News @ M-Media

Blog

  • အမျိုးသားရေးဝါဒနှင့် ထိုဝါဒီများကို ဒေါ်နယ်ထရမ့် ရှုတ်ချ

    အမျိုးသားရေးဝါဒနှင့် ထိုဝါဒီများကို ဒေါ်နယ်ထရမ့် ရှုတ်ချ

    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    trump-3

    – ၎င်း၏ ရွေးကောက်ပွဲအနိုင်ရမှုအတွက် အောင်ပွဲခံခဲ့သော လူဖြူးအမျိုးသားရေး အစွန်းရောက်အုပ်စုကို မိမိအနေဖြင့် မထောက်ခံဟု ရွေးကာက်တင်မြှောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

    နယူးယောက်တိုင်းမ် သတင်းစာနှင့် ယမန်နေ့အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီ မိမိ၏အနေဖြင့် နာဇီလက်သစ်များ၊ လူဖြူအမျိုးသားရေးသမားများနှင့် ဂျူးဆန့်ကျင်ရေးသမားများကို အားမကောင်းစေချင်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    “သူတို့ကို ကျွန်တော် ရှုတ်ချတယ်။ လက်မခံဘူး။ ရှုတ်ချပါတယ်”

    စနေနေ့တွင် ၀ါရှန်ဒီစီ၌ ထရမ့်အနိုင်ရမှုကို အောင်ပွဲခံသည့် အခမ်းအနားကျင်းပမှုကို လူဖြူအမျိုးသားရေး အစွန်းရောက်များက ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်များတွင် ဖြန်ဝေခဲ့သည်။

    အဆိုပါ ဗီဒီယိုတွင် လူဖြူအမျိုးသားရေး လှုပ်ရှားမှုခေါင်းဆောင် ရစ်ချက် ဘာထရန် စပင်ဆာက အမေရိကန်မှာ လူဖြူများနှင့်သာ သက်ဆိုင်ပြီး လူဖြူများမှာ နေမင်း၏ သားသမီးများဖြစ်သည်ဟု အခမ်းအနားသို့ တက်ရောက်လာကြသူများကို ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့၏ အမျိုးသားရေးလှုပ်ရှားမှုအား ဝေဖန်သူများကိုလည်း ၎င်းက ပြစ်တင်ပြောဆိုခဲ့ပြီး ‘ကမ္ဘာမြေပေါ်တွင်ရှိသည့် စက်ဆုပ်ဖွယ်အကောင်းဆုံး သတ္တ၀ါများ’ ဟု တံဆိပ်ကပ်ခဲ့သည်။

    “ထရမ့်ကို ၀န်းရံပါ။ ကျွန်တော်တို့ လူမျိုးတွေကို ၀န်းရံပါ။ အနိုင်ရမှုအတွက် အောင်ပွဲခံပါ” ဟု စပင်ဆာက ဟစ်ကြွေးခဲ့ပြီး ပရိတ်သတ်များကလည်း ၎င်းတို့၏လက်ကို ဆန့်တန်းကာ နာဇီအလေးပြုသည့် ပုံစံအတိုင်း အလေးပြုခဲ့ကြသည်။

    ရော်နယ်ရေဂင်အဆောက်အဦးတွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ လာရောက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သောကြောင့် ကားလမ်းများ ပိတ်ဆို့ခဲ့သည်။

    “အဲဒီအုပ်စုတွေ ထကြွလာတာကို ကျွန်တော် မလိုချင်ပါဘူး။ ဒီအုပ်စုကို ထောက်လည်း မထောက်ခံပါဘူး။ သူတို့ ထကြွလာပြီဆိုရင်တော့ ဘာ့ကြောင့် ဒီလို ဖြစ်ရသလဲဆိုတာကို ဆန်းစစ်ချင်ပါတယ်” ဟု ထရမ့်က နယူးယောက်တိုင်းမ်စ်သို့ ပြောကြားခဲ့သည်။

    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကလည်း ထရမ့်အနိုင်ရရှိမှုက လူဖြူလူမျိုးကြီးဝါဒကို အထောက်အကူဖြစ်မည်ဟု စိုးရိမ်မိကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။ သူမနှင့် နီစပ်သည့် အကြီးတန်း တာဝန်ရှိသူတစ်ဦးက လူဖြူအမျိုးသားရေးဝါဒီများ၏ အဆိုပါဗီဒီယိုက ‘အော့နှလုံးနာဖွယ်ကောင်းသော၊ စိုးရိမ်စရာကောင်းသော’ ဗီဒီယိုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ထရမ့်က လူဖြူအစွန်းရောက် အတွေးအခေါ်များရှိသည်ဟု စွပ်စွဲခံထားရသည့် စတီဖင် ဘန်နွန်ကို အိမ်ဖြူတော် မဟာဗျူဟာမှူးအဖြစ် ခန့်အပ်ခဲ့မှုအတွက် ကာကွယ်ပြောဆိုခဲ့သည်။

    “ကျွန်တော် စတီဗ် ဘန်နွန်နဲ သိကျွမ်းခဲ့တာ ကြာပါပြီ။ သူဟာ လူမျိုးရေးခွဲခြားသူဖြစ်မယ်။ အမျိုးသားရေးဝါဒီဖြစ်မယ်ဆိုရင် သူ့ကိုခန့်ဖို့ စဉ်းစားမှာတောင် မဟုတ်ပါဘူး”

    နယူးယောက်တိုင်းမ်စ်နှင့် ပြုလုပ်ခဲ့သည့် အဆိုပါအင်တာဗျူးတွင် ထရမ့်မှာ ၎င်း၏ ပေါ်လစီများ၊ ခန့်အပ်မှုများနှင့်ပတ်သက်၍ အများအပြား ပြောကြားခဲ့ပြီး၊ ဟီလာရီကလင်တန်အား မနာကျင်စေချင်တော့ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ကလင်တန်ကို ကျွန်တော် မနာကျင်စေချင်တော့ပါဘူး။ တကယ်ပါ။ သူ တော်တော်လေး ပင်ပန်းနေပြီး နည်းမျိုးစုံနဲ့ ထိခိုက်ခံစားခဲ့ရပါတယ်”

    Ref: BBC, The Guardian

     

  • မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၂ ကြိမ် မှာ သွေး (၄၆၃၉) ပုလင်း လှူဒါန်းခဲ့

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၂ ကြိမ် မှာ သွေး (၄၆၃၉) ပုလင်း လှူဒါန်းခဲ့

    နိုဝင်ဘာ၂၃ ၊ ၂၀၁၆
    M-Media
    သူရိန်

    15170922_10202656930220644_5974266154834657656_n
    ဓါတ်ပုံ-U Hla Aung

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် မှ  ပြုလုပ်သော သွေးလှူဒါန်းပွဲ တစ်ရပ်ကို နိုဝင်ဘာ ၂၀ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

    ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ်မှာ ကျင်းပတဲ့ သွေးလှူဒါန်းပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ မမလ သွေးလှူဒါန်းရေး တာဝန်ခံ ဦးအောင်ကျော်ဦးက ” လာရောက်လှူ ဒါန်းတဲ့အထဲမှာ အစ္စလာမ်ဘာသာဝင်များသာမက လူမျိုး ဘာသာပေါင်းစုံက မမလ အနေနဲ့ ပါဝင် လှူ ဒါန်းကြတဲ့အတွက်လဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ယခု ၂၂ ကြိမ်မြောက်မှာ လာရောက်သူ ၃၀၀ လောက်မှာ သွေးအောင်သူ ၂၀၉ ဦး ရှိပါတယ်။ အသျှင်မြတ် ရဲ့ အလိုတော်နဲ့ လေးလတစ်ကြိမ် ပုံမှန် ကျင်းပနိုင်ပြီး သွေးလှူရှင် ပိုမို ရ ရှိလာအောင် ကြိုးစားသွားပါမယ်။” ဟု M-Media ကိုပြောပါတယ်။

    မမလ အဖွဲ့သည် ၎င်း၏ ဆောင်ပုဒ်ဖြစ်သည့် ကိုယ်ချင်းစာနာတတ်ခြင်းသည်ပင်လျင် တရားစစ် တရားမှန် ဖြစ်ပေသည် ဆိုသည်ကို လက်တွေ့အကောင်အထည်ဖော်သောအားဖြင့် ပရဟိတ လုပ်ငန်းစဉ်တစ်ခုဖြစ်သော သွေးလှူ  ဒါန်းပွဲကို ၄ လ တစ်ကြိမ် စဉ်ဆက်မပြတ် ယခုလို ဆောင်ရွက် နေခြင်းဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

    ယခု အကြိမ်ထိ ဆိုလျှင် မမလ အဖွဲ့ အနေဖြင့် သွေးလှူဒါန်းပွဲ ၂၂  ကြိမ်ပြုလုပ်ခဲ့ပြီး သွေးပုလင်း စုစုပေါင်း (၄၆၃၉) ပုလင်း ကိုလှူ ဒါန်းနိုင်ခဲ့ပါပြီဟု သိရသည်။

    15037217_10202656927100566_9097015480343936807_n

    15094447_10202656928500601_6273934238785375362_n

    15109339_10202656927500576_4451118128518004025_n

    15128621_373825879622265_1283357888_n

    15134760_10202656932220694_8551771575877062841_n

  • အီဂျစ်သမ္မတဟောင်း၏ ပြစ်ဒဏ်ကို အီဂျစ်တရားရုံးက ဒုတိအကြိမ် ပယ်ဖျက်

    အီဂျစ်သမ္မတဟောင်း၏ ပြစ်ဒဏ်ကို အီဂျစ်တရားရုံးက ဒုတိအကြိမ် ပယ်ဖျက်

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    morsi-2

    – အီဂျစ်နိုင်ငံတွင် ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်ခံရပြီးနောက် စစ်တပ်၏ အာဏာသိမ်းဖြုတ်ချမှုကို ခံခဲ့ရသည့် သမ္မတဟောင်းမော်စီအပေါ် ချမှတ်ထားသည့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်အား အီဂျစ်၏ အမြင့်ဆုံးတရားရုံး Court of Cassation က ယနေ့တွင် ပယ်ဖျက်ပေးလိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ဖြစ်သော ဟားမက်စ်အတွက် သူလျှိုလုပ်သည်ဟူသောစွဲချက်ဖြင့် ထို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး တရားရုံးကမူ အမှုကို ပြန်လည်ကြားနာရန်လည်း အမိန့်ပေးခဲ့သည်။ အဆိုပါ တရားရုံးမှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း မော်စီအပေါ် ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်ကို ရုပ်သိမ်းပေးခဲ့သည်။

    တစ်နှစ်သာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့် သမ္မတမော်စီကို အီဂျစ်စစ်တပ်က ၂၀၁၃ ခုနှစ်တွင် ဖြုတ်ချခဲ့ပြီး ၎င်း၏ မွတ်စလင်ဘရားသားဟုဒ်ပါတီကိုလည်း တရားမ၀င်အသင်းအဖြစ် ကြေငြာခဲ့သည်။ ထို့ပြင် ထိုပါတီ၏ အဖွဲ့ဝင်များ ထိပ်ပိုင်းခေါင်းဆောင်များ၊ အခြားသောအဖွဲ့များမှ အဖွဲ့ဝင် ထောင်ပေါင်းများစွာကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ပြီး အစုလိုက်အပြုံလိုက် တရားစွဲဆိုမှု ပြုလုပ်ခဲ့သည်။

    မော်စီ၏ ရှေ့နေဖြစ်သူ အဘ်ဒဲလ် မွန်အင် အဘ်ဒဲလ် မက်ဆူးဒ်က အီရန်နှင့် ဟားမက်စ်တို့အတွက် သူလျှိုလုပ်ပေးသည်ဟူသော စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် အခြား မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ဝင်များ၏ ပြစ်ဒဏ်ကိုလည်း တရားရုံးက ပယ်ဖျက်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

    မော်စီမှာ အမှုပေါင်းများစွာဖြင့် တရားစွဲဆိုခံရပြီး သေဒဏ်၊ တစ်သက်တစ်ကျွန်၊ ထောင်ဒဏ် နှစ် ၂၀ အပါအ၀င် ပြစ်ဒဏ်များစွာ ချမှတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော်လျှို့ဝှက်ချက်များကို ကာတာအပါအ၀င် နိုင်ငံခြားတိုင်းပြည်များသို့ အသိပေးခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရပြီး ၎င်း၏ ရှေ့နေကမူ မော်စီမှာ နိုင်ငံတော်အကြီးအကဲတစ်ယောက် စောင့်ထိန်းရမည့်အကန့်အသတ်များအတိုင်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera

  • နေတိုး၏ တပ်ဖြန့်မှုကို ရုရှားက နျူထိပ်ဖူးတပ် ဒုံးစနစ်နှင့် တုန့်ပြန်

    နေတိုး၏ တပ်ဖြန့်မှုကို ရုရှားက နျူထိပ်ဖူးတပ် ဒုံးစနစ်နှင့် တုန့်ပြန်

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    russia-2

    – နေတိုးအဖွဲ့က ဥရောပအရှေ့ပိုင်းတွင် ‘ကာကွယ်ရေးတံတိုင်း’ ဟုခေါ်သည့် ဒုံးကျည်များ၊ ဒုံးခွင်းစနစ်များ ချထားခြင်းကို တုန့်ပြန်သည့်အနေဖြင့် ပိုလန်နှင့် လစ်သူယေးနီးယားအကြားရှိ ကလီနင်ဂရဒ်တွင် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် နျူထိပ်ဖူးတပ်ဆင်နိုင်သည့် အစ္စကန်ဒါ ဒုံးကျည်စနစ်ကို ချထားရန် ရုရှားက စီစဉ်နေသည်။

    ထိုကဲ့သို့ ချထားမည့်အစီအစဉ်ကို ရုရှား အထက်လွှတ်တော်ရှိ ဖက်ဒရေးရှင်းကောင်စီမှ ကာကွယ်ရေးကော်မတီအကြီးအကဲ ဗစ်တာ အိုဇီရော့ဗ်က RIA သတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဒီခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့အတွက် ကျွန်တော်တို့ဟာ တပ်တွေ ထပ်ချပြီး တုန့်ပြန်သွားမှာပါ။ ဒီစစ်ကူပို့လွှတ်မှုမှာ S-400 နဲ့ အစ္စကန်ဒါစနစ်တွေကို ကလီနင်ဂရဒ်မှာ ချထားမှုလည်း ပါဝင်မှာဖြစ်ပါတယ်”

    အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့၏ အဆိုပါ ကာကွယ်ရေးတံတိုင်းမှာ စစ်ပွဲဖြစ်လာပါက အမေရိကန်သို့ ရောက်ရှိနိုင်သည့် ရုရှား၏ နျူလက်နက်စွမ်းအားကို ဟန့်တားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ရုရှားက ပြောကြားထားသည်။

    Ref: Aljazeera

  • မိမိတို့လုံခြုံရေးအဖွဲ့ကို တူရကီဝင်လျှင် စဉ်းစားပေးမည်ဟု တရုတ်ပြော

    မိမိတို့လုံခြုံရေးအဖွဲ့ကို တူရကီဝင်လျှင် စဉ်းစားပေးမည်ဟု တရုတ်ပြော

    နိုဝင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    – ရုရှားနှင့်တရုတ်တို့ ဦးဆောင်သည့် လုံခြုံရေးအဖွဲ့သို့ ၀င်ရောက်ရန် တူရကီမှ လျှောက်ထားလာပါက မိမိတို့အနေဖြင့် လက်ခံရန် စဉ်းစားသွားမည်ဟု တရုတ်နိုင်ငံက ပြောကြားလိုက်သည်။

    တူရကီသမ္မတ အာဒိုဂန်က တူရကီအနေဖြင့် ‘ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ ကို ၀င်ရောက်လာနိုင်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီးနောက် တရုတ်၏ ယခုကဲ့သို့ တုန့်ပြန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    အဆိုပါ လုံခြုံရေးအဖွဲ့ကို တရုတ်၊ ရုရှားနှင့် ဗဟိုအာရှ လေးနိုင်ငံဖြစ်သည့် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့က အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှ အစွန်းရောက်အန္တရာယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်များကို တိုက်ဖျက်ရန်အတွက် ၂၀၀၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှောင်းက တူရကီနိုင်ငံသည် ၎င်းတို့အဖွဲ့အစည်းနှင့် ဆွေးနွေးဆဲ မိတ်ဖက်နိုင်ငံဖြစ်နေပြီး၊ တရုတ်နှင့်လည်း အချိန်အတော်ကြာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှု ရှိထားသည်ဟု ပြောကြားခဲ့သည်။

    ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းကို ခိုင်မာအားကောင်းရန် တူရကီနိုင်ငံ၏ ဆန္ဒကလည်း တရုတ်အတွက် အလွန်အရေးပါကြောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ၀င်ရောက်ရန် တူရကီက လျှောက်ထားလျှင် မိမိတို့က စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    တူရကီမှာ ဥရောပသမဂ္ဂသို့ ၀င်ရောက်ရန် ကြိုးစားနေသော်လည်း မအောင်မြင်သေးဘဲ အာဒိုဂန်ကမူ မိမိတို့အနေဖြင့် ဥရောပသမဂ္ဂသို့ လုံးဝ ၀င်ရောက်ရန် မလိုဘဲ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်သာ ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

    ယခုကဲ့သို့ တရုတ်နှင့် ရုရှားတို့ ဦးဆောင်သည့် လုံခြုံရေးအဖွဲ့သို့ ၀င်ရောက်ပါက မဟာမိတ်နိုင်ငံများနှင့် ၎င်း၏ နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဖြစ်သည်။

    Ref : CNA