News @ M-Media

Blog

  • အာဇာဘိုင်ဂျန်အမျိုးသမီး ကုရ်အာန်ကို ပိုးသားပေါ်တွင် ရေးသားကာ မှတ်တိုင်သစ်စိုက်ထူ

    အာဇာဘိုင်ဂျန်အမျိုးသမီး ကုရ်အာန်ကို ပိုးသားပေါ်တွင် ရေးသားကာ မှတ်တိုင်သစ်စိုက်ထူ

    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    silk

    – အဇာဘိုင်ဂျန်မှ ပန်းချီပညာရှင် အမျိုးသမီး တွန်ဇာလီ မမ်မဒ်ဇာဒီမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို ပိုးသားအပါးပေါ်တွင် ရေးသားကာ အစ္စလာမ့်သမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်ဟု သိရသည်။

    အသက် ၃၃ နှစ်အရွယ် သူမမှာ မီတာ ၅၀ အရှည်ရှိသည့် ပိုးသား အပါးပေါ်တွင် ရွှေမှင်၊ ငွေမှင်များဖြင့် ကုရ်အာန်ကျမ်းတော်မြတ် အစ၊ အဆုံး ရေးသားခဲ့ခြင်းဖြစ်ပြီး ၃ နှစ်တာ ကြာမြင့်ခဲ့သည်။

    သူမကမူ တူရကီသာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုရ်အာန်ကျမ်းတော်မြတ် ဗားရှင်းအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ကုရ်အာန်ကျမ်းတော်မြတ်၏ စာမျက်နှာတစ်မျက်နှာချင်းစီမှာ ၂၉x၃၃ စင်တီမီတာ ရှိသည်။

    ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ်၏ သမိုင်းကြောင်းကို လေ့လာခဲ့သည့်အခါ အခြားသော ပုံစံအမျိုးမျိုးဖြင့် ရေးသားမှတ်တမ်းတင်ထားသည်ကို တွေ့ရသော်လည်း ပိုးသားပေါ်တွင် ရေးသားထားမှု မရှိသောကြာင့် မိမိအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်ရန်အတွက် တွန်းအားဖြစ်စေခဲ့ကြောင်း၊ မိမိ၏ ထိုလက်ရာကို အကောင်းဆုံးလက်ရာဖြစ်စေရန် စဉ်းစားခဲ့ကြောင်း သူမက ထည့်သွင်းပြောကြားခဲ့သည်။

    မမ်မဒ်ဇာဒီမှာ တူရကီရှိ မာမာရာ တက္ကသိုလ်တွင် သမိုင်းပညာရပ်ဖြင့် ဘွဲ့ရခဲ့ခြင်းဖြစ်သည်။ သူမကမူ မိမိအနေဖြင့် ထိုကဲ့သို့ ၃ နှစ်တာ ကြိုးပမ်းအားထုတ်မှု အောင်မြင်ခဲ့သည့်အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်မိကြောင်း၊ ထိုကဲ့သို့ ပထမဆုံးဆောင်ရွက်နိုင်သူ ဖြစ်သည့်အတွက်လည်း ပျော်ရွှင်မိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Dailysabah

  • အမေရိကန်တွင် အမျိုးသားရေးအစွန်းရောက် ခေါင်းထောင်လာမှုကို ဂျာမနီနှင့် အစ္စရေးတို့က အနီးကပ် စောင့်ကြည့်

    အမေရိကန်တွင် အမျိုးသားရေးအစွန်းရောက် ခေါင်းထောင်လာမှုကို ဂျာမနီနှင့် အစ္စရေးတို့က အနီးကပ် စောင့်ကြည့်

    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    – ဒီလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့တာကြောင့် အမေရိကန်မှာ လူဖြူ လူမျိုးကြီးဝါဒ ခေါင်းထောင်ထလာနေမှုအတွက် မိမိတို့အစိုးရက စိုးရိမ်မိပြီး အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ဂျာမနီအစိုးရရဲ့ အကြီးတန်း တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့ စနေနေ့ကလည်း ၀ါရှန်တန်က အိမ်ဖြူတော်နဲ့ အနည်းငယ်လောက်ပဲဝေးတဲ့ အဆောက်အဦးတစ်ခုမှာ နာဇီလက်သစ်တွေ၊ လူဖြူအမျိုးသားရေးဝါဒီတွေနဲ့ ဂျူးဆန့်ကျင်သူနဲ့ အခြားသူတွေပါဝင်တဲ့ အစွန်းရောက်လှုပ်ရှားမှု alt-right အဖွဲ့ဝင်တွေ စရုံးခဲ့ကြပြီး ထရမ့်အနိုင်ရမှုအတွက် အောင်ပွဲခံအခမ်းအနားပြုလုပ်တဲ့ ဗီဒီယိုတစ်ခုလည်း ပေါ်ထွက်လာခဲ့ပြီး ဒီအတွက်တော့ ဂျာမနီအစိုးရက တရားဝင်မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    ဒါပေမယ့် ၀န်ကြီးချုပ်မာကဲလ်နဲ့ နီးစပ်တဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ‘ထရမ့်ကိုဝန်းရံပါ’ လို့ ခေါင်းဆောင်က အော်ခဲ့ပြီး နောက်လိုက်တွေက နာဇီပုံစံနဲ့ အလေးပြုမှုတွေပါဝင်တဲ့ အဲဒီဗီဒီယိုဟာ ‘စက်ဆုပ်စရာနဲ့ စိုးရိမ်စရာ’ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “ထရမ့်က ဒီလို အတွေးအခေါ်မျိုးကနေ လွတ်ကင်းပုံရတာကြောင့် ဒီလို ဆောင်ရွက်မှုက ထရမ့်ရဲ့ အယူအဆလို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ဒီလူတွေက စိန်နားဒေါင်းရောင်နဲ့ ပါးပြောင်နေကြတာပါ။ ဒီကိစ္စကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ အမည်မဖော်လိုတဲ့ အဲဒီတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

    အစ္စရေးလွှတ်တော်က နိုင်ငံခြားရေးနဲ့ ကာကွယ်ကော်မတီက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယီရ် လာပစ်ကတော့ အဲဒီဗီဒီယိုဟာ ရွံ့စရာကောင်းပြီး၊ သည်းခံလိုမရတဲ့ ဗီဒီယိုဖြစ်တယ်လို့ ဆိုပါတယ်။

    “လူသားတွေပြုလုပ်ခဲ့တဲ့ အမှားတွေထဲမှာ အကြီးမားဆုံးကတော့ ဖက်စစ်ဝါဒရဲ့ အန္တရာယ်ကို အချိန်မိ သတိမပြုမိတာနဲ့ တွန်းလှန်ဖို့ မလုပ်ဆောင်တာတွေပါပဲ။ ဒီဝါဒမျိုး သမိုင်းတစ်ပတ် ပြန်လည်လာတာကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး” လို့ လာပစ်က ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ Trump-Pence အသွင်ကူးပြောင်းရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူကတော့ ထရမ့်ဟာ ‘ဘယ်လို လူမျိုးရေးခွဲခြားမှုမျိုးကိုမဆို ဆက်လက် ရှုတ်ချသွားမယ်’ လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး၊ သူဟာ အမေရိကန်နိုင်ငံသားတိုင်းအတွက် ရွေးချယ်ခံထားရတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ Twitter ကို ဆက်တိုက်သုံးနေတဲ့ ထရမ့်ဟာ ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ တိုက်ရိုက်မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အစွန်းရောက်လှုပ်ရှားမှုဖြစ်တဲ့ alt-right နဲ့ ဆက်နွယ်နေတဲ့ ၀ဘ်ဆိုက် အကြီးအကဲ စတီဗ် ဘန်နွန်ကို အိမ်ဖြူတော် အကြီးအကဲအဖြစ် ခန့်အပ်ခဲ့မှုအတွက် ဒီမိုကရက်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လူနည်းစုတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

    alt-right အဖွဲ့တွေရဲ့ အဲဒီအခမ်းအနားမှာ လူဖြူအစွန်းရောက်ခေါင်းဆောင် ရစ်ချက် စပင်ဆာက အမေရိကန်ဟာ လူဖြူ တွေနဲ့သာ သက်ဆိုင်ပြီး လူဖြူတွေကလည်း နေမင်းရဲ့ သားသမီးတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့လှုပ်ရှားမှုကို ဝေဖန်သူတွေကိုလည်း ရှုတ်ချခဲ့ပြီး ကမ္ဘာကြီးပေါ်က စက်ဆုပ်ဖွယ်အကောင်ဆုံး သတ္တ၀ါတွေလို့လည်း ပြောကြားခဲ့ပါတယ်။

    “ထရမ့်ကို ၀န်းရံပါ။ ကျွန်တော်တို့လူမျိုးကို ၀န်းရံပါ။ အောင်မြင်မှုကို ဂုဏ်ပြုပါ” လို့ စပင်ဆာက ဟစ်ကြွေးခဲ့ပြီး အဲဒီအချိန်မှာ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေက နာဇီအလေးပြုနည်းအတိုင်း အလေးပြုခဲ့ကြပါတယ်။

    ဒါပေမယ့် ဒီအစည်းအဝေးကို ပြည်သူအချို့က ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာကြောင့် အစည်းအဝေးကျင်းပရာ ရော်နယ်ရေဂင် အဆောက်အဦးတစ်ဝိုက် ကားလမ်းတွေ ပိတ်ခဲ့ပါတယ်။

    ထင်ရှားအောင်လုပ်ရမယ်

    နယူးယောက်က အမေရိကန်ဂျူးကော်မတီ (AJC) ရဲ့ စီအီးအိုဖြစ်သူ ဒေးဗစ်ဟားရစ်ကတော့ အမေရိကန် ရွေးကောက်ပွဲအပြီးနောက်ပိုင်း ဂျူးဆန့်ကျင်ရေးဝါဒကို အားပေးတဲ့၊ လူနည်းစုတွေကိုပစ်မှတ်ထားတဲ့ အုပ်စုတွေ ပေါ်ထွက်လာမှုဟာ ၁၀ စုနှစ်တွေအတွင်း မမြင်ဖူးခဲ့တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

    “(စနေနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲ နဲ့ပတ်သက်ပြီး) ရွေးကောက်ခံသမ္မတက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အမေရိကန်အားလုံးရဲ့ သမ္မဖြစ်တယ်ဆိုတာကို ရှင်းလင်းထင်းရှားစေဖို့ အခြားနည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပြီး alt-right နဲ့ ဒီလှုပ်ရှားမှုရဲ့ ရပ်တည်ချက်တွေကို ရှုတ်ချရပါလိမ့်မယ်” လို့ ဟာရစ်က ပြောကြားခဲ့ပါတယ်။

    နာဇီတို့ရဲ့ သမိုင်းဆိုးတွေကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ လုံးလုံး ကြိုးစားချေဖျက်ခဲ့ရတဲ့ဂျာမနီမှာ ‘Heil Hitler’ ဆိုတဲ့ အလေးပြုမှုနဲ့ နာဇီ တံဆိပ်တွေဟာ တရားမ၀င်ဘဲ ၆ လအထိ ထောင်ကျနိုင်ပါတယ်။ သြစတြီးယားနဲ့ ပြင်သစ်အပါအ၀င် အခြားသော ဥရောပနိုင်ငံတွေမှာလည်း ဒီလို ဥပဒေတွေ ထုတ်ပြန်ထားပါတယ်။

    Ref : Reuters

  • အမျိုးသားနေ့၌ မန္တလေးတက္ကသိုလ်တွင် ဆရာကြီးဦးရာဇတ် ကြေးသွန်းရုပ်ဖွင့်ပွဲကျင်းပ

    အမျိုးသားနေ့၌ မန္တလေးတက္ကသိုလ်တွင် ဆရာကြီးဦးရာဇတ် ကြေးသွန်းရုပ်ဖွင့်ပွဲကျင်းပ

    15202496_573214146216445_3217850209640417090_n

    မန္တလေး နိုဝင်ဘာ ၂၄

    မန္တလေးတက္ကသိုလ် ထူးထောင်သူ အမျိုးသားစီမံကိန်းနှင့် ပညာရေး ၀န်ကြီးဌာန ၀န်ကြီး ဆရာကြီးဦးရာဇတ် ကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို အမျိုးသားနေ့၌ မန္တလေးတက္ကသိုလ်၊ ရာဇတ်ခန်းမဆောင်တွင် နိုဝင်ဘာလ (၂၄)ရက် နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

    ဆရာကြီး ဦးရာဇတ် ကြေးရုပ်ဖွင့်ပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ၀န်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများနှင့် ဆရာကြီးဦးရာဇတ်၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။

    အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ဆရာကြီးဦးရာဇတ်ကြေးရုပ်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်မောင်က ရုပ်တုဖွင့်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာကြီးဦးရာဇတ်၏ သားကြီး ဦးတင်မြင့်နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း တို့က ကျေးဇူးတင်စကားများ ပြောကြားကာ ပါဠိဘာသာထူးချွန်ဆုရကျောင်းသူအား ရွှေတံဆိပ်နှင့် ငွေသားငါးသိန်းတို့ကို ချီးမြှင့်ခဲ့ကြသည်။

    ဆက်လက်ပြီး ရာဇတ်ခန်းမဆောင်ရှေ့တွင် ထားရှိထားသော ဆရာကြီးဦးရာဇတ် ကြေးသွန်းရုပ်အား ပြည်ထောင်စု လွှတ်တော်နာယက၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြေးရုပ်တုကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

    သတင်း- MOI
    ဓါတ်ပုံ- Zaw Min Tun & MOI

    ဦးရာဇတ် အကြောင်း သတင်းနှင့် ဆောင်းပါးများဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/urazak-2

    15230571_573214302883096_229365544852075804_n 15203385_573214192883107_5362948240584878000_n 15219405_573214166216443_9043216767742412059_n 15203392_627257034113627_1654178931908100120_n 15095636_627256460780351_8343295623531721173_n

  • ရခိုင်ပြည်နယ် ပြဿနာ  လုံခြုံရေးကောင်စီမှာ အမေရိကန် တင်ပြ

    ရခိုင်ပြည်နယ် ပြဿနာ လုံခြုံရေးကောင်စီမှာ အမေရိကန် တင်ပြ

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၆

    unsc
    မောင်တောမြို့နယ်မှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် ဓါတ်ပုံ – ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း

    ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆူပူမငြိမ်မသက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေပုံနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက တနေ့တခြား စိုးရိမ်ပူပန်နေကြတယ် လို့ နေပြည်တော်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့လာတဲ့ Reuters သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။

    ဒီရက်ပိုင်းအတွင်း မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာမွတ်စလင်ရာပေါင်းများစွာ ထွက်ပြေး ခိုလှုံလာကြတာဟာ မြန်မာအစိုးရရဲ့ အရည်အချင်းကို စမ်းသပ်မှုတခုဖြစ်တယ်လို့ အဲဒီသတင်းက ရေးသား လိုက်ပါတယ်။

    ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် Samantha Power စမင်သာ ပါဝါ က ရခိုင်ပြည်နယ်အရေးအတွက် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

    နောက်တနေ့ဖြစ်တဲ့ နိုဝင်္ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ သံတမန်တွေနဲ့ တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်း စုကြည်က သူတို့နိုင်ငံဟာ မမျှမတဆက်ဆံမှုနဲ့ ကြုံတွေ့နေရကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ စွပ်စွဲမှုတွေကို အစိုးရအနေနဲ့ အများကတောင်းဆိုတဲ့အတိုင်း စုံစမ်းစစ်ဆေးနေကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝန်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို အချက်အလက် တိကျခိုင်မာမှုမရှိဘဲ တဖက်သတ်ပြော ဆိုနေကြကြောင်း စိတ်ပျက်လက်ပျက်ပြောဆိုတယ်လို့ ဖေါ်ပြထားပါတယ်။

    RFA မှကူးယူဖော်ပြသည်။

  • မန်စီးတီးနဲ့ ဘာကာတို့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ် ဗုဒ္ဓဟူးနေ့မနက် ပွဲများ

    မန်စီးတီးနဲ့ ဘာကာတို့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ် ဗုဒ္ဓဟူးနေ့မနက် ပွဲများ

    နိုဝင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    – ဒီနေ့မနက် ချန်ပီယံလိဂ် ပွဲစဉ် ၅ မှာတော့ ဘာကာနဲ့ မန်းစီးတီးတို့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီး အုပ်စု B မှာ ၃ သင်းက နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေပါသေးတယ်။

    cham-1

    အုပ်စု A
    ———-
    အာဆင်နယ် ၂-၂ ပီအက်စ်ဂျီ
    လူဒိုဂိုးရက် ၀-၀ ဘေဆယ်

    ၂ သင်စလုံး နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်ပေမယ့် အီမရိတ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ ဂုဏ်သိက္ခာအတွက် ကြိုးစားခဲ့ကြပြီး အပြန်အလှန် ဦးဆောင်ဂိုးတွေ သွင်းကာ ၂ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ကာဗာနီရဲ့ ဦးဆောင်ဂိုးကို ဂျရူးက ပင်နယ်တီနဲ့ ချေပနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဗာရက်တီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကိုတော့ လူးကက်စ်က ခေါင်းတိုက်ကာ ချေပနိုင်ခဲ့ပါတယ်။

    ဘေဆယ်တို့ ဂိုးသွင်းခွင့် တော်တော်များများ ရခဲ့ပေမယ့် ၀င်အောင်မသွင်းနိုင်တာကြောင့် ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး ယူရိုပါဝင်ခွင့်ရရေး တတိယနေရာအတွက် ဒီနှစ်သင်းဟာ နောက်ဆုံးပွဲစဉ်အထိ ကြိုးစားခွင့် ရှိနေပါတယ်။

    အုပ်စု B
    ———
    ဘက်ခီတက်စ် ၃-၃ ဘင်ဖီကာ
    နာပိုလီ ၀-၀ ဒိုင်နမိုကိဗ်

    ဒီနေ့မနက် ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးအသင်းကို ပြပါဆိုရင် ဘက်ခီတက်စ်အသင်းကို ပြရပါလိမ့်မယ်။ ပထမပိုင်း ၃၁ မိနစ်အတွင်းမှာပဲ ၃ ဂိုးပေးလိုက်ရတဲ့ အိမ်ရှင်တို့ ဒုတိယပိုင်း ၅၈၊ ၈၃ နဲ့ ၈၉ မိနစ်တွေမှာ ချေပဂိုးတွေပြန်သွင်းပြီး နောက်တစ်ဆင့်တက်နိုင်ရေး မျှော်လင့်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။

    နာပိုလီတို့ အိမ်ကွင်းမှာ ဒိုင်နမိုကိဗ်အပေါ် အသာရခဲ့ပေမယ့် အနိုင်မကစားနိုင်တာကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ့် အခြေအနေမျိုး ရောက်ခဲ့ပါတယ်။ လက်ရှိမှာ နာပိုလီဟာ ၈ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားနိုင်ပေမယ့် အမှတ်တူနေတဲ့ ဘင်ဖီကာနဲ့ နောက်ဆုံးပွဲ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ၇ မှတ်ရထားတဲ့ ဘက်ခီတက်စ်က ဒိုင်နမိုကိဗ်နဲ့ ယှဉ်ပြိုင်ရမှာကြောင့် နာပိုလီ၊ ဘင်ဖီကာနဲ့ ဘက်ခီတက်စ်တို့ ၃ သင်းမှာ ဘယ် ၂ သင်းက နောက်တစ်ဆင့်တက်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    cham-2

    အုပ်စု C
    ———
    ဆဲလ်တစ် ၀-၂ ဘာစီလိုနာ
    မိုချန်ဂလာဘက်ခ်ျ ၁-၁ မန်စီးတီး

    အဝေးကွင်းမှာ မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဘာကာတို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    မန်စီးတီးက ထုံးစံအတိုင်း ခြေအသာ ဂိုးသွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဆေးလ်ဗားရဲ့ ပထမပိုင်း နာကျင်အချိန်ပို သွင်းဂိုးကြောင့် ၁ မှတ် ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရှုံးထွက်အဆင့်ကိုတော့ တက်နိုင်ခဲ့ပါတယ်။

    အုပ်စု D
    ——–
    အက်သလက်တီကို ၂-၀ ပီအက်စ်ဗီ
    ရိုစတော့ဗ် ၃-၂ ဘိုင်ယန်မြူးနစ်

    နောက်တစ်ဆင့်တက်သွားပြီဖြစ်ပေမယ့် အက်သလက်တီကိုက ရာနှုန်းပြည့်အနိုင်ကို ဆက်ထိန်းနိုင်ခဲ့ပြီး ဂါမီရို၊ ဂရီဇ်မန်းတို့ရဲ့ ဂိုးတွေကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

    ဘိုင်ယန်ရဲ့ ဒီအံ့သြဖွယ်ရာအရှုံးဟာ နောက်ဆုံး ၂ ပွဲဆက်အရှုံးလည်း ဖြစ်ခဲ့ပြီး ဂိုးသွင်းခွင့်အနည်းငယ်ကို အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့ အိမ်ရှင်တို့ကို ချီးကျူးရမှာ ဖြစ်ပါတယ်။