News @ M-Media
Blog
  • မြေကျွံမှုကြောင့် ပြင်ခဲ့ရသည့် ဂျပန်မှကားလမ်း ပြန်ကျွံမည့်လက္ခဏာကြောင့် ခေတ္တပိတ်ခဲ့ရ
    မြေကျွံမှုကြောင့် ပြင်ခဲ့ရသည့် ဂျပန်မှကားလမ်း ပြန်ကျွံမည့်လက္ခဏာကြောင့် ခေတ္တပိတ်ခဲ့ရ
    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media
    japan
    – ယခုလအစောပိုင်းက ကျွံကျခဲ့သောသောကြာင့် ပြန်လည်ပြင်ဆင်ခဲ့ရသည့် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှ ကားလမ်းမှာ ယမန်နေ့က ပြန်လည်ကျွံကျမည့် လက္ခဏာများ တွေ့ခဲ့ရသောကြောင့် ခဏပိတ်ခဲ့ရသည်ဟု သိရသည်။
    ယမန်နေ့မနက် ၁ နာရီ ၄၅ မိနစ်ခန့်က မြို့လယ်ကောင် JR Hakata ဘူတာအနီးတွင် အသစ်ခင်းထားသော လမ်းမှာ ၇ စင်တီမီတာခန့် နိမ့်သွားသည်ကို တွေ့ခဲ့ရသောကြောင့် ပိတ်ပစ်ခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရခြင်း၊ ဓာတ်အားပြတ်တောက်ခြင်းနှင့် ဓာတ်ငွေ့ယိုစိမ့်ခြင်းတို့ မရှိပေ။
    သို့သော်လည်း ကားများနှင့် လမ်းသွားလမ်းလာများအတွက် ခြိမ်းခြောက်မှုမရှိသည်ကို တွေ့ရသောကြောင့် အာဏာပိုင်များက ညနေ ၅ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
    အဆိုပါ ကားလမ်းပိုင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ကျွံကျခဲ့ပြီး မီတာ ၃၀ ကျယ်ကာ၊ ၁၅ မီတာနက်သည့် ချောက်ကြီးတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် မြေအောက်တွင် မြှုပ်ထားသော ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေးလိုင်းများနှင့် ဓာတ်ငွေ့လိုင်းများလည်း ပြတ်တောက်ခဲ့သည်။
    သို့သော်လည်း ဂျပန်အင်ဂျင်နီယာများမှာ အလျင်အမြန် ပြင်ဆင်နိုင်ခဲ့ပြီး ၁ ပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
    ယခုကဲ့သို့ မြေပြန်လည်ကျွံမှုမှာ အဆိုပါ အပေါက်ကြီးကို ဖြည့်ရန်အတွက် အသုံးပြုခဲ့သည့် ကွန်ကရစ်များ ကျုံ့သွားခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • IS လက်ကျရောက်ခဲ့သည့် သမိုင်းဝင်ဘုရားကျောင်းကို အီရတ်စစ်တပ်က ခရစ်ယာန်များလက်ထဲ ပြန်အပ်
    IS လက်ကျရောက်ခဲ့သည့် သမိုင်းဝင်ဘုရားကျောင်းကို အီရတ်စစ်တပ်က ခရစ်ယာန်များလက်ထဲ ပြန်အပ်
    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media
    church
    – IS က မူဆိုးလ်မြို့ကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခဲ့တဲ့ သမိုင်းဝင် ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို အီရတ်စစ်တပ်က ပြန်လည်ရယူကာ ခရစ်ယာန်ဘာသာဝင်တွေလက်ထဲကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
    Mar Benham လို့ခေါ်တဲ့ ဆီရီအက် ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး အေဒီ ၄ ရာစုက ဆောက်လုပ်ခဲ့တာဖြစ်ကာ အီရတ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မူဆိုးလ်မြို့ရဲ့တောင်ဘက် ၃၀ ကီလိုမီတာအကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။
    ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့က မူဆိုးလ်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဒီဘုရားကျောင်း နံရံတွေ၊ ရုပ်တုဆင်းတုတွေကို ဖျက်ဆီးခဲ့ပြီး၊ ၀တ်ပြုသူမဲ့ အဆောက်အဦး ဖြစ်ခဲ့ရပါတယ်။ ဘုရားကျောင်းက ခရစ်ယာန်ဘုန်းတော်ကြီးကလည်း IS နဲ့ဝေးရာကို ထွက်ပြေးခဲ့ရပါတယ်။
    ဒါပေမယ့် ပြီးခဲ့တဲ့ တစ်လကျော်လောက်ကတည်းက မူဆိုးလ်မြို့သိမ်းပိုက်ရေး ထိုးစစ်ဆင်ခဲ့တဲ့ အီရတ်စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီဘုရားကျောင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ ခရစ်ယာန် လူ့အဖွဲ့အစည်းနဲ့ ဘုန်းတော်ကြီးတွေဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။
    အဲဒီနောက်မှာတော့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘုရားကျောင်းကခေါင်းလောင်း မြည်ဟီးခဲ့ပြီး ၀တ်ပြုကိုးကွယ်မှုအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပါတယ်။ ထိုးစစ်မှာ အီရတ်စစ်တပ်နဲ့အတူ ပါဝင်ခဲ့တဲ့ ပြည်သူ့စစ်တွေကတော့ ၀တ်ပြုဆုတောင်းမှု ပြုလုပ်နေချိန်မှာ ရိုင်ဖယ်ကိုင်ပြီး အစောင့်အရှောက် ပေးခဲ့ပါတယ်။
    “ကျွန်တော် ၀မ်းနည်းဝမ်းသာ ဖြစ်ရပါတယ်။ ဒီ မြင့်မြတ်ရာနေရာကို ပြန်လာရတဲ့အတွက် ၀မ်းသာပါတယ်။ ကျွန်တော် တစ်နှစ်နဲ့တစ်ဝက်လောက် တာဝန်ယူခဲ့ရတဲ့ ဒီဘုရားကျောင်းကြီးကို ကြည့်ရတာဟာ ထူးခြားဆန်းကျယ်ပါတယ်” လို့ ဘုရားကျောင်းရဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့းဖူးသူ အီဆူက ပြောကြားခဲ့ပါတယ်။
    “တစ်ချိန်တည်းမှာပဲ ဘုရားကျောင်း ဒီလိုအခြေအနေဆိုးရွားနေတာ၊ ပျက်ဆီးနေတာတွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့်နှလုံးသားကို နာကျင်စေပါတယ်ဗျာ”
    ဒီဘုရားကျောင်းရဲ့အမည်ဟာ ဆီရီအက် ခရစ်ယာန်သူတော်စင်ဖြစ်တဲ့ မာရ်ဘန်ဟမ်ကို အစွဲပြု မှည့်ခေါ်ထားတာဖြစ်ပြီး ဘုရားကျောင်းရဲ့ အဓိကအဆောက်အဦးရှေ့မှာ အဲဒီသူတော်စင်နဲ့ ညီမဖြစ်သူတို့ရဲ့ ဂူဗိမာန်တွေ ရှိနေပါတယ်။
    ၂၀၁၅ ခုနှစ်က IS က ဒီ ဂူဗိမာန်ကို ဖောက်ခွဲနေတဲ့ ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ပြီး ဒီနေ့မှာတော့ ဂူဗိမာန်ရဲ့ အစိတ်အပိုင်း အနည်းငယ်သာ ကျန်ရှိပါတယ်။
    ဒီအကြမ်းဖက်သမားတွေဟာ အက်ဆီရီယန် ရှေ့ဟောင်းမြို့ဖြစ်တဲ့ နင်မ်ရွဒ်၊ ဆီးရီးယား ပါလ်မိုင်ရာမြို့က ဂရီကို-ရိုမန်တွေရဲ့ ရှေးဟောင်း အဆောက်အဦးတွေလို သမိုင်းဝင်နေရာတွေကိုလည်း ဖျက်ဆီးခဲ့ကြပါတယ်။
    အီဆူကတော့ လက်ရှိအချိန်မှာ ဒေသက လူ့အဖွဲ့အစည်း ပြန်လည်တည်ဆောက်ရေးဟာ ခက်ခဲမယ်လို့ ဆိုပါတယ်။
    “အိမ်တွေကို ပြန်ကြည့်ပါ။ ၅၀ ရာခိုင်နှုန်းလောက် မီးရှို့ခံထားရပါတယ်” လို့ အီဆူက ဆိုပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူတို့လူ့အဖွဲ့အစည်းဟာ ကျူးလွန်မှုတွေ ခံထားရတာကြောင့် ဘာသာတရားတွေအကြား တင်းမာမှု လျှော့ချရေးဟာ ကြောက်စရာ စမ်းသပ်မှုဖြစ်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    “ခက်ခဲမှာဗျ။ ဒါပေမယ့် ကျွန်တော်တို့မှာ မျှော်လင့်ချက်တွေ ရှိပါတယ်”
    ဘုရားကျောင်းကို လှည့်ပတ်ကြည့်ရှုစဉ်အတွင်းမှာ ဦးခေါင်းဖြူဖြူနဲ့ ပိန်ပိန်သွယ်သွယ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို လည်ပင်းမှာ လက်ဝါးကပ်တိုင်လည်ဆွဲနဲ့ ကျည်ကပ်တွေကို ခါးမှာပတ်ထားတဲ့ လက်နက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လိုက်ပါ စောင့်ရှောက်ခဲ့ပါတယ်။
    သူတို့တွေဟာ IS တပ်ဖွဲ့ကို တွန်းလှန်ဖို့အတွက် နိုင်ငံတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေ ဖွဲ့စည်းထားတဲ့ Babylon Brigade တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဘုရားကျောင်းဒေသတစ်ဝိုက် ပြန်လည်သိမ်းပိုက်ရေး စစ်ပွဲမှာလည်း အီရတ်စစ်တပ်နဲ့အတူ ပါဝင်ခဲ့ပါတယ်။
    Babylon Brigade တပ်ဖွဲ့ဟာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၄၀ ပါဝင်ပြီး အကြမ်းဖက်သမားတွေကို တွန်းလှန်နေတဲ့ Popular Mobilisation တပ်ဖွဲ့အောက်မှာ ပါဝင်တိုက်ခိုက်နေပါတယ်။ သူတို့ကတော့ အီရတ်နဲ့ ဆီးရီးယားက IS သိမ်းပိုက်ထားတဲ့ ဘာသာရေးအဆောက်အဦးတွေကို ပြန်လည်ရယူနိုင်တဲ့အချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
    “ဒီလိုဖျက်ဆီးခံနေရတာကို မြင်ရတာ အရမ်းဝမ်းနည်းရပါတယ်။ ဒါပေမယ့် ဒီလိုအောင်မြင်မှုကြောင့် ကျွန်တော်တို့ ပျော်ရွှင်မိပြီး ဒီနေရာမှာ ရပ်နေရတဲ့အတွက်လည်း အရမ်း ပီတိဖြစ်ရပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဒီနေရာကို ပြန်လာဖို့ မျှော်လင့်ပြီး ပြန်လာဖို့လည်း တိုက်တွန်းပါတယ်။ ကျွန်တော်တို့အဖွဲ့ဟာ အင်အားနည်းပေမယ့် ဒီနေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ လိုအပ်နေတာက ယုံကြည်ချက် ပြည့်ဝတဲ့ နှလုံးသားပါပဲ”
    Ref: Khallej Times
  • ရော်နယ်ဒို ပုံစံကောင်းပြန်ရပြီဟု ဇီဒိန်းပြော
    ရော်နယ်ဒို ပုံစံကောင်းပြန်ရပြီဟု ဇီဒိန်းပြော
    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media
    rnl
    – ရာသီအစတည်းက ခြေစွမ်းမပြနိုင်သောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ရော်နယ်ဒိုမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီဟု ရီးယဲလ်နည်းပြ ဇီနဒင်း ဇီဒိန်းက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်တစ်ပတ် အက်သလက်တီကိုနှင့် ဒါဘီပွဲတွင် ဟက်ထရစ်သွင်းယူခဲ့သည့် ရော်နယ်ဒိုမှာ ယမန်နေ့က စပို့တင်းဂီဂျွန်အား ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရသည့်ပွဲတွင်လည်း ၂ ဂိုးစလုံးကို သွင်းပေးခဲ့သည်။ ဇီဒိန်းကမူ ၎င်း၏ တိုက်စစ်မှူး ပုံစံကောင်း ပြန်ရမှုအတွက် ချီးကျူးခဲ့သည်။
    “ခရစ္စတီယာနိုက ဒီအတိုင်းပါပဲ။ ဘယ်အချိန်မဆို သူ ဂိုးသွင်းနိုင်တယ်။ သူ ဂိုးမသွင်းနိုင်တဲ့အခါ လူတွေက သူ မကောင်းဘူးလို့ ထင်ကြပါတယ်။ သူဟာ ဘင်ဇီမာနဲ့ အလယ်မှာ ကောင်းကောင်း ကစားနိုင်တယ်။ တောင်ပံလည်း ထွက်ကစားနိုင်တယ်။ ကြိုးလည်း ကြိုးစားတယ်။ သူဟာ ပုံစံကောင်း ပြန်ရနေပါပြီ” ဟု ဇီဒိန်း ပြောကြားခဲ့သည်။
    ထို့ပြင် ဘေးလ်အစား လူစားဝင်ကစားခဲ့သည့် ဂျိမ်းစ်ရော်ဒရီဂက်စ်ကိုလည်း ချီးကျူးခဲ့သည်။
    Ref: Goal
  • ပြည်ပမှ မုန်းတီးရေးလှုပ်ရှားမှုက ပြည်တွင်းမွတ်စလင်များအတွက် အန္တရာယ်ပိုရှိဟု တက်ကြွလှုပ်ရှားသူ ပြော
    ပြည်ပမှ မုန်းတီးရေးလှုပ်ရှားမှုက ပြည်တွင်းမွတ်စလင်များအတွက် အန္တရာယ်ပိုရှိဟု တက်ကြွလှုပ်ရှားသူ ပြော
    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media
    ukw
    မြန်မာ့လူ့အခွင့်အရေးကွန်ယက် (BHRN) က အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်
    – မြန်မာနိုင်ငံက မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွက် ဗုဒ္ဓဘာသာဝင်တွေအပေါ် အမုန်းစကားပြောဆိုမှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ မြန်မာမွတ်စလင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးကျော်ဝင်းက အင်ဒိုပြည်သူတွေကို တိုက်တွန်းလိုက်ပြီး အဲဒီလို လုပ်ဆောင်နေတာတွေက တင်းမာမှုတွေ မြင့်တက်လာအောင် ဖန်တီးပေးသလိုဖြစ်စေကာ၊ မြန်မာနိုင်ငံက မွတ်စလင်တွေအတွက် ပိုပြီး အန္တရာယ်ရှိစေတယ်လို့လည်း ဆိုပါတယ်။
    ဦးကျော်ဝင်းဟာ မြန်မာ့လူ့အခွင့်အရေးကွန်ယက် (BHRN) က အမှုဆောင်ဒါရိုက်တာဖြစ်ပြီး ဂျကာတာပို့စ်ကို သောကြာနေ့မှာ ဒီလိုပြောကြားလိုက်တာပါ။
    ဗုဒ္ဓဘာသာဝင်တွေကို ဦးတည်တဲ့ အဲဒီလို အမုန်းစကားတွေဟာ မှားယွင်းတဲ့ ပြောဆိုမှုဖြစ်ပြီး မြန်မာနိုင်ငံမှာ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကို ဖြစ်စေမှာဖြစ်ကြောင်း၊ နိုင်ငံအတွင်းက မွတ်စလင်တွေကို သတ်ဖြတ်နေတာတွေကို ဖာထေးဖို့ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေ လက်ညှိုးထိုး ထောက်ပြစရာ ဖြစ်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “ဒီလိုပြောဆိုမှုတွေကြောင့် ကျွန်တော်တို့ တော်တော်လေး ထိခိုက်တယ်ဗျ” လို့ ဗုဒ္ဓဘာသာဝင်တွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်ထားတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေက အင်ဒိုပြည်သူတွေ ပြန်လည်မျှဝေတာနဲ့ပတ်သက်လို့ ဦးကျော်ဝင်းက ထောက်ပြခဲ့ပါတယ်။
    “ဒါမျိုးတွေကြောင့် မြန်မာနိုင်ငံမှာ ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာမလဲဆိုတာ လူတွေက မစဉ်းစားကြဘူးဗျ။ ကျွန်တော်တို့ကို ကူညီချင်တယ်ဆိုရင် နည်းမှန်လမ်မှန်နဲ့ ကူညီကြပါ”
    ကမ္ဘာ့အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြည်သူတွေဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေအပါအ၀င် မွတ်စလင်အများအပြား သတ်ဖြတ်ခံနေရတဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
    မွတ်စလင်အဖွဲ့အစည်းတွေကလည်း ပြီးခဲ့တဲ့သောကြာနေ့မှာ ဂျကတာက မြန်မာသံရုံးရှေ့မှာ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြပြီး ရိုဟင်ဂျာမွတ်စလင် လူ့အဖွဲ့အစည်းပေါ် ပြုလုပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ သက်ဖြတ်မှုတွေ၊ စနစ်တကျ ဖိနှိပ်ချုပ်ချယ်မှုတွေကို ရပ်တန့်ဖို့ သံရုံးကို တောင်းဆိုခဲ့ပါတယ်။
    နောက်ပြီး ‘ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု’ ကို ရပ်တန့်ဖို့ မြန်မာအစိုးရကို ဖိအားပေးရေးအတွက်လည်း အင်ဒိုနီးရှားအစိုးရကို တောင်းဆိုခဲ့ပါတယ်။
    ဦးကျော်ဝင်းကတော့ ဒီလို ပြဿနာဖြေရှင်းဖို့ အစိုးရကို ဖိအားပေးတာကသာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေ မျှော်လင့်တဲ့ အဖြေမျိုးဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    Ref: The Jakarta Post
  • ၀စ်ကွန်ဆင် မဲပြန်ရေမှု ကလင်တန်အဖွဲ့လည်း ပါဝင်ဆောင်ရွက်မည်
    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media
    clinton
    – ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရခဲ့သည့် ၀စ်ကွန်ဆင်ပြည်နယ်မှ မဲပြန်ရေမှုအတွင်း မိမိတို့လည်း ပါဝင်မည်ဟု ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်ခဲ့သူ ဟီလာရီကလင်တန်၏ မဲဆွယ်ရေးအဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    Green ပါတီ၏ သမ္မတလောင်း ဂျီလ် စတိုင်း၏ မဲပြန်ရေရန် တောင်းဆိုမှုကို ၀စ်ကွန်ဆင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က သောကြာနေ့တွင် လက်ခံခဲ့သည်။
    ကလင်တန်မဲဆွယ်ရေးအဖွဲ့၏ အကြံပေးဖြစ်သူ မာ့ခ် အီလီယက်စ်ကမူ မိမိတို့၏ ကိုယ်ပိုင် စစ်ဆေးမှုများအရ ကွန်ပျူတာစနစ်ဖြင့် မဲပေးမှုတွင် ဟက်ခံရသည်ဆိုသည့် လက္ခဏာများ မတွေ့ရသောကြောင့် မိမိတို့အနေဖြင့် မဲပြန်ရေရန် ဆောင်ရွက်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    “ဒါပေမယ့် အခု ၀စ်ကွန်ဆင်မှာ မဲပြန်ရေတော့မယ်ဆိုတော့ အားလုံးအတွက် မျှတနဲ့ အခြေအနေမျိုးနဲ့ ဆောင်ရွက်ရေး သေချာစေဖို့အတွက် ကျွန်တော်တို့ ပါဝင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ဆိုပြီး မိမိတို့အဖွဲ့အနေဖြင့် ရလဒ်ကို စောင့်ကြည့်ရန် တရားဝင် ကိုယ်စားပြု ပါဝင်ရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဂျီလ် စတိုင်မှာ မီချီဂန်နှင့် ပင်ဆဲလ်ဗားနီးယား ပြည်နယ်များတွင် မဲပြန်ရေရန် ဆန္ဒရှိနေပြီး ထိုကဲ့သို့ ဖြစ်လာပါကလည်း မိမိတို့အနေဖြင့် ပါဝင်သွားမည်ဟု အီလီယက်စ်က ဆိုသည်။
    Ref : Aljazeera