News @ M-Media

Blog

  • မြန်မာနှင့် ဆီမီးဖိုင်နယ်ပွဲမှာ ခက်ခဲမည်ဟု ထိုင်းနည်းပြပြော

    မြန်မာနှင့် ဆီမီးဖိုင်နယ်ပွဲမှာ ခက်ခဲမည်ဟု ထိုင်းနည်းပြပြော

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    thia
    ကိုင်တီယာဆတ်

    – မြန်မာအသင်းနှင့် ကစားရမည့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခက်ခဲမည်ဟု ထိုင်းလက်ရွေးစင်အသင်းနည်းပြ ကိုင်တီယာဆတ်က ပြောကြားလိုက်ပြီး အသင်းသားများကိုလည်း အဆင်သင့်ရှိနေရန် သတိပေးခဲ့သည်။

    စနေနေ့က မလေးရှားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အုပ်စု (ခ) တွင် အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်တက်သွားသည့် မြန်မာအသင်းမှာ အုပ်စု (က) မှ အုပ်စုဗိုလ် ထိုင်းအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဆီးမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်းတွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာမင်္ဂလာ အားကစားကွင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ကိုင်တီယာဆတ်ကမူ မြန်မာအသင်းမှာ တောင့်တင်းသည့်အသင်း ဖြစ်သောကြောင့် ၂ ပွဲစလုံးမှာ ခက်ခဲမည်ဟု ဆိုသည်။

    “အဝေးကွင်းပွဲက ခက်ခဲဖို့ ရှိပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး အတွေ့အကြုံရှိတဲ့ ကစားသမားတွေ၊ မနှစ်က ယူ ၂၀ ကမ္ဘာ့ဖလားမှာ ၀င်ကစားထားတဲ့ လူငယ်အသင်းက ကစားသမားတွေနဲ့ ပေါင်းစပ်ထားတဲ့ အသင်းပါ။ တောင်ပံနှစ်ဖက်ကနေ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်တိုက်စစ်ဆင်နိုင်တယ်။ တိုက်စစ်မှူးအောင်သူဆိုရင် အသက် ၂၀ ပဲ ရှိပါသေးတယ်။ သူ တော်တော်လေး ကောင်းပါတယ်။ ကျွန်တော်တို့ သူတို့ကို လုံးဝလျှော့တွက်လို့မရဘူးဗျ။ ပထမကျော့မှာ ပြည်တွင်းပရိတ်သတ်ရဲ့ တစ်ခဲနက်အားပေးမှုက သူတို့ ထူးထူးခြားခြား တစ်ခုခုလုပ်ဖို့ တွန်းအား ဖြစ်သွားနိုင်ပါတယ်” ဟု ကိုင်တီယာဆတ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ရန်အတွက် ကြံ့ခိုင်မှုက အဓိက စကားပြောသွားလိမ့်မည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

    Ref : Bangkokpost

  • မဲပြန်ရေလည်း ရလဒ်မပြောင်းဟု ထရမ့်ပြော

    မဲပြန်ရေလည်း ရလဒ်မပြောင်းဟု ထရမ့်ပြော

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    trump

    – နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အဓိကပြည်နယ် ၃ ခု၏ ရလဒ်များကို ပြန်လည်ရေတွက်ရန်အတွက် ကြိုးစားမှုတွင် ဟီလာရီကလင်တန် ပါဝင်လာခြင်းကို ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပြီး ‘မည်သည့်ပြောင်းလဲမှုမှ ရှိမည်မဟုတ်’ ဟု ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့မနက်ပိုင်းက Twitter စာမျက်နှာ၌ ရေးသားမှုတွင် ထရမ့်က ၎င်း၏ ဒီမိုကရက်တစ်ပြိုင်ဘက် ဟီလာရီ ကလင်တန်မှာ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ၎င်း အောင်ပွဲခံမိန့်ခွန်းမပြောမီတွင် ရွေးကောက်ပွဲရှုံးနိမ့်ကြောင့် ဖုန်းဆက်ပြောကြားခဲ့သည်ဟု ရေးသားခဲ့သည်။

    “အချိန်တွေ၊ ငွေတွေ ကုန်တာပဲ အဖတ်တင်လိမ့်မယ်ဗျ။ ရလဒ်က ပြောင်းမှာမဟုတ်ဘူး။ ၀မ်းနည်းဖို့ ကောင်းလိုက်တာ” ဟုလည်း ထည့်သွင်းရေးသားခဲ့ပြီး ‘ဒေါ်နယ်ထရမ့်ဟာ ကျွန်မတို့ရဲ့သမ္မတ ဖြစ်တော့မှာပါ’ ဟု ကလင်တန်က ၎င်းအား ထောက်ခံသူများကို ပြောကြားခဲ့သည့် ဗီဒီယို အစိတ်အပိုင်းတစ်ခုကိုလည်း ထိုစာသားနှင့်အတူ ထရမ့်က လွှင့်တင်ခဲ့သည်။

    Green ပါတီမှ သမ္မတလောင်း ဂျီလ် စတိုင်း၏ တောင်းဆိုမှုကြောင့် ၀စ်ကွန်ဆင်ပြည်နယ်တွယ် မဲပြန်လည်ရေတွက်မှုကို စတင်ပြုလုပ်နေပြီး မီချီဂန်နှင့် ပင်ဆဲလ်ဗားနီးယား ပြည်နယ်တို့တွင်လည်း ပြန်လည်ရေတွက်မှုများ ဖြစ်လာနိုင်သည်။

    ကလင်တန်၏ မဲဆွယ်ရေးအဖွဲ့ကမူ အဆိုပါ မဲပြန်ရေတွက်မှုတွင် ပူးပေါင်းပါဝင်သွားမည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဟာလီမာ အေဒင် (သို့မဟုတ်) မယ်ပြိုင်ပွဲတွင် မွတ်စလင်အမျိုးသမီး၏ ဂုဏ်သိက္ခာကို ပြသခဲ့သူ

    ဟာလီမာ အေဒင် (သို့မဟုတ်) မယ်ပြိုင်ပွဲတွင် မွတ်စလင်အမျိုးသမီး၏ ဂုဏ်သိက္ခာကို ပြသခဲ့သူ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    halima

    – အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ Miss Minnesota USA မယ်ပြိုင်ပွဲမှာ ဆိုမာလီအမေရိကန် ဆယ်ကျော်သက်အမျိုးသမီးတစ်ဦးက မွတ်စလင်အမျိုးသမီးတွေ ၀တ်လေ့ရှိတဲ့ ဟီဂျဘ်၊ ဘုရ်ကီနီတို့နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေလည်း ရရှိခဲ့ပါတယ်။

    “ဆိုးရွားတဲ့ကိစ္စတွေကို လုပ်ဆောင်နေတဲ့ သူတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ မွတ်စလင်အမျိုးသမီးတွေအပေါ်မှာရှိနေတဲ့ ထင်မြင်ယူဆချက်အမှားတွေ၊ ပုံသေကားကျ ယူဆချက်တွေကို ချေဖျက်ဖို့ ကျွန်မ ဒီမှာ ရှိနေတာပါ” လို့ အဲဒီပြိုင်ပွဲဝင် ဟာလီမာ အေဒင်က ပြောကြားခဲ့ပါတယ်။

    အသက် ၁၉ နှစ်အရွယ် ဟာလီမာဟာ ကင်ညာနိုင်ငံက ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၆ နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ကာ လက်ရှိမှာတော့ မင်နီဆိုတာပြည်နယ်က စိန့်ကလောက်မြို့မှာ နေထိုင်ပါတယ်။ သူဟာ Miss Minnesota USA ပြိုင်ပွဲမှာ ဟီဂျဘ်၊ ဘုရ်ကီနီတို့နဲ့ ပထမဆုံး ပြိုင်ပွဲဝင်မယ့်သူလည်း ဖြစ်ပါတယ်။

    ဟာလီမာကတော့ ဒီလိုယှဉ်ပြိုင်မှုဟာ ဆုရလိုမှုထက် အခြားမိန်းကလေးတွေအတွက် အတူယူစရာဖြစ်အောင်၊ အ၀တ်အစား ရွေးချယ်မှုက သူတို့ရဲ့ဖြစ်တည်မှုကို ဘောင်ခတ်လို့မရဘူးဆိုတာကို သိရှိအောင် အာရုံစိုက်တာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကျွန်မလုပ်နေတာတွေအတွက် အမျိုးသမီးတွေ တော်တော်များများက အားပေးထောက်ခံကြပါတယ်။ အဲဒီတစ်ခုတည်းနဲ့ပဲ ၀တ်ရတာ တန်နေပါပြီ။ ကျွန်မကတော့ ကိုယ့်က ဘယ်လိုအသားအရောင်မျိုး ဖြစ်နေပါစေ ယုံကြည်ချက်ရှိဖို့၊ စိတ်လှဖို့အရေးကြီးတာကြောင့် ခန္ဓာကိုယ်ပေါ်က အ၀တ်အစားနဲ့ လူတစ်ယောက်ရဲ့ အလှအပကို တိုင်းတာလို့မရဘူးဆိုတာ သိဖို့ အကြံပေးခဲ့ပါတယ်”

    စနေ့နေ့က ပြိုင်ပွဲမှာ လုံခြုံတဲ့ရေကူးဝတ်စုံ၊ ဟီဂျဘ်တို့ရဲ့ ရှိုးလျှောက်ပြခဲ့တဲ့ ဟာလီမာကို ပရိတ်သတ်တွေ အကြီးအကျယ် သြဘာပေးခဲ့ကြတယ်လို့ Minneapolis Star Tribune က ဂျာနယ်လစ် လစ်ဇ် ဆော်ယာက ရေးသားခဲ့ပါတယ်။

    ပြိုင်ပွဲရဲ့ အစီအစဉ်ကြေငြာသူကတော့ “သူမဟာ ဒီညမှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တယ်” လို့ ကြေငြာခဲ့ပါတယ်။

    ဟာလီမာရဲ့ အနက်ရောင်ဟီဂျဘ်၊ အနက်ရောင် ခါးဖုံးအင်္ကျီ၊ ပန်းရောင်ဂါဝန်နဲ့ ညနေခင်းဝတ်စုံကလည်း ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

    Minneapolis Star Tribune ကတော့ ဟာလီမာဟာ တစ်နေ့မှာ အမေရိကန်ရဲ့ သံတမန်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ချက် ရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလီမာဟာ St. Cloud တက်က္ကသိုလ်မှာ ပညာဆည်းပူးနေပါတယ်။

    ဟာလီမာရဲ့ ဒီယှဉ်ပြိုင်မှုကြောင့် အမေရိကန်က ဆိုမာလီအသိုင်းအ၀ိုင်းကြားမှာ အငြင်းပွားမှုတစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် Miss Minnesota ပြိုင်ပွဲရဲ့ အမှုဆောင်ပူးတွဲဒါရိုက်တာ ဒန်နီဆီ ဝေါလေ့စ်က ပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဟာလီမာရဲ့ ရိုးရာအ၀တ်အစား ရွေးချယ်မှုကို အားပေးပြီး မိမိတို့ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ‘အမျိုးသမီးတွေ ယုံကြည်ချက်ပြည့်ဝတဲ့ လှပမှုမျိုး’ ရှိလာအောင် တိုက်တွန်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    “အမျိုးသမီးတွေ တိုးတက်နေမှ၊ ဒီပြိုင်ပွဲကလည်း ဆက်လက်တိုးတက်နေမှာပါ။ Miss Universe အဖွဲ့ဟာ မတူကွဲပြားတဲ့ အလှအပတွေ ဖော်ဆောင်ရာမှာ ရှေ့တန်းကရှိနေတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ဝေါလေ့စ်က ပြောကြားခဲ့ပါတယ်။

    တနင်္ဂနွေနေ့က ပြီးဆုံးခဲ့ပြီး အလှမယ်ပေါင်း ၄၅ ဦးပါဝင်ယှဉ်ပြိုင်တဲ့ ဒီ Miss Minnesota USA မှာ ဆိုမာလီအမေရိကန်က ဟာလီမာတစ်ယောက်တည်းသာ မဟုတ်ပါဘူး။ အသက် ၂၀ အရွယ် မူနာအလီဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး သူကတော့ ဘီကီနီနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။

    Miss Minnesota USA ဆုရသူကို တနင်္ဂနွေနေ့ညမှာ ကြေငြာမှာဖြစ်ပြီး ဆုရတဲ့အလှမယ်ဟာ နိုင်ငံတော်အဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

    Ref: mic.com

  • ရေအသုံးပြု မောင်းနှင်နိုင်သည့်ကားကို အီရန်သိပ္ပံပညာရှင် တီထွင်

    ရေအသုံးပြု မောင်းနှင်နိုင်သည့်ကားကို အီရန်သိပ္ပံပညာရှင် တီထွင်

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    iran

    – အီရန်နိုင်ငံက သိပ္ပံပညာရှင် အေလာအဒ်ဒင် ကာစီမီဟာ ရေအသုံးပြုမောင်းနှင်လို့ရတဲ့ ကားကို တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    လောင်စာအဖြစ် ရေကိုသာ ဖြည့်တင်းအသုံးပြုရတဲ့ အဲဒီကားဟာ ရေလီတာ ၆၀ လောက်နဲ့ ၁၀ နာရီအတွင်း ကီလိုမီတာ ၉၀၀ အထိ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ ကာစီမီက ဆိုပါတယ်။

    ရေထဲက H2O ဒြပ်ပေါင်းကို ဟိုက်ဒရိုဂျင် သပ်သပ်၊ အောက်ဆီဂျင်သပ်သပ် ဖြိုခွဲကာ ဓာတုဗေဒ ဓာတ်ပြုမှုကနေတစ်ဆင့် စွမ်းအင်ထုတ်ပေးတာ ဖြစ်ပါတယ်။ အဲဒီကားအင်ဂျင်ကနေ ရေငွေ့သာ ထွက်မှာဖြစ်ပြီး လေထုညစ်ညမ်းမှုကို လုံးဝ ဖြစ်စေမှာ မဟုတ်ပါဘူး။

    ကာစီမီကတော့ သူ့ရဲ့ ဒီတီထွင်မှုကို နိုင်ငံတကာအဆင့် မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော် လှန်ရေးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရတာကြောင့် အီရန်ဟာ သိပ္ပံနဲ့နည်းပညာနယ်ပယ်မှာ ကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရပြီး အထူးသဖြင့် ကာကွယ်ရေးကဏ္ဍမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

    Ref: Press TV

  • ဒူဘိုင်းအစ္စလာမ့်မစ်ဘဏ်က ထိပ်တန်း ဆု ၄ ခု ရရှိ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    dubai

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အကြီးဆုံးဘဏ်ဖြစ်သော ဒူဘိုင်းအစ္စလာမ့်မစ်ဘဏ် (DIB) သည် ‘၂၀၁၆ အစ္စလာမ့်နည်းကျ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုပေးပွဲ’ တွင် ဆုပေါင်း ၄ ဆု ရရှိခဲ့သည်ဟု သိရသည်။

    နှစ်စဉ်ပြုလုပ်သည့် အဆိုပါ ဆုပေးပွဲမှာ ၁၁ ကြိမ်မြောက်ဖြစ်ပြီး DIB ဘဏ်ကမူ ယူအေအီးတွင် အကောင်းဆုံး Retail Bank ဆုနှင့် Corporate Bank ဆု၊ အကောင်းဆုံး Sukuk Arranger ဆု၊ အကောင်းဆုံး Islamic Bank ဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။

    ဆုပေးပွဲအခမ်းအနားကို ဒူဘိုင်းမြို့ Emirates Towers ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အအောင်မြင်ဆုံး အစ္စလာမ့်ဘဏ်လုပ်ငန်းရှင်များ၊ ဘဏ္ဍာရေးလုပ်ငန်းရှင်များ၊ အစ္စလာမ့်ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်း အသင်းအဖွဲ့များကိုလည်း ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

    အခမ်းအနားသို့ ကမ္ဘာတစ်ဝှမ်းမှ ဘဏ်လုပ်ငန်းရှင်များနှင့် အကြီးတန်းတာဝန်ရှိသူ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။

    DIB ဘဏ် အမှုဆောင်ချုပ် ဒေါက်တာ အက်ဒနန် ချီလ်ဝမ်မှာ ‘တစ်နှစ်တာ အထူးချွန်ဆုံး အစ္စလာမ့်ဘဏ်လုပ်ငန်းရှင်ဆု’ ရရှိခဲ့ပြီး၊ ယူအေအီးတွင်သာမက နိုင်ငံရပ်ခြားအထိပါ အစ္စလာမ့်ဘဏ်လုပ်ငန်း ချဲ့ထွင်နိုင်ခဲ့မှုကို ဂုဏ်ပြုခြင်း ဖြစ်သည်။

    ငွေချေးဘဏ်တစ်ခုဖြစ်ပြီး အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အကြံပေးမှုများ ပြုလုပ်ပေးနေသည့် Dar Al Sharia လုပ်ငန်းကို အရှေ့အလယ်ပိုင်းတွင် အကောင်းဆုံး ရှရီအာအကြံပေး ၀န်ဆောင်မှုလုပ်ငန်းအဖြစ် ဆုချီးမြှင့်ခဲ့သည်။

    DIB မှာ လက်လီနှင့် စီးပွားရေးဘဏ်လုပ်ငန်း၊ ကော်ပိုရိတ်ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဆောက်လုပ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဘဏ္ဍာရေးကဏ္ဍများကို အလေးထားဆောင်ရွက်သည့် ဘဏ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ဈေးကွက် ၇ ခု၌ ဖြန့်ကျက်ထားပြီးဖြစ်သည်။

    Ref : IINA