ့တိုင် ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိခဲ့သည့် သမိုင်းဆိုးများ။

    ၂၃။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစုအစ္စလာမ်ဘာသာဝင်တို့အပေါ် နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ကြိုတင် စနစ်တကျ ဖန်တီးခြင်းခံရသော လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်း ဖြစ်စဉ်များတွင် ဖျက်ဆီးခြင်းခံရသော ဘာသာရေး အဆောက်အဦးများ၊စာသင်ကျောင်းများကို ယနေ့တိုင်ပြင်ဆင်ဖွင့်လှစ်ခွင့် မပေးခြင်း၊ ဟန့်တားခြင်း စသည်တို့ကို အာဏာပိုင်ဆိုသူများက ပြုလုပ်နေကြသည့်ဖြစ်ရပ်များ ယနေ့တိုင်ရှိနေဆဲ မှတ်တမ်းများ။

    ၂၄။ အစ္စလာမ် သာသနာသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ကျော်က မြန်မာနိုင်ငံသို့ရောက်ရှိလာ ခဲ့ကြောင်း၊ “နအဖ” စစ်အစိုးရခေတ်၊ ၁၉၉၇ခု ကာကွယ်ရေးဝန်ကြီးဌာနက ပြုစုထုတ်ဝေခဲ့သော  “သာသနာရောင်ထွန်းစေဖို့” သမိုင်းစာအုပ် စာမျက်နှာ၆၅အရ လည်းကောင်း၊ ဒေါ်တင့်စိန်ပြုစုခဲ့သော ၁၉၇၃ ခု ဇူလိုင်လ တက္ကသိုလ်ပညာပဒေသာ စာစောင်အတွဲ (၃) အရ လည်းကောင်း၊ ပုဂံခေတ် ကျောက်စာအရ လည်းကောင်း၊မြန်မာ့သမိုင်းပါရဂူကြီး ဒေါက်တာသန်းထွန်း ရေးသားခဲ့ သည့် “ အမိန့်တော်ထဲက သမိုင်း” စာမျက်နှာ ၃၇ အရလည်းကောင်း၊ သမိုင်းပညာရှင် ဦးတင် ၁၉၆၆၅ခု၌ ရေးသားထုတ်ဝေခဲ့သော “မြန်မာမင်းများအုပ်ချုပ်ပုံ စာတမ်း (ဒုတိယတွဲ) ၌လည်းကောင်း၊မှန်နန်းရာဇဝင်၊ ကုန်းဘောင်ရာဇဝင်၊ဦးကုလားရာဇဝင်များတွင် ဖော်ပြထားသော
    သမိုင်းမှတ်တမ်းများအရ လည်းကောင်း၊ ပသီ(မြန်မာမွတ်စလင်)လူမျိုးများသမိုင်းသည် မြန်မာ့ သမိုင်းစာမျက်နှာသစ်များတွင် ချန်လှပ်၍ မရနိုင်သော သမိုင်းမှတ်တမ်းများဖြစ်ပါကြောင်း။

    ၂၅။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု့ သမိုင်းတစ်လျှောက် ဖက်ဆစ်ဆန့်ကျင်ရေး၊နယ်ချဲ့ဆန့်ကျင် ရေး တိုက်ပွဲများတွင် အခြားတိုင်းရင်းသားများနှင့်အတူ ပသီ(မြန်မာမွတ်စလင်) လူမျိုးများသည် အသက်၊သွေး၊ ချွေး တို့ကို ပေးဆပ်ခဲ့သည့် သမိုင်းများကား အထင်အရှား ဒုနဲ့ဒေး ပင်ဖြစ်သည်။

    လူသားဟူသည် အမှားနှင့် မကင်းသည်မှာ သဘာဝတရားပင်ဖြစ်သည်။ သို့သော် “ငါ” စွဲများဖြစ်သည့် ငါ့လူမျိုး၊ငါ့ဘာသာတရား၊ငါ့ပါတီ၊ ငါ့အုပ်စု၊ ငါပြောတာအမှန် ဟူသော အတ္တကို စွန့်လွှတ်ရပေလိမ့်မည်။ အသိကိုတမံ၊ ဥာဏ်ကိုမြေကတုတ်ပြု၍ တိုင်းပြည်ကောင်းစားရေး အတွက် ရည်ရွယ်လုပ်ဆောင်ရပေလိမ့်မည်။

    ဝန်ကြီးမင်း သမိုင်းကော်မရှင် ဥက္ကဋ္ဌအနေဖြင့် ကမကထပြု၍ ဦးစီးဆောင်ရွက်သည့်အခါ သမိုင်းပညာရှင်တို့အား လွတ်လပ်စွာ ရေးသားခွင့်ပြုရပါလိမ့်မည်။ ပုဂ္ဂိုလ်ခင်၊ တရားမင်ကာ မျက်နှာလိုက်၊ဘက်လိုက်ခြင်း ကင်းသည့် သမိုင်းမှတ်တမ်းများ ပါဝင်စေဖို့ အပေါ်ဖား အောက်ဖိ သမိုင်းမျိုး မဖြစ်စေဖို့ တရားမျှတမှု့ကို လက်ကိုင်ထားပြီး အရှိအတိုင်း၊အမှန်အတိုင်းဖြစ်စေဖို့ အကြောက်တရားများကို ဘေးဖယ်ကာ ပကတိဖြစ်ရပ်များကို ရဲရဲတင်းတင်း တင်ပြစေဖို့  သမိုင်းပြုစုသူတို့အား တာဝန်ယူမှု၊ တာဝန်ခံမှု့တို့ကို သမိုင်းကော်မရှင် ဥက္ကဋ္ဌကြီး ထူးကဲပြောင် မြောက်စွာ လုပ်နိုင်စွမ်းရည် ရှိဖို့လိုပေလိမ့်မည်။ ထိုသို့ပြုလုပ်နိုင်စွမ်းရှိပါက သမိုင်းမော်ကွန်း တင်ခံရပြီး ဟီးရိုး ဖြစ်သွားနိုင်ပေမည်။ ထိုသို့မဟုတ်ဘဲ “ကြောက်စိတ်၊အတ္တစိတ်” များကိုဦးစားပေးကာ အာဏာရှင်ဆန်ဆန် ထင်ရာစိုင်းခဲ့ပါက သမိုင်းမော်ကွန်း မတင်ခံရဘဲ “ဇီးရိုး” ဖြစ်သွားနိုင်ပါကြောင်း အမှန်တရား လိုလားသူ ပြည်သူ့ဘက်တော်သား ပြည်သူလူထုကိုယ်စား တင်ပြလိုက်ရပေတော့သည်။

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)

  • ပါလက်စတိုင်းပြည်သူများအတွက် ဆော်ဒီက ဒေါ်လာ ၆၇ သန်း ထောက်ပံ့

    ပါလက်စတိုင်းပြည်သူများအတွက် ဆော်ဒီက ဒေါ်လာ ၆၇ သန်း ထောက်ပံ့

    ဒီဇင်ဘာ ၁၊ ၂၀၁၆
    M-Media

    unrwa

    – အစ္စရေးက ပိတ်ဆို့ထားမှု၊ ပိုင်နက် ကျူးကျော်သိမ်းပိုက်မှုများကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနေသည့် ကုလ၏ UNRWA မှ စီမံကိန်းများအတွက် ဆော်ဒီက ကန်ဒေါ်လာ ၆၇ သန်း ထောက်ပံ့ခဲ့သည်ဟု သိရသည်။

    ဆော်ဒီ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေ (SFD) မှတဆင့် UNRWA မှ ကော်မရှင်နာမင်းကြီး ပီယာရီ ကရာဟန်ဘူလ်နှင့် တနင်္လာနေ့က သေဘာတူညီချက်ကို ၃ ခုကို လက်မှတ်ရေးထိုးကာ ကူညီခဲ့ခြင်းဖြစ်ပြီး ဂါဇာ၊ အနောက်ဘက်ကမ်းနှင့် ဂျော်ဒန်တို့ရှိ ပါလက်စတိုင်းပြည်သူများအတွက် အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် သုံးစွဲရန်ဖြစ်သည်။

    ပထမသဘောတူညီချက်အရ ဂါဇာတွင် နေစရာနေရာများ ပြန်လည်ဆောက်လုပ်ရေးအပါအ၀င် ဆက်လက်ဆောင်ရွက်နေဆဲ စီမံကိန်းများအတွက် ကန်ဒေါ်လာ ၂၈ သန်း ပေးအပ်ခဲ့ပြီး ဒုတိယသဘောတူညီချက်အရ အနောက်ဘက်ကမ်းတွင် ကျန်းမာရေးဌာနများနှင့် ကျောင်းများကို ပြန်လည်တည်ဆောက်ရေးနှင့် ပြုပြင်မွမ်းမံရေးအပြင် အခြားသော ဆောင်ရွက်နေဆဲစီမံကိန်းများစွာကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကန်ဒေါ်လာ ၃၂ သန်း ပေးအပ်ခဲ့သည်။

    ဒေါ်လာ ၇ သန်းတန် တတိယသဘောတူညီချက်အရ ဂျော်ဒန်တွင် ကျန်းမာရေးစင်တာနှစ်ခုနှင့် ကျောင်းတစ်ကျောင်း ပြန်လည်တည်ဆောက်ရေး၊ ပြုပြင်မွမ်းမံရေးနှင့် ပစ္စည်းကိရိယာများတပ်ဆင်ရေးတို့တွင် အသုံးချမည် ဖြစ်သည်။

    ဆော်ဒီသည် UNRWA အကြံပေးကော်မရှင်၏ အဖိုးတန်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီး ကော်မရှင်မှာ UNRWA ၏ လုပ်ငန်းများအတွက် ၂၀၀၅ ခုနှစ်မှစ၍ အကြံပေးမှုများ ကူညီမှုများ ပြုလုပ်ခဲ့သည်။

    Ref : IINA

  • ဒု-သမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောအရေး စုံစမ်းစစ်ဆေးကော်မတီ ဖွဲ့စည်း

    ဒု-သမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောအရေး စုံစမ်းစစ်ဆေးကော်မတီ ဖွဲ့စည်း

    “စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း”
    ——————————————–
    နေပြည်တော်၊ ဒီဇင်ဘာ ၁

    ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြု တင်ပြနိုင်ရန်အတွက် “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၁၆) ဖွဲ့စည်းခဲ့သည်။

    “စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့စည့်းသည့် ဖွဲ့စည်းမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

    15304263_927050494095834_3258183964397557711_o

    15235539_927050490762501_2199859486293386890_o15304372_927050500762500_2299714892662464580_o