News @ M-Media

Blog

  • မွတ်စလင်ခရီးသွားလမ်းညွှန်စာအုပ် သြစတေးလျ ထုတ်ဝေ

    မွတ်စလင်ခရီးသွားလမ်းညွှန်စာအုပ် သြစတေးလျ ထုတ်ဝေ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    ausi

    – နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်မည့် မွတ်စလင်ခရီးသွားများ အဆင်ပြေ လွယ်ကူစေရန်အတွက် သြစတေးလျနိုင်ငံက မွတ်စလင်ခရီးသွားလမ်းညွှန် စာအုပ်တစ်အုပ်ကို ထုတ်ဝေလိုက်သည်ဟု သိရသည်။

    မွတ်စလင်ခရီးသွားများမှာ နိုင်ငံရပ်ခြားသို့ သွားရောက်လည်ပတ်သည့်အခါ ၎င်းတို့နှင့် လျော်ညီမည့် နေရာများကို ရှာဖွေရန် အခက်တွေ့ကြရသည်။ ဟာလာလ်ခရီးသွားလုပ်ငန်းအား သုတေသနပြုလုပ်နေသည့် CrescentRating အဖွဲ့ကမူ ခရီးသွားကဏ္ဍတွင် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ သုံးစွဲနေသည့် ပဏာမှာ ကန်ဒေါ်လာ ၁၄၅ ဘီလီယံရှိသည်ဟု ဆိုသည်။

    ထို့ကြောင့် ထိုကဲ့သို့ အလားအလာကောင်းသည့် လုပ်ငန်းအတွက် မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် နိုင်ငံတကာမှ ကြိုးစားလာကြပြီး သြစတေးလျနိုင်ငံကလည်း ယခုကဲ့သို့ မွတ်စလင်ခရီးသွားများအတွက် လမ်းညွှန်စာအုပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

    သြစတေးလျသို့ အများဆုံးလာရောက်ကြသည့် မွတ်စလင်ခရီးသွားများမှာ မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့မှ ဖြစ်ပြီး ယခုကဲ့သို့ လမ်းညွှန်စာအုပ် ထုတ်ပြန်နိုင်မှုမှာ သြစတေးလျသို့ မွတ်စလင်ခရီးသွားများ ပိုမိုလာရောက်နိုင်ရေး သမိုင်းမှတ်တိုင်သစ် စိုက်ထူလိုက်ခြင်းလည်းဖြစ်သည်

    စာမျက်နှာ ၆၈ မျက်နှာ ပါဝင်သည့်အဆိုပါ လမ်းညွှန်စာအုပ်ကို Tourism Australia and HalalTrip ဟု အမည်ပေးထားပြီး နိုင်ငံအတွင်း လက်မလွှတ်သင့်သည့် စိတ်ဝင်စားဖွယ်နေရာများ၊ ရှုခင်းများကို ဖော်ပြထာသည့်အပြင် နိုင်ငံတစ်ဝှမ်းမှ ဟာလာလ်အစားအသောက် ရရှိနိုင်သည့် နေရာများ၊ ၀တ်ပြုရာနေရာများကဲ့သို့ မွတ်စလင်ခရီးသွားများအတွက် လိုအပ်သည့် နေရာများကိုလည်း ဖော်ပြထားသည်။

    လမ်းညွှန်တွင် သြစတေးလျရှိ အဓိက ပြည်နယ် ၈ ခု ပါဝင်ပြီး ထိုဒေသများတွင် အဓိကလုပ်ဆောင်ရမည့် အရာ ၅ ခု၊ ဈေးဝယ်ကောင်းသည့်နေရာများ၊ ဟာလာလ်စားသောက်ဆိုင်များ၊ ဗလီဝတ်ကျောင်းတော်များလည်း ထည့်သွင်း ဖော်ပြထားသည်။ ခရီးသွားများ အလွယ်တကူ ဆက်သွယ်နိုင်စေရန်အတွက် လိပ်စာများ ဖုန်းနံပါတ်များကိုလည်း ပါဝင်သည်။

    လောလောဆယ်တွင် အင်္ဂလိပ်ဘာသာဖြင့်သာ ရရှိနိုင်ပြီး စာအုပ်အဖြစ်လည်းကောင်း၊ E-book အဖြစ်လည်းကောင်း ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ လမ်းညွှန်စာအုပ်ကို ခရီးသွားအေးဂျင့်များ၊ ဒေသအတွင်းရှိ ခရီးသွားအဖွဲ့များသို့ ဖြန့်ဝေထားပြီး အွန်လိုင်းတွင်မူ Halal Trip ၀ဘ်ဆိုက်၌ download ဆွဲနိုင်သည်။

    Download Link – http://www.halaltrip.com/downloadable-halal-travel-guides

    Ref : Crescentrating.com

  • လာမည့်နှစ်တွင် စမတ်ဖုန်းဈေးကွက်ထဲသို့ Nokia ပြန်လာမည်

    လာမည့်နှစ်တွင် စမတ်ဖုန်းဈေးကွက်ထဲသို့ Nokia ပြန်လာမည်

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    nokia

    – တစ်ချိန်က မိုဘိုင်ဖုန်းလောကမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ Nokia ဟာ အန်ဒရွိုက်စနစ်အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ လာမယ့်နှစ်မှာ ဈေးကွက်ထဲ ပြန်ဝင်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။

    မိုဘိုင်းဖုန်းဈေးကွက်နဲ့ ၂ နှစ်ကြာအဆက်ပြတ်ခဲ့တဲ့ ဖင်လန်အခြေစိုက် Nokia ဟာ လက်ရှိမှာ HMD Global အဖွဲ့နဲ့ လိုင်စင်သဘောတူညီချက်ရဖို့ ဆွေးနွေးနေပြီး၊ အဆင်ပြေခဲ့မယ်ဆိုရင်တော့ HMD Global ဟာ နောက်ထပ် ၁၀ စုနှစ်တစ်ခုအထိ Nokia တံဆိပ် အသုံးပြုခွင့် ရမှာဖြစ်ပါတယ်။

    HMD Gblobal ကလည်း ဖင်လန်အခြေစိုက်ဖြစ်ပြီး ယခင် Nokia ဖုန်းတွေအပြင် အသစ်တွေကိုလည်း ထုတ်လုပ်သွားမှာဖြစ်ကာ အန်ဒရွိုက်အသုံးပြု Nokia ဖုန်းအသစ်ကိုတော့ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းလောက် ဈေးကွက်ထဲရောက်ဖို့ ရှိနေပါတယ်။

    “Nokia ရဲ့ ဂုဏ်ပုဒ်တွေအတိုင်းပဲ ကျွန်တော်တို့ သွားမှာပါ။ ဒီတံဆိပ်ဟာ ရိုးရှင်းမှု၊ အသုံးပြုရလွယ်ကူမှု၊ အရည်အသွေးကောင်းမွန်မှုတွေကြောင့် ကျော်ကြားပါတယ်။ အင်မတန်ကောင်းမွန်တဲ့ ဒီဇိုင်းနဲ့အတွက ဒီဂုဏ်ပုဒ်တွေအတိုင်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်” လို့ HMD ရဲ့ စီအီးအိုဖြစ်တဲ့ အာတို နမ်မဲလ်လာက ပြောကြားခဲ့ပါတယ်။

    နောက်ထပ် ၃ နှစ်အတွင်း စမတ်ဖုန်းနဲ့ တက်ဘလက်ဈေးကွက်အတွက် HMD ဟာ ကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုပါတယ်။

    Nokia ဟာ သူတို့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှာ မိုက်ခရိုဆော့ဖ်ဆီ ကန်ဒေါ်လာ ၇.၂ ဘီလီယံနဲ့ ရောင်းချခဲ့ပြီး၊ ၂၀၁၆ ခုနှစ် နှစ်ကုန်အထိ ဒီနာမည်နဲ့ ဟန်းဆက်တွေ မထုတ်ဘူးလို့လည်း ကတိပေးခဲ့ရပါတယ်။ ဒါပေမယ့် မိုက်ခရိုဆော့ဖ်ကလည်း ပြီးခဲ့တဲ့ ၃ လပတ်မှာ အကျိုးအမြတ်ဟာ ၄၆ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တာကြောင့် Nokia ဖုန်းလုပ်ငန်းကို HMD Global နဲ့ တရုတ်က Foxconn တို့ကို ကန်ဒေါ်လာ သန်း ၃၅၀ နဲ့ ပြန်ရောင်းခဲ့ပါတယ်။

    Nokia ဟာ ရွှေခေတ်မှာ ဖင်လန်က ရုံးချုပ်မှာ ၀န်ထမ်းပေါင်း ၂၄၀၀၀ ကျော် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၁၀၀၀ အောက်သာ ရှိပါတော့တယ်။

    Ref: RT

  • ကျိုလီယာ မွတ်စလင်မ်အဖွဲ့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အကျိုးပြု ဆောင်ရွက်ချက်များ

    ကျိုလီယာ မွတ်စလင်မ်အဖွဲ့၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အကျိုးပြု ဆောင်ရွက်ချက်များ

    dsc01206a
    ၂၀၁၃ ခုနှစ် ပညာဒါန သင်တန်းဆင်းပွဲမှ ပုံရိပ်တစ်ခု

    ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေအဖွဲ့မှ ကြီးမှုး၍ ဆောင်ရွက်လျက်ရှိတဲ့  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခမဲ့သင်တန်းများအကြောင်း ရိုက်ကူးတဲ့ မှတ်တမ်းရုပ်သံတို ဖြစ်ပါတယ်။

    ရိုက်ကူး/တည်းဖြတ်- မိုးစက်(M-Media)

    သတင်းများဖတ်လိုလျင်
    http://www.m-mediagroup.com/news/tag/cholia-muslim-religious-fund

  • တရုတ်က တိုက်တန်းနစ်သင်္ဘောပုံတူ တည်ဆောက်နေ

    တရုတ်က တိုက်တန်းနစ်သင်္ဘောပုံတူ တည်ဆောက်နေ

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    titanic

    – အများပြည်သူများ အပန်းဖြေနားနေရာတစ်ခုတွင် အလှထားရှိရန်အတွက် တရုတ်နိုင်ငံမှာ ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘော၏ အရွယ်အစားအတိုင်း ပုံတူသင်္ဘောတစ်စီးကို တည်ဆောက်နေသည်ဟု သိရသည်။

    ၂၆၉ မီတာ ရှည်လျားမည့် အဆိုပါ တိုက်တန်းနစ်သင်္ဘော ပုံတူကို ကြာသာပတေးနေ့က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆီချွမ်ပြည်နယ် ကျေးလက်ဒေသမှ အပန်းဖြေအနားယူရာ နေရာတစ်ခုရှိ ရေကန်ထဲတွင် ထားရှိသွားမည်ဖြစ်သည်။

    အဆိုပါ ပုံတူသင်္ဘောတွင် ကပွဲခန်းမ၊ ပြဇာတ်ရုံ၊ ရေကူးကန်၊ ပထမတန်း အိပ်ဆောင်များ အပါအ၀င် တိုက်တန်းနစ် သင်္ဘောအစစ်တွင် ပါဝင်ခဲ့သည့် အတွင်းပိုင်း ပုံစံအားလုံးကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။ ထို့ပြင် သင်္ဘောပေါ်တွင် ၀ိုင်ဖိုင်လည်း အသုံးပြု၍ ရမည်ဖြစ်ကာ အပန်းဖြေနေရာ၏ အဓိက ပြယုဂ် ဖြစ်လာမည်ဖြစ်သည်။

    ယွမ် ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၁၅ သန်း) အကုန်အကျခံတည်ဆောက်မည့် အဆိုပါ အစီအစဉ်ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ကြေငြာခဲ့ခြင်းဖြစ်သည်။

    titanic-2
    တိုက်တန်းနစ်သင်္ဘောပုံတူ ထားမည့် စီချွမ်ပြည်နယ်မှာ အပန်းဖြေဥယျဉ် ပုံစံငယ်

    သူခေတ်သူ့အခါက ကမ္ဘာ့အကြီးဆုံးနှင့် အန္တရာယ်အကင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် တိုက်တန်းနစ်သင်္ဘောအစစ်ကို အင်္ဂလန်နိုင်ငံ ဘဲလ်ဖက်စ်မြို့တွင် Harland and Wolff ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၁၂ ခု ဆောက်သက်တမ်မှ နယူးယောက်သို့ ပထမဆုံး ခရီးစဉ်မှာပင် အတ္တလန်တိတ်သမုဒ္ဒရာ၌ ရေခဲတောင်ဖြင့်တိုက်မိ၍ နစ်မြုပ်ခဲ့ကာ လူ ၁၅၀၀ ကျော် သေဆုံးခဲ့သည်။

    ၁၉၉၇ ခုနှစ်က ထိုအဖြစ်အပျက်ကို ဟောလီးဝုဒ်က မင်းသား လီယိုနာဒို ဒီကာပရီယို၊ မင်းသမီး ကိတ်ဝင်းစလက်တို့ဖြင့် ရိုက်ကူးခဲ့ပြီး တရုတ်နိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်း၌ အောင်မြင်ခဲ့သည်။ အဆိုပါ ဇာတ်ကား ရိုက်ကူးခဲ့စဉ်က ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်းမှာ မူလသင်္ဘောနှင့် ၉၀ ရာခိုင်နှုန်းတူညီသည့် သင်္ဘောပုံတူကို တည်ဆောက်ကာ ရိုက်ကွင်းအတွက် အသုံးချခဲ့သည်။

    titanic-3
    တရုတ်နိုင်ငံမှ တိုက်တန်းနစ်သင်္ဘောပုံတူ ဆောက်လုပ်ရေး လုပ်ငန်းခွင်

    ၂၀၁၂ ခုနှစ်က သြစတေးလျဘီလျံနာ ကလိုက်ဗ် ပါလ်မာက ရာနှုန်းပြည့်ပုံတူတစ်စီး ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း အထ မေမြောက်ခဲ့ပေ။

    တရုတ်နိုင်ငံတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးလာခဲ့ပြီး အစိုးရကိုယ်တိုင်က အဆိုပါလုပ်ငန်းကို မြှင့်တင်ပေးနေခြင်းဖြစ်သည်။

    Ref: BBC

    titanic-4
    ၁၉၁၂ ခုနှစ်တွင် အတ္တလန်တိတ် သမုဒ္ဒရာ၌ နစ်မြုပ်ခဲ့သည့် တိုက်တန်းနစ် သင်္ဘော အစစ်
  • မလေးရှားမှ တရားမ၀င်ကလေးရာင်းချမှုလုပ်ငန်းအတွက် ဖမ်းဆီးမှု စတင်

    မလေးရှားမှ တရားမ၀င်ကလေးရာင်းချမှုလုပ်ငန်းအတွက် ဖမ်းဆီးမှု စတင်

    ဒီဇင်ဘာ ၂၊ ၂၀၁၆
    M-Media

    baby-2

    – မလေးရှားတွင် မွေးကင်းစကလေးများ ရောင်းချနေသည့် တရားမ၀င်ဈေးကွက်အကြောင်းကို အလ်ဂျာဇီးရား သတင်းဌာနက ဖော်ထုတ်ခဲ့ပြီးနောက် ထိုလုပ်ငန်းတွင် ပါဝင်သည်ဟု သံသယရှိသူ ၃ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး ကွာလာလမ်ပူ ဆင်ခြေဖုံးရှိ ဆေးခန်းများ၊ နေအိမ်များကို ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ အလ်ဂျာဇီးရား လျှို့ဝှက်သတင်းထောက်များ၏ စုံစမ်းမှုဖြင့် 101 East အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည့် မလေးရှားမှ မှောင်ခိုကလေးဈေးကွက် မှတ်တမ်းတွင် ပါဝင်ခဲ့သူ အမျိုးသမီးလည်းဖြစ်သည်။ အခြား ၂ ဦးမှာ ထိုအမျိုးသမီး၏ သားနှင့် ပုဂ္ဂလိကဆေးခန်းတွင် အလုပ်လုပ်နေသူ ဆေးဘက်ဆိုင်ရာ အကူတစ်ဦး ဖြစ်သည်။

    မလေးရှား တော်ဝင် ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဌာနမှ တာဝန်ရှိသူ ရိုဟိုင်မီ မိုဟာမက် အီဆာကမူ ၎င်းတို့ ၃ ဦးအား လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပြောင်းရွှေ့အခြေသူများအား ကုန်ကူးမှု တိုက်ဖျက်ရေး အက်ဥပဒေများဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    “စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုပြီး မွေးကင်းစကလေးငယ်များအား ရောင်းဝယ်မှုတွင် ပါဝင်သူများကို ထပ်မံဖမ်းဆီးရန်ရှိနေသည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

    အလ်ဂျာဇီးရားမှ ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်လွှင်ခဲ့သည့် မလေးရှားမှ ကလေးငယ် တရားမ၀င်ဈေးကွက်အကြောင်းတွင် မွေးကင်းစကလေးငယ်တစ်ဦးကို ကန်ဒေါ်လာ ၄၀၀ မှ ၇၅၀၀ အထိ ဈေးပေါက်ပြီး ဆရာဝန်များနှင့် လူကုန်ကူးသူများပေါင်းက ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့သည့် အမျိုးသမီးကမူ ၎င်းအနေဖြင့် မလေးရှားနိုင်ငံတစ်ဝှမ်းတွင် ကိုယ်ဝန်ဆောင် အင်ဒိုနီးရှားအမျိုးသမီး ၇၈ ဦးကို ထာဝန်ယူထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

    ဘွန်ဒါဟုဆိုသည့် ထိုအမျိုသမီးက ၎င်းမှာ ကိုယ်ဝန်ဆောင် အင်ဒိုနီးရှားအမျိုးသမီးများ၏ ဓာတ်ပုံ ကက်တလောက်ကို ၀ယ်ယူမည့်သူများထံသို့ ပေးပို့ကာ ရွေးချယ်စေပြီး ကလေးတစ်ဦးလျှင် ကန်ဒေါ်လာ ၁၅၀၀ ခန့် ဈေးခေါ်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့ရောင်းချမှုတွင် မွေးဖွားသည့်မိခင်များအနေဖြင့် ၎င်းတို့၏ကလေးကို နောက်ပိုင်းတွင် ပြန်မရှာဟူသော ကတိ ပေးရသည်ဟုလည်း ဆိုသည်။

    ဘွန်ဒါကမူ ၎င်းအနေဖြင့် ထိုအလုပ်အတွက် အင်ဒိုနီးရှားအမျိုးသမီး ၁၀၀၀ ကျော်နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ဖူးပြီး မည်သည့်ပြဿနာမှ မရှိခဲ့ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Aljazeera