News @ M-Media

Blog

  • မလေးရှားအစိုးရ၏ တမန်တော်မွေးနေ့ ဂုဏ်ပြုဆုကို တရုတ်အမျိုးသမီးတစ်ဦး ရရှိ

    မလေးရှားအစိုးရ၏ တမန်တော်မွေးနေ့ ဂုဏ်ပြုဆုကို တရုတ်အမျိုးသမီးတစ်ဦး ရရှိ

    အောက်တိုဘာ ၁၀၊ ၂၀၂၂
    M-Media

    -၂၀၂၂ ခုနှစ် မလေးရှား၀န်ကြီးချုပ်ရဲ့ တမန်တော်မွေးနေ့ အထိမ်းအမှတ် အထူးဂုဏ်ပြုဆု (Perdana Maulidur Rasul award) ကို မူကြိုကျောင်းဆရာမဟောင်း တရုတ်အမျိုးသမီး ချီဟွိုင်လန်က ရရှိသွားပါတယ်။

    နိုင်ငံတစ်၀ှမ်းက ထူးချွန်သူတွေ၊ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသူတွေကို စီစစ်ရွေးချယ်ပြီး မလေးရှားအစိုးရက နှစ်စဥ် Perdana Maulidur Rasul award ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။

    အသက် ၈၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ချီဟွိုင်လန်ဟာ သူ့ရဲ့ မူကြိုကျောင်းမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးငယ်တစ်ဦးကို မိဘတွေရဲ့ ကိုးကွယ်မှုအတိုင်း အစ္စလာမ်ဘာသာ၀င်အဖြစ် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် အခုလို ဂုဏ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

    သူမရဲ့သမီး ရိုဟာနာ အဘ်ဒူလာဟာ အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးနဲ့ မလေးအမျိုးသားတို့ အိမ်ထောင်ကျပြီး ရရှိတဲ့ကလေး ဖြစ်ပါတယ်။ အသက် ၂ လအရွယ်မှာ မိခင်က ချီဟွိုင်လန်ရဲ့ မူကြိုကျောင်းမှာ ကလေးကို စွန့်ပစ်ခဲ့ပါတယ်။

    ချီဟွိုင်လန်ဟာ ဒီကလေးကို အခက်အခဲအမျိုးမျိုးကြားထဲက အစ္စလာမ်ဘာသာ၀င်အဖြစ် လူလားမြောက်အောင် တစ်ဦးတည်း ရုန်းကန်ပြီး ပြုစုပြိုးထောင်လာခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် ရိုဟာနာ အဘ်ဒူလာရဲ့ နိုင်ငံသားလျှောက်ထားမှု အဆင်မပြေ ဖြစ်ရာကနေ ချီဟွိုင်လန်တို့ရဲ့အကြောင်းကို မလေးရှားတစ်နိုင်ငံလုံး သတိထားမိခဲ့ပြီး စာနာဖေးမမှုတွေ ရှိလာပါတယ်။

    ရိုဟာနာရဲ့ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဥ်မှာ ပါ၀င်ကူညီပေးမယ်လို့ ၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်က ကတိပြုခဲ့ပြီး အခုနှစ် ဧပြီလမှာ ရိုဟာနာတစ်ယောက် နိုင်ငံသားကတ် ရရှိခဲ့ပါတယ်။

    လက်ရှိမှာ ရိုဟာနာဟာ မလာကာ နည်းပညာတက္ကသိုလ်မှာ ပညာဆက်လက် သင်ယူနေပါတယ်။

    တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားမှာ ချီဟွိုင်လန်ကို မလေးရှားဘုရင်က ဆုချီးမြှင့်ခဲ့ပြီး Ibu Sejati-Keluarga Malaysia (မလေးရှား၏ မိခင်မွန်) အဖြစ် သတ်မှတ်ခဲ့ပါတယ်။

    Ref: Free Malaysia Today

  • မွတ်စလင်နိုင်ငံအများစုက ကန့်ကွက်ခဲ့သည့် လူ့အခွင့်အရေးကောင်စီမှ ၀ီဂါအရေး ဆွေးနွေးမှု

    အောက်တိုဘာ ၁၀၊ ၂၀၂၂
    M-Media

    -တရုတ်နိုင်ငံ အနောက်ပိုင်းက ၀ီဂါလူမျိုးတွေ ညှင်းပမ်းခံရမှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပြီးခဲ့တဲ့တစ်ပတ်က ကုလလူ့အခွင့်အရေးကောင်စီမှာ မဲခွဲမှု ရှုံးနိမ့်သွားခဲ့ပါတယ်။

    တရုတ်အစိုးရက ဒါဟာ ‘အောင်ပွဲ’ တစ်ခုလို့ ပြောဆို သုံးနှုန်းခဲ့ပါတယ်။

    ၀ီဂါအရေးဆွေးနွေးဖို့ မဲခွဲရာမှာ ထောက်ခံမဲက ၁၇ မဲသာ ရှိခဲ့ပြီး၊ ကန့်ကွက်မဲ ၁၉ မဲ ရှိခဲ့တာပါ။ ကန့်ကွက်မဲအများစုကို မွတ်စလင်နိုင်ငံတွေက ပေးခဲ့တာဖြစ်ကာ အဲဒီအထဲမှာ အင်ဒိုနီးရှား၊ ဆိုမာလီယာ၊ ပါကစ္စတန်၊ ယူအေအီးနဲ့ ကာတာတို့ ပါ၀င်ပါတယ်။

    မဲမပေးဘဲနေခဲ့တဲ့ ၁၁ နိုင်ငံထဲမှာလည်း မလေးရှားလို့ မွတ်စလင်နိုင်ငံတွေ ပါ၀င်ပါတယ်။

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က လူ့အခွင့်အရေးကောင်စီမှာ ၀ီဂါအရေး ဆွေးနွေးဖို့ မအောင်မြင်မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အောင်ပွဲ၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် အောင်ပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူ့အခွင့်အရေး ခေါင်းစဥ်တပ်ပြီး လိမ်ညာပြောဆိုတာ၊ အခြားနိုင်ငံတွေရဲ့ ပြည်တွေရေးကို ၀င်ရောက်စွက်ဖက်တာ၊ အခြားသူတွေကို ထိန်းချုပ်တာ၊ ဖိအားပေးတာ၊ အရှက်ရအောင်လုပ်တာမျိုးတွေ မဖြစ်သင့်ပါဘူး”

    တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါနဲ့ အခြားလူမျိုးစုငယ် တစ်သန်းလောက်ကို အကျဥ်းစခန်းတွေထဲ ထည့်ပြီး လူမျိုး၊ ဘာသာနဲ့ ယဥ်ကျေးမှု အမှတ်သညာပျောက်အောင် ညှင်းပမ်းကာ တရုတ်ဇာတ်သွင်းနေတာ ဖြစ်ပါတယ်။

    ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ၂၀၁၈ ခုနှစ်ကတည်းက စတင်က ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

    ပြီးခဲ့တဲ့လအနည်းငယ်က ရှင်ကျန်းက တရုတ်အာဏာပိုင်တွေရဲ့ လျှို့၀ှက်ညွှန်ကြားချက်တွေ ပေါက်ကြားလာခဲ့ပြီး ဒီစာရွက်စာတမ်းတွေဟာ ၀ီဂါတွေအပေါ် ညှင်းပမ်းမှုနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ဖြစ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမ်မီ – ထိုင်းမူကြိုကျောင်းပစ်ခတ်မှုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ

    အမ်မီ – ထိုင်းမူကြိုကျောင်းပစ်ခတ်မှုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ

    အောက်တိုဘာ ၉၊ ၂၀၂၂
    M-Media

    -သေနတ်သမား ၀င်ရောက်ပစ်ခတ်တဲ့အချိန် အမ်မီလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အိမ်မောကျနေတာပါ။

    အမ်မီနဲ့ သူ့သူငယ်ချင်း ၁၀ ယောက်ဟာ ၃ နှစ်၀န်းကျင်သာ ရှိပါသေးတယ်။ ဂြိုဟ်ဆိုးမ၀င်ခင် မနက် ၁၀ နာရီလောက်က သူတို့လေးတွေအားလုံးဟာ ပုံဆွဲကြ၊ အရောင်ခြယ်ကြနဲ့ ပျော်ရွှင်ခဲ့ကြပြီး ဆရာမတွေကလည်း သူတို့ ဓာတ်ပုံလေးတွေကို မိဘတွေဆီ ရိုက်ပို့ခဲ့ကြပါတယ်။

    နောက်ထပ် ၂ နာရီအကြာ နေ့ခင်းအိပ်ချိန်မှာတော့ ရဲ၀န်ထမ်းဟောင်း Panya Kamrab ရဲ့ သတ်ဖြတ်မှုကို အမ်မီရဲ့ သူငယ်ချင်းတွေ ခံခဲ့ရပါတော့တယ်။

    ထိုင်းနိုင်မြောက်ပိုင်း Nong Bua Lamphu မြို့က မူကြိုကျောင်းမှာ ကြာသာပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုအတွင်း ဆရာမတွေအပါအ၀င် စုစုပေါင်း ၃၇ ဦး သေဆုံးခဲ့ပြီး ၂၄ ဦးက ကလေးငယ်တွေ ဖြစ်ပါတယ်။

    အမ်မီလေးဟာ ဒီပစ်ခတ်မှုမှာ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်တဲ့ တစ်ဦးတည်းသော ကျောင်းသားပါ။ သေဆုံးသွားတဲ့ သူငယ်ချင်းတွေရဲ့ အနားမှာ ကွေးကွေးလေး နိုးနေတဲ့ အမ်မီကို ပစ်ခတ်မှုအပြီးမှာ ရဲတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    “သူနိုးလာတဲ့အချိန် ဘာဖြစ်နေလဲဆိုတာ မသိဘူး။ သူငယ်ချင်းတွေ အိပ်နေတုန်းပဲလို့ ထင်နေတာ။ ရဲတစ်ယောက်က သူ့မျက်နှာကို အ၀တ်စည်းပြီး သွေးအိုင်ထဲကနေ ခေါ်ထုတ်သွားတယ်” လို့ အသက် ၅၉ နှစ်အရွယ် အဖိုးဖြစ်သူ Somsak Srithong က ပြောပါတယ်။

    “မြေးလေး အသက်ရှင်တာကိုတွေ့တော့ တော်တော်လေး စိတ်သက်သာရာ ရသွားတယ်။ စတွေ့တွေ့ချင်း ဖက်ပြီး ငိုတာပေါ့”

    အမ်မီရဲ့မိခင် အသက် ၃၅ နှစ်အရွယ် Panompai Srithong ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်နေတာပါ။ မူကြိုက ကလေးအားလုံး အသက်မရှင်တော့ဘူးဆိုတဲ့ သတင်းကြောင့် အမ်မီလေး မသေဘူးဆိုတာ အစပိုင်းက သူ မယုံပါဘူး။

    “နောက်ဆုံး အမ်မီနဲ့ ဗီဒီယိုကောလ် ပြောတော့မှပဲ အလုံးကြီးကျသွားတော့တယ်” လို့ Panompai Srithong က ပြောပါတယ်။

    သူငယ်ချင်းတွေ ဘာဖြစ်သွားလဲဆိုတာ မိဘတွေက အမ်မီကို အစက မပြောပြသေးပါဘူး။ အချစ်ဆုံးသူငယ်ချင်း အသက် ၃ နှစ်အရွယ် Pattarawut ကို အမ်မီလေးက ခဏခဏ မေးနေပါတယ်။

    မူကြိုကသူငယ်ချင်းတွေအပေါ် အမ်မီက သံယောဇဥ်တွယ်သလို ကြီးလာရင် ဆရာမဖြစ်ချင်တယ်လို့လည်း ပြောပါတယ်။

    “နောက်ပိုင်းကျတော့ သူ့အဘွားက သူငယ်ချင်းတွေအားလုံးနဲ့ ဆရာမတွေ မရှိကြတော့ဘူး၊ ကျောင်းပိတ်လိုက်ပြီဆိုတာ ပြောလိုက်တယ်။ သူကတော့ နေ့တိုင်း ကျောင်းသွားမယ်ပဲ ပြောနေတာ။ ကျောင်းပိတ်ထားတယ်လို့ ပြောရတာပေါ့။ သေတယ်ဘာညာဆိုတာကို သူ သေချာမသိသေးဘူး” လို့ မိခင် Panompai Srithong က ပြောပါတယ်။

    သေဆုံးသွားသူတွေရဲ့ စျာပနကို Nong Bua Lamphu မြို့က ဘုန်းကြီးကျောင်းတွေမှာ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ကြပါတယ်။

    မကြာသေးခင်က အလုပ်ကထုတ်ခံခဲ့ရတဲ့ ရဲ၀န်ထမ်းဟောင်း ဘာ့ကြောင့် ဒီလို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်လဲဆိုတာ မသိရပါဘူး။ လူသတ်သမားဟာ သူ့ဇနီးနဲ့ ဇနီးရဲ့ ကလေးကို ပစ်သတ်ခဲ့ပြီး သူကိုယ့်သူလည်း သတ်သေသွားခဲ့ပါတယ်။

    ထိုင်းလူ့အဖွဲ့အစည်းမှာတော့ လက်နက်တွေ လွယ်လွယ်ရနေတာ၊ မူးယစ်ဆေး၀ါး ပြဿနာတွေကို ထောက်ပြပြောဆိုနေကြပါတယ်။

    “ကလေးတွေအတွက် အန္တရာယ်ကင်းတဲ့နေရာ ဘယ်နေရာရှိသေးလဲ- ဆိုပြီး မိဘတွေက မေးနေကြပါတယ်။ စိတ်တော်တော်မကောင်းဘူး။ ပြည်သူ့တွေရဲ့လုံခြုံရေးကို ကောင်းမွန်အောင် ဆောင်ရွက်ပေးပါလို့ တာ၀န်ရှိတဲ့သူတွေကို တောင်းဆိုချင်ပါတယ်” လို့ အမ်မီရဲ့ ဦးလေး Veerachai Srithong က ပြောပါတယ်။

    Ref: BBC

  • အိန္ဒိယနိုင်ငံသားများ မြန်မာနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရ

    အောက်တိုဘာ ၈၊ ၂၀၂၂
    M-Media

    -မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ လူကုန်ကူးခံရတဲ့ နိုင်ငံသား ၁၃၀ လောက်ကို ကယ်ထုတ်ခဲ့တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ပါတယ်။

    ဒူဘိုင်း၊ ဘန်ကောက်နဲ့ အိန္ဒိယမြို့တစ်ချို့မှာ နည်းပညာဆိုင်ရာအလုပ်တွေ ရမယ်ဆိုတဲ့ အေးဂျင့်တွေရဲ့ လိမ်ညာလှည့်ဖျားမှုကို ခံခဲ့ရတာပါ။ တကယ်တမ်းက အွန်လိုင်းကနေ ငွေလိမ်တဲ့အလုပ်တွေမှာ လုပ်ရတာ ဖြစ်ပါတယ်။

    အိန္ဒိယ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒန် ဘဂ်ချီက အေးဂျင့်တွေ မြန်မာနိုင်ငံကို တရားမ၀င် ခေါ်ဆောင်သွားတဲ့လူ အများအပြားရှိနေပြီး ၅၀ နီးပါးကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

    တရားမ၀င် ၀င်ရောက်မှုနဲ့ မြန်မာရဲတွေက ဖမ်းထားတာတွေလည်း ရှိသေးတယ်လို့ သူက ဆိုပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုတို့က လူ ၈၀ လောက်ကိုလည်း အိန္ဒိယအစိုးရက ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ် လွှတ်တော်အမတ် အမ်ကေ စတာလင်က တမီလ်လူမျိုး ၅၀ အပါအ၀င် အိန္ဒိယနိုင်ငံသား ၃၀၀ လောက် မြန်မာနိုင်ငံကို လူကုန်ကူးခံရပြီး ပိတ်မိနေတယ်လို့ ပြီးခဲ့တဲ့လမှာ ၀န်ကြီးချုပ် မိုဒီထံ စာပို့အကြောင်းကြားခဲ့ပါတယ်။

    မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က တရုတ်လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေကို လူကုန်ကူးခံရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး မြင့်တက်လာခဲ့ပါတယ်။

    လူကုန်ကူးခံရပြီးရင် အဲဒီလုပ်ငန်းတွေမှာ ကျွန်ပြုခံရပြီး မိသားစုတွေက ငွေကြေးအမြောက်အများနဲ့ ပြန်ရွေးရတာမျိုးတွေ ရှိနေပါတယ်။

    လက်ရှိအချိန်အထိ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ စတဲ့ နိုင်ငံကလူတွေ ဒီလို လူကုန်ကူးခံရတာကို မီဒီယာတွေမှာ မကြာခဏ တွေ့လာရပါတယ်။

    Ref: Aljazeera

  • ဒူဘိုင်းတွင် ဒုတိယမြောက် ဟိန္ဒူဘုရားကျောင်း ဖွင့်လှစ်

    ဒူဘိုင်းတွင် ဒုတိယမြောက် ဟိန္ဒူဘုရားကျောင်း ဖွင့်လှစ်

    အောက်တိုဘာ ၇၊ ၂၀၂၂
    M-Media

    -အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့မှာ ဒုတိယမြောက် ဟိန္ဒူဘုရားကျောင်းတစ်ခုကို အခုတစ်ပတ်အစောပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

    ဂျီဘီအလီရပ်က ဘာသာပေါင်းစုံရွာ (Worship Village) မှာ ဒီဘုရားကျောင်း တည်ရှိပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့၊ အနောက်၊ တောင်နဲ့ မြောက်တို့မှာ ယုံကြည်ဆည်းကပ်ကြတဲ့ ဘုရားပေါင်း ၁၆ ဆူကို ဘုရားကျောင်းမှာ တည်ထားကိုးကွယ်ထားပါတယ်။

    “ဟိန္ဒူဘာသာရဲ့ ဘယ်ဂိုဏ်းကမဆို ဒီဘုရားကျောင်းမှာ လာရောက် ၀တ်ပြုဆုဆောင်းနိုင်ပါတယ်။ လူမှုရေးပွဲ၊ ဘာသာရေးပွဲ၊ မင်္ဂလာဆောင်၊ မွေးနေ့၊ အခမ်းအနားတွေ ကျင်းပဖို့ ခန်းမလည်း ဘုရားကျောင်းမှာ ပါ၀င်ပါတယ်။ ဒီကိုရောက်ရင် အိမ်ပြန်ရောက်သလို ခံစားသွားရမှာပါ” လို့ ဘုရားကျောင်း ဂေါပကအဖွဲ့၀င် ရာဂျူးရှရော့ဖ်က ပြောပါတယ်။

    ဘုရားကျောင်းမှာ စာသင်ကျောင်းကြီးတစ်ခုလည်း ပါ၀င်မှာဖြစ်ပြီး လက်ရှိ ဆောက်လုပ်နေကာ လာမယ့်နှစ် ဇန်န၀ါရီလမှာ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီစာသင်ကျောင်းမှာ ဘာသာစကား၊ ယဥ်ကျေးမှု အနုပညာ ဘာသာရပ်တွေ သင်ကြားပေးသွားမှာပါ။

    ဟိန္ဒူဘာသာရေးပွဲတော် Dussehra မကျင်းပခင်တစ်ရက် အင်္ဂါနေ့က ပြုလုပ်တဲ့ ဘုရားကျောင်းဖွင့်ပွဲ အခမ်းအနားကို ယူအေအီး ဘာသာပေါင်းစုံ ညီညွတ်ရေး၀န်ကြီး ရှိခ် နဟ်ယန် ဘင် မူဘာရက်၊ ယူအေးအီးဆိုင်ရာ အိန္ဒိယ သံအမတ်နဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ ဘာသာ၀င်တွေ စုစုပေါင်း ၂၀၀ ၀န်းကျင် တက်ရောက်ခဲ့ပါတယ်။

    သံအမတ် ဆွန်ဂျေး ဆူဒီရ်က ဘုရားကျောင်းအတွက် မြေလှူဒါန်းပြီး၊ ဆောက်လုပ်ရေးမှာ ကူညီပေးခဲ့တဲ့ ယူအေအီးအစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘုရားကျောင်းကို ၂၀၂၀ ခုနှစ်မှာ စတင် အုတ်မြစ်ချ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဘုရားကျောင်းကို နေ့စဥ် မနက် ၆ နာရီခွဲကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး တစ်နေ့ကို လူ ၁၀၀၀ ကနေ၊ ၁၂၀၀ အထိ လာရောက် ၀တ်ပြုဆုတောင်းနိုင်မှာပါ။

    အခု ဟိန္ဒူဘုရားကျောင်းတည်ရှိရာ ဘာသာပေါင်းစုံရွာ (Worship Village) မှာ ခရစ်ယာန်၊ ဂျူးနဲ့ အခြားဘာသာ၀င်တွေရဲ့ ၀တ်ပြုကျောင်းတွေလည်း တည်ရှိပါတယ်။

    Ref: Times of Oman