News @ M-Media

Blog

  • ဗလီများကို ခြိမ်းခြောက်စာပို့မှု ကန်ရဲတပ်ဖွဲ့ စုံစမ်းနေပြီး ဗလီအချို့ကို လုံခြုံရေးပေးထား

    ဗလီများကို ခြိမ်းခြောက်စာပို့မှု ကန်ရဲတပ်ဖွဲ့ စုံစမ်းနေပြီး ဗလီအချို့ကို လုံခြုံရေးပေးထား

    ဒီဇင်ဘာ ၁၊ ၂၀၁၆
    M-Media

    mosque

    – ဂျူများကို သတ်ဖြတ်သကဲ့သို့ မွတ်စလင်များကို လူမျိုးသုဉ်းသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ နိုင်ငံအတွင်းမှ ထွက်သွားရန် တိုက်တွန်းထားသည့် ခြိမ်းခြောက်စာများ ရရှိထားသော အမေရိကန်မှ ဗလီဝတ်ကျောင်းတော်များကို ရဲတပ်ဖွဲ့က လုံခြုံရေးပေးကာ စောင့်ကြပ်နေပြီး ခြိမ်းခြောက်မှုနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    အိုဟိုင်းယိုး၊ မီချီဂန်၊ ရိုဒီ အိုင်းလန်း၊ အင်ဒီယားနား၊ ကိုလိုရာဒိုနှင့် ဂျော်ဂျီယာပြည်နယ်များရှိ ဗလီဝတ်ကျောင်းတော်များထံ ပေးပို့ခဲ့သည့် အဆိုပါခြိမ်းခြောက်စာတွင် သမ္မသစ် ဒေါ်နယ်ထရမ့်မှာ အမေရိကန်ကို သန့်ရှင်းမည်ဖြစ်ပြီး မွတ်စလင်များနှင့် စတင်မည်ဖြစ်ကြောင်း၊ ဟစ်တလာက ဂျူးများကို သတ်ဖြတ်ကဲ့သို့ ထရမ့်ကလည်း မွတ်စလင်များကို သတ်ဖြတ်မည်ဖြစ်ကြောင်း၊ မွတ်စလင်များအနေဖြင့် အထုတ်ထုပ်ကာ တိုင်းပြည်မှ ထွက်သွားခြင်းကသာ အမျှော်အမြင်ကြီးသည့် လုပ်ရပ်ဖြစ်ကြောင်း ရေးသားထားသည်။

    အဆိုပါ စာမှာ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှ စတင်ပြန့်နှံ့ခဲ့ခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ကမူ ထိုလုပ်ရပ်ကို အမုန်းဖြန့်ဝေမှုလုပ်ရပ်အဖြစ် သတ်မှတ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း သီးသန့်ခြိမ်းခြောက်မှုမျိုးမရှိ၍ ရာဇ၀တ်မှုမမြောက်ဟု ပြောကြားခဲ့သည်။

    အမေရိကရှိ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းအဖြစ်သော အမေရိကန်-အစ္စလာမ် ဆက်ဆံရေး ကောင်စီကလည်း ထိုအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန် FBI ကို တောင်းဆိုထားသည်။

    ရိုဒီအိုင်းလန်းရှိ ပရိုဗီဒန့်စ်မြို့မှ ရဲတပ်ဖွဲ့က မိမိတို့အနေဖြင့် ခြိမ်းခြောက်စာ ရရှိခဲ့သည့် အလ်-ကရင်မ် ဗလီဝတ်ကျောင်းတော်ကို လှည့်ည်စောင့်ကြပ်မှုများ တိုးမြှင့်ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    FBI ကမူ အဆိုပါခြိမ်းခြောက်မှုမှာ ဆိုးရွားပြီး လှုံ့ဆော်သော ဆောင်ရွက်ချက်ဖြစ်သော်လည်း အမုန်းရာဇ၀တ်မှုအဖြစ် ယူဆ၍မရကြောင်း၊ မိမိတို့အနေဖြင့် အခြအနေကို စောင့်ကြည့်နေပြီး ထိုကဲ့သို့ ဖြစ်အပျက်များ ဖြစ်လာပါက သတင်းပို့ရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တောင်ဆူဒန်က ဒုတိယရ၀မ်ဒါ ဖြစ်လာမည်ဟု ကုလ သတိပေး

    တောင်ဆူဒန်က ဒုတိယရ၀မ်ဒါ ဖြစ်လာမည်ဟု ကုလ သတိပေး

    ဒီဇင်ဘာ ၁၊ ၂၀၁၆
    M-Media

    s-sd

    – အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ငတ်မွတ်ခေါင်းပါးမှု၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုနှင့် ကျေးရွာများ ဖျက်ဆီးမှုအပါအ၀င် တောာင်ဆူဒန်နိုင်ငံအတွင်း လူမျိုးစုလိုက် သတ်ဖြတ်သုတ်သင်မှု အနေအထားကို တစ်ဖြည်းဖြည်း မြင်လာရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ပြောကြားလိုက်သည်။

    ကော်မရှင်မှ အဖွဲ့ဝင် ၃ ဦးမှာ တိုင်းရင်းသားလူမျိုးစု ၆၄ စုရှိသည့် တောင်ဆူဒန်တစ်ဝှမ်းသို့ ၁၀ ရက်ကြာ သွားရောက် လေ့လာခဲ့ပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    “ရ၀မ်ဒါမှာ ဖြစ်ပျက်ခဲ့သလို ပြန်ဖြစ်မယ့် ပုံစံမျိုးကို ဦးတည်နေပါတယ်။ နိုင်ငံတကာ အ၀ိုင်းအ၀ိုင်းအနေနဲ့ ဒါကို တားဆီးရမယ့်တာဝန် ရှိနေပါတယ်” ဟု ကုလ လူ့အခွင့်အရေး ကော်မရှင်၏ ဥက္ကဌဖြစ်သူ ယာစမင်း ဆူကာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ငတ်မွတ်ခေါင်းပါးအောင် ပြုလုပ်ခြင်း၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းတို့ကဲ့သို့ နည်းလမ်းများကို အသုံးပြုကာ နိုင်ငံ၏ နေရာတော်တော်များများတွင် လူမျိုးစုလိုက် သတ်ဖြတ်သုတ်သင်မှု အခြေအနေမျိုး တစ်ဖြည်းဖြည်း ဖြစ်လာနေသည်ဟု ဆိုသည်။

    တောင်ဆူဒန်တွင် အစိုးရတပ်ဖွဲ့များ၊ သူပုန်နှင့် မာဟာမိတ်ပြည်သူ့စစ်များအကြား တိုက်ပွဲများ ဖြစ်နေသည်မှာ ၃ နှစ်နီးပါး ရှိလာပြီဖြစ်ပြီး၊ သမ္မတ ဆာလ်ဗာ ကီရ်နှင့် ဒုတိယသမ္မတဟောင်း ရီက် မာချာတို့အကြား သဘောထားကွဲမှုမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ပဋိပက္ခအတွင်း လူထောင်ချီ သေဆုံးခဲ့ကာ၊ ငတ်မွတ်ခေါင်းပါးမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃ သန်းခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    လက်ရှိတွင် ဆိုပါ ပဋိပက္ခမှာ ကီရ်၏ ဒင်ကာ လူမျိုးနှင့် မာချာ၏ နျူအာ လူမျိုးစု၊ သူပုန်များကို ထောက်ပံ့ပေးသော အခြားလူမျိုးစုများအကြား တိုက်ခိုက်မှုအသွင် ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ လူမျိုးစုများကို ပစ်မှတ်ထား တိုက်ခိုက်မှုမှာ မူလက နိုင်ငံမြောက်ပိုင်းတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုတွင် တောင်ပိုင်းသို့ ကူးစက်လာခဲ့သည်ဟု ကုလသမဂ္ဂမှ တာဝန်ရှိသူ ဂေါ့ဒ်ဖရေး မူဆီလာက ပြောကြားခဲ့သည်။

    အမေရိကန်ကလည်း အစိုးရတပ်များမှာ အလယ်ပိုင်း အီကွေတိုရီယာဒေသရှိ အရပ်သားများကို ပစ်မှတ်ထားကာ ကြီးမားသည့်တိုက်ခိုက်မှု ပြုလုပ်ရန်အတွက် ပြင်ဆင်နေပြီး လူမျိုးတုန်းသတ်ဖြတ်မှု အလားအလာ ရှိနေသည်ဟု ယမန်နေ့တွင် သတိပေးခဲ့သည်။

    Ref : Aljazeera

  • AIDS ကို အမြစ်ဖြတ်မည့် ကာကွယ်ဆေး တောင်အာဖရိကတွင် စတင်စမ်းသပ်

    AIDS ကို အမြစ်ဖြတ်မည့် ကာကွယ်ဆေး တောင်အာဖရိကတွင် စတင်စမ်းသပ်

    ဒီဇင်ဘာ ၁၊ ၂၀၁၆
    M-Media

    vaccine-1

    – အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ဆေးအဖြစ် စမ်းသပ်ဆဲဆေးဝါးတစ်ခုကို တောင်အာဖရိ၌ လူသားတွင် စတင်စမ်းသပ်အသုံးပြုတော့မည်ဖြစ်ပြီး သိပ္ပံပညာရှင်များကမူ အဆိုပါ ဆေးမှာ အေအိုင်ဒီအက်စ်ရောဂါအား လုံးဝ ပျောက်ကွယ်သွားစေမည့်ဆေး ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

    ၁၉၈၃ ခုနှစ်တွင် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားစေသော အိခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ပြီးနောက် ထိရောက်သည့်ဆေးဝါးများ ပေါ်ပေါက်လာရေးအတွက် နှစ်ပေါင်း ၃၀ ကျော်ကြာ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော်လည်း ယခုစမ်းသပ်ဆဲ ကာကွယ်ဆေးမှာ အလွန်အားရစရာကောင်းနေသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

    ထိုကာကွယ်ဆေးဖြင့် လူသားများအား စမ်းသပ်မှုကို HVTN702 ဟု အမည်ပေးထားပြီး တောင်အာဖရိက နိုင်ငံတစ်ဝှမ်းရှိ နေရာပေါင်း ၁၅ နေရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား လိင်ပိုင်းဆိုင်ရာ အထိအတွေ့ရှိသူ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၅၄၀၀ ပါဝင်မည်ဖြစ်သည်။

    အဆိုပါ စမ်းသပ်မှုမှာ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး ဆေးဝါးနှင့်ပတ်သက်၍ လူသားတွင် အကြီးဆုံး စမ်းသပ်မှုကြီးလည်း ဖြစ်သည်။ လက်ရှိတွင် အိခ်ျအိုင်ဗီပိုး ပြန့်နှံ့မှုကို ကာကွယ်ရန်အတွက် ကွန်ဒုံးများက အဓိကအခန်ကဏ္ဍမှပါဝင်နေပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှ လူအနည်းငယ်သာ ကြိုတင်ကာကွယ်ရန်အတွက် ဆေးဝါးများကို အသုံးပြုကြသည်။

    တောင်အာဖရိကမှာ ကမ္ဘာပေါ်တွင် အိခ်ျအိုင်ဗီပိုးကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး နိုင်ငံအတွင်း ရောဂါကူးစက်နေသူ ၇ သန်း ရှိနေသည်။

    လက်ရှိစမ်းသပ်မည့် အဆိုပါ ကာကွယ်ဆေးမှာ ၂၀၀၉ ခုနှစ်က ထိုင်းနိုင်ငံတွင် လူပေါင်း ၁၆၀၀၀ ကို စမ်းသပ်ခဲ့သည့် ဆေးကို ပြင်ဆင်ထားခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံမှ ၃ နှစ်ကြာ စမ်းသပ်မှုအတွင်း ကူးစက်မှုအန္တရာယ်ကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ ထိုဆေး၏ အန္တရာယ်ကင်းရှင်းမှုကိုလည်း စေတနာ့ဝန်ထမ်း ၂၅၂ ဦးဖြင့် ၁၈ လကြာ စမ်းသပ်ခဲ့ကာ အောင်မြင်ခဲ့သည်။

    Ref: Aljazeera

  • ဈေးသည်ချင်း အချင်းများရန်ဖြစ်မှုအား လူမျိုးရေး အဓိကရုန်းဖြစ်ပွားနေကြောင်း လှုံ့ဆော်မှုများရှိနေ

    ဈေးသည်ချင်း အချင်းများရန်ဖြစ်မှုအား လူမျိုးရေး အဓိကရုန်းဖြစ်ပွားနေကြောင်း လှုံ့ဆော်မှုများရှိနေ

    ဒီဇင်ဘာ ၁ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ

    tarkayta
    Image- ဆိုရှယ်မီဒီယာ အကောင့်များတွင် လူမျိုးရေး အဓိကရုန်းဖြစ်နေကြောင်း လှုံ့ဆော်ရေးသားထားမှု

    သာကေတမြို့နယ် ၁၀ရပ်ကွက် ရတနာပုံလမ်း ရှိ ပလတ်စတစ်ပစ္စည်း အရောင်းဆိုင် ရှေ့မှာ လာရောက်ဆိုင်ခင်းတဲ့ပျံကျ ဈေးသည်တွေနဲ့ ပလတ်စတစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တို့ကြား ခိုက်ရန်ဖြစ်ပွားပြီး အငြင်းပွားမှုဖြစ်ပွားခဲ့ပါတယ်။

    ပလတ်စတစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်က ဆိုင်မျက်နှာစာမှာ ဈေးဗန်း လာခင်းတဲ့ဈေးသည် ခြောက်ဦးခန့်ကို နေရာက ဖယ်ခိုင်းခဲ့ပါတယ်။ ဈေးသည်တွေက မဖယ်ပေးတာကြောင့် အဆိုပါ ပလတ်စတစ်အရောင်းဆိုင် ပိုင်ရှင်က ဗျံကျ ဈေးသည်တွေရဲ့ ပစ္စည်းတွေကိုရိုက် ခွဲတာ ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ပစ္စည်းတွေကိုဖျက်ဆီးခဲ့တဲ့ ဈေးဆိုင်ပိုင်ရှင်ကို သာကေတ နယ်မြေရဲစခန်းက လာရောက်ထိန်းသိမ်းသွားပြီဖြစ်ပါတယ်။

    အဆိုပါဖြစ်စဉ်ကို အကြောင်းပြုပြိး လူစုလူဝေးဖြစ်ပေးခဲ့ပြီး ကော်ပစ္စည်းဆိုင်၊ ကုန်မာဆိုင် နဲ့လျှပ်စစ်ပစ္စည်းဆိုင်များ ဖျက်ဆီးမှုကြောင့် ပျက်ဆီးမှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ထပ်မံဖျက်ဆီးဖို့ လုပ်ဆောင်ရန် လှုံ့ဆောင်မှုများကို ဒေသခံ ရဲတပ်ဖွဲ့ နှင့် သံဃာ့မဟာနာယက ဆရာတော်များက ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။

    ယခုဖြစ်စဉ်ကို ဆိုရှယ်မီဒီယာ စာမျက်နှာထပ်တွင် လူမျိုးရေး အဓိကရုန်းဖြစ်ပွားနေကြောင်း လှုံ့ဆော်ရေးသားမှုများကိုလည်း တွေ့ရှိရပါတယ်။

    ref: ကုမုဒြာ

  • Gaza Sky Geeks (သို့မဟုတ်) ဂါဇာမှ အမျိုးသမီးနည်းပညာရှင်များ မြေတောင်မြှောက်ပေးရာ နေရာ

    Gaza Sky Geeks (သို့မဟုတ်) ဂါဇာမှ အမျိုးသမီးနည်းပညာရှင်များ မြေတောင်မြှောက်ပေးရာ နေရာ

    နိုဝင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    gaza-1
    Gaza Sky Geeks မှ ပါလက်စတိုင်း အမျိုးသမီး နည်းပညာရှင်များ

    – ဂျူမာနာ ဆူရူရ်တစ်ယောက် အသက် ၁၂ နှစ်အရွယ်မှစ၍ ကွန်ပျူတာ ပရိုဂရမ်ကုဒ်များ ရေးတတ်နေသည်။

    အသက် ၁၅ နှစ်အရွယ်ရောက်သည့်အခါ သူမနှင့် ဂါဇာမှ အခြား မိန်းကလေးငယ် ၃ ဦးမှာ Early Alert ဟုခေါ်သည့် ၀ဘ်အက်ပလီကေးရှင်းအတွက် နမူနာတစ်ခု ဖန်တီး တည်ဆောက်နိုင်ခဲ့သည်။ အဆိုပါ အက်ပလီကေးရှင်းက ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသည့် ကားလမ်းပိတ်မှု၊ လူစည်ကားမှု၊ မတော်တဆဖြစ်မှုနှင့် ရာဇ၀တ်မှုများကို အသုံးပြုသူအား အသိပေးသည်။

    ဂါဇာတွင် သူမ၏ နည်းပညာပါရမီအတွက် တိုက်တွန်းအားပေးမှုကို အမြဲတမ်း ရှာမတွေ့သော်လည်း သူမအနေဖြင့် မိမိ၏ အိမ်သဖွယ် ခံစားရသည့် နေရာတစ်ခု ရှိသည်ဟု ဆူရူရ်က ပြောကြားခဲ့သည်။ ထိုနေရာက ဂါဇာစီးတီး၏ ကြက်ပျံမကျ စည်ကားသော အလ်-ရီမဲလ်ရပ်ကွက်ရှိ Gaza Sky Geeks ဟုခေါ်ဆိုသော မြေတောင်မြှောက်ပေးရာ နေရာတစ်ခု ဖြစ်သည်။

    “ဒီကလူတွေက ကျွန်မရဲ့ ဒုတိယမိသားစုပါပဲ” ဟူ ဆူရူရ်က ပြောကြားခဲ့သည်။ အထပ်ခိုးကဲ့သို့ အဆိုပါ နေရာကျဉ်းကျဉ်းလေးတွင် ပါလက်စတိုင်း ဒီဇိုင်နာများ၊ ၀ဘ်ဆိုက်ရေးဆွဲသူများ၊ အလွတ်တန်းနည်းပညာရှင်များ နေ့စဉ် အလုပ်လုပ်ကြသည်။

    ၂၀၁၁ ခုနှစ်က ဂူးဂဲလ်၏ မတည်ငွေ ကန်ဒေါ်လာ ၉ သိန်းဖြင့် စတင်ခဲ့သည့် အဆိုပါနေရာလေးမှာ အစ္စရေးက ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေသည့် ဂါဇာရှိ ထွန်းသစ်စ နည်ပညာကဏ္ဍ တိုးတက်ကြီးပွားရန်အတွက် အကူအညီဖြစ်စေရေး နည်းပညာလုပ်ငန်း အသစ်များအတွက် အကြံအဉာဏ်များ၊ ကူညီထောက်ပံ့မှုများ ပေးအပ်နေသည်။

    ၂၀၁၃ ခုနှစ်ကတည်းက Gaza Sky Geeks အဖွဲ့မှ ပြုစုပျိုးထောင်ပေးလိုက်သည့် နည်းပညာလုပ်ငန်း ၄ ခုမှာ ရင်းနှီးမြှုပ်နှံမှုအဖြစ် ကန်ဒေါ်လာ ၃ သိန်းမှ ၆ သိန်းခွဲအထိ အသီးသီး ရရှိခဲ့သည်ဟု အဖွဲ့၏ ဆိုရှယ်မီဒီယာ ညှိနှိုင်းရေးမှူး ဒါလီယာ ရှာရ်ရဘ်က ပြောကြားခဲ့သည်။

    Gaza Sky Geeks အဖွဲ့ကတော့ ၎င်းတို့၏ လုပ်ငန်းအတွင်းသို့ အမျိုးသမီးငယ်များ၊ အမျိုးသမီးကြီးများ ပိုမိုပါဝင်လာရန် အာရုံစိုက်နေသည်။ ၎င်းတို့အဖွဲ့၏ အကြံဉာဏ်ပေးမှုဖြင့် နည်းပညာကုမ္ပဏီငယ်များကို တည်ထောင်သူများ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်ကြသည်ဟု အဖွဲ့၏ အမျိုးသမီးဗဟိုပြု စီမံကိန်းများကို တာဝန်ယူကိုင်တွယ်နေရသူ ရာနာအလ်ကရေနာဝီက ပြောကြားခဲ့သည်။ အဖွဲ့၏ရည်ရွယ်ချက်က နည်းပညာကမ္ဘာတွင် လက်ရှိ ရှိနေသော ကျား၊ မ ကွာဟချက်ပြဿနာကို ဖြေရှင်းရေးအတွက် အမျိုးသမီးလုပ်ငန်းရှင် ၈၀ ရာခိုင်းနှုန်းအထိ ဖြစ်လာရန်ဟု သူမက ဆိုသည်။

    ကမ္ဘာလုံးဆိုင်ရာ နည်းပညာပြိုင်ပွဲတစ်ခုဖြစ်သော Technovation Challenge တွင် ဂါဇာမှ အမျိုသမီးငယ်များ ပါဝင်နိုင်ရန်အတွက် Gaza Sky Geeks က မကြာသေးမီကမှပင် စ၍ ကူညီပံ့ပိုးနေသည်။ အဆိုပါ ပြိုင်ပွဲက ကွန်ပျူတာပရိုဂရမ်များ ရေးဆွဲရေးကဏ္ဍကို အမျိုးသမီးငယ်များအား မိတ်ဆက်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ထိုပြိုင်ပွဲမှာပင် ဆူရူရ်နှင့် ၎င်း၏အဖွဲ့က Early Alert အက်ပလီကေးရှင်းပုံတူကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ကွန်ပျူတာနောက်ခံအသိုင်းအ၀ိုင်းမရှိသည့် ဂါဇာကမ်းမြှောင်မှ မိန်းကလေးငယ် ၂၀ မှာ ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ ၄ လတာ ကျင်းပခဲ့သည့် Technovation Challenge တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

    အဖွဲ့တစ်ခုချင်းစီက ဂါဇာရှိ လူ့အဖွဲ့အစည်းတွင် ရှိနေသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ၀ဘ် အက်ပလီကေးရှင်း သို့မဟုတ် မိုဘိုင်း အက်ပလီကေးရှင်းတစ်ခု ဖန်တီးရန် စိတ်ကူးတစ်ခုစီ ရှိနေကြပြီး နည်းပညာဒီဇိုင်းနှင့် စီးပွားရေး စီမံကိန်းများဖြင့် ထိုစိတ်ကူးကို အကောင်အထည်ဖော်ကြသည်။ Gaza Sky Geeks ကတော့ ထိုအဖွဲ့များအတွက် နေရာပေးပြီး နည်းပြများ ထောက်ပံ့သည်ဟု အမျိုးသမီးနှင့် ကူညီထောက်ပံ့ရေးဆိုင်ရာ စီမံကိန်းမှ အကြီးအကဲဟောင်းဖြစ်သူ မိုင် တမ်ရက်ဇ်က ပြောကြားခဲ့သည်။

    ထိုအယောက် ၂၀ တွင် မည်သည့်အဖွဲ့ကမှ ဖိုင်နယ်သို့ မတက်ရောက်နိုင်ခဲ့သော်လည်း ၎င်းတို့၏ ရလဒ်များက အထင်ကြီးစရာဖြစ်နေသည်ဟု သူမက ဆိုသည်။

    “အလုပ်လက်မဲ့ ကြီးကြီးမားမားဖြစ်နေတဲ့ ဂါဇာမှာ နည်းပညာက အမျိုးသမီးတွေ အလုပ်ရဖို့အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါပဲ” ဟု တမ်ရက်ဇ်က ပြောကြားခဲ့သည်။

    အစ္စရေးနှင့် အီဂျစ်တို့၏ ပိတ်ဆို့ထားမှုကြောင့် လူဦးရေ ၁.၈ သန်းရှိသည့် ဂါဇာကမ်းမြှောင်မှာ ယိုယွင်းပျက်ဆီးနေပြီး အလုပ်လက်မဲ့အကျပ်အတည်းဆီသို့ ဦးတည်နေသည်။ ပါလက်စတိုင်း ပိုင်နက်များအတွင်း လျင်လျင်မြန်မြန် ကြီးထွားလာသည့် နည်းပညာဆိုင်ရာ ကဏ္ဍက ၀ဘ်ဆိုက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းကို ရရှိစေသည်ဟု ရာမာလာရှိ လူငယ်များကို မြေတောင်မြှောက်ပေးမှု ပြုလုပ်နေသော အဖွဲ့တစ်ခုဖြစ်သည့် Leaders Organisation မှ ဒါရိုက်တာဖြစ်သူ ရှဒီ အက်စ်ဟန်က ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြားတွင် Leaders က နည်းပညာလုပ်ငန်းသစ် ၄ ဒါဇင်ခန့်ကို ဖော်ဆောင်ပေးခဲ့ပြီး ၎င်းတို့ထဲမှ ၂၀ ခန့်မှာ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့သည်။ လာမည့် ၃ နှစ်အတွင်း ထိုအရေအတွက် ၂ ဆ ဖြစ်လာရန် ၎င်းတို့က မျှော်မှန်းထားသည်။

    “ပါလက်စတိုင်းမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကောင်းကောင်း ရှိမယ်ဆိုရင် ချက်ခြင်း အလုပ်ရမှာပါ” ဟု အက်စ်ဟန်က ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါကဏ္ဍသို့ အမျိုးသမီးများ ၀င်ရောက်ရန်မှာ စိန်ခေါ်မှုကြီး ဖြစ်နေသည်။

    “နည်းပညာဆိုတာ အမျိုးသားတွေလွှမ်းမိုးတဲ့ ကဏ္ဍမျိုးပါ။ အမျိုးသမီးတွေက ထိုးဖောက်ဖို့၊ အဆင့်တစ်ခုရဖို့၊ ထိပ်ဆုံးရောက်ဖို့ မလွယ်ပါဘူး” ဟု ရာမာလာမှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အမ်ဘာရ် အမ်လေဟ်က ပြောကြားခဲ့သည်။

    အမျိုးသမီးများမှာ အိမ်ထောင်ကိုသာ ထိန်းသိမ်းရမည်၊ သို့မဟုတ် အချိန်မများသော အလုပ်ကိုသာ လုပ်ဆောင်ရမည်ဆိုသည့် အယူအဆများ ရှိနေသည်ဟု တမ်ရက်ဇ်နှင့် အလ်လေဟ်တို့က ပြောကြားခဲ့သည်။ ထို့ကြောင့်ပင် Gaza Sky Geeks က အမျိုးသမီးများကို ပစ်မှတ်ထား စုဆောင်းခြင်းဖြစ်သည်။

    Gaza Sky Geeks က အလ်-ရီမယ်ရှိ ၎င်းတို့ ရုံးခန်းသို့ အသွားအပြန် သွားလာနိုင်ရန်အတွက် အမျိုးသမီးများကို လမ်းစားရိတ်အနည်းငယ်ပေးသည်။

    အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပရိုဂရမ်ရေးဆွဲမှုနှင့် စွန့်ဦးတီထွင်လုပ်ငန်း တည်ထောင်ရေး သင်ကြားပေးရန်အတွက် ဇူလိုင်လကမှ တည်တောင်ခဲ့သည် Gaza Sky Geeks ၏ အမျိုးသမီးသီးသန့် ပရိုဂရမ်ရေးဆွဲရေးကလပ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၂၄ နှစ်အရွယ် အေလာ ခတဘ်က တစ်နေ့နေ့တွင် ဂါဇာ၌ ၎င်း၏ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်ရေး ပရိုဂရမ်ရေးဆွဲမှုကို သင်ယူချင်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မရဲ့ အိပ်မက်က ဂါဇာက ပြဿသနာတွေကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေမယ့် ဆော့ဖ်ဝဲတွေ ဖန်တီးနိုင်မယ့် ကိုယ်ပိုင် ပရိုဂရမ်ရေးဆွဲရေးနဲ့ ၀ဘ်ဒီဇိုင်းကုမ္ပဏီ တည်ထောင်ဖို့ပါ” ဟု ခတဘ်က ပြောကြားခဲ့ပြီး သူမအနေဖြင့် ပျော်စရာနှင့် ပညာရစရာများ ပေါင်းစပ်ကာ ကလေးငယ်များအား ပရိုဂရမ်ရေးဆွဲနည်း သင်ပေးရန် အက်ပလီကေးရှင်းတစ်ခု ဖန်တီးချင်သည်ဟု ဆိုသည်။

    အဆိုပါ ပရိုဂရမ်ရေးဆွဲရေးကလပ်တွင် အမျိုးမီးငယ် ၁၄ ဦးပါဝင်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ၃ နာရီကြာ တွေ့ဆုံဆွေးနွေးကြသည်။ ၎င်းတို့မှာ ကွန်ပျူတာသိပ္ပံသာမကဘဲ ပရော်ရှင်နယ် အသိုက်အ၀န်းတွင် မည်ကဲ့သို့ ပြုမှုဆောင်ရွက်ရမည်ဆိုသည်နှင့် ၎င်းတို့၏ အယူအဆများကို ယုံကြည်ချက်ရှိရှိဖြင့် မည်ကဲ့သို့ ပြသရမည့်ဆိုသည့် အရည်အသွေးများကို သင်ယူနေကြသည်ဟု အလ်ကရေနာဝီက ပြောကြားခဲ့သည်။

    ပရိုဂရမ်ရေးဆွဲနည်းကို တတ်မြောက်ထားသည့် ခတဘ်က လက်ရှိတွင် ပိုမိုနားလည်စေစရန်အတွက် အွန်လိုင်းသင်တန်းကို တက်ရောက်နေပြီး၊ ကွန်ပျူတာသိပ္ပံနယ်ပယ်မှာ ဂါဇာအတွက် ကြီးမားသည့်အခွင့်အလမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မ အမရဲ့ ကလေးတွေဟာ နည်းပညာဘက်မှာ တော်တော် တော်တာကို ကျွန်မ တွေ့ပါတယ်။ ငယ်ငယ်လေးထဲက စမတ်ဖုန်းတွေ၊ လက်တော့တွေကို သုံးတတ်တယ်။ ဒါပေမယ့် သူတို့ဟာ အမြဲတမ်း အွန်လိုင်းဂိမ်း ကစားနေကြတယ်။ သူတို့ရဲ့ နည်းပညာကျွမ်းကျင်မှုတွေကို ဘာ့ကြောင့် ကောင်းတဲ့ဘက်မှာ အသုံးမချတာလဲ။ အဲဒီလိုအသုံးချမှ ကောလိပ်က ဘွဲ့ရတဲ့အခါမှာ သူတို့ ဘာလုပ်ချင်လဲဆိုတာကို သူတို့ သိလိမ့်မယ်။ သူတို့ အလုပ်ရနိုင်မယ်။ ပြီးတော့ ဂါဇာအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲကို လုပ်နိုင်ပါလိမ့်မယ်”

    အသက် ၁၉ နှစ်အရွယ်ရှိ အဖွဲ့ဝင် အဘီရ် ကရမ်ကတော့ ၂၀၁၄ ခုနှစ် အစ္စရေး၏ ကျူးကျော်စစ်က ဂါဇာပြည်သူများ၏ ဘ၀များကို ထူးခြားပြောင်းလဲစေရန်အတွက် နည်းပညာကို အသုံးချရမည်ဆိုသည့် အတွေး ၀င်လာစေသည်ဟု ပြောကြားခဲ့သည်။

    “(စစ်ပွဲမှာ) လက်ဆုံးရှုံးသွားတဲ့သူတွေကို ကျွန်မ တွေ့ဖူးပါတယ်။ တစ်ခုခု အိတ်ထဲက ထုတ်ဖို့လိုတဲ့အခါတိုင်း သူတို့ တစ်ယောက်ယောက်ကို အကူအညီလှမ်းတောင်းရတယ်” ဟု ကရင်မ်က ပြောကြားခဲ့သည်။ သူမက လိုချင်သည့်အရာကို အသံဖြင့် အမိန့်ပေးနိုင်သည့် ကျောပိုးအိတ်မျိုးကို လက်မရှိသူများ အသုံးပြုနိုင်ရန် တီထွင်ချင်နေသည်။ အဆိုပါ ကျောပိုးအိတ်က အပေါ်အောက် ရွေ့လျားနိုင်သည့် အိတ်မျိုး ဖြစ်သည်။

    အမ်လေဟ်ကတော့ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲနည်း ဘာသာရပ်ဖြင့် ဘွဲ့ရသည့် ဂါဇာမှ အမျိုးသမီးများမှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များတွင် အာရုံစိုက်ကြသည်ဟု ဆိုသည်။

    “ပြဿနာကို သူတို့ကို ကျောင်းပြီးတာနဲ့ အလုပ်ကို တန်းမချိတ်ပေးနိုင်တာပါ။ အလုပ်လက်မဲ့နှုန်းမြင့်တာကြောင့် အလုပ်ခန့်ဖို့ ဦးစားပေးဆိုရင် ကံမကောင်းအကြောင်းမလှစွာပဲ အမျိုးသားတွေက ရကြပါတယ်။ ဒီနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းက တော်တော်လေးနည်းပြီး ပုံမှန်အားဖြင့် အမျိုးသားတွေသာ ရကြပါတယ်”

    Ref: Aljazeera

    (Aljazeera မှ Meet Gaza’s female geeks ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)